Thursday, 10 July 2025

ဗူးသီးချဉ်ရည်ဟင်း

 


မာမာ ဒီနေ့တော့ ချဉ်ရည်ဟင်း စားချင်တာနဲ့ ဗူးသီးကို ကိုင်းခရမ်းချဉ်သီးလေးတွေနဲ့ချက်ပြီး ခြံထွက်ဂျူးမြှစ်လေးအုပ် ကာချဉ်ရည်ဟင်း တစ်မယ် ချက်ပါတယ်။

ထမင်းစားလို့ မြိန်စေတဲ့ အရည်သောက်ဆမ်း ဟင်းတစ်မယ်အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပုဇွန်ထုတ် - ဆယ်ကောင်
  2. ဗူးသီး - အနေတော် တစ်ခြမ်း
  3. ကိုင်းခရမ်းချဉ်သီး - အလုံးကြီး သုံးလုံး
  4. ဂျူးမြှစ် - သုံးပင်ခန့်
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  7. ငရုတ်သီး အရောင်တင်မှုန့် - အနည်းငယ်
  8. ချင်း - လက်တဆစ်ခန့်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  11. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  14. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းစာ

ပြင်ဆင်ပုံ
  • ပုဇွန်များကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်ကာ မလိုတာတွေ ဖယ်ပေးထားပါ
  • ဗူးသီးကို အပြင်ခွံခွာပြီး သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ဂျူးမြှစ်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်ထည့်ပြီး ညက်နေအောင် ထောင်းထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
ဟင်းချက်ပုံ
  • ဇောက်နက်သော အိုးထဲမွာ ပုဇွန်များ ဗူးသီးများ ခရမ်းချဉ်သီးများ နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီနှင့် ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး လုံးရည် ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • အသီးအရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေကိုလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင် ထားလိုက်ပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ ဂျူးမြှစ်ကို ပိုင်းဖြတ်၍ အုပ်ပေးပြီး မီးပိတ်ပေးပါ
  • ထမင်းမြိန်စေမဲ့ ဂျူးမြှစ်အရသာ မွှေးလွန်းတဲ့ ဗူးသီးချဉ်ရည်ဟင်း ပူပူလေးကို စားသုံးလို့ ရပါပြီ။

Monday, 7 July 2025

ကင်မ်ချီဟင်းချို


 မာမာ အခုရက်ထဲ ချဉ်ငံစပ်လေးတွေ စားချင်တာနဲ့ ဒီနေ့တော့ ကင်မ်ချီဟင်းချို ချက်သောက်ဖြစ်ပါတယ် ချက်ရတာလဲ လွယ်သလောက် သောက်ရတာလဲ အရမ်းကောင်းပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကင်မ်ချီ ချည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကင်မ်ချီ - ထမင်းစားဇွန်း ငါးဇွန်း (အဆင်သင့် လုပ်ပြီးသားကင်မ်ချီ)
  2. အမဲသားပြား - မိမိနှစ်သက်သလောက်သုံးပါ
  3. ပဲပြားအပျော့ - နှစ်တုံး
  4. မုံလာဥနီ - အနေတော် တစ်ဥ
  5. တရုတ်မုန့်ညှင်းဖြူ - မိမိနှစ်သက်သလောက်
  6. အပ်မှို - မိမိနှစ်သက်သလောက်
  7. အမဲသား - အနေတော် လေးတုံးခန့်
  8. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  10. ချင်း - လက်တဆစ်ခန့်
  11. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  13. သံပုရာသီး - တစ်ခြမ်း
  14. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ကင်မ်ချီနှင့် အမဲသားပြားကို အဆင်သင့် ပြင်ထားပါ
  • မုံလာဥနီကို အပြင်ခွံခွာပြီး ထက်ဝက်ခြမ်းကာ သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • တရုတ်မုန့်ညှင်းဖြူကို အနေတော်လှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ပဲပြားကို ရေဆေးပြီ ခပ်ထူထူ အတုံးလေးတွေ လှီးထားပါ
  • အပ်မှိုကို ရေဆေးပြီး ရေစစ်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းထားပါ
  • အမဲသားကို ရေဆေးပြီး အိုးထဲထည့်ကာ ရေအနည်းငယ်ထည့်ပြီး ပြုပ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမွာ ပြုပ်ပြီး ထည့်ထားသော အမည်းသား လှီးထားသော မုံလာဥနီ ကြက်သွန်ထောင်း ကင်မ်ချီနှင့် မုန့်ညှင်းဖြူနှင့် ရေတို့ကိုထည့်ကာ တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့  အမဲသားပြား ဆား ငံပြာရည်နှင့် အရသာမှုန့်တို့ကို ထည့်ကာ တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အရသာကို မြည်းပေးပါ
  • ပြီးတာနဲ့ သံပုရာရည် အပ်မှိုနှင့် ပဲပြားတို့ကို ထည့်ပေးပြီး ရေဆူအောင် တည်ပေးကာ မီးပိတ်ပေးပါ
  • အရသာ ရှိလွန်းတဲ့ အမဲသား ကင်မ်ချီဟင်းချိုကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Wednesday, 2 July 2025

အမဲသား အာလူးဟင်း

 


မာမာ ဒီတစ်ခါတော့ အမဲသားအာလူး ချက်နည်းလေး မျှဝေလိုက်ပါတယ် အမဲသား အာလူးဟင်းက ဆီလည်ရေလည်လေး ချက်ရင်တော့ အင်မတန်မှ စားလို့ကောင်းပါတယ်။
ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်ပြီး ထမင်းမြိန်စေတဲ့ ဟင်းတစ်မယ်မို့ လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ
  1. အမဲသား အသားကောင်းကောင်း - 400 g
  2. အာလူး - အနေတော် သုံးလုံး
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. စပါးလင်အနု - နှစ်လက်မခန့်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း ( တစ်၀က်ကို အရသာနယ်ပါ )
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်၀က်ကို အမဲသား အရသာနယ်ပါ)
  10. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း မောက်မောက်
  11. ပျဉ်းတော်သိမ်းရွက် - နှစ်ခက်ခန့်
  12. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ပုံ
  • အမဲသားတုံးကို အတုံးလိုက် ရေဆေးပြီးမှ အနေတော်လေးတွေ တုံးထားပါ
  • တုံးထားသော အသားများကို နနွင်းမှုန့် ဆား အချိုမှုန့်တို့နှင့် နယ်ပြီးနှပ်ထားပါ
  • ချင်း စပါးလင် ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းထားပါ
  • အာလူးကို အခွံခွာပြီး အနေတော် တုံးပေးပြီး ရေစင်အောင်ဆေး၍ ရေစိမ်ထားပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးထားပါ
  • အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်မွှေပြီး ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ အမဲသား အရသာနယ်ကိုထည့်ကာ အသားများ မာလာအောင် ဆီသတ်ပြီး ချက်ပေးပါ
  • ဆီသတ်နေစဉ် ရေမထည့်ဘဲ အသားမှ ထွက်လာသော ရေခမ်းလာအောင် အဖုံးအုပ်ပြီး တည်ပေးပါ
  • ဟင်းအိုးလုံးရေခမ်းကာနီး ဟင်းလုံးမိပြီဆိုမှ အိုးအဖုံးဖွင့်ပြီး အထက်အောက် မွှေပေးကာ ရေမြုပ်အောင်ထည့်ပြီး အသားနူးတဲ့အထိ တည်ပေးပါ
  • ပထမ တစ်ရည်လောက်နဲ့ မနူးသေးရင် ရေထပ်ထည့်ပြီး နူးတဲ့အထိ တည်ပေးပါ
  • အသားအရမ်း မနူးသေးခင် နောက်ဆုံးတစ်ကြိမ် ရေထပ်ထည့်ချိန်မှာ အာလူးကို တစ်ခါထဲ ထည့်ပေးပါ
  • အာလူးနှင့်အသား နူးပြီဆိုပါက အရသာမြည်း၍ လိုသလိုပြင်ကာ ဆီလည်ရေလည် အရည်သောက်ဆမ်းလေး ရလာတာနဲ့ ပျဉ်းတော်သိမ်းရွက် အုပ်ပေးပြီးန် မီးပိတ်ပေးပါ
  • အမဲသားအာလူး ဆီလည်ရေလည်ဟင်း မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Tuesday, 1 July 2025

ဝက်သားအာလူး အချိုချက်

 

မာမာ ဒီနေ့တော့ ဝက်သားနဲ့ အာလူးကို ခပ်ခြောက်ခြောက်‌လေး လချက်ပါတယ် ဒါကြောင့်မို့လို့ မာမာ့ရဲ့ ဟင်းချက်နည်းလေးတွေကို လာရောက်ကြည့်ပေးကြတဲ့ မိတ်ဆွေတွေလဲ ချက်စားနိူင်အောင် မာမာ ပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဝက်သား - 500 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ပဲငံပြာရည် အပျစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  7. ကြက်သွန်နီ - အလုံးကြီးကြီး သုံးလုံး
  8. ချင်း - လက်တစ်ဆစ်ခန့်
  9. စပါးလင် - အရင်းပိုင်း နှစ်လက်မခန့်
  10. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းသာသာ
  11. အာလူး - အနေတော် သုံးလုံးခန့်
ပြင်ဆင်ပုံ
  • ဝက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ဝက်သားကို တုံးပြီးတာနဲ့ ဆား ငံပြာရည် အရသာမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးထားပါ
  • အာလူးကို အခွံခွာပြီး ရေဆေးကာ ထက်ဝက်ခြမ်းထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတိုကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထာပါ
  • ပြီးတာနဲ့ စပါးလင် ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ချင်း တို့ကို ညက်နေအောင် ရောပြီးထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့  ထောင်းထားသော ကြက်သွန်များကို ထည့်ကြော်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့လေး မွှေးလာတာနဲ့ အရသာ နယ်ထားသော ဝက်သားကို ထည့်မွှေပေပါ
  • အထက်အောက် သမအောင် မွှေပေးပြီးတာနဲ့ ဝက်သားအသား မာလာအောင် ခနလောက် တည်ထားပေးပါ
  • ဝက်သားအသား မာလာတာနဲ့ ရေအနည်းငယ်ထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် အိုးကိုမကြာ မကြာ လှုပ်လှုပ်ပေးပါ
  • အရင်ဆုံး ထည့်ထားတဲ့ ရေခမ်းလာပြီး ဝက်သားအသားတွေ မာကျစ်လာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် သတိထားပြီး ကြည့်ကြည့်ပေးကာ ရေခမ်းကာနီးတာနဲ့ နောက်ထပ်တစ်ရည် ထပ်ထည့်ပြီး ပဲငံပြာရည်အပျစ်နှင့် အာလူးကိုပါ တစ်ခါထဲထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေခမ်းကာနီးတာနဲ့ အာလူးနူးမနူး ကြည့်ပေးကာ အရသာ မြည်းပေးပါ
  • အရသာ မြည်းပေးပြီး လိုအပ်တဲ့ အရသာကို မိမိစိတ်ကြိုက် ရလာအောင် ပြင်ပေးပါ
  • အာလူးလဲနူးပြီး ဟင်းအိုးလဲ ဆီခြောက်ခြောက် အနေအထား ရလာကာ အရသာလဲ မိမိစိတ်ကြိုက် ရလာတာနဲ့ မီးပိတ်ပေးပါ
  • ပြီးတာနဲ့  ဝက်သား အာလူး  အချိုချက်ဟင်းလေးကို စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။