မာမာ ဒီနေ့တော့ ဒညင်းသီးလေးတွေ ဝယ်လာပြီး ဒညင်းသီးနဲ့ ငပိချက် ခပ်စပ်စပ်လေး ချက်ပါတယ် ထမင်းစားလို့တော့ မြိန်အုံးမှာ သေချာပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ဒညင်းသီး - အလုံး သုံးဆယ်ခန့်
- ငရုတ်သီးစိမ်း အနီရောင် - အတောင့် သုံးဆယ်ခန့် (အစပ်မစားလျှင် လျော့ထည့်ပါ)
- ကြက်သွန်နီ - အနေတော် တစ်ဥ (ထောင်းရန်)
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာခန့် (ထောင်းရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
- ဒညင်းသီးကို ရေမြုပ်အောင်ထည့်ပြီး နူးပြီးစေးပိုင်လာတဲ့အထိ ပြုပ်ပေးပါ
- ဒညင်းသီး နူးတာနဲ့ အခွံခွာ ထားပါ
- ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို အခွံခွာပြီး ရေဆေးထားပါ
- ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
- ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို ညက်နေအောင် ရောပြီးထောင်းပေးပါ
- ထောင်းရမှာ ပျင်းရင်လဲ ကြိတ်စက်ထဲမှာ ထည့်ကြိတ်ပေးပါ
- ငံပြာရည်နှင့် ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- ဒယ်အိုးထဲမှာ ဒညင်းသီး ငါးငံပြာရည် အရသာမှုန့် ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းထောင်း နနွင်းမှုန့်နှင့် ရေ တို့ကိုထည့်ပြီး တည်ပေးပါ
- အားလုံး ပွက်ပွက်ဆူလာတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရတဲ့အထိ အပေါ့အငံကို ပြင်ပေးပါ
- ပြီးတာနဲ့ ရေကို မိမိစိတ်ကြိုက် အနေတော် ထားချင်ရင်လဲ ထားနိူင်ပြီး ရေခမ်းတာ ကြိုက်ရင်လဲ ရေခမ်းအောင် တည်ပေးပြီး မီးပိတ်ပေးပါ
- ဒညင်းသီး ငရုတ်သီးစိမ်း ငပိချက် မွှေးမွှေးစပ်စပ်လေးကို တို့စရာအစုံအလင်နဲ့ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment