Friday 17 May 2024

ဂေါ် ရခါးညွန့် ချဥ်ရည်ဟင်း


 မာမာ ဒီနေ့တော့ ဂေါ်ရခါးညွန့်လေးတွေကို ထမင်းစားလို့ မြိန်စေမဲ့ အရည်သောက်ဆမ်း ချဥ်ရည်ဟင်းလေး ချက်ပါမယ် လွယ်ကူတဲ့ ချက်နည်းလေးဖြစ်သလို ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မျိုးဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ
  1. ဂေါ်ရခါးညွန့် - လက်တစ်ဆုတ်စာ တစ်စည်း
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ချင်း - ခပ်ပါးပါး ၃ပြားလောက်
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  7. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  8. ခရမ်းချဉ်သီး - အနေတော် လေးလုံး
  9. မကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. မျှင်ငါးပိ - အနည်းငယ်

ပြင်ဆင်ပုံ
  • ဂေါ်ရခါးညွန့်ကို အကြောများသင်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေငါးထပ်လောက် ဆေးပေးပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောထောင်းပေးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးပူပူနဲ့ စိမ်ထားပါ
  • အရည် သောက်ဆမ်းဟင်း အနေအထား ချက်မှာ ဖြစ်တဲ့အတွက် အရင်ဆုံး အိုးထဲမှာ ရေကို ယောက်ချိုဇွန်း လေးဇွန်းလောက် ထည့်ပေးပါ
  • ထိုရေထဲမှာ မန်ကျည်းမှည့်ရည် ပုဇွန်ငါးပိ ကြက်သွန်ထောင်း ခရမ်းချဉ်သီးတို့ ထည့်ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ဂေါ်ရခါးညွန့် ကိုထည့်ကာ အိုးအဖုံး မအုပ်ဘဲ တည်ပေးပါ
  • ဂေါ်ရခါးညွန့်လေးတွေကို ခပ်စိမ်းစိမ်း အရောင်လေး ရချင်တဲ့အတွက် အဖုံးမအုပ်ဘဲ တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့  အကြာကြီး တည်စရာ မလိုဘဲ ရှစ်မိနစ်လောက် တည်ပေးပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးပါ
  • အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ဟင်းရည်အနေအထားကိုလဲ မိမိစိတ်ကြိုက် အနေအထားလောက် ရလာအောင်လဲ ပြင်ပေးနိူင်ပါတယ်
  • အရသာ ပြင်ပြီးတာနဲ့ မီးပိတ်ကာ ဂေါ်ရခါးညွန့် အရည်သောက်ဆမ်းဟင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Wednesday 15 May 2024

ဘဲဥ ချဉ်ရည်ဟင်း

 


ဒီနေ့တော့ ဘဲဥချဉ်ရည်ဟင်း စားချင်စိတ် ပေါ်လာတာနဲ့ ဘဲဥချဉ်ရည်ဟင်း ချက်ဖြစ်ခဲ့ပါတယ် ချက်နည်းလေးကတော့ မကြာမကြာ ချက်ဖြစ်တဲ့ ချက်နည်းလေး အတိုင်းဘဲ ချက်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို ထပ်မံပြီးတော့ မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဘဲဥ - ရှစ်လုံး
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ချင်း - လက်တစ်ဆစ်
  5. မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲ
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း

ပြင်ဆင်ပုံ
  • ဘဲဥကို ကျက်အောင် ပြုပ်ပေးပြီး အခွံခွာကာ ဓါးနှင့်အရှည်လိုက်လေးတွေ လိုက်လှီးပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်း ငရုတ်သီးမှုန့်ထောင်းတို့ကို ထည့်ပေးကာ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ ငါးငံပြာရည်ကိုပါ တစ်ခါထဲ ထည့်ပေးကာ ဆီသတ်ပေးပါ
  • ငံပြာရည်နံ့ သင်းလာတာနဲ့ ရေထည့်ကာ တည်ပေးပါ
  • ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ကာ တည်ပေးပါ
  • မန်ကျည်းသီးမှည့် အနှစ်ထည့်ပေးကာ ဟင်းရည်ကို အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ဟင်းရည်အရသာ အနေတော် ရလာတာနဲ့  ဘဲဥကို ထက်ခြမ်းခြမ်းကာ ထည့်ပေးပြီး တည်ပေးပါ
  • ဆီကျန်ရေကျန် အနေအထားလေး ရလာတာနဲ့ မဆလာအုပ်ပေးကာ မီးပိတ်ပေးပါ
  • ပြီးတာနဲ့ မဆလာနံ့ သင်းနေတဲ့ ဘဲဥချဉ်ရည်ဟင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Tuesday 14 May 2024

ကရေကရာ စားဖွယ်ရာ

 









မာမာဒီနေ့တော့ အညာဒေသထွက် ကရေကရာ မုန့်လေးလုပ်ဖြစ်ပါတယ် ငယ်ငယ်တုန်းကတော့ ကျောင်းမုန့်စျေးတန်းမှာရယ် စျေးထဲမှာရယ် ရောင်းတဲ့အတွက် မကြာမကြာ စားဖူးပါတယ်။

အခုနောက်ပိုင်း မစားရတာ ကြာနေပြီး စိတ်ထဲက စားချင်စိတ်လေး ပေါ်လာတာနဲ့ အညာက မိတ်ဆွေတယောက်ကိုမေးပြီး လုပ်ထားပါတယ်။

ထန်းလျှက်အပျော့ မရှိပါက သကြားကို သုံးလို့ရသလို အုန်းသီးအစို မရပါက အုန်းသီးခြစ်ပြီးသား အခြောက်ကိုလဲ သုံးလို့ရပါတယ်။

တစ်ချို့ကတော့ ထောပါတ်ထည့်ပြီး လုပ်ကြပါတယ် မာမာကတော့ ထောပါတ် မထည့်ထားပါဘူး အချိုအရသာကိုလဲ အချိုကြိုက်ပါက ပိုထည့်ပေးနိူင်ပါတယ် မာမာက အချိုမကြိုက်တဲ့အတွက် အချိုလျှော့ထည့်ထားပါတယ်။

ပါဝင်ပစ္စည်းများ
  1. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. အုန်းသီးခြစ်ပြီးသား - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  3. ထန်းလျှက်အပျော့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်သာသာ (အချိုကြိုက်ပါက ပိုထည့်ပါ)
  4. ဆား - လက်ဖက်ရည်ဇွန်း ငါးပုံတစ်ပုံ
  5. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (ထန်းလျှက်ရည်ကျိုရန်)
  6. ရေနွေးကို လိုအပ်ရင် သုံးဖို့အတွက် သတ်သတ်တည်ထားပေးပါ
ပြင်ဆင်ပုံ
  • အရင်ဆုံး ဒယ်အိုးထဲမှာ ကောက်ညှင်းမှုန့်များကိုထည့်ပြီး မီးနွေးနွေးနဲ့ လှော်ပေးပါ
  • ကောက်ညှင်းမှုန့်များ အကျက်ညီစေရန် လှော်နေစဥ် အဆက်မပြတ် မွှေမွှေပေးပါ
  • ကောက်ညှင်းလှော်နံ့လေး သင်းလာတာနဲ့ မီးပိတ်ပြီး ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပေးပါ
  • လှော်ပြီးသား ကောက်ညှင်းမှုန့်ကို ဆန်ချင်ဗူး တစ်ဝက်သာသာလောက်ကို အုန်းယိုနှင့် လူးပေးရန် ဖယ်ထားပါ
  • ရေနွေးကို ဆူအောင်တည်ပေးပြီး အဆင်သင့် ပြင်ထားပါ
  • အိုးတစ်လုံးထဲမှာ ရေ ဆားနှင့် ထန်းလျှက်တို့ကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ထန်းလျှက်များ ပျော်လာတာနဲ့ ခြစ်ပြီးသား အုန်းသီးနှင့် ကောက်ညှင်းလှော်မှုန့်တို့ကိုထည့်ပြီး မွှေပေးပါ
  • မွှေနေစဥ် အုန်းယိုများ ခဲပျစ်လာပါက ရေနွေးကို နည်းနည်းချင်း ထည့်မွှေပေးပါ
  • ကောက်ညှင်းသား အဖြူရောင် အရောင်ပျောက်လာပြီး အုန်းယိုခပ်ပျစ်ပျစ်လေး ရလာရင် ရပါပြီ။
ပြုလုပ်ပုံ
  • စောစောက ချန်ထားသော ကောက်ညှင်းလှော်မှုန့်ကို ပန်းကန်တစ်ခုထဲမှာ ထည့်ထားပေးပါ
  • ယိုထိုးထားသော အုန်းယိုကို ခပ်နွေးနွး အနေအထားမှာ အနေတော်လေးတွေ ယူပေးကာ ဆုတ်ဆုတ်ပေးပြီး ခပ်ပျံ့ပျံ့လေး လုပ်ပေးပါ
  • ပြီးတာနဲ့ ကောက်ညှင်းမှုန့်ထဲမှာ လူးပေးပါ
  • ထိုနည်းအတိုင်း အုန်းယိုများ ကုန်တဲ့အထိ လုပ်ပေးပြီးတာနဲ့ စားချင့်စဖွယ် ကရေကရာ မုန့်လေးကို ရပါပြီ။
မှတ်ချက် ။ ။ အုန်းယိုထိုးတဲ့အခါ မိမိတို့ အသုံးပြုတဲ့ ကောက်ညှင်းမှုန့် အပျော့ အမာပေါ် မူတည်ပြီး ရေကိုတစ်ခါထဲ အများကြီး မထည့်ဘဲ နည်းနည်းချင်းထည့်ပေးကာ လိုတိုး ပိုလျှော့ လုပ်ပေးပါ။

Monday 13 May 2024

ဂေါ် ရခါးညွန့် (စူကာညွန့်ကြော်ချက်)

 





ဒီနေ့တော့ ဂေါ် ရခါးညွန့် လေးတွေ ဝယ်လာပြီး သတ်သတ်လွတ် အရန်ဟင်း တစ်မယ်အတွက် ပြင်ဆင်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1.  ဂေါ် ရခါးညွန့် - လက်တစ်ဆုတ်စာ တစ်စည်း
  2. နနွင်းမှုန့် - အနည်းငယ်
  3. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. ရေ - ထမင်းစားဇွန်း ဆယ်ဇွန်း (အရသာစပ်ရန်)
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး ရှစ်မွှာ
  8. ကြက်သွန်နီ - အနေတော် တစ်လုံး
  9. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း 

ပြင်ဆင်ချက်ပြုပ်ပုံ
  • ဂေါ် ရခါးညွန့် ကို ရင့်သောနေရာမှ အကြောများ သင်ပေးကာ အနေတော် ပိုင်းဖြတ်ပေးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးပြီး ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ခပ်နုတ်နုတ် စင်းထားသော ကြက်သွန်ဖြူနှင့် ကြက်သွန်ဖြူကို ထည့်မွှေပေးပါ
  • ကြက်သွန်များ အနည်းငယ် နူးလာတာနဲ့ ရေစစ်ထားသော  ဂေါ် ရခါးညွန့်များကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ နှမ်းဆီနှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်မွှေပေးကာ ဟင်းပွဲပြင်ရန် ပန်းကန်ထဲကို ပြောင်းထည့်ပေပြီးပါက  ဂေါ် ရခါးညွန့် ကြော်ချက် ပူပူလေးကို စားသုံးနိူင်ပါပြီ။

Sunday 12 May 2024

ကြက်သားအာလူး ဆီပြန်ဟင်း

 


 ဒီနေ့တော့ ကြက်သားနဲ့ အာလူးကို အနှစ်များများနဲ့ ချက်ပါတယ် မဆလာလေးပါ အုပ်ထားတဲ့အတွက် ပိုပြီးတော့ စားလို့ကောင်းတယ်လို့ ပြောရမှာပါဘဲ။

ဒါကြောင့်မို့လို့ မာမာ့ရဲ့ ဟင်းချက်နည်းလေးတွေကို လာရောက်ကြည့်ပေးကြတဲ့ မိတ်ဆွေတွေလဲ ချက်စားနိူင်အောင် မာမာ ပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - 500 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ငရုတ်သီး အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  7. ကြက်သွန်နီ - အလုံးကြီးကြီး သုံးလုံး
  8. ချင်း - လက်တစ်ဆစ်ခန့်
  9. စပါးလင် - အရင်းပိုင်း နှစ်လက်မခန့်
  10. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သားအရသာနယ်ရန်)
  11. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းအိုးထဲထည့်ရန်)
  12. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းသာသာ
  13. အာလူး - အနေတော် ဆယ်လုံးခန့်
င်ပြဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ကြက်သားကို တုံးပြီးတာနဲ့ ဆား ငံပြာရည် မဆလာ အရသာမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးထားပါ
  • အာလူးကို အခွံခွာပြီး ရေဆေးကာ ထက်ဝက်ခြမ်းထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတိုကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထာပါ
  • ပြီးတာနဲ့ စပါးလင် ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းနှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောပြီးထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့  ထောင်းထားသော ငရုတ်သီးကို ထည့်ကြော်ပြီး ဆီသပ်ပေးပါ
  • ငရုတ်သီးနံ့လေး မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို ထည့်မွှေပေပါ
  • အထက်အောက် သမအောင် မွှေပေးပြီးတာနဲ့ ကြက်သားအသား မာလာအောင် ခနလောက် တည်ထားပေးပါ
  • ကြက်သားအသား မာလာတာနဲ့ ရေအနည်းငယ်ထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် အိုးကိုမကြာ မကြာ လှုပ်လှုပ်ပေးပါ
  • အရင်ဆုံး ထည့်ထားတဲ့ ရေခမ်းလာပြီး ကြက်သားအသားတွေ မာကျစ်လာနဲ့ ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် သတိထားပြီး ကြည့်ကြည့်ပေးကာ ရေခမ်းကာနီးတာနဲ့ နောက်ထပ်တစ်ရည် ထပ်ထည့်ပြီး အာလူးပါ တစ်ခါထဲထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေခမ်းကာနီးတာနဲ့ အာလူးနူးမနူး ကြည့်ပေးကာ အရသာ မြည်းပေးပါ
  • အရသာ မြည်းပေးပြီး လိုအပ်တဲ့ အရသာကို မိမိစိတ်ကြိုက် ရလာအောင် ပြင်ပေးပါ
  • အာလူးလဲနူးပြီး ဟင်းအိုးလဲ ဆီလည်ရေလည် အနေအထား ရလာကာ အရသာလဲ မိမိစိတ်ကြိုက် ရလာတာနဲ့ မဆလာထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့ မဆလာနံ့ သင်းပျံ့နေတဲ့ ကြက်သား အာလူး ဆီလည်ရေလည်ဟင်းလေးကို ပလာတာနှင့် တွဲဖက်ပြီး စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။

Friday 10 May 2024

မှို ကန်စွန်းရွက် အစပ်ကြော်

 


အရမ်းလွယ်လွန်းတဲ့ အသီးအရွက် ကြော်နည်းဖြစ်တဲ့အတွက် သတ်သတ်လွတ် ဟင်းတစ်မယ်အတွက် မှို မုန့်ညှင်းစိမ်း အလွယ်ကြော်နည်းလေးရအောင် မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကန်စွန်းရွက် - လက်တစ်ဆုတ်စာ တစ်စည်း
  2. ကောက်ရိုးမှို - အနည်းငယ်
  3. ငရုတ်သီး အစပ်တောင့် - ငါးတောင့်
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
  • ကန်စွန်းရွက်ကို အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
  • မှိုကို ရေဆေးကာ အနေတော် လှီးထားပါ
  • ငရုတ်သီးတောင့်ကို အညှာခြွေပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  • ဆီအငွေ့ တက်လာတာနဲ့ ငရုတ်သီးထောင်းနှင့် ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပါ
  • ပြီးတာနဲ့ ကန်စွန်းရွက်နှင့် မှိုများထည့်ပြီး ဆားနှင့် အချိုမှုန့်ထည့်မွှေပါ
  • နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ဖြူးပြီး ပူနေတုန်း ပန်းကန်ထဲ ပြောင်းထည့်ကာ စားသုံးနိူင်ပါပြီ။

Thursday 9 May 2024

ငပိရည်ကျိုနဲ့ ငပိရည်ဖျော်နည်း

 

ငပိရည် ကျိုနည်းလေးတွေ အမျိုးမျိုး ရှိကြပါတယ် မာမာကတော့ ငပိရည် ကျိုတဲ့အခါ နနွင်းမှုန့် ထည့်ကျိုတာကလွဲပြီး တစ်ခြား အမွှေးအကြိုင်တွေ ထည့်ကျိုတာ မကြိုက်ပါဘူး။ 

ဒါကြောင့်မို့လို့ မာမာ့လို ငပိရည် ကြိုက်ကြတဲ့သူတွေ ရှိကြတဲ့အတွက် ငါးပိရည် ကျိုနည်းလေး လာလာပြီး မေးတတ်ကြလွန်းလို့ မာမာကျိုထားတဲ့ နည်းလေးနဲ့ အသားမပါတဲ့ ငပိရည် ဖျော်စရာ လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
ငါးပိရည်ကျိုရန်
  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား (ငါးရံ့ငါးပိကို သုံးထားပါတယ်)
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပိနှင့် အတူတူထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်လုံး တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။

ဖျော်စရာထောင်းရန် ပါ၀င်ပစ္စည်းများ
  1. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၁၁မွှာ
  3. ကြက်သွန်နီ - အနေတော် သုံးလုံး
  4. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာတဲ့အထိ  ထည့်လှော်ပေးပါ
  • ကြက်သွန်နီကိုလဲ အခွံခွာပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာတဲ့အထိ  ထည့်လှော်ပေးပါ
  • ငရုတ်သီးစိမ်းကိုလဲ အညှာခြွေပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ ကျွမ်းယောင်သန်းတဲ့လာတဲ့အထိ လှော်ပေးပါ
  • ပြီးတာနဲ့ ငရုတ်သီးစိမ်း ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ငရုတ်ဆုံထဲထည့်ပြီး မညက်တစ်ညက်လေး ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ငါးပိရည် ပန်းကန်ထဲမှာ ပါ၀င်ပစ္စည်းများကို  ရောထည့်ကာ အားလုံးသမသွားအောင် ရောဖျော်ပေးပါ
  • ငါးပိရည်အဖျော် ရတာနဲ့ တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးသိမ်းထားပါ
  • ငါးပိရည် အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာရှိလှတဲ့ ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

Wednesday 8 May 2024

ကျန်စု အသုပ်စုံ

ဒီနေ့တော့ တစ်ပါတ်စာ ဟင်းချက်လို့ ပိုနေတဲ့ တို့စိတို့စိလေးတွေနဲ့ ပဲကြာဇံကိုရောကာ ချဉ်ချဉ်ငံငံစပ်စပ်လေး သုပ်စားပါတယ် ထမင်းမစားချင်တဲ့ နေ့တွေဆို အခုလို အသုပ်လေး သုပ်စားလိုက်တယ် ဆိုရင်ဘဲ အာသာပြေလို့ သွားတတ်ပါတယ်။

ဒါကြောင့်မို့လို့ လွယ်ကူမြန်ဆန် အသုပ်တစ်မျိုး သုပ်စားချင်ရင်တော့ မာမာ ပြင်ဆင်ပြီး သုပ်စားပုံလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ပဲကြာဇံ အခြောက် - 50 g
  2. အာလူး - အနေတော် တစ်လုံး
  3. မုန့်ညှင်းရွက် - အနေတော် တစ်ပင်
  4. ပဲပြား ကြော်ပြီးသား - အနည်းငယ် (အနေတော်လေးတွေ လှီးထားပါ)
  5. ပဲအကျက်မှုန့် - လိုသလောက်
  6. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ုး သုံးပုံတစ်ပုံ (ဆီချက်ချက်ရန်)
  8. နနွင်းမှုန့်  - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ( ကြာဇံအရောင်အတွက် သုံးရန်)
  9. ဆီ - လိုသလောက်
  10. အရသာမှုန့် - လိုသလောက်
  11. ကြက်သွန်ဖြူ  ဆီချက် - ထမင်းစားဇွန်း ဇွန်းနှစ်ဆယ်ခန့်
  12. မန်ကျည်းသီးအမှည့် - ထမင်းစားဇွန်း နှစ်ဇွန်း
  13. ငါးငံပြာရည် - လိုသလောက်
  14. နံနံပင် - လိုသလောက် (ရေဆေးပြီး လှီးထားပါ)
  15. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  16. ကြက်သွန်ဖြူ  - ၁၃မွှာ (ဆီချက်အတွက် ၅မွှာ ဟင်းခါးအတွက် ၃မွှာ အသုပ်နှင့်စားရန် ၅မွှာခန့်)
  17. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  18. ငရုတ်ကောင်းစေ့ - ငါးစေ့ခန့်
  19. ဂေါ်ဖီ - အနည်းငယ်

အသုပ်ပွဲပြင်ရန် လိုအပ်သော ပစ္စည်းများ

  1. ပဲကြာဇံ
  2. အာလူး
  3. ပဲပြား
  4. မုန့်ညှင်းရွက်
  5. ဆီချက်
  6. ငံပြာရည်
  7. ပုဇွန်ခြောက်မှုန့်
  8. ပဲအကျက်မှုန့်
  9. ငရုတ်သီး အလှော်မှုန့်
  10. ကြက်သားမှုန့်
  11. မန်ကျည်းသီးမှည့်
  12. နံနံပင်

ပဲကြာဇံ မုန့်ညှင်းရွက်နှင့် အာလူး ပြုပ်ရန်

  • ပဲကြာဇံကို ရေ တစ်နာရီလောက် စိမ်ထားပါ
  • အိုးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ရေစိမ်ထားသော ပဲကြာဇံကို ရေသွန်ပြီး ပဲကြာဇံ အရောင်လှစေရန် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံထည့်ကာ ရေနွေးကို လောင်းထည့်ပေးပါ
  • ရေနွေးစိမ်ချိန် သုံးမိနစ်လောက် ကြာတာနဲ့ ရေနွေးစိမ်ထားသော ကြာဇံကို ဇကာထဲသွန်ပြီး ရေစစ်ထားပါ
  • တစ်ခါတစ်လေ ရေနွေးစိမ်ရန် အသုံးပြုသော ပဲကြာဇံသည် အပျော့ အမာပေါ် မူတည်သောကြောင့် အချိန်ကို လိုတိုးပိုလျှော့ လုပ်ပေးပါ
  • အိုးတစ်လုံးထဲမှာ ရေခပ်များများနှင့် အာလူးတို့ထည့်ကာ ပြုပ်ပေးပါ
  • အာလူးများ နူးလာပါက ရေများသွန်ပြီး အအေးခံကာ အခွံခွာပြီး မထူမပါးလေးတွေ လှီးထားပါ
  • အိုးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ မုန့်ညှင်းရွက်ကို ထည့်ပြီး နှစ်မိနစ်လောက် ပြုပ်ပေးကာ ရေစစ်ပြီး မထူမပါးလေးတွေ လှီးထားပါ

ဆီချက် ချက်ရန်

  1. ကြက်သွန်ဖြူ ငါးမွှာကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  2. ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပေးပါ 
  3. ပြီးတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  4. ကြက်သွန်ဖြူများ အဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အအေးခံထားပါ
  5. ဆီချက်ကိုလဲ အအေးခံထားပါ ဆီအေးသွားမှ ကြက်သွန်ကြော်များနှင့် ရောပေးထားပါ

ဟင်းခါးချက်ရန်

  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တစ်ညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင် တည်ပြီးအရသာမြည်းပါ

အသုပ် တစ်ပွဲစာပြင်ရန်

  • အသုပ်သုပ်ရန် ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးပူပူ ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာ စာလောက်နဲ့ စိမ်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ပဲကြာဇံ တစ်ပွဲစာနှင့် နံနံပင် အာလူး ပဲပြားနှင့် မုန့်ညှင်းရွက်တို့ကို ထည့်ပေးပါ
  • ဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ မကျည်းရည် ထမင်းစားဇွန်း တ၀က်သာသာ နံနံပင်တို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • အသုပ်အရသာ နယ်ပြီးတာနဲ့ ချဉ်ငံစပ် အရသာ လိုသလို ပြင်ပေးပြီး စားပွဲပြင်ပေးပါ
  • ချဉ်ငံစပ် ပဲကြာဇံအသုပ်ပွဲ ပြင်ဆင်ပြီးပါက ဆလတ်ရွက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ။

Monday 6 May 2024

ထောပါတ်သီးသုပ်

 




မာမာက အသားတွေ သိပ်မစားတော့ အသီးအရွက်နဲ့ ပဲမျိုးစုံကိုဘဲ အားထားရပါတယ် နောက်တစ်ခုက ဆီးချိုရှိတဲ့အတွက် အရမ်းချိုတဲ့ အသီးတွေနဲ့ ထမင်း တို့ကိုလဲ ဆင်ဆင်ချင်ချင် စားရပြန်ပါတယ်။
ဒါကြောင့်မိုလို့ ဒီတစ်ခါတော့ ထမင်းအစား ထောပါတ်သီးကို မြန်မာမှုပြုပြီး သုပ်စားဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ထောပါတ်သီး - တစ်လုံး
  2. ချယ်ရီခရမ်းချဉ်သီး - ဆယ်လုံးခန့်
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. သံပုရာသီး - တစ်ခြမ်း
  5. ဆား - အနည်းငယ်
  6. ငါးငံပြာရည် - အနည်းငယ်
  7. ငရုတ်သီး အလှော်မှုန့် - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
  • အရင်ဆုံး ထောပါတ်သီးကို အခွံခွါပြီး အနေတော် အတုံးလေးတွေ တုံးပေးပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းထားပါ
  • ကြက်သွန်နီကို အခွံခွါပြီး အလုံးလိုက် ရေဆေးကာ ပါးပါးရိတ်ရိတ်လေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းအားလုံးကိုထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ သမသွားတာနဲ့ အရသာမြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် မြည်းပေးပါ
  • ပြီးတာနဲ့ ထောပါတ်သီးသုပ် စိမ့်စိမ့်လေးကို သုံးဆောင်နိူင်ပါပြီ။

Sunday 5 May 2024

ငါးကြော်နှပ်

 



ဒီနေ့တော့ မာမာတစ်ယောက် ဈေးသွားရင်းက က ကတစ်ငါးတစ်ကောင် ဝယ်လာခဲ့တာနဲ့ ငါးကြော်ကြွတ်ကြွတ်လေး ကြော်ကာ ကြော်နှပ်လေး ချက်ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ငါးကြော်ကို ဒီအတိုင်း စားမဲ့အစား ငါးကြော်နှပ် မွှေးမွှေးလေးနဲ့ စားရတာ အရသာ ပိုပြီးကောင်းစေတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. က ကတစ် - တစ်ကောင်
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ငါးအရသာနယ်ရန်)
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ငါးကြော်မည့်ဆီထဲထည့်ရန်)
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ကြက်သွန်ကြော်မည့်အထဲထည့်ရန်)
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ချင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
  10. ကြက်သွန်ဖြူ - ခပ်ကြီးကြီး ငါးမွှာ
  11. ချင်းတက် - လက်တဆစ်ခန့်
  12. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ချက်ပြုပ်ပုံ
  •  အရင်ဆုံး ငါးကိုမလိုတာတွေဖယ်ပြီး သန့်ရှင်းပေးကာ ရေစင်အောင် ဆေးပေးပါ
  • ငါးကိုရေဆေးပြီးတာနဲ့ ငါးကို အနေတော် အတုံးလေးတွေ တုံးပေးပါ
  • ဇလုံထဲမှာ ငါး နနွင်းမှုန့် ဆား အရသာမှုန့် ချင်းမှုန့် ကြက်သွန်ဖြူမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  • ဒယ်အိုးကြီးကြီးထဲမှာ ဆီခပ်များများလေး ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပေးကာ အရသာ နယ်ထားသောငါးကို အိုးဆန့်သလောက် ထည့်ပေးပါ
  • ငါးထည့်ပြီးတာနဲ့ မီးကိုအနေတေ် လျှော့ပေးပြီးမှ ကြော်ပေးပါ
  • ကြော်ထားသော ငါးတုံးများ တစ်ဖက်ကျက်မှ တစ်ဖက်ကို လှန်ပေးပြီး ကြော်ပေးပါ
  • နှစ်ဖက်လုံး ကျက်ပါက ဆယ်ပြီးဆီစစ်ပေးထားပါ
  • ဆီစစ်ထားသော ငါးကြော်ကို ပန်းကန်ပြားထဲမှာ ထည့်ပေးပါ
ငါးကြော်နှပ်နည်း
  • ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးပေးပါ
  • ပြီးတာနဲ့ ကြက်သန်နီ ချင်းနှင့် ကြက်သွန်ဖြူတို့ကို ခပ်ပါးပါးလေးတွေ လှီးပေးပါ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ လှီးထားသော ချင်း ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  • ကြက်သွန်များ ကြော်နေစဉ် အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ
  • ကြက်သွန်များ အိလာတာနဲ့ ပဲငံပြာရည်အကြည်နှင့် ပဲငံပြာရည် အနောက်တို့ကို ထည့်မွှေပေးပါ
  • အရသာ သမသွားတာနဲ့ ကြော်ထားသော ငါးကြော်များကို ထည့်မွှေပေးပြီးတာနဲ့  ငါးကြော်နှပ် မွှေးမွှေးလေး ရပါပြီ။

Thursday 2 May 2024

ဂေါ်ရခါးညွန့်သုပ် (စူကာညွန့်သုပ်)


 





မာမာတို့ နေတဲ့ဆီမှာ ရာသီဥတုက အေးစိမ့်လို့ လာခဲ့ပါပြီ ရာသီဥတု အနေအထားအရ ချဥ်ငံစပ် အသုပ်လေးတွေ စားချင်လာခဲ့ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဂေါ်ရခါးညွန့် - အနေတော် ဇကာတစ်လုံး
  2. ချယ်ရီ ခရမ်းချဥ်သီး - ဆယ်လုံးခန့်
  3. ကြက်သွန်နီ ဆီချက်ဖတ် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  5. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  6. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  10. သံပုရာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ
  • ဂေါ်ရခါညွန့်များကို အကြောသင်ပြီး အရွက်ခြွေကာ ရေစင်အောင်ဆေးပေးပါ
  • အိုးတစ်လုံးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူတာနဲ့  နှစ်မိနစ်ခန့် ပြုပ်ပေးကာ ရေနွေးများ သွန်ပေးပါ
  • ပြုပ်ပြီးပါက ရေအေးနဲ့ဆေးပြီး ရေများကို လက်နှင့်ဆုတ်ပြီး ညှစ်ပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ချယ်ရီ ခရမ်းချဥ်သီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဇလုံကျယ်ကျယ်ထဲမှာ ဂေါ်ရခါးရွက်များ ခရမ်းချဥ်သီးများ ကြက်သွန်နီ ပုဇွန်ခြောက်မှုန့် ပဲမှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူဆီချက် ငါးငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • နယ်ဖတ်ပြီးပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ သံပုရာသီးနံ့ မွှေးမွှေးလေးနဲ့ ချဉ်ငံစပ် ဂေါ်ရခါးရွက်သုပ်ကို စားသုံးနိူင်ပါပြီ။