Thursday, 10 July 2025

ဗူးသီးချဉ်ရည်ဟင်း

 


မာမာ ဒီနေ့တော့ ချဉ်ရည်ဟင်း စားချင်တာနဲ့ ဗူးသီးကို ကိုင်းခရမ်းချဉ်သီးလေးတွေနဲ့ချက်ပြီး ခြံထွက်ဂျူးမြှစ်လေးအုပ် ကာချဉ်ရည်ဟင်း တစ်မယ် ချက်ပါတယ်။

ထမင်းစားလို့ မြိန်စေတဲ့ အရည်သောက်ဆမ်း ဟင်းတစ်မယ်အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပုဇွန်ထုတ် - ဆယ်ကောင်
  2. ဗူးသီး - အနေတော် တစ်ခြမ်း
  3. ကိုင်းခရမ်းချဉ်သီး - အလုံးကြီး သုံးလုံး
  4. ဂျူးမြှစ် - သုံးပင်ခန့်
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  7. ငရုတ်သီး အရောင်တင်မှုန့် - အနည်းငယ်
  8. ချင်း - လက်တဆစ်ခန့်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  11. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  14. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းစာ

ပြင်ဆင်ပုံ
  • ပုဇွန်များကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်ကာ မလိုတာတွေ ဖယ်ပေးထားပါ
  • ဗူးသီးကို အပြင်ခွံခွာပြီး သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ဂျူးမြှစ်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်ထည့်ပြီး ညက်နေအောင် ထောင်းထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
ဟင်းချက်ပုံ
  • ဇောက်နက်သော အိုးထဲမွာ ပုဇွန်များ ဗူးသီးများ ခရမ်းချဉ်သီးများ နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီနှင့် ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး လုံးရည် ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • အသီးအရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေကိုလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင် ထားလိုက်ပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ ဂျူးမြှစ်ကို ပိုင်းဖြတ်၍ အုပ်ပေးပြီး မီးပိတ်ပေးပါ
  • ထမင်းမြိန်စေမဲ့ ဂျူးမြှစ်အရသာ မွှေးလွန်းတဲ့ ဗူးသီးချဉ်ရည်ဟင်း ပူပူလေးကို စားသုံးလို့ ရပါပြီ။

Monday, 7 July 2025

ကင်မ်ချီဟင်းချို


 မာမာ အခုရက်ထဲ ချဉ်ငံစပ်လေးတွေ စားချင်တာနဲ့ ဒီနေ့တော့ ကင်မ်ချီဟင်းချို ချက်သောက်ဖြစ်ပါတယ် ချက်ရတာလဲ လွယ်သလောက် သောက်ရတာလဲ အရမ်းကောင်းပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကင်မ်ချီ ချည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကင်မ်ချီ - ထမင်းစားဇွန်း ငါးဇွန်း (အဆင်သင့် လုပ်ပြီးသားကင်မ်ချီ)
  2. အမဲသားပြား - မိမိနှစ်သက်သလောက်သုံးပါ
  3. ပဲပြားအပျော့ - နှစ်တုံး
  4. မုံလာဥနီ - အနေတော် တစ်ဥ
  5. တရုတ်မုန့်ညှင်းဖြူ - မိမိနှစ်သက်သလောက်
  6. အပ်မှို - မိမိနှစ်သက်သလောက်
  7. အမဲသား - အနေတော် လေးတုံးခန့်
  8. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  10. ချင်း - လက်တဆစ်ခန့်
  11. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  13. သံပုရာသီး - တစ်ခြမ်း
  14. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ကင်မ်ချီနှင့် အမဲသားပြားကို အဆင်သင့် ပြင်ထားပါ
  • မုံလာဥနီကို အပြင်ခွံခွာပြီး ထက်ဝက်ခြမ်းကာ သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • တရုတ်မုန့်ညှင်းဖြူကို အနေတော်လှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ပဲပြားကို ရေဆေးပြီ ခပ်ထူထူ အတုံးလေးတွေ လှီးထားပါ
  • အပ်မှိုကို ရေဆေးပြီး ရေစစ်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းထားပါ
  • အမဲသားကို ရေဆေးပြီး အိုးထဲထည့်ကာ ရေအနည်းငယ်ထည့်ပြီး ပြုပ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမွာ ပြုပ်ပြီး ထည့်ထားသော အမည်းသား လှီးထားသော မုံလာဥနီ ကြက်သွန်ထောင်း ကင်မ်ချီနှင့် မုန့်ညှင်းဖြူနှင့် ရေတို့ကိုထည့်ကာ တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့  အမဲသားပြား ဆား ငံပြာရည်နှင့် အရသာမှုန့်တို့ကို ထည့်ကာ တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အရသာကို မြည်းပေးပါ
  • ပြီးတာနဲ့ သံပုရာရည် အပ်မှိုနှင့် ပဲပြားတို့ကို ထည့်ပေးပြီး ရေဆူအောင် တည်ပေးကာ မီးပိတ်ပေးပါ
  • အရသာ ရှိလွန်းတဲ့ အမဲသား ကင်မ်ချီဟင်းချိုကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Wednesday, 2 July 2025

အမဲသား အာလူးဟင်း

 


မာမာ ဒီတစ်ခါတော့ အမဲသားအာလူး ချက်နည်းလေး မျှဝေလိုက်ပါတယ် အမဲသား အာလူးဟင်းက ဆီလည်ရေလည်လေး ချက်ရင်တော့ အင်မတန်မှ စားလို့ကောင်းပါတယ်။
ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်ပြီး ထမင်းမြိန်စေတဲ့ ဟင်းတစ်မယ်မို့ လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ
  1. အမဲသား အသားကောင်းကောင်း - 400 g
  2. အာလူး - အနေတော် သုံးလုံး
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. စပါးလင်အနု - နှစ်လက်မခန့်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း ( တစ်၀က်ကို အရသာနယ်ပါ )
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်၀က်ကို အမဲသား အရသာနယ်ပါ)
  10. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း မောက်မောက်
  11. ပျဉ်းတော်သိမ်းရွက် - နှစ်ခက်ခန့်
  12. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ပုံ
  • အမဲသားတုံးကို အတုံးလိုက် ရေဆေးပြီးမှ အနေတော်လေးတွေ တုံးထားပါ
  • တုံးထားသော အသားများကို နနွင်းမှုန့် ဆား အချိုမှုန့်တို့နှင့် နယ်ပြီးနှပ်ထားပါ
  • ချင်း စပါးလင် ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းထားပါ
  • အာလူးကို အခွံခွာပြီး အနေတော် တုံးပေးပြီး ရေစင်အောင်ဆေး၍ ရေစိမ်ထားပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးထားပါ
  • အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်မွှေပြီး ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ အမဲသား အရသာနယ်ကိုထည့်ကာ အသားများ မာလာအောင် ဆီသတ်ပြီး ချက်ပေးပါ
  • ဆီသတ်နေစဉ် ရေမထည့်ဘဲ အသားမှ ထွက်လာသော ရေခမ်းလာအောင် အဖုံးအုပ်ပြီး တည်ပေးပါ
  • ဟင်းအိုးလုံးရေခမ်းကာနီး ဟင်းလုံးမိပြီဆိုမှ အိုးအဖုံးဖွင့်ပြီး အထက်အောက် မွှေပေးကာ ရေမြုပ်အောင်ထည့်ပြီး အသားနူးတဲ့အထိ တည်ပေးပါ
  • ပထမ တစ်ရည်လောက်နဲ့ မနူးသေးရင် ရေထပ်ထည့်ပြီး နူးတဲ့အထိ တည်ပေးပါ
  • အသားအရမ်း မနူးသေးခင် နောက်ဆုံးတစ်ကြိမ် ရေထပ်ထည့်ချိန်မှာ အာလူးကို တစ်ခါထဲ ထည့်ပေးပါ
  • အာလူးနှင့်အသား နူးပြီဆိုပါက အရသာမြည်း၍ လိုသလိုပြင်ကာ ဆီလည်ရေလည် အရည်သောက်ဆမ်းလေး ရလာတာနဲ့ ပျဉ်းတော်သိမ်းရွက် အုပ်ပေးပြီးန် မီးပိတ်ပေးပါ
  • အမဲသားအာလူး ဆီလည်ရေလည်ဟင်း မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Tuesday, 1 July 2025

ဝက်သားအာလူး အချိုချက်

 

မာမာ ဒီနေ့တော့ ဝက်သားနဲ့ အာလူးကို ခပ်ခြောက်ခြောက်‌လေး လချက်ပါတယ် ဒါကြောင့်မို့လို့ မာမာ့ရဲ့ ဟင်းချက်နည်းလေးတွေကို လာရောက်ကြည့်ပေးကြတဲ့ မိတ်ဆွေတွေလဲ ချက်စားနိူင်အောင် မာမာ ပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဝက်သား - 500 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ပဲငံပြာရည် အပျစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  7. ကြက်သွန်နီ - အလုံးကြီးကြီး သုံးလုံး
  8. ချင်း - လက်တစ်ဆစ်ခန့်
  9. စပါးလင် - အရင်းပိုင်း နှစ်လက်မခန့်
  10. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းသာသာ
  11. အာလူး - အနေတော် သုံးလုံးခန့်
ပြင်ဆင်ပုံ
  • ဝက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ဝက်သားကို တုံးပြီးတာနဲ့ ဆား ငံပြာရည် အရသာမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးထားပါ
  • အာလူးကို အခွံခွာပြီး ရေဆေးကာ ထက်ဝက်ခြမ်းထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတိုကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထာပါ
  • ပြီးတာနဲ့ စပါးလင် ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ချင်း တို့ကို ညက်နေအောင် ရောပြီးထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့  ထောင်းထားသော ကြက်သွန်များကို ထည့်ကြော်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့လေး မွှေးလာတာနဲ့ အရသာ နယ်ထားသော ဝက်သားကို ထည့်မွှေပေပါ
  • အထက်အောက် သမအောင် မွှေပေးပြီးတာနဲ့ ဝက်သားအသား မာလာအောင် ခနလောက် တည်ထားပေးပါ
  • ဝက်သားအသား မာလာတာနဲ့ ရေအနည်းငယ်ထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် အိုးကိုမကြာ မကြာ လှုပ်လှုပ်ပေးပါ
  • အရင်ဆုံး ထည့်ထားတဲ့ ရေခမ်းလာပြီး ဝက်သားအသားတွေ မာကျစ်လာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် သတိထားပြီး ကြည့်ကြည့်ပေးကာ ရေခမ်းကာနီးတာနဲ့ နောက်ထပ်တစ်ရည် ထပ်ထည့်ပြီး ပဲငံပြာရည်အပျစ်နှင့် အာလူးကိုပါ တစ်ခါထဲထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေခမ်းကာနီးတာနဲ့ အာလူးနူးမနူး ကြည့်ပေးကာ အရသာ မြည်းပေးပါ
  • အရသာ မြည်းပေးပြီး လိုအပ်တဲ့ အရသာကို မိမိစိတ်ကြိုက် ရလာအောင် ပြင်ပေးပါ
  • အာလူးလဲနူးပြီး ဟင်းအိုးလဲ ဆီခြောက်ခြောက် အနေအထား ရလာကာ အရသာလဲ မိမိစိတ်ကြိုက် ရလာတာနဲ့ မီးပိတ်ပေးပါ
  • ပြီးတာနဲ့  ဝက်သား အာလူး  အချိုချက်ဟင်းလေးကို စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။

Friday, 20 June 2025

အာလူးထောင်း

 


ဒီတခါတော့ စားလို့အရမ်းကောင်းလွန်းတဲ့ အာလူးထောင်းနည်းလေး မျှဝေပေးချင်ပါတယ်။

နာဂတောင်တန်းမှာနေစဉ်တုန်းက နေ့စဉ်ထမင်းဝိုင်းမှာ မပါမဖြစ်တဲ့ အရံဟင်းတမယ်ပါ။

မြန်မာမိသားစု ထမင်းဝိုင်းမှာ မပါမဖြစ် ငါးပိရည် ငါးပိထောင်းတို့ မပါရင် မစားတတ်သလိုဘဲ အေးလွန်းတဲ့ တောင်တန်းပေါ်မှာလဲ ရွှေလံဘိုငရုတ်သီးစပ်စပ်လေးနဲ့ အာလူးထောင်းလေးပါမှ ထမင်းစားလို့ ​ြမိန်တတ်ကြပါတယ်။


ပါဝင်ပစ္စည်းများ
  1. အာလူး - အနေတော် ၅လုံး
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၂မွှာ
  4. ကြက်သွန်နီ - အနေတော် တစ်ဥ
  5. နံနံပင် - မိမိနှစ်သက်သလောက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငရုတ်သီးအစပ် အခြောက်တောင့် - ၆တောင့်ခန့်
  8. ငရုတ်သီးလုံးခြမ်းခွဲ - ထမင်းစားဇွန်း ၃ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (၂မျိုးသုံးရန်)
  10. ဆီ - ထမင်းစားဇွန်း ၃ဇွန်း (အာလူးထောင်းထဲထည့်ရန်)
  11. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး သာသာ (ငရုတ်သီးကြော်နှင့် ကြက်သွန်ဖြူကြော်ရန် )


ပြင်ဆင်ပုံ
  • အာလူးကို ရေမြုပ်အောင်ထည့်ပြီး နူးအောင်ပြုပ်ပေးပါ
  • အာလူးနူးပါက ရေစိမ်ပြီး အေအးခံကာ အခွံခွာပေးပါ
  • အခွံခွာပြီးပါက ငရုတ်ဆုံထဲထည့်ကာ ကြေညက်သွားအောင် ထောင်းပေးပါ

  • ကြက်သွန်ဖြူ ၁၂မွှာခန့်ကို အခွံခွာပြီး ရေဆေးကာ မညက်တညက် အ​နေအထားရအောင် ထောင်းပေးပါ
  • ကျန်နေသောကြက်သွန်ဖြူ ၃မွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ငရုတ်သီး အခြောက်တောင့်ကို အညှာခြွေကာ ရေဆေးပြီး ခက်ကြမ်းကြမ်း ထောင်းပေးထားပါ
  • နံနံပင်ကို ရေဆေးထားကာ အနေတော် လှီးထားပါ
  • ငရုတ်သီးလုံးခြမ်းခွဲ အရသာမှုန့် ဆား နနွင်းမှုန့် နှင့်ဆီတို့ကို အဆင်သင့် ပြင်ထားပါ
ငရုတ်သီးကြော်နှင့် ကြက်သွန်ဖြူကြော်ရန်
  • ဆီကိုဒယ်အိုးထဲထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တဝက်ထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီး မညက်တညက် ထောင်းထားတဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပါ
  • ကြော်နေစဉ် မကြာမကြာ မွှေပေးပါ
  • ရွှေဝါရောင်လေး သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  • အိုးထဲမှ ဆီချက်များကို ထမင်းစားဇွန်း ၃ဇွန်းလောက် ခပ်ထားကာ ကြွေပန်းကန်ထဲသို့ ပြောင်းထည့်ပေးထားပါ
  • ဆီအိုးကို ပြန်အပူပေးပြီး ဆီပူတာနဲ့ မီးပိတ်ပေးပါ
  • ပြီးတာနဲ့ ထိုဆီအိုးထဲကို ငရုတ်သီးလုံးခြမ်းခွဲ မိနစ်ဝက်လောက် ထည့်မွှေကာ ပန်းကန်ထဲ ပြောင်းထည့်ပေးပါ 
စားပွဲပြင်ရန်
  • မိမိနှစ်သက်ရာ ပန်းကန်တချပ်ထဲမှာ အာလူးထောင်းကို ထည့်ပေးပါ
  • အာလူးထောင်းအပေါ်မှာ ကြက်သွန်ဖြူဆီချက်ဖတ် ငရုတ်သီးဆီချက်ဖတ်နှင့် နံနံပင်တို့ကို ထည့်ပေးပါ
  • အဆင်သင့်ဖြစ်တာနဲ့ ရေနွေးကြမ်းလေးနဲ့ဘဲ သုံးဆောင် သုံးဆောင် ထမင်းပူပူလေးနဲ့ဘဲ စားစား အရမ်းကို စားလို့ကောင်းတဲ့ အာလူးထောင်း စပ်စပ်လေး ရပါပြီ။

Monday, 9 June 2025

ဝက်နံရိုးဟင်းချို

 


မာမာ မနေ့က ဈေးသွားရင်းက ဟင်းချိုချက်ဖို့  ဝက်နံရိုးလေးတွေ ဝယ်လာခဲ့ပြီး ဝက်နံရိုးပေါင်း ဟင်းချိုလေး လုပ်စားဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ မနေ့က လုပ်စားဖြစ်တဲ့ ဝက်နံရိုးပေါင်း ဟင်းချိုရည် လုပ်နည်းလေးကို ဒီနေ့မှာ မျှဝေပေးလိုက် ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဝက်နံရိုး -500 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. ချင်း - ခပ်ပါးပါး ငါးပြား
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  6. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  7. ကြွေပန်းကန်လုံး - အနေတော် တစ်လုံး ( ဝက်ရိုးထည့်ရန်)
  8. သခွားသီး - တစ်လုံး
  9. ပေါင်းအိုး - တစ်လုံး
ပြင်ဆင်ပြုလုပ်ပုံ
  • ဝက်နံရိုးများကို အနေတော် ခုတ်ပေးကာ ရေစင်အောင်ဆေးပြီး ပန်ကန်လုံး တစ်လုံးထဲမှာ ထည့်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့  ဝက်နံရိုးပေါင်းဖို့ ပြင်ဆင်ပေးပါ
ဝက်နံရိုး ပေါင်းရန်
  • သခွားသီးကို အခွံခွာပြိး လှီးထားပါ
  • ပန်ကန်ထဲမှာ ထည့်ထားသော ဝက်နံရိုးများ သခွားသီး ဆား အရသာမှုန့် ချင်းနှင့် ကြက်သွန်ဖြူတို့ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ ရေအနည်းငယ် ထည့်ပေးပါ
  • ဝက်နံရိုး ပန်းကန်ထည့်မည့် ပေါင်းအိုးထဲကို ပေါင်းခံခုံလေး ထိတဲ့အထိ ရေထည့်ပေးပါ
  • ထိုပေါင်းခံ ခုံလေးပေါ်မှာ ပေါင်းခံမည့် ဇကာလေးကို တင်ပေးပါ
  • ထို ဇကာလေးလေး အပေါ်မှာ အရသာ နယ်ထားသော ဝက်နံရိုး ပန်းကန်ကို တင်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးကို သေသေချာချာ ပိတ်ပေးပြီး steam ခလုတ်ကိုနှိပ်ကာ မိနစ်လေးဆယ် နာရီခလုတ်ကို ချိန်ပေးကာ ပေါင်းပေးပါ
  • ဝက်နံရိုး ပေါင်းတဲ့အချိန် ပြည့်တာနဲ့ အိုးထဲမှ လေကုန်အောင် ထုတ်ပေးပါ
  • ပြီးမှ အိုးအဖုံးကို ဖွင့်ပေးကာ ဝက်နံရိုး ပန်းကန်ထဲမှ ဝက်ရိုးပြုပ်ရည်ကို မိမိနှစ်သက်သလောက် ရေနွေးပူပူလေး ထပ်ရောက အရသာ မြည်းပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာပြီ ဆိုတာနဲ့ ဝက်နံရိုးပေါင်း ပန်ကန်ကို အပြင်သို့ ထုတ်ပေးပါ
  • ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ထည့်ပေးကာ ဝက်နံရိုးပေါင်း ဟင်းချိုကို သုံဆောင်နိူင်ပါပြီ။

Tuesday, 3 June 2025

ဝက်သားစင်းကော အချိုကြော်


 

ဒီနေ့တော့ အသားများတဲ့ ဝက်သားတုံးလေးကို ဝယ်လာဖြစ်ပါတယ် အသားများတဲ့ ဝက်သားဖြစ်တဲ့အတွက် ဆီပြန်ဟင်း မချက်တော့ဘဲ စင်းကောအချိုကြော်လေး ကြော်ဖြစ်ပါတယ်။

ဒီအကြော်လေးမှာ ထည့်ကြော်မဲ့ အရသာ စပ်ထားတဲ့ ဆော့စ်ရည်က အရမ်းစားလို့ ကောင်းလွန်းတဲ့အတွက် စားမြိန်ဟင်းလေး တစ်မယ် ဖြစ်စေခဲ့ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဝက်သား - 330 g 
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. သကြား - ထမင်းစားဇွန်း ၂ဇွန်း
  5. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ချင်း - ခပ်ပါးပါး သုံးပြား
  9. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ရေ - လက်ဖက်ရည် ပန်းကန်လုံး တစ်လုံးစာ (အရသာစပ်ရန်)
  11. ရေ - လိုသလောက် သုံးပေးပါ (အသားကျက်စေဖို့ သုံးရန်)
  12. ဆီ - ထမင်းစားဇွန်း ငါးဇွန်း 
အရသာစပ်ရန်
  1. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  2. ပဲငံပြာရည် အနောက်- ထမင်းစားဇွန်း တစ်ဇွန်း
  3. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  4. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ရေ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲစာ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အထက်ပါ ပါဝင်ပစ္စည်း အားလုံးကိုရောပြီး အရသာ အရည်အဖြစ် စပ်ထားပါ)
ပြင်ဆင်ပုံ
  • ဝက်သားကို ရေစင်အောင်ဆေးပြီး နုတ်နုတ်စင်း ထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလှီးပြီး အမြှောင်းလေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ချင်းနှင့် ကြက်သွန်ဖြူကို မွှေးလာရုံလေး ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ နုတ်နုတ်စင်းထားတဲ့ ဝက်သားကို အရင်ဆုံး ထည့်ကြော်ပေးပါ
  • ဝက်သား အသားလေးတွေ မာတင်းလာပါက အသားမြုပ်တဲ့အထိ ရေထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေခမ်းသွားပြီး အသားကျက်သွားပါက အရသာ စပ်ထားသော အချိုရည်ကို လောင်းထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးကာ အရသာ အရည်များ ခမ်းတဲ့အထိ တည်ပေးပါ
  •  အရသာ အရည်များ ခမ်းလာပြီး သမလောက်ပြီ ဆိုတာနဲ့  ငရုတ်ကောင်မှုန့် ထဲ့မွှေပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ ပန်းကန်ထဲ ပြောင်းထဲ့ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ဝက်သားစင်းကော အချိုကြော်လေး ရပါပြီ။

Sunday, 25 May 2025

ကြက်မွကြော်

 


မာမာ ဒီနေ့တော့ ကြက်သားအမွကြော် အချိုကြော်နည်းလေးကို မျှဝေပေးချင်ပါတယ်။

ကြက်သားအမွကြော်က ပြုပ်ချိန် ကြော်ချိန်ကို အချိန်အတိအကျ ပြောလို့မရပါဘူး။

ဘာဖြစ်လို့လဲ ဆိုရင်တော့ မိမိတို့ အသုံးပြုတဲ့ မီးဖိုရဲ့မီးအား အနည်းအများရယ် အသုံးပြုမဲ့ အိုးအထူ အပါးတို့ကြောင့် ပြုပ်ချိန်ကြော်ချိန်တွေ ကွာခြားတတ်ပါတယ်။

အခုလို ကြက်သားအမွ အကြွတ်ကြော်မယ်ဆိုရင်တော့ အိုးအသား ထူတာလေးနဲ့ ကြော်ပေးတာက ပိုကောင်းပါတယ်။

အိုးအသား ထူတဲ့အတွက် ကြက်သားတွေက အလွယ်တစ်ကူ မကျွမ်းနိူင်ပါဘူး။

နောက်တစ်ခုက အမွအကြွတ်လေး ရလာအောင် စိတ်ရှည်ရှည်နဲ့ ကြော်ပေးစေချင်ပါတယ် အစားကောင်းလေး စားချင်ရင်တော့ စိတ်ရှည်ပေးပါလို့ တိုက်တွန်းချင်ပါသေးတယ်။

ကြက်သားအမွ ကြော်ပြီး ဆီစစ်ပြီးတဲ့အခါမှာ ကြက်သား ကြော်ပြီးသားဆီ 1 cup စာလောက် ပြန်ထွက်လာပါတယ်။

ကြက်သားကြော်ဆီကို ထမင်းပူပူလေးနဲ့ နယ်ဖတ်ပြီး စားနိူင်ပါတယ်ရှင် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်သား - တစ်ကီလိုခွဲ
  2. အရသာမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆီ - 3 cups
  6. ရေ - 8 cups (ကြက်သားပြုပ်ရန်)
  7. ကြက်သွန်နီ - အနေတော် ငါးလုံး
  8. ဆီ - 2 cups (ကြက်သွန်ကြေ်ရန်)

ပြင်ဆင်ပုံ
  • အရင်ဆုံး ကြက်သွန်များကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီထဲ့ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်များကို ရှေဝါရောင် သန်းလာတဲ့အထိ ကြော်ပေးကာ ဆီစစ်ထားပါ
  • ကြက်သားကို အတုံးလိုက် ရေဆေးပေးပါ
  • ဇောက်နက်ပြီး မွှေရချေရလွယ်သော အိုးတစ်လုံးထဲမှာ ကြက်သားနှင့် ရေတို့ကို ထည့်ပေးပါ
  • ပြီးတာနဲ့ မီးဖိုပေါ်တင်ပြီး အိုးအဖုံးအုပ်ကာ မီးအားပြင်းပြင်းနှင့် ပြုပ်ပေးပါ
  • ကြက်သားအိုး ပြုပ်ထားစဉ် အမဲသားများ အကျက်ညီစေရန် အထက်အောက် လှန်လှန်ပေးပါ
  • ပြုပ်နေစဉ် ကြက်သား ပြုပ်ရည်များ ဝေမကျစေရန် အဖုံးကို ခပ်ဟဟလေး အုပ်ထားပေးပါအ
  • ကြက်သားပြုပ်ရည်များ မခမ်းခင် ဆား အရသာမှုန့် နနွင်းမှုန့်နှင့် ဆီတို့ကို ထည့်ပေးပါ
  • ပြီးတာနဲ့ ကြက်သားတုံးများကို သစ်သားယောင်းမနှင့် ဖိဖိပြီး ချေပေးပါ
  • ကြက်သားများ ကျေလာပြီး အသားမျှင်လေးတွေ မွလာတာနဲ့ အိုးမကပ်ဘဲ အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ
  • ကြက်သားဖတ်လေးများ အတော်လေး မွလာတာနဲ့ မီးကိုအနည်းငယ် လျှော့ပေးပါ
  • မီးလျှော့ပြီးတာနဲ့ ကြက်သားအမျှင်လေးများ မွပြီးကြွတ်လာအောင် စိတ်ရှည်လက်ရှည် ကြော်ပေးပါ
  • ကြက်သားကြော်လေးများ မွလာပြီး ဆီထဲမှ အမြှုပ်လေးများ ပြန်ထွက်လာတဲ့အထိ ကြော်ပေးပါ
  • ကြကမသားအမျှင်လေးများ မွပြီးကြွတ်လာတာနဲ့ ဆီစစ်ဇကာထဲ ခပ်ထည့်ပေးကာ ဆီစစ်ပေးပါ
  • ဆီစစ်သွားတာနဲ့ ဆီစစ်ထားသော ကြက်သွန်ကြော်နှင့် သမအောင် ရောမွှေပေးကာ ဖန်ပုလင်း သန့်သန့်လေးထဲမှာ ထည့်ပေးကာ အဖုံးကို လုံအောင် ပိတ်ပေးထားပါ
  • စားချင်တဲ့ အခါမှာ ဇွန်းသန့်သန့်လေးနဲ့ ခပ်ပေးပြီး အဖုံးကို လေလုံအောင် ပြန်ပိတ်ပေးထားပါ။

Thursday, 22 May 2025

ဝက်ဂုတ်သား အချိုချက်

 


ဒီနေ့တော့ ဝက်ဂုတ်သားဟင်း ချက်ပါတယ် ဝက်ဂုတ်သားက စားရတာ မာဆတ်ဆတ်လေးနဲ့ အဆီနည်းတဲ့အတွက် စားရတာ ပိုပြီးကောင်းပါတယ်။

ထမင်းစားလို့ မြိန်စေမဲ့ ဟင်းတစ်မယ် ဖြစ်စေတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဝက်ဂုတ်သား  - 500 g
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  7. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  9. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ဆီ - ထမင်းစားဇွန်း ငါးဇွန်း

ပြင်ဆင်ပုံ
  • ဝက်ဂုတ်သားကို အတုံးလိုက် ရေဆေးပြီး ပုံပါအတိုင်း ခပ်သေးသေး အတုံးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  • ကြက်သွန်နံ့‌လေး သင်းလာတာနဲ့ ဝက်ဂုတ်သားကို ထည့်ကြော်ပေးပါ
  • ဝက်သားတုံးလေးတွေ အနည်းငယ် မာလာနဲ့ ပဲငံပြာရည်အကြည် ပဲငံပြာရည်အပျစ် နှမ်းဆီ ခရုဆီ ဆား အရသာမှုန့် နှင့် ရေမြုပ်အောင် ထည့်ပေးပြီး ချက်ပေးပါ
  • ဝက်သားအိုးထဲမှာ ရေခမ်းလာတာနဲ့ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပြီးတာနဲ့ မီးပိတ်ပေးပါ
  • ပြီးတာနဲ့ ဝက်ဂုတ်သား ခရုဆီ အချိုကြော် ချိုစိမ့်စိမ့်လေးကို ထမင်းပူပူ ဟင်းပူပူလေးနဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Wednesday, 21 May 2025

ပဲနီလေး ပဲပေါင်း

 


မာမာ ဒီနေ့တော့ ပဲနီလေးကို အရည်သောက် မချက်တော့ဘဲ ထမင်းပူပူလေးနဲ့ စားရလေအောင် ပဲပေါင်းစိမ့်စိမ့်လေး ချက်ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ပဲနီလေး ပဲပေါင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပဲနီလေး - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးခွဲ
  2. ကြက်သွန်နီ - အလုံးကြီးကြီး နှစ်လုံး
  3. ဆီ - ထမင်းစားဇွန်း တဆယ်ငါးဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ (ဆီချက်ချက်ရန်နှင့် ပဲပြုပ်ထဲထည့်ရန်)
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • ပဲကို ရေ ၂ထပ်လောက် ဆေးပြီး ပဲအထက်ရေ လက်ငါးလုံးလောက် မြုပ်အောင်ထည့်ပေးပါ
  • ရေမြုပ်အောင် ထည့်ထားသော အိုးထဲသို့ နနွင်းမှုန့်ထည့်ကာ ပြုပ်ပေးပါ
  • ပဲပြုပ်နေစဉ် ဝေကျတတ်သောကြောင့် အဖုံးမဖုံးဘဲ အိုးပေါ်မှာ သစ်သားယောင်းမ ကန့်လန့်ဖြတ်တင်ကာ ပြုပ်ပေးပါ
  • ပထမတစ်ရည် ခမ်းကာနီး ပဲများမနူးသေးလျှင် ရေကို ပထမဆုံး ထည့်သလိုဘဲထည့်ပြီး ပြုပ်ပေးပါ
  • ပဲများနူးလာပြီး ရေခမ်းလာပြီဆိုရင် ယောင်းမဖြင့် သမအောင် မွှေပေးပါ
  • ပဲများနူးပါက မီးပိတ်ပြီး အအေးခံထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဆီကို အပူပေးပြီး ဆီပူလာပါက နနွင်းမှုန့် အနည်းငယ် ထည့်ပေးပါ
  • ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်နီကို ရွှေဝါရောင် သန်းလာတဲ့ထိ ကြော်ပြီး ဆီစစ်ထားပါ
  • ကြက်သွန်ကြော်ထားသော ဆီထဲမှာ ပဲကို တစ်မိနစ်လောက် ထည့်ကြော်ပေးပါ
  • ပြီးထာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ကာ ကြော်ပြီဆီစစ်ထားသော ကြက်သွန်ကြော် ဖြူးပြီး ပဲနီလေး ပဲပေါင်း စိမ့်စိမ့်လေးကို စားသုံးနိူင်ပါပြီ။ 

Tuesday, 20 May 2025

အမဲအူပြုပ်

 

မာမာ ဒီနေ့တော့ အမဲအူကြမ်းလေးတွေ ဝယ်လာပြီး အမဲအူကြမ်းပြုပ်လေး ပြုပ်ဖြစ်ပါတယ် သောက်လို့လဲ အရမ်းကောင်းပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး အမဲအူကြမ်း ပြုပ်ထားတဲ့ ပြုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ
  1. အမဲအူကြမ်း - ကီလိုဝက်
  2. ချင်း -  တစ်လက်မခန့် 
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ့်နှစ်မွှာ
  4. စပါးလင် - နှစ်ပင်
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  8. သံပုရာသီး - တစ်လုံး (ရေဆေးပြီး လှီးထားပါ)
  9. နံနံပင် - နှစ်သက်သလောက်(‌ရေဆေးပြီး လှီးထားပါ)
ပြင်ဆင်ပုံ
  • အမဲအူကို ရေစင်အောင် ဆေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ အတုံးလိုက် ထုထားပါ
  • စပါးလင်ကို အပင်လိုက် ‌ရေဆေးကာ အပင်လိုက်ထုံးပြီး ထုထားပါ
  • အမဲအူ အတုံးလိုက်ကို နနွင်းမှုန့် ဆား အရသာမှုန့်  ချင်းနဲ့ စပါးလင်တို့ ထည့်ကာ အရသာဝင်အောင် နယ်‌ပေးပါ
  • ပြီးတာနဲ့ ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး ပြုပ်ပေးပါ
  • အရင်ဆုံး ထည့်ထားတဲ့ ရေမခမ်းခင် နောက်ထပ်ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ ထပ်ပြုပ်ပေးပါ
  • ရေခမ်းသွားတာနဲ့ အနေတော် အတုံးလေးတွေ တုံးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ဓါးပြားရိုက်ထားပါ
  • ဇောက်နက်သော အိုးထဲမှာ ရေခပ်များများထည့်ပြီး အမဲအူများထည့်ကာ ပြုပ်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့  အရသာအတွက် ဆားနှင့် အရသာမှုန့်ကို  သင့်သလို ထပ်ထည့်ပေးကာ ပွက်ပွက် ဆူလာအောင်  ပြုပ်ပေးပါ
  • ဟင်းရည်အရသာကို မြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီး  ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်ထည့်ပေးကာ မီးမျှင်းမျှင်းနှင့် တည်ထားပါ
  • ဟင်းရည်သောက်ခါနီး ပူနေပါမှ အရသာရှိပြီး မွှေးရနံ့သင်းပျံ့တဲ့ အမဲအူ အရသာကို ရမှာ ဖြစ်ပါတယ်။
  • ဟင်းရည် အဆင်သင့် ဖြစ်တာနဲ့ အမဲအူဟင်းချိုကို နံနံပင်နှင့် သံပုရာရည်ညှစ်ထည့်ကာ မိမိနှစ်သက်တာလေးတွေနဲ့ တွဲဘက်ပြီး သောက်သုံးရန် ပြင်ပေးနိူင်ပါပြီ။

Saturday, 17 May 2025

ဗူးသီးချဉ်ရည်ဟင်း






ဒီနေ့တော့ ချဉ်ရည်ဟင်း စားချင်တာနဲ့ ဗူးသီးကို ကိုင်းခရမ်းချဉ်သီးလေးတွေနဲ့ ချဉ်ရည်ဟင်း တစ်မယ် ချက်ပါတယ် ထမင်းစားလို့ မြိန်စေတဲ့ အရည်သောက်ဆမ်း ဟင်းတစ်မယ်အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပုဇွန်ထုတ် - ဆယ်ကောင်
  2. ဗူးသီး - အနေတော် တစ်ခြမ်း
  3. ကိုင်းခရမ်းချဉ်သီး - အလုံးကြီး သုံးလုံး
  4. မျှင်ငပိ - အနည်းငယ်
  5. နံနံပင် - ၇ ခက်ခန့်
  6. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  7. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  8. ငရုတ်သီးမှုန့် - အနည်းငယ်
  9. ချင်း - လက်တဆစ်ခန့်
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  12. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  14. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းစာ
  15. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ပုဇွန်များကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်ကာ မလိုတာတွေ ဖယ်ပေးထားပါ
  • ဗူးသီးကို အပြင်ခွံခွာပြီး သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး ရေစစ်ထားပါ
  • မျှင်ငပိကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်ထည့်ပြီး  ညက်နေအောင် ထောင်းထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
ဟင်းချက်ပုံ
  • ဇောက်နက်သော အိုးထဲမွာ ပုဇွန်များ ဗူးသီးများ ခရမ်းချဉ်သီးများ နနွင်းမှုန့် ဆား မျှင်ငါးငပိ အရည်ဖျော် ငါးငံပြာရည် အရသာမှုန့် ဆီနှင့်  ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး လုံးရည် ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • အသီးအရွက်များ  တော်တော်လေး နွမ်းလာတာနဲ့  ရေကိုလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင် ထားလိုက်ပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ နံနံပင် အုပ်ပေးပြီး မီးပိတ်ပေးပါ
  •  ထမင်းမြိန်စေမဲ့  အရသာ မွှေးလွန်းတဲ့ ဗူးသီးချဉ်ရည်ဟင်း ပူပူလေးကို စားသုံးလို့ ရပါပြီ။

Wednesday, 14 May 2025

အမဲသား အမွကြေ်

 

မာမာ ဒီနေ့တော့ အမဲသားအမွကြော် အချိုကြော်နည်းလေးကို အရင်ဆုံး မျှဝေပေးချင်ပါတယ်။

အမဲသားအမွကြော်က ပြုပ်ချိန် ကြော်ချိန်ကို အချိန်အတိအကျ ပြောလို့မရပါဘူး။

ဘာဖြစ်လို့လဲ ဆိုရင်တော့ မိမိတို့ အသုံးပြုတဲ့ မီးဖိုရဲ့မီးအား အနည်းအများရယ် အသုံးပြုမဲ့ အိုးအထူ အပါးတို့ကြောင့် ပြုပ်ချိန်ကြော်ချိန်တွေ ကွာခြားတတ်ပါတယ်။

အခုလို အမဲသားအမွ အကြွတ်ကြော်မယ်ဆိုရင်တော့ အိုးအသား ထူတာလေးနဲ့ ကြော်ပေးတာက ပိုကောင်းပါတယ်။

အိုးအသား ထူတဲ့အတွက် အမဲသားတွေက အလွယ်တစ်ကူ မကျွမ်းနိူင်ပါဘူး။

နောက်တစ်ခုက အမွအကြွတ်လေး ရလာအောင် စိတ်ရှည်ရှည်နဲ့ ကြော်ပေးစေချင်ပါတယ် အစားကောင်းလေး စားချင်ရင်တော့ စိတ်ရှည်ပေးပါလို့ တိုက်တွန်းချင်ပါသေးတယ်။

အမဲသားအမွ ကြော်ပြီး ဆီစစ်ပြီးတဲ့အခါမှာ အမဲသား ကြော်ပြီးသားဆီ 1 cup စာလောက် ပြန်ထွက်လာပါတယ် ထိုအမဲသားကြော်ဆီကို ထမင်းပူပူလေးနဲ့ နယ်ဖတ်ပြီး စားနိူင်ပါတယ်ရှင် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အမဲသား - တစ်ကီလိုခွဲ
  2. အရသာမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆီ - 3 cups
  6. ရေ - 8 cups (အမဲသားပြုပ်ရန်)
  7. ကြက်သွန်နီ - အနေတော် ငါးလုံး
  8. ဆီ - 2 cups (ကြက်သွန်ကြေ်ရန်)

ပြင်ဆင်ပုံ
  • အရင်ဆုံး ကြက်သွန်များကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီထဲ့ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်များကို ရှေဝါရောင် သန်းလာတဲ့အထိ ကြော်ပေးကာ ဆီစစ်ထားပါ
  • အမဲသားကို အတုံးလိုက် ရေဆေးပေးပါ
  • ဇောက်နက်ပြီး မွှေရချေရလွယ်သော အိုးတစ်လုံးထဲမှာ အမဲသားနှင့် ရေတို့ကို ထည့်ပေးပါ
  • ပြီးတာနဲ့ မီးဖိုပေါ်တင်ပြီး အိုးအဖုံးအုပ်ကာ မီးအားပြင်းပြင်းနှင့် ပြုပ်ပေးပါ
  • အမဲသားအိုး ပြုပ်ထားစဉ် အမဲသားများ အကျက်ညီစေရန် အထက်အောက် လှန်လှန်ပေးပါ
  • ပြုပ်နေစဉ် အမဲသား ပြုပ်ရည်များ ဝေမကျစေရန် အဖုံးကို ခပ်ဟဟလေး အုပ်ထားပေးပါ
  • အမဲသားပြုပ်ရည်များ မခမ်းခင် ဆား အရသာမှုန့် နနွင်းမှုန့်နှင့် ဆီတို့ကို ထည့်ပေးပါ
  • ပြီးတာနဲ့ အမဲသားတုံးများကို သစ်သားယောင်းမနှင့် ဖိဖိပြီး ချေပေးပါ
  • အမဲသားများ ကျေလာပြီး အသားမျှင်လေးတွေ မွလာတာနဲ့ အိုးမကပ်ဘဲ အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ
  • အမဲသားဖတ်လေးများ အတော်လေး မွလာတာနဲ့ မီးကိုအနည်းငယ် လျှော့ပေးပါ
  • မီးလျှော့ပြီးတာနဲ့ အမဲသားအမျှင်လေးများ မွပြီးကြွတ်လာအောင် စိတ်ရှည်လက်ရှည် ကြော်ပေးပါ
  • အမဲသားကြော်လေးများ မွလာပြီး ဆီထဲမှ အမြှုပ်လေးများ ပြန်ထွက်လာတဲ့အထိ ကြော်ပေးပါ
  • အမဲသားအမျှင်လေးများ မွပြီးကြွတ်လာတာနဲ့ ဆီစစ်ဇကာထဲ ခပ်ထည့်ပေးကာ ဆီစစ်ပေးပါ
  • ဆီစစ်သွားတာနဲ့ ဆီစစ်ထားသော ကြက်သွန်ကြော်နှင့် သမအောင် ရောမွှေပေးကာ ဖန်ပုလင်း သန့်သန့်လေးထဲမှာ ထည့်ပေးကာ အဖုံးကို လုံအောင် ပိတ်ပေးထားပါ
  • စားချင်တဲ့ အခါမှာ ဇွန်းသန့်သန့်လေးနဲ့ ခပ်ပေးပြီး အဖုံးကို လေလုံအောင် ပြန်ပိတ်ပေးထားပါ။ 

Tuesday, 13 May 2025

ရုံးပတေသီးထောင်း

 

မာမာဒီနေ့တော့ ရုံးပတေသီးကို ချဉ်ငံစပ်လေး ထောင်းဖြစ်ပါတယ် ဒါကြောင့်မို့လို့  ထမင်းပူပူလေးနဲ့ လိုက်ဖက်ပြီး စားလို့ကောင်းလွန်းတဲ့ ရုံးပတေသီး ထောင်းနည်းလေးကို မျှ‌ဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1.  ရုံးပတေသီး - အတောင့်နှစ်ဆယ်ခန့်
  2. ဆား - အနည်းငယ် (ထောင်းရန်)
  3. ဆား - လက်ဘက်ရည်ဇွန်း တဇွန်းသာသာ (အသီးပြုပ်ရန်)
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ရှစ်မွှာ
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  7. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  8. နံနံပင် - အနေတော် တစ်ပင်
  9. သံပုရာသီး - တစ်ခြမ်း
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ

 ပြုပ်ရန် ပြင်ဆင်ပုံ
  • ရုံးပတေသီးကို အတောင့်လိုက် ရေစင်အောင် ဆေးထားပါ
  • အိုးတစ်လုံးထဲမှာ ရေခပ်များများ ထဲ့ကာ ရေဆူအောင် တည်ပေးပါ
  • ရေဆလာတာနဲ့ ဆား လက်ဖက်ရည်ဇွန်း တဇွန်းသာသာထဲ့ကာ တည်ပေးပါ
  • ပြီးတာနဲ့ ရုံးပတေသီးများကိုထဲ့ကာ မိနစ်ဝက်လောက် ပြုပ်ပေးပါ
  • ပြုပ်ပြီးတာနဲ့ ရေနွေးများ သွန်ပေးကာ ရေအေးခပ်များများနှင့် ရေမြုပ်အောင်ထည့်ကာ နာရီငါးမိနစ်လောက် စိမ်ထားပါ
  • ရေစိမ်ပြီးတာနဲ့ ထိုအရည်များ သွန်ပေးကာ  ရေစရေထားပါ
ထောင်းရန် ပြင်ဆင်ပုံ
  • ပြုပ်ပြီးသား ရုံးပတေသီးများကို မထူမပါးလေးတွေ နွှင်ထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ထူထူ လှီးထားပါ
  • ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံ ကျယ်ကျယ်ထဲမှာ ငရုတ်သီးစိမ်း ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ဆားတို့ကိုထည့်ကာ မညက်တညက်လေး ထောင်းပေးပါ
  • ပြီးတာနဲ့  ရုံးပတေသီးများ ငရုတ်သီးမှုန့်  အရသာမှုန့်  ဆားနှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွ ထောင်းပေးပါ
  •  ရုံးပတေသီး ထောင်းထားတာ အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ ချဥ်ငံစပ် ရုံးပတေသီး ထောင်းလေးကို မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ။

Monday, 5 May 2025

ကြက်သားဆီပြန်


မာမာဒီနေ့တော့ ထောပါတ်ထမင်း စားဖို့အတွက် ကြက်သားကို ဒိန်ချဉ်နဲ့ နှပ်ထားပြီး ချက်ဖြစ်ပါတယ် စားလို့ အရမ်းကောင်းပြီး အုန်းထမင်း ပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကြက်သားဒိန်ချဉ်နှပ်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်သား - 600 g 
  2. ဒိန်ချဉ် - ထမင်းစားဇွန်း လေးဇွန်း
  3. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  9. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်ဥ
  10. ချင်း - လက်တစ်ဆစ်ခန့်
  11. ကရဝေးရွက် - သုံးရွက်
  12. သစ်ဂျပိုးခေါက် - နှစ်လက်မခန့်
  13. လေးညှင်း - သုံးပွင့်
  14. ဖာလာစေ့ - နှစ်စေ့
  15. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်

ကြက်သားအရသာနယ်ရန်
  • ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးကာ ဇလုံတစ်လုံးထဲမှာ ထည့်ထားပါ
  • ဒိန်ချဉ် - ထမင်းစားဇွန်း လေးဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  • ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ကရဝေးရွက် ဖာလာစေ့ လေးညှင်း သစ်ဂျပိုးခေါက်တို့ကို ပြင်ထားပါ
  • ပါ၀င်ပစ္စည်းများ အားလုံးတို့ကို ကြက်သားထဲထည့်ကာ အရသာ၀င်အောင် နယ်ထားပြီး ရေခဲသေတာ မခဲတဲ့ အကန့်ထဲမှာ တစ်ညသိပ် နှပ်ထားပါ။

ပြင်ဆင်ပုံ
  • ကြက်သားချက်ရန် ဇောက်နက်သော အိုးတစ်လုံးထဲမှာ အရသာ နယ်ထားသော ကြက်သားများကို ထည့်ပေးပါ
  • ပြီးတာနဲ့ ကြက်သားအိုးကိ်ု မီးဖိုပေါ်တင်ပြီး တည်ပေးပါ
  • ကြက်သားအသားများ မာကျစ်လာတဲ့ထိ ငါးမိနစ်လောက် လုံးချက်ချက်ပြီး ဆီသတ်ပေးပါ
  • ကြက်သားအသားများ မာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ 
  • ဟင်းအိုးတည်ထားစဉ် အိုးမကပ်စေရန် မကြာမကြာ လှုပ်လှုပ်ပေးပါ
  • ရေမခမ်းခင် ဆီလည်ရေလည် ဖြစ်လာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ကြက်သားအရသာ မိမိစိတ်ကြိုက် ရလာပါက အရသာ ထူးကဲပြီး မွှေးကြိုင်နေတဲ့ ကြက်သားဟင်း မွှေးမွှေးလေးကို အုန်းထမင်း ပူပူလေးနဲ့ တွဲဖက်ကာ စားသုံးနိူင်ပါပြီ။

Tuesday, 29 April 2025

ကျောက်ဖရုံသီးဟင်းခါး

 


မာမာ ဒီနေ့တော့ ကျောက်ဖရုံသီး တစိတ်၀ယ်လာကာ ဟင်းခါးတမယ် ချက်ဖြစ်ပါတယ် ငရုတ်ကောင်းမှုန့် ခပ်များများလေးနဲ့ ချက်တဲ့အတွက် သောက်လို့အရမ်းကောင်းပါတယ်။

ဒါကြောင့်မို့လို့ အရည်သောက်ဆမ်း စားမြိန်ဟင်း တမယ်အတွက် မာမာချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကျောက်ဖရုံသီး - အနေတော်တစိတ်
  2. ငါးပြုပ်ပြီး အရိုးထွင်ပြီးသား - ထမင်းစားဇွန်း နှစ်ဇွန်းစာ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  7. ရေ - လိုသလောက်

ပြင်ဆင်ပုံ
  • ကျောက်ဖရုံသီးကို အခွံခွာပြီး ရေဆေးပေးကာ  ခပ်ထူထူ အတုံးလေးတွေ တုံးပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ကြက်သွန်ဖြူနှင့် ငရုတ်ကောင်း တို့ကို ညက်နေအောင် ထောင်းထားပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ငါးပြုပ်ပြီးသားနှင့် ရေတို့ထည့်ကာ တည်ပေးပါ
  • ရေဆူလာတာနဲ့ ကျောက်ဖရုံသီး ဆားနှင့်အရသာမှုန့်တို့ ထည့်ပေးပါ
  • ကျောက်ဖရုံသီးများ နူးလာပါက အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်ထောင်းကို ထည့်မွှေပြီးတာနဲ့ စားသုံးရန် ပြင်ဆင်နိူင်ပါပြီ
  • ငါးပိထောင်း ချဉ်ငံစပ်လေးနှင့် လိုက်ဖက်လွန်းသော ကျောက်ဖရုံသီးဟင်းခါး အရည်သောက်ဆမ်းဟင်းကို နှစ်သက်သလို သုံးဆောင် နိူင်ပါပြီ။

Thursday, 24 April 2025

မှိုကြော်ချက်

 


ဒီနေ့တော့ မှိုလေးတွေကို အရည်သောက်ဆမ်း ကြော်ချက်လေး ချက်ပါတယ်။ ဝါတွင်းကာလ ဖြစ်တဲ့အတွက် သတ်သတ်လွတ်လေး စားမယ်ဆိုရင်လဲ အဆင်ပြေတဲ့ ဟင်းတမယ် ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မှို - 500 g
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • မှိုများကို ရေဆေးပြီး အနေတော်လေးတွေ ဖဲ့ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာပု ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့် ထည့်ပေးကာ ကြက်သွန်အဖြူ နှင့် ကြက်သွန်နီကိုထည့်ပြီး ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းသွားတာနဲ့ မှိုများကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ဆားနှင့် အချိုမှုန့် တို့ကိုထည့်ပေးကာ ကြော်ပေးပါ
  • အရသာ သမသွားတာနဲ့ မိမိနှစ်သက်သလောက် ရေထည့်ပြီး တည်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ ငရုတ်ကောင်းမှုန့် ထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်ပေးပြီး အိုးကိုမီးဖိုပေါ်က ဖယ်ထားပြီး သုံးဆောင်နိူင်ပါပြီ။