Wednesday, 13 November 2024

သရက်သီးစိမ်း ငါးပိချက်

 


မာမာ ဒီတစ်ခါတော့ သရက်သီးစိမ်း တစ်လုံးဝယ်လာပြီး ငပိချက်လေး ချက်ပါတယ် ခပ်စပ်စပ်လေး စားချင်တဲ့အတွက် ကိုရီးယားကလာတဲ့ ငရုတ်သီး လုံးခြမ်းခွဲလေးနဲ့ ချက်ထားတဲ့အတွက် စားလို့အရမ်းကောင်းပါတယ်။

ကိုရီးယားကလာတဲ့ ငရုတ်သီးက အရောင် အရမ်းရဲပြီး အစပ်လဲ အရမ်းပြင်းပါတယ် မာမာက အစပ်ကြိုက်တဲ့အတွက် အဆင်ပြေပေမဲ့ အစပ်မစားနိူင်တဲ့ သူတွေအတွက်တော့ အဆင်မပြေလောက်ပါဘူး။

ဒါကြောင့်မို့လို့  မာမာပြင်ဆင်ပြီး ချက်ထားတဲ့ သရက်သီးစိမ်း ငပိချက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ 

ပါ၀င်ပစ္စည်းများ
  1. သရက်သီးစိမ်း - အနေတော် တစ်လုံး
  2. ပုဇွန်ခြောက် - အကောင်ကြီးကြီး ငါးကျပ်သားခန့်
  3. ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်လုံး
  4. ကြက်သွန်ဖြူ - အနေတော်အမွှာ နှစ်ဆယ်ခန့်
  5. ငရုတ်သီး လုံးခြမ်းကွဲ -  ထမင်းစားဇွန်း လေးဇွန်း (ကိုရီးယား ငရုတ်သီးအစပ်မှုန့်ကို သုံးထားပါတယ်)
  6. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ငါးငံပြာရည် - ထမင်းစားဇွန်း လေးဇွန်း (အငံကြိုက်ပါက ပိုထည့်ပေးပါ)
  9. ဆား - ထမင်းစားဇွန်း တစ်ဝက်
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
  • သရက်သီးစိမ်းကို အခွံခွာပြီး ရေစင်အောင်ဆေးကာ မထူမပါးလေးတွေ ပေါက်ပြီး လှီးထားပါ
  • ပုဇွန်ခြောက်ကို ရေတစ်ထပ်ဆေးကာ ရေနာရီ၀က်လောက် စိမ်ထားပြီးမှ ညက်နေအောင် ထောင်းပေးပါ။
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ။
  • အားလုံးအဆင်သင့် ဖြစ်ပါက ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ။
  • အားလုံးအဆင်သင့် ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ။
  • ဆီပူလာပါက နနွင်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပေးပါ။
  • ကြက်သွန်နီများ နွမ်းလာပြီး အရောင်မပြောင်းခင်မှာ ငရုတ်သီး လုံးကြမ်းခွဲကို ထည့်ပြီး ၂မိနစ်လောက် ကြော်ပေးပါ။
  • ကြော်နေစဉ် ငရုတ်သီးများ အကျက်ညီစေရန် မကြာမကြာ မွှေမွှေပေးပါ
  • ငရုတ်သီးနံ့ မွှေးလာပါက ပုဇွန်ခြောက်ထောင်း ဆား ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ
  • မကြာမကြာ မွှေပေးပြီး သရက်သီးစိမ်းကို ထည့်မွှေပေးပါ
  • သရက်သီးများ နူးအိလာစေရန် ရေမြုပ်အောင်ထည့်ပြီး တည်ပေးကာ အိုးမကပ်စေရန် မကြာမကြာ မွှေပေးပါ
  • ထည့်ထားသော ရေများခမ်းလာကာ သရက်သီးများ နူးအိလာပြီး ဆီပြန်ထွက်လာတဲ့အထိ မီးအေးအေးနဲ့  တည်ပေးပါ 
  • အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးကာ ကြက်သွန်ဖြူများကို ထည့်မွှေပေးပြီး မီးပိတ်ပေးပါ။
  • သရက်သီးစိမ်း ပုဇွန်ခြောက် ငါးပိချက်ကို ခပ်ငံငံလေး ကြိုက်ပါက ငါးငံပြာရည်ကို ပိုထည့်ပေးပါ။
  • သရက်သီးစိမ်း ပုဇွန်ခြောက် ငါးပိချက် မွှေးမွှေးလေး ရလာတာနဲ့ နှစ်သက်ရာ တို့စရာတို့ဖြင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

Sunday, 10 November 2024

ဘဲသွေးဆီပြန်


ဒီနေ့တော့ ဘဲသွေးလေးတွေ ရောင်းနေတာ တွေ့တာနဲ့ ဝယ်လာပြီး ချဉ်ငံစပ် အရသာလေး ရအောင် ဆီလည်ရေလည်လေး ချက်ထားပါတယ်  စားလို့လဲ အရမ်းကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဘဲသွေး - 400 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. ချင်း - လက်တစ်ဆစ်ခန့်
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. မန်ကျည်းသီးမှည့်အနှစ် - ကွမ်းသီးဆံလုံးလောက် တစ်လုံးစာ (ဟင်းချက်ရန်)
  11. ဆီ - ထမင်းစားဇွန်း ၅ဇွန်း

ပြင်ဆင်ပုံ
  • ဘဲသွေးကို ရေဆေးပြီး အတုံးလေးတွေ တုံးပေးပါ
  • ဘဲသွေးကို ငါးငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်သာသာတို့နဲ့ နယ်ကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • မန်ကျည်းသီးမှည့် အနှစ်ကို အဆင်သင့် ပြင်ထားပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ နှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းပေးပါ
ဟင်းချက်ပုံ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်များနှင့်ငရုတ်သီးအရောင်တင်မှုန့်ထောင်းထားတာတို့ကို ထည့်ပြီး မွှေးလာအောင် ဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာပါက အရသာ နယ်ထားသော ဘဲသွေးကိုထည့်ပြီး အနည်းငယ် မာလာတဲ့ထိ မမွှေဘဲ အိုးကိုလှုပ်ပြီး ဆီသတ်ပေးပါ
  • ဘဲသွေးများ အနည်းငယ် မာလာပါက ရေမြုပ်အောင် ထည့်ပေးပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပြီး ရေမခမ်းတခမ်း အချိန်မှာ မန်ကျည်းသီးမှည့် အနှစ်ကို ထည့်မွှေပေးပါ
  • ရေဆူပြီး ဆီကျန်ရေကျန် အချိန်မှာ အရသာမြည်းပြီး ချဉ်ငံစပ် အရသာကို လိုသလို ပြင်ပေးပါ
  • ဘဲသွေးဟင်း အရသာ ချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။

Saturday, 9 November 2024

ဝက်နားရွက်သုပ်

ဒီနေ့တော့ ဝက်နားရွက်လေးတွေ ဝယ်လာဖြစ်တာနဲ့ ချဉ်ငံစပ်လေး သုပ်ဖြစ်ပါတယ် အရင်ရက်က ဝက်နားရွက်ကို အစိမ့်သုပ်တဲ့ အသုပ် သုပ်နည်း တစ်နည်းကို တင်ပေးထားပါတယ်။

ဒီနေ့ကတော့ အရမ်းစပ်ပြီး စားလို့ပိုကောင်းကာ အရသာ ပြည့်စုံလွန်းတဲ့ အသုပ်သုပ်နည်း နောက်တစ်နည်းကို အရမ်းသပ်တဲ့ ငရုတ်ဆီနဲ့ သုပ်ထားပါတယ်။

စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်း နောက်တစ်နည်းကို ထပ်မံပြီး မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ

  1. ဝက်နားရွက် - 
  2. ဗီနီကာ - 
  3. ဆား  - 
  4.  ချင်း - 


ဝက်နားရွက်ပြုပ်ပုံ

  • ဝက်နားရွက်ကို ရေဆေးပြီး ဆား အရသာမှုန့်နှင့် ဗနီကာတို့ထည့်ကာ နယ်ထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ထောင်းထားပါ
  • ပြီးတာနဲ့ အိုးထဲမှာ ထောင်းထားသော ချင်းကိုထည့်ပြီး ပြုပ်ပေးပါ
  • ရေများ ပွက်ပွက်ဆူလာပါက အရသာ နယ်ထားသော ဝက်နားရွက်များကို ထည့်ပြုပ်ပေးပါ
  • ဝက်နားရွက်များ နူးလာပါက ဆယ်ပြီးရေစစ်ထားပါ။

အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများ
  1. ဝက်နားရွက်
  2. အရသာမှုန့်
  3. ငါးငံပြာရည် 
  4. ကြက်သွန်နီ 
  5. ကြက်သွန်ဖြူ 
  6. ငရုတ်သီး အလှော်မှုန့် 
  7. သခွားသီး 
  8. နံနံပင်
  9. သံပုရာသီး
  10. ငရုတ်သီးစိမ်း

အသုပ်သုပ်ရန် ပြင်ဆင်ပုံ

  • ရေစစ်ထားသော ဝက်နားရွက်များကို မထူမပါးလေးတွေ လှီးထားပါ
  • ငရုတ်သီး အလှော်မှုန့် အရသာမှုန့်နှင့် ငါးငံပြာရည်တို့ကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • သခွားသီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါးလေးဆွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ဓါးပြားရိုက်ထားပါ
အသုပ်သုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဝက်နားရွက် ငရုတ်သီး အလှော်မှုန့် ကြက်သွန်နီ ကြက်သွန်ဖြူ သခွားသီး နံနံပင်နှင့် ငရုတ်သီးစိမ်းတို့ ထည့်ပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ  သံပုရာရည်ညှစ်ပြီး နယ်ပေးပါ
  • အရသာ သမအောင် နယ်ပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ သမသွားတာနဲ့ အရမ်းစပ်ပြီး စားလို့ကောင်းလွန်းတဲ့ ဝက်ခေါင်းသုပ်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Friday, 8 November 2024

အမဲသားကင်

 

ဒီနေ့တော့ အသီးအရွက်တွေနဲ့ ရောပြီး salad လုပ်ရလေအောင် အမဲသား ကင်ပါတယ် အရင်တုန်းကလို အကင်အိုးနဲ့ မကင်ဘဲ air fryer အိုးနဲ့ ကင်ဖြစ်တဲ့အတွက် အိမ်ထဲမှာ ဆီညှော်နံ့တွေလဲ ကင်းသလို မီးဖိုခန်းလေးလဲ သန့်သန့်ပျံ့ပျံ့ သုံးလို့ရသွားပါတယ်။

နောက်တစ်ခုက အသားထဲက အဆီတွေ အကုန်နီးပါး ထွက်ကုန်တဲ့အတွက် ကျန်းမာရေးနဲ့လဲ ပိုပြီးတော့ ညီပါတယ်

ဒါကြောင့်မို့လို့ air fryer အိုးနဲ့ မာမာကင်ထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ် မိမိအသုံးပြုမဲ့ အသားတုံး အထူအပါး အပေါ်မူတည်ပြီး အသားကို ကင်တဲ့အချိန် မိနစ်အနည်းအများကို လိုတိုးပိုလျှော့ လုပ်ပေးဖို့တော့ သတိလေး ပြုစေချင်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. အမဲသား - နှစ်တုံး (500 g)
  2. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း  ငါးပုံတစ်ပုံ
  4. ချင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ

ပြင်ဆင်ပုံ

  • အမဲသားကို ရေဆေးပြီး ရေစစ်ထားပါ
  • ရေစစ်ထားသော အမဲသားကို ချင်းမှုန့် ကြက်သွန်ဖြူမှုန့် နနွင်းမှုန့် ဆား အရသာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် ခပ်ဖွဖွ နယ်ပေးပါဖ
  • အမဲသားကို ကင်ရန်အတွက် အရသာ နယ်ထားသော အမဲသားကို air fryer အိုးထဲကို ထည့်ပေးပါ
  • ပြီးတာနဲ့ 160*c နှင့် ပထမတစ်ကြိမ် ၁၅မိနစ် ထည့်ပေးပါ
  • ၁၅မိနစ်ပြည့်တာနဲ့ အမဲသားကို နောက်တစ်ဖက်ကို လှန်ပေးကာ ၁၅မိနစ် ထပ်ထည့်ပေးပါ
  • ကင်ချိန် ပြည့်တာနဲ့ အိုးထဲမှ ထုတ်ပေးကာ မိမိနှစ်သက်သလို စားသုံးရန် အမဲသားကင် မွှေးမွှေးလေး ရပါပြီ။

Thursday, 7 November 2024

သရက်သီးစိမ်းထောင်း

 


ဒီရာသီဆို သရက်သီးစိမ်းလေးတွေ ပေါ်လာပါပြီ ဒါကြောင့်မို့လို့ သရက်သီးစိမ်းလေးတွေကို မျိုးစုံအောင် လုပ်စားရင်း ဒီနေ့တော့ သရက်သီးစိမ်းကို ကြက်သွန်ဖြူ ခပ်များများနဲ့ ထောင်းပြီး ထမင်းမြိန်မြိန် စားရလေအောင် မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သရက်သီးစိမ်း - ခပ်ကြီးကြီး တစ်လုံး
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး တစ်ဆယ့်ငါးမွှာ
  3. ငရုတ်သီးတောင့် - အစပ်စားနိူင်သလောက်
  4. အရသာမှုန်. -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြင်ဆင်ပုံ
  • သရက်သီးစိမ်းကို အရင်ဆုံး အညှာဘက်မှလှီးကာ ရေတနာရီလောက် စိမ်ထားပေးပါ
  • ရေစိမ်ပြီး အစေးများ ကုန်လောက်ပြီဆိုရင် အခွံခွာပြီး ဓါးပြတ်ပြတ်နှင့် ပေါက်ပေးပါ
  • ပြီးတာနဲ့ ခပ်နုတ်နုတ် သေးသေးလေးတွေ လှီးထားပေးပါ
  • ကြပ်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်ဆုံထဲမှာ ငရုတ်သီး ကြက်သွန်ဖြူတို့ ကိုထည့်ပြီး မညက်တညက် ထောင်းထားပေးပါ
  • ပြီးတာနဲ့ လှီးထားသော သရက်သီး  ဆားနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
  • အရသာ သမအောင် ဇွန်းနှင့်မွှေပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • သရက်သီးစိမ်းထောင်းကို အရသာ ပြင်ပေးပြီးတာနဲ့ ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Wednesday, 6 November 2024

ရွှေဖရုံသီးကြော်

 


ဒီနေ့တော့ သတ်သတ်လွတ် စားလို့ရလေအောင် ရွှေဖရုံသီးကို ပဲသီးနဲ့ရောပြီး သတ်သတ်လွတ်လေး ကြော်ပါတယ် အရမ်းကြိုက်တဲ့ အသီးအရွက်ကြော်လေး တစ်မျိုးထဲမှာ ပါဝင်ပြီး ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းပါတယ်။

ဒီနိုင်ငံက ရွှေဖရုံသီးတွေက မြန်မာပြည်က အသီးတွေလို မစေးတဲ့အတွက် ကြော်ရတာ နည်းနည်းခက်ပါတယ် ရေမထည့်ဘဲ ကြော်တော့လဲ မာဆတ်ဆတ်ကြီး ဖြစ်နေတတ်ပြီး ရေထည့်ပြီး ကြော်ပြန်တော့လဲ နူးအိပြီး ပျော်သွားတတ်ပါတယ်။

ဒါကြောင့်မို့လို့ စားလို့အရမ်းကောင်းတဲ့အတွက် ရွှေဖရုံသီးနဲ့ ပဲသီးကို  မာမာကြော်ထားတဲ့ ကြော်နည်းလေးအတိုင်း မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. အနေတော် လှီးထားသော ပဲတောင့်ရှည် - ၁၀တောင့်အ
  2. နေတော် လှီးထားသော ရွှေဖရုံသီး - တစ်စိတ်
  3. ခပ်ပါးပါး လှီးထားသော ကြက်သွန်နီ  - အနေတော် တစ်ခြမ်း
  4. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆား -လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ

ပြင်ဆင်ပုံ

  • ဒယ်အိုးတလုံးထဲမှာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီကို ထည့်ကြော်ပါ
  • ကြက်သွန်နွမ်းတာနဲ့  ရွှေဖရုံသီးကို ထည့်ကြော်ပါ
  • ရွှေဖရုံသီး ကြော်နေစဉ် ရေမထည့်ဘဲ ကြော်ပေးပါ
  • ရေထည့်လိုက်တာနဲ့ ရွှေဖရုံသီးများ ကျေကုန်တဲ့အတွက် မကျေစေရန် မီးကိုအနေတော်လျှော့ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် အိုးကိုမကြာမကြာ လှုပ်ပေးပြီးမှ အဖုံးကို ဖွင့်ကြည့်ပါ
  • ရွှေဖရုံသီးများ နွမ်းစပြုတာနဲ့ ပဲသီး ဆားနှင့် ဟင်းချိုမှုန့်တို့ကို ထည့်ကြော်ပါ
  • အသီးများ နွမ်းလာတာနဲ့ အရသာမြည်းကာ လိုသလိုပြင်ပြီး ရွှေဖရုံသီးပဲသီးကြော် ချိုစိမ့်စိမ့်လေးကို စားသုံးနိူင်ပါပြီ ။

Tuesday, 5 November 2024

ပိန်းဥပေါင်း

 



မာမာ ဒီနေ့တော့ ပိန်းဥသေးသေးလေးတွေ ဝယ်လာပြီး ပေါင်းအိုးနဲ့ ပေါင်းကာ အခွံခွါပြီး ပဲဆီမွှေးမွှေးလေးထဲ ဆားထည့်ကာ ပိန်းဥပေါင်းနဲ့ တို့စားဖြစ်ပါတယ်။

ပိန်းဥပေါင်းလေးက နေ့လည်နေ့ခင်း သရည်စာအဖြစ် စားလို့ကောင်းတဲ့အတွက် မိတ်ဆွေတို့လဲ စားချင်စိတ် ပေါ်တဲ့အခါ စားနိူင်အောင် မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ ပိန်းဉပေါင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ

  1. ပိန်းဥ - မိမိစားနိူင်သလောက်
  2. ဆီ - အနည်းငယ်
  3. ဆား - အနည်းငယ်
  4. ပေါင်းအိုး
ပြင်ဆင်ပြုလုပ်ပုံ
  • ပိန်းဥများကို ရေဆေးပြီး ပေါင်းအိုးထဲမှာပါတဲ့ ဇကာထဲကို ထည့်ပေးထားပါ
  • ပေါင်းအိုးအောက်ခံအိုးထဲမှာ ရေ အနေတော်ထည့်ပြီး ပေါင်းအိုးမှာပါတဲ့ ခုံလေးကို ထည့်ပေးပါ
  • ထိုပေါင်းခံပေါ်မှာ ပိန်းဥထည့်ထားတဲ့ ဇကာကို တင်ကာ အဖုံးလုံအောင် ပိတ်ပေးပါ
  • ပြီးတာနဲ့ steam ခလုတ်ကို နှိပ်ပေးကာ ငါးမိနစ် ခလုတ်ကို ချိန်ပေးပြီး ပေါင်းပေးပါ
  • ပိန်းဥ ပေါင်းထားချိန် ပြည့်တာနဲ့ အိုးထဲမှ လေကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ပိန်းဥများကို အပြင်ထုတ်ပေးပြီး အခွံခွါပေးပါ
  • ပန်းကန်တခုထဲမှာ ဆီနှင့်ဆားကို ထည့်ပေးပြီး အခွံခွါထားသော ပိန်းဥနှင့် တို့စားနိူင်ပါပြီ။

Saturday, 2 November 2024

ပိန်းဥဟင်းချို

 


ဒီနေ့တော့ မာမာစိုက်ထားတဲ့ ပိန်းပင်လေးတွေက ပိန်းဥလေးတွေကိုတူးပြီး အရည်သောက်ဆမ်းလေး တစ်မယ် ချက်ပါတယ်။

ဆောင်းရာသီ ရောက်လာရင် စိုက်ထားတဲ့ ပိန်းပင်လေးတွေဆီက ဥတွေဖော်ပြီး လတ်လတ်ဆတ်ဆတ် ချက်စားရသလို ပိန်းဥဟင်းနဲ့ လိုက်ဖက်မဲ့ ပုဇွန်ချဉ်သုပ် ပုဇွန်ချဉ်ကြော် ငါးချဉ်သုပ် ငါးချဉ်ကြော်လေး တွေလဲ ပြင်ဆင်ပြီး တွဲဖက်ကာ စားသုံးတတ်ကြပါတယ်။

တစ်ချို့က ပိန်းဥစားရင် အာယားတတ်ကြပါတယ် အာမယားအောင် အခွံခွာပြီးတာနဲ့ ဆားနဲ့ ခပ်နာနာလေး လေးပေးကာ ရေငါးထပ်လောက် ဆေးပြီးမှ ချက်စေချင်ပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ ငါးဖယ်ချဉ်ကြော်လေးနဲ့ လိုက်ဖက်လွန်းတဲ့ ပိန်းဥဟင်းဝါလေး အရည်သောက်ဆမ်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ 

ပါ၀င်ပစ္စည်းများ
  1. ပိန်းဥ - 500g
  2. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ရေ - လိုသလောက် သုံးပေးပါ
  9. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ပိန်းဥဆေးရန်)
ပြင်ဆင်ပုံ
  • ပိန်းဥများကို အခွံခွာပြီး ဆားနှင့်နယ်၍ ပိန်းဥအလုံးကြီးပါက အနေတော်တုံးပြီး ရေဆေးထားပေးပါ
  • ပိန်းဥအခွံခွာရင် လက်တွေယားတတ်တဲ့အတွက် လက်အိတ်လေး စွတ်ပြီးမှ အခွံကိုခွာပေးပါ
  • ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဇောက်နက်သော အနေတော် အိုးတစ်လုံးမှာ အခွံခွာပြီး ဆေးထားသော ပိန်းဥများ ကြက်သွန်ဖြူ ကြက်သွန်နီ ဆား  နနွင်းမှုန့်  အချိုမှုန့်နှင့် ဆီတို့ထည့်ပြီး အရသာ၀င်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ ရေအနည်းငယ်ထည့်ပြီး ၃မိနစ်ခန့် လုံးချက်လေး ချက်ပေးပါ 
  • ပိန်းဥများ ရေမခမ်းတစ်ခမ်း ရလာပြီး လုံးမိတာနဲ့ ရေကိုအနေတော် ထပ်ထည့်ပြီး ဟင်းအိုးဆူအောင် တည်ပေးပါ
  • ပိန်းဥများ နူးလာပါက ဟင်းရည်အပျစ် အကျဲကို မိမိလိုသလိုပြင်၍  ထည့်ပေးပါ
  • ပိန်းဥဟင်း ကျက်တာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ ပိန်းဥအရည်သောက်ဆမ်း ဟင်းဝါလေးကို ငါးဖယ်ချဥိကြော်လေးနှင့် တွဲဖက်ပြီး သုံးဆောင်ရန် ပြင်ပေးနိူင်ပါပြီ။