ထမင်းဝိုင်းမှာ အသီးအရွက်ကြော်လေး တစ်မယ်ပါလေမှ ထမင်းက စားလို့မြိန်မှာမို့လို့ ဒီနေ့တော့ အသီးအရွက်လေးတွေနဲ့ရောပြီး ပဲကြာဇံ ကြော်ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ပဲကြာဇံကြော် ကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ပဲကြာဇံ - တစ်ပွဲစာ (လက်တစ်ဆုပ်စာ)
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ဘေဘီမုန့်ညှင်း - နှစ်ပင်
- တရုတ်နံနံ - အပင်ခပ်သေးသေး နှစ်ပင်ပဲ
- ငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း - ရှစ်ဇွန်း
- နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
- ပဲကြာဇံက်ို ရေမြုပ်အောင်ထည့်ပြီး နာရီ၀က်လောက် ရေစိမ်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ထားပါ
- ဘေဘီမုန့်ညှင်းကို ရေဆေးပြီး အနေတော် လှီးထားပါ
- တရုတ်နံနံကို ရေဆေးပြီး လက်တစ်ဆစ်ခန့် အနေအထား လှီးထားပါ
- ငရုတ်ကောင်းမှုန့်ကို အဆင်သင့် ပြင်ထားပါ
- ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် ခရုဆီ နှမ်းဆီ ဆားနှင့် အရသာမှုန့်တို့ကို ပန်းကန်လုံးထဲမှာ ရောကာအရသာ စပ်ထားပါ
- ရေစိမ်ထားသော ပဲကြာဇံ ပျော့လာပါကဆယ်ပြီး ရေစစ်ထားပါ
- ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ
- ဆီပူလာပါက ကြက်သွန်နီကို မွှေးသွားအောင် အရင်ဆုံး ကြော်ပေးပါ
- ကြက်သွန်နံ့ မွှေးလာတာနဲ့ တရုတ်နံနံမှလွဲပြီး ကျန်အသီးအရွက်များကို တစ်မိနစ်လောက် ထည့်ကြော်ပါ
- ပြီးတာနဲ့ ပဲကြာဇံထည့်ပြီး အရသာ စပ်ထားသော အရသာများကိုထည့်ကာ သမအောင် မွှေပေးပါ
- အသီးအရွက်ကြော်စဉ် ထွက်လာသော အရည်ဖြင့် ပဲကြာဇံ ပျော့သွားအောင် ခနထားပေးပါ
- ပဲကြာဇံ ပျော့လာပါက အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
- ပြီးတာနဲ့ငရုတ်ကောင်းမှုန့်နှင့် တရုတ်နံနံထည့်ပြီး အရသာနှံ့အောင် မွှေပေးကာ ပဲကြာဇံကြော်ကို မိမိနှစ်သက်သလို ပြင်ဆင်ပြီး စားသုံးနိူင်ပါပြီ။
No comments:
Post a Comment