ကိုယ်စားလို့ အရသာရှိရှိ စားရလေတိုင်း မိတ်ဆွေတို့ကို သတိရမိတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ပိန်းဥ - 500g
- ဆီ - ထမင်းစားဇွန်း ၂ဇွန်း
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
- ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - ထမင်းစားဇွန်း (ပိန်းဥဆေးရန်)
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ပုဇွန်ခြောက် - ၁၅ကောင်ခန့်
- ရေ - တရုတ်ဟင်းရည်သောက် ပန်းကန်လုံးအလတ် တစ်လုံးစာ
ပြင်ဆင်ပုံ
- ပိန်းဥများကို အခွံခွာပြီး ဆားနှင့်နယ်၍ ပိန်းဥအလုံးကြီးပါက အနေတော်တုံးပြီး ရေဆေးထားပေးပါ
- ပိန်းဥအခွံခွာရင် လက်တွေယားတတ်တဲ့အတွက် လက်အိတ်လေး စွတ်ပြီးမှ အခွံကိုခွာပေးပါ
- ပုဇွန်ကိုခြောက်ကို ရေဆေးပြီး ရေစိမ်ထားပါ
- ကြက်သွန်ဖြူ ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- ဇောက်နက်သော အိုးတစ်လုံးမှာ အခွံခွာထားသော ပိန်းဥ ကြက်သွန်ဖြူ ကြက်သွန်နီ ဆား ပုဇွန်ခြောက် နနွင်းမှုန့် ငရုတ်သီးမှုန့် အချိုမှုန့်နှင့် ဆီထည့်ပြီး အရသာ၀င်အောင် နယ်ပေးပါ
- ပြီးတာနဲ့ ရေအနည်းငယ်ထည့်ပြီး ၃မိနစ်ခန့် လုံးချက်လေး ချက်ပေးပါ
- ပိန်းဥများ လုံးမိတာနဲ့ ရေကို အနေတော်ထည့်ကာ ဟင်းအိုးဆူအောင် တည်ပေးပါ
- ပိန်းဥများ နူးလာပါက ဟင်းရည်အပျစ် အကျဲကို မိမိ လိုသလိုပြင်၍ ထည့်ပေးပါ
- ပိန်းဥဟင်း ကျက်တာနဲ့ အရသာမြည်းပြီး လိုသလို မိမိိစိတ်ကြိုက် ပြင်ပေးကာ ပိန်းဥအရည်သောက်ဆမ်းဟင်းကို ပုဇွန်ချဉ်သုပ် ငါးချဉ်သုပ်တို့နှင့် တွဲဖက်ပြီး သုံးဆောင်ရန် ပြင်ပေးနိူင်ပါပြီ။