Thursday 29 February 2024

ပဲနီပြားသုပ်

 



မာမာ ဒီနေ့တော့ ပဲနီပြား ပြုပ်ပြီးသားလေးတွေကို နံနံပင် ကြက်သွန်နီနဲ့ ပဲဆီစိမ်းလေး ထည့်ပြီး မွှေးနေအောင် သုပ်ပါတယ် ငရုတ်သီးစိမ်းလေးတွေ ပါမယ်ဆိုရင်တော့ ပိုပြီးစားလို့ ကောင်းပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး  လွယ်ကူမြန်ဆန်ပြီး စားလို့ကောင်းတဲ့ သတ်သတ်လွတ် ပဲသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. ပြုပ်ပြီးသား ပဲနီပြား - အနေတော် တစ်ပန်းကန်စာ
  2. ဆားအနု - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နံနံပင် - အနည်းငယ်
  4. ကြက်သွန်နီ အလုံးသေး - မိမိနှစ်သက်သလောက် (shallot onionကို သုံးပေးပါ)
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ပဲဆီ - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ

  • ပြုပ်ပြီးသား ပဲနီပြား တစ်ပန်းကန်စာကို အဆင်သင့် ပြင်ပေးထားပါ
  • နံနံပင်ကိုရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  • နံနံပင် ကြက်သွန်နီ ဆားအနုနှင့် အရသာမှုန့်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတလုံးထဲမှာ ပါ၀င်ပစ္စည်းများထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ နယ်ပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ကာ  သတ်သတ်လွတ် ပဲနီပြား ပဲသုပ်လေးကို မိမိနှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။

Tuesday 27 February 2024

ဝက်သားစင်းကော ကြက်ဟင်းခါးသီးကြော်

 


မာမာ ဒီနေ့တော့ ကြက်ဟင်းခါးသီးကို ဝက်သားစင်းကောနဲ့ ကြော်ချက်လေး ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကြက်ဟင်းခါးသီး ကြော်ချက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ကြက်ဟင်းခါးသီး - အနေတော် လေးလုံး
  2. ဝက်သားစင်းကော - ထမင်းစားဇွန်း လေးဇွန်းစာခန့်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ညက်အောင် ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ညက်အောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  10. ဆီ - ထမင်စားဇွန်း ရှစ်ဇွန်း (ဟင်းချက်ရန်)
  11. ဆီ ထမင်းစားဇွန်း တစ်ဇွန်း (ကြက်ဟင်းခါးသီးပြုပ်ရန်)
  12. ဆား - လက်ဘက်ရည်ဇွန်း တစ်ဇွန်း (ကြက်ဟင်းခါးသီးပြုပ်ရန်)

ကြက်ဟင်းခါးသီးပြုပ်ရန်
  • ကြက်ဟင်းခါးသီးကို အလယ်မှအရှည်လိုက် ထက်ခြမ်းခွဲ၍ အစေ့များဖယ်ကာ ခပ်ထူထူ လှီးပေးပါ
  • အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီ ရေစစ်ထားပါ
  • ဖယ်ထားသော အစေ့များကို အသုံးမလိုသောကြောင့် ဖယ်ထားလိုက်ပါ
  • အိုးထဲမှာ ဆီ ရေနှင့် ဆားတို့ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူတာနဲ့  ကြက်ဟင်းခါးသီးထည့်ပြီး နှစ်မိနစ်ခန့် ပြုပ်ပေးပါ
  • ပြီးတာနဲ့ ရေပူများသွန်ပြီး ရေစစ်ထားပါ
ဟင်းချက်ရန်
  • ခပ်နုတ်နုတ် စင်းထားသော ဝက်သားကို ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ်လှီးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး နုတ်နုတ်စဉ်းထားပါ
  • ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ညက်အောင်ရောပြီး ထောင်းပေးပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  • ပြီးတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီ ထောင်းထားတာကို နွမ်းပြီး မွှေးသွားတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်နံ့ သင်းလာတာနဲ့ ငံပြာရည်ကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ဝက်သားစင်းကောကို မိနစ်ဝက်လောက် ထည့်ကြော်ပေးပါ
  • ဝက်သား အသားများ မာလာပါက ရေအနည်းငယ်ထည့်ကာ ရေခမ်းတဲ့အထိ ကြော်ပေးပါ
  • ဝက်သား ရေခမ်းတာနဲ့ ကြက်ဟင်းခါးသီး ထည့်ကြော်ပါ
  • ဆား အရသာမှုန့်တို့ ထည့်မွှေပြီး မွှေပေးပါ
  • ဟင်းအိုးမကပ်စေရန် မမွှေဘဲ အိုးကိုလှုပ်လှုပ်ပေးပါ
  • ကြက်ဟင်းခါးသီးက ပြုပ်ထားတဲ့အတွက် အကြာပြီး ကြော်စရာမလိုဘဲ နှစ်မိနစ် သုံးမိနစ်လောက် ကြော်ပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ဝက်သားစင်းကော ကြက်ဟင်းခါးသီးကြော် ပူပူလေးကို စားသုံးရန် ပြင်ဆင်နိုင်ပါပြီ။

Saturday 24 February 2024

ခရမ်းသီး ဆီလည်ရေလည်ဟင်း





ခရမ်းသီးလေးတွေ ပြုပ်ပြီး တို့စားမယ်ဆိုပြီး ၀ယ်လာခဲ့ပေမဲ့ အိမ်ရောက်တော့ စိတ်ပြောင်းသွားပြီး ဆီလည်ရေလည် ခပ်စပ်စပ်လေး နှပ်ချက်လေး ချက်လိုက်ပါတယ်။

 ဒီနေ့တော့ ထမင်းပူပူနဲ့ နယ်ဖတ်ပြီး စားရတာ လိုက်ဖက်လွန်းတဲ့ ခရမ်းသီး နှပ်ချက် ချက်နည်းလေးကို  မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ခရမ်းသီး - ဆယ့်နှစ်လုံး
  2. ညက်နေအောင် ထောင်းထားသော ကြက်သွန်နီဥကြီးကြီး - တစ်ဥ
  3. ရေစိမ်ပြီး ညက်အောင်ထောင်းထားသော ပုဇွန်ခြောက် လက်ဖက်ရည်ပန်းကန်လုံး - တစ်လုံးစာ
  4. ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ငရုတ်သီးအစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  8. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  9. ပဲငံပြာရည်အပြစ် - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာနားထိ ပြတ်အောင်မလှီးဘဲ လေးစိတ်လှီးပေးကာ ရေနာရီ၀က်လောက် စိမ်ထားပါ
  • အညိုရောင်အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ဆား အရသာမှုန့် ပုဇွန်ခြောက်ထောင်းတို့ကို ရောနယ်ပေးထားပါ
  • ခရမ်းသီးကို လှီးထားသော နေရာကြားကို အသာလေးဟပြီး သမအောင်နယ်ထားသော အစာများထည့်ပေးပါ
  • ထည့်ပြီးတာနဲ့ ချက်နေစဉ် အစာများအပြင်ကို ပြန်မထွက်စေရန် လှီးထားသော နေရာများကို အပေါ်ဖက်မှာထားပြီး ဇောက်နက်သော အိုးထဲထဲမှာ စီပြီးထည့်ပေးပါ
  • စပ်ထားသော အစာများပိုနေပါက အိုးထဲထည့်ပြီး ချက်ပေးနိူင်ပါတယ်
  • အိုးထဲမှာ ခရမ်းသီးအစာသွတ်များ ဆီနှင့် ရေမမြုပ် တမြုပ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် မမွှေဘဲ လှုပ်ပေးပါ
  • ရေ မခမ်းခင် အရသာမြည်းပြီး စိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ဆီလည်ရေလည် အနေအထားရလာရင် မီးပိတ်ပေးပြီး စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Friday 23 February 2024

ပဲလွန်းနှပ်

 


ဒီနေ့တော့ ငါးပိရည်ဖျော်လေး လုပ်မိတာနဲ့ ပဲနှပ်လေးလဲ ချက်ပါတယ် ထမင်းပူပူလေးကို ပဲနှပ်လေးရယ် ငါးပိရည်ဖျော် စပ်စပ်လေးရယ် နယ်စားလိုက်ရင်တော အရမ်းလိုက်ဖက်ပါတယ်။
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ လွယ်ကူမြန်ဆန် ပဲနှပ်ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပဲပြုပ်ရန် ပါဝင်ပစ္စည်းများ

  1. ပဲလွန်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ရေ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ဇလုံ ခပ်ကြီးကြီး တစ်လုံးထဲမှာ ပဲကိုထည့်ပြီး ရေနှစ်ထပ်လောက် ဆေးပေးပါ
  • ပြီးတာနဲ့ ပဲများအားလုံး ရေမြုပ်အောင်ထည့်ပြီး သုံးနာရီလောက် ရေစိမ်ပေးပါ
  • ရေစိမ်ထားသော ပဲများပွလာတာနဲ့ စိမ်ထားသော ရေများကို သွန်လိုက်ပါ
  • ပဲများကို ဇောက်နက်သော အိုးထဲမှာ ထည့်ပေးပြီး ဆားနှင့် ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ပထမတစ်ရည်ခမ်းပြီး ပဲမနူးသေးပါက ရေကိုချင့်ချိန်ပြီး ထပ်ထည့်ကာ ပဲများနူးတဲ့အထိ ပြုပ်ပေးပါ
  • ပဲများ နူးလာတာနဲ့ မီးပိတ်ပေးပြီး မီးဖိုပေါ်မှာ လက်ကျန်အပူရှိန်လေးနဲ့ နှပ်ထားပေးပါ။
ပါနှပ်ရန် ပါဝင်ပစ္စည်းများ
  1. ပြုပ်ပြီးသားပဲ - ဟင်းပြင်ပန်းကန် တစ်လုံးစာ
  2. နနွင်းမှုန့် - လက်ဖက်ရညိဇွန်း တစ်ဝက်
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ကြက်သွန်နီ - အနေတော် တစ်လုံး
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  7. ချင်း - လက်တစ်ဆစ်ခန့်
  8. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းခန့်
ပဲနှပ်ရန် ပြင်ဆင်ပုံ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ် အမြှောင်းလေးတွေ လှီးပေးထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အိအိလေး ဖြစ်သွားအောင် ကြော်ပေးပါ
  • ကြက်သွန်များ အိသွားတာနဲ့ ပဲပြုပ် ငံပြာရည် ဆားနှင့်အရသာမှုန့်တို့ ထည့်မွှေပြီး ကြော်ပေးပါ
  • ချင်းနံ့လေး သင်းလာတာနဲ့ ပဲနှပ်အိအိလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။။

Thursday 22 February 2024

ဆင်ခေါင်းပဲသုပ်


မာမာ ဒီနေ့တော့ ဆင်ခေါင်းပဲ ပြုပ်ပြီးသားလေးတွေကို နံနံပင် ကြက်သွန်နီနဲ့ ပဲဆီစိမ်းလေး ထည့်ပြီး မွှေးနေအောင် သုပ်ပါတယ် ငရုတ်သီးစိမ်းလေးတွေ ပါမယ်ဆိုရင်တော့ ပိုပြီးစားလို့ ကောင်းပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး  လွယ်ကူမြန်ဆန်ပြီး စားလို့ကောင်းတဲ့ သတ်သတ်လွတ် ပဲသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. ပြုပ်ပြီးသား ဆင်ခေါင်းပွဲ - အနေတော် တစ်ပန်းကန်စာ
  2. ဆားအနု - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နံနံပင် - အနည်းငယ်
  4. ကြက်သွန်နီ အလုံးသေး - မိမိနှစ်သက်သလောက် (shallot onionကို သုံးပေးပါ)
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ပဲဆီ - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ

  • ပြုပ်ပြီးသား ဆင်ခေါင်းပဲ တစ်ပန်းကန်စာကို အဆင်သင့် ပြင်ပေးထားပါ
  • နံနံပင်ကိုရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  • နံနံပင် ကြက်သွန်နီ ဆားအနုနှင့် အရသာမှုန့်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတလုံးထဲမှာ ပါ၀င်ပစ္စည်းများထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ နယ်ပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ကာ  သတ်သတ်လွတ် ဆင်ခေါင်းပဲ ပဲသုပ်လေးကို မိမိနှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။

Tuesday 20 February 2024

ချဉ်ငံစပ် ပဲကြာဇံဟင်းချို

 



အခုရက်ထဲ မိုးလေလေး အနည်းငယ် အေးလာတော့ စိတ်ထဲမှာ ချဉ်ငံစပ်လေးတွေဘဲ စားချင်စိတ် ပေါ်နေပါတယ်။
ဈေးသွားရင်းက ဟင်းချိုချက်ဖို့ ကြက်ပေါင်လေးတွေ ဝယ်လာခဲ့ပြီး ကြက်ပေါင်ကို ပေါင်းကာ ဟင်းချိုလေး လုပ်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ ချဉ်ငံစပ် ကြက်တောင်ပံပေါင်း ဟင်းချိုရည် လုပ်နည်းလေးကို  မျှဝေပေးလိုက် ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ပေါင်ရင်းသား -500 g
  2. ပဲကြာဇံ - လက်တစ်ဆုတ်စာ
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. ချင်း - ခပ်ပါးပါး ငါးပြား
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  7. နံနံပင် - အနည်းငယ်
  8. ငရုတ်သီး အလှော်မှုန့် - အနည်းငယ်
  9. ငါးငံပြာရည် - အနည်းငယ်
  10. သံပုယိုသီး - တစ်ခြမ်း
  11. ကြွေပန်းကန်လုံး - အနေတော် တစ်လုံး ( ကြက်သားပေါင်းရန်)
  12. ပေါင်းအိုး - တစ်လုံး
ကြက်ပေါင်ပေါင်းရန် ပြင်ဆင်ပြုလုပ်ပုံ
  • ကြက်တောင်ပံများကို ရေစင်အောင်ဆေးပြီး ပန်ကန်လုံး တစ်လုံးထဲမှာ ထည့်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ကြက်တောင်ပံပေါင်းဖို့ ပြင်ဆင်ပေးပါ
  • ပဲကြာဇံကို ရေမြုပ်အောင်ထည့်ပြီး တနာရီခန့် ရေစိမ်ထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကျန်သော ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ကြက်ပေါင် ပေါင်းရန်
  • ပန်းကန်ထဲမှာ ထည့်ထားသော ကြက်ပေါင်များကို ဆား အရသာမှုန့် ချင်းနှင့် ကြက်သွန်ဖြူတို့ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ ရေအနည်းငယ် ထည့်ပေးပါ
  • ကြက်ပေါင်ပေါင်းမည့် ပန်းကန်ထည့်မည့် ပေါင်းအိုးထဲကို ပေါင်းခံခုံလေး ထိတဲ့အထိ ရေထည့်ပေးပါ
  • ထိုပေါင်းခံ ခုံလေးပေါ်မှာ ပေါင်းခံမည့် ဇကာလေးကို တင်ပေးပါ
  • ထို ဇကာလေးလေး အပေါ်မှာ အရသာ နယ်ထားသော ကြက်ပေါင် ပန်းကန်ကို တင်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးကို သေသေချာချာ ပိတ်ပေးပြီး steam ခလုတ်ကိုနှိပ်ကာ မိနစ်နှစ်ဆယ် နာရီခလုတ်ကို ချိန်ပေးကာ ပေါင်းပေးပါ
  • ကြက်ပေါင် ပေါင်းတဲ့အချိန် ပြည့်တာနဲ့ အိုးထဲမှ လေကုန်အောင် ထုတ်ပေးပါ
  • ပြီးမှ အိုးအဖုံးကို ဖွင့်ပေးကာ ကြက်ပေါင် ပန်းကန်ထဲမှ ကြက်ပြုပ်ရည်ကို မိမိနှစ်သက်သလောက် ရေနွေးပူပူလေး ထပ်ရောကာ အရသာ မြည်းပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာပြီ ဆိုတာနဲ့ ပဲကြာဇံကို ထည့်ပေးကာ နှစ်မိနစ်ခန့် ထပ်ပေါင်းပေးပါ
  • ပေါင်းချိန်ပြည့်တာနဲ့ ကြက်ပေါင် ပေါင်းအိုးကို မီးပိတ်ပေးပါ။
ကြက်ပေါင်ပေါင်းဟင်းရည် ပွဲပြင်ပုံ

  • ပန်းကန်တစ်ခုထဲမှာ ကြက်ပေါင်ပေါင်း ဟင်းရည်ကို မိမိနှစ်သက်သလောက် ထည့်ပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည် နံနံပင် သံပုရာရည်နှင့် ငရုတ်သီး အလှော်မှုန့်တို့ ထည့်ပေးကာ သုံဆောင်နိူင်ပါပြီ။။

Monday 19 February 2024

ဝက်နံရိုးကြော်

 



မာမာ ဒီနေ့တော့ ကြက်သွန်ဖြူနံ့လေးမွှေးပြီး အရသာ အရမ်းကောင်းတဲ့ ဝက်နံရိုးကြော်လေး ကြော်ပါတယ်။

အနံ့လေးမွှေးပြီး စားလို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်း

ပါဝင်ပစ္စည်းများ

  1. ဝက်နံရိုး - 500 g (နံရိုးသား နုနုကိုသုံးရင် ပိုကောင်းပါတယ်)
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  3. ချင်း - အနည်းငယ်
  4. ရှာလကာရည် - လဖက်ရည်ဇွန်း တစ်ဇွန်း
  5. အရသာမှုန့် - လဖက်ရည်ဇွန်း တစ်ဇွန်း (ဝက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဝက်နံရိုးပြုပ်ထဲထည့်ရန်)
  7. ပဲငံပြာရည်အကြည် - လဖက်ရည်ဇွန်း တစ်ဝက်
  8. သကြား - လဖက်ရည်ဇွန်း တစ်ဝက်
  9. ဆီ - လိုသလောက် သုံးပေးပါ
  10. ရေ အနည်းငယ် ( မုန့်နှစ်စပ်ရန်)

ပြုလုပ်ပုံ

  • ဝက်နံရိုးကို အနေတော် အတုံးလေးတွေတုံးကာ ရေဆေးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ မညက်တညက် အနေအထားရအောင် ထုထားပါ 
  • ပြီးတာနဲ့ အိုးထဲမှာ ဝက်နံရိုး ချင်း ရှာလကာရည် အရသာမှုန့်နှင့် ရေထည့်ပြီး နာရီဝက်ခန့် ပြုပ်ပေးပါ
  • ပြုပ်ပြီး ရရှိလာသော ဝက်နံရိုးများကို အရသာမှုန့်  ပဲငံပြာရည်အကြည်နှင့် သကြားတို့ ထည့်နယ်ပြီး ၅မိနစ်ခန့် နှပ်ထားပါ
  • ကြက်သွန်ဖြူနှင့်ချင်းကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ 
  • ထောင်းပြီးပါက ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ကာ ကြွတ်အောင် ကြော်ပြီး ပြန်ဆယ်ထားပါ
  • ထိုဒယ်အိုးထဲမှာ ဆီထပ်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ အရသာနယ်ပြီး နှပ်ထားသော ဝက်နံရိုးကို အိုးဆန့်သလောက်ထည့်ပြီး  မီးအနေတော်ထားပြီး ကြော်ပေးပါ
  • နီညိုရောင်လေး သန်းလာပါက ကြော်ထားသော ကြက်သွန်ဖြူနှင့် ချင်းတို့ကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ချက်ချင်းဆယ်ပြီး ဆီစစ်ပေးကာ မွှေးကြိုင်ပြီး အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဝက်နံရိုးကြော်လေးကို သုံးဆောင်လို့ ရပါပြီ။

Sunday 18 February 2024

ဝက်နံရိုးဟင်း

 


ဒီနေ့တော့ ဝက်နံရိုးလေးတွေ ဝယ်လာပြီးဆီလည်ရေလည်လေး ချက်ပါတယ် ရံဖန်ရံခါမှ စားတတ်ပေမဲ့ ၀က်နံရိုးဟင်းက ချက်တတ်ရင် အရမ်းစားလို့ကောင်းပါတယ်။ 

ဒါကြောင့်မို့လို့ ထမင်းမြိန်မြိန် စားလို့ရအောင် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ၀က်နံရိုး - 500 g
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. ချင်း - လက်တစ်ဆစ်ခန့်
  4. ကြက်သွန်ီ - အနေတော် တစ်လုံး
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  6. စပါးလင် - တစ်လက်မခန့်
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း မောက်မောက်တစ်ဇွန်း
  8. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  10. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  11. ဆီ - ထမင်းစားဇွန်း ငါးဇွန်း

ပြင်ဆင်ပုံ
  • ၀က်နံရိုးကို ရေစင်အောင်ဆေးပြီး တစ်လက်မလောက် အတုံးလေးများ တုံးပေးထားပါ
  • ၀က်နံရိုးများကို ဇလုံတစ်လုံးထဲထည့်ပြီး နနွင်းမှုန့် ဆား ငံပြာရည် အချိုမှုန့်တို့နဲ့ နယ်ပြီး အရသာ၀င်အောင် ၁၀မိနစ်လောက် နှပ်ထားပါ
  • ချင်း စပါးလင် ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို ငရုတ်သီးမှုန့်နှင့် ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပြီဆို ဇောက်နက်သော အိုးကိုအပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ ၀က်နံရိုးကို ထည့်ပြီးဆီသတ်ပါ
  • ၀က်နံရိုး အသားများ မာလာမှ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ပထမ တစ်ရည်ခမ်းပြီး နောက်တစ်ရည် ထပ်ထည့်ပြီး တည်ပေးပါ
  • ရေမခမ်းခင် ဆီကျန်ရေကျန် အနေအထား ရလာတာနဲ့ အရသာမြည်းပြီး စိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီးတာနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Thursday 15 February 2024

ပုန်းရည်ကြီးသုပ်

 



ဒီနေ့တော့ ပုန်းရည်ကြီးသုပ်နဲ့ ထမင်းကို နယ်ဖတ်ပြီး စားချင်နေတာနဲ့ ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ် စားမြိန်ထမင်းသုပ်လေး ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ဖြစ်တဲ့ ထမင်းသုပ် သုပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပုန်းရည်ကြီး - အထုတ်သေး တစ်ထုတ်
  2. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်းမောက်မောက် သုံးဇွန်း
  3. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  4. ငရုတ်သီးစိမ်း - စားနိူင်သလောက် 
  5. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်ုး
  8. ပဲဆီ - ထမင်းစားဇွန်း ၁၀ဇွန်း
ပုန်းရည်ကြီးသုပ်ရန်
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ဇလုံတစ်လုံးထဲမှာ ပုန်းရည်ကြီးနှင့် ငရုတ်သီးစိမ်း ဆား ပုဇွန်ခြောက်မှုန့် ငရုတ်သီးအလှော်မှုန့်  ကြက်သွန်နီ အချိုမှုန့်နှင့် ဆီတို့ထည့်ပြီး သမအောင် နယ်ပေးပါ
  • အရသာ သမအောင် နယ်ပြီးတာနဲ့ အရသာကို မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ ပုန်းရည်ကြီးသုပ်ကို ထမင်းပူပူလေးနဲ့ နယ်ဖတ်ပြီး စားသုံးနိူင်ပါပြီ။

Wednesday 14 February 2024

အုန်းနို့ ကြက်သားဟင်း


မာမာ ဒီနေ့တော့ ကြက်ရင်ပုံသားကို အုန်းနို့နဲ့ ဆီပြန်ဟင်း ချက်ဖြစ်ပါတယ် အုန်းနို့ပါတဲ့အတွက် ကြက်သား အရသာက စားလို့ အရမ်းကောင်းပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ပေါင်သား - 500 g 
  2. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  7. ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်လုံး
  8. ကြက်သွန်နီ - အနေတော် တစ်လုံး (အနှစ်ရရန် လှီးထည့်ပါ)
  9. ချင်း - လက်တစ်ဆစ်ခန့်
  10. စပါးလင် - တစ်ပင်
  11. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  12. အုန်းနို့ - ထမင်းစားဇွန်း ဆယ့်ငါးဇွန်း

ကြက်သားအရသာနယ်ရန်
  • ကြက်သားကို ရေဆေးပြီး ရေစစ်ထားပါ့
  • ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် အားလုံးတို့ကို ကြက်သားထဲထည့်ပြီး အရသာ၀င်အောင် နယ်ထားပါ

လိုသောပစ္စည်းများ ပြင်ဆင်ပုံ
  • ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင် အရင်းပိုင်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • စပါးလင်ရွက်များကို ရေဆေးပြီး ထုံးထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောပြီး ညက်နေအောင် ထောင်းပေးပါဒ
  • ကြက်သွန်နီ အနေတော် တစ်လုံးကို အခွံခွာပြီး ရေဆေးကာ ခပ်နူတ်နုတ် လှီးထားပါ
  • အုန်းနို့ကို အဆင်သင့် ပြင်ထားပါ
ပြင်ဆင်ပုံ
  • အရသာ နယ်ထားသော ကြက်သားနှင့်ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်တို့ ထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နှင့် ငရုတ်သီးအရောင်တင်မှုန့်ထောင်းတို့ကို မွှေးလာတဲ့ထိ ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်ကို နှစ်မိနစ်လောက် ထည့်မွှေပေးပါ
  • ပြီးတာနဲ့ အရသာ နယ်ထားသော ကြက်သားကိုထဲ့ပြီး ဆီသတ်ပေးပါဒ
  • ကြက်သား အသားများ မာကျစ်လာတဲ့ထိ ဆီသတ်ပေးပါ
  • ကြက်သား အသားများ မာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး အုံးအဖုံးအုပ်ကာ ကြက်သားနူးတဲ့အထိ ဆက်တည်ပေးပါ 
  • ကြက်သားနူးကာနီးမှာ အုန်းနို့ကို ထည့်မွှေပေးပါ
  • ရေခမ်းပြီး ဆီလည်ရေလည် ဖြစ်လာပါက အထက်အောက် သမအောင် မွှေပေးပြီး ဆီပြန်လာအောင် တည်ပေးပါ
  • ဆီပြန်လာပါက အုန်းနို့နံ့ မွှေးလွန်းတဲ့ ကြက်သားဟင်း မွှေးမွှေးလေးကို စားသုံးနိူင်ပါပြီ။

Monday 12 February 2024

ရာသီစာ ထမနဲ

 



အရင်ရက်က ဆွမ်းတော်ကပ်ချင်တာနဲ့ ထမနဲ ထိုးဖြစ်ပါတယ် ထမနဲကို ကောက်ညှင်းဆန် အဖြူကြီးဘဲ ထိုးတာထက် ကောက်ညှင်းငချိတ်လေး ထည့်ထိုးရင် စားလို့ပိုပြီး ကောင်းသလိုဘဲ နှမ်းကိုလဲ အဖြူနဲ့ အမည်းလေး ရောပြီးထိုးတာက ပိုပြီးစားလို့ ကောင်းစေပါတယ်။

ဒါကြောင့်မို့လို့ ထမနဲကို မာမာတို့ ငယ်ငယ်က မာမာတို့အမေ မကြာခန ထိုးကျွေးဖြစ်ခဲ့တဲ့ ထမနဲထိုးနည်းလေးနဲ့ ထိုးထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။

အမေ့လက်ရာမို့လို့ ပိုပြီးစားကောင်းတဲ့အတွက် ထမနဲထိုးပြီး စားမယ်ဆိုရင် ဒီနည်းအတိုင်း ထိုးစားတာ အရသာ ပိုရှိပြီး အနံ့လဲ ပိုမွှေးတဲ့အတွက် နှစ်သက်ကြမယ်လို့ ထင်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းဆန်အဖြူ  - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ကောက်ညှင်းငချိတ် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. အုန်းသီး - အနေတော် တစ်လုံး
  4. ချင်းတက်ခပ်ကြီးကြီး - နှစ်လက်မခွဲခန့်
  5. နှမ်းမဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်၀က်မရှိတစ်ရှိ
  6. နှမ်းဖြူ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်မရှိတစ်ရှိ
  7. ဆား - လဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  8. မြေပဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူးတစ်ဗူး
  9. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး 

ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန်များကို ရေသုံးထပ်လောက်ဆေးပြီး ဇလုံထဲမှာ ထည့်ကာ ရေမြုပ်အောင်ထည့်ပြီး ၆နာရီလောက် ရေစိမ်ထားပါ
  • အုန်းသီးကို ထက်ခြမ်းခြမ်းပြီး တစ်ခြမ်းကို မထူမပါးလေးတွေ ရလာအောင် စိတ်ပေးထားပါ
  • ကျန်တစ်ခြမ်းကိုတော့ ခပ်ထူထူလေးလေးတွေ ခြစ်ပေးထားပါ
  • ချင်းတက်ကို အခွံခွာကာ ရေဆေးပြီး အချပ်လိုက် ပါးပါးလှီးပြီး အမြှောင်းလေးတွေရအောင် ထပ်လှီးပေးပါ
  • မြေပဲလှော်များကို အခွံခြွတ်ပြီး သန့်စင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • မကပ်သော အိုးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ အရင်ဆုံး ခြစ်ထားသော အုန်းသီးများကို အရင်ဆုံး ထည့်ကြော်ပေးပါ
  • အုန်းသီးများ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးကာ ထမနဲ အပေါ်ထားမှာ ဖြူးပေးဖို့ ပြင်ပါထားပါ
  • ထိုဆီထဲမှာဘဲ စိတ်ထားသော အုန်းသီးများကို ရွှေဝါရောင် သန်းလာတဲ့အထိ ထည့်ပေးကာ ဆယ်ပြီး ဆီစစ်ထားပါ
  • ပြီးတာနဲ့ ထိုဆီထဲမှာဘဲ လှီးထားသော ချင်းကို ဆီပူပူမှာ ကြော်ပြီး ဝါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ထားပါ 
  • နှမ်းအမည်းနှင့် နှမ်းအဖြူပိုလဲ ဒယ်အိုးတစ်လုံးထဲမှာ ထည့်ပေးပြီး မီးခပ်နွေးနွေးနှင့် မွှေးလာတဲ့အထိ လှော်ပေးကာ အအေးခံထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပြီတာနဲ့ အုန်းသီးကြော်နှင့် ချင်းကြော်ထားသောဆီကို မကပ်သောအိုး ဇောက်နက်နက်ထဲထည့်ကာ ပူလာအောင် ပြန်တည်ပေးပါ
  • ဆီပူလာတာနဲ့ ကောက်ညှင်းဆန်ကို ရေစစ်ပြီး ဆီအိုးထဲ ထည့်ကြော်ပေးပါ
  • ကောက်ညှင်းဆန်များ ကြော်နေစဉ် မကပ်အောင် အဆက်မပြတ် မွှေမွှေပေးပါ
  • ကောက်ညှင်းဆန်သား ကွဲလာပြီး ဆန်သားကြည်လာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး မွှေပေးကာ မီးအနေတော်နှင့် တည်ပေးပါ
  • ကောက်ညှင်းသားမျာ ကျေလာအောင် မကြာမကြာ မွှေ မွှေပေးပါ
  • ပထမ တစ်ရည် ခမ်းအောင်တည်ပေးပြီး နောက်တစ်ရည် မြုပ်အောင်ထပ်ထည့်ပြီး ဆက်တိုက်မွှေပေးပါ
  • ရေခမ်းကာနီး ကောက်ညှင်းဆန်သား ကျေလာကာ ဆီသားတက်လာပြီ ဆိုတာနဲ့ အုန်းသီးစိတ်ကြော်များ မြေပဲများ ချင်းကြော်များ ဆားနှင့် နှမ်းလှော်တို့ကို တစ်မျိုးဆီ ထည့်ပြီး မွှေပေးပါ
  • မွှေနေရင်းက ရေခမ်းလာပြီး ဆီသား ကြွတ်ကြွတ်မြည်လာကာ ဆီအကုန်နီးပါး ပြန်တက်လာပြီ ဆိုတာနဲ့ ထမနဲ မွှေးမွှေးလေး ရပါပြီ
  • ထမနဲ ပူပူလေးပေါ်မှာ အုန်းသီးကြော်လေး ဖြူးပြီးစားပါက ပိုပြီးတော့ စားလို့ကောင်းပါတယ်
  • တာရှည် အထားခံရန် ထမနဲထိုးစဉ်က ပြန်ထွက်လာသော ဆီနှင့်ထမနဲကို မြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပြီး စားနိူင်ပါတယ်
  • စားကာနီးပါက မိမိစားနိူင်သလောက်ကို ပန်းကန်ထဲထည့်ာ မိုက်ကရိုဝေ့ မီးဖိုထဲမှာ တစ်မိနစ်လောက် နွှေးပြီး စားသုံးနိူင်ပါတယ်
  • ထမနဲကို ကြော်ထားသော အုန်းသီးမှုန့်ဖြူးကာ စွဲမက်စရာ ကောင်းလွန်းတဲ့ ထမနဲ မွှေးမွှေးလေးကို စားသုံးနိူင်သလို
  • ငရုတ်သီး နှမ်းကပ်ကြော်လေးနဲ့လဲ တွဲဖက်ပြီး စားလို့ အရမ်းကောင်းပါတယ်။

Saturday 10 February 2024

ချဉ်ရည်ဟင်း

 


ဒီနေ့တော့ ချဉ်ရည်ဟင်း စားချင်တာနဲ့ ဗူးသီး မုန့်ညှင်းရွက်နဲ့ ဒန့်ဒလွန်သီးတို့ကို ကိုင်းခရမ်းချဉ်သီးလေးတွေနဲ့ ချဉ်ရည်ဟင်း တစ်မယ် ချက်ပါတယ်။

ထမင်းစားလို့ မြိန်စေတဲ့ အရည်သောက်ဆမ်း ဟင်းတစ်မယ်အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပုဇွန် အကောင်သေး - အကောင်နှစ်ဆယ်ခန့်
  2. ဒန့်ဒလွန်သီး - ငါးတောင့်
  3. ဗူးသီး - အနေတော် တစ်စိတ်
  4. မုန့်ညှင်းရွက် - အနေတော်တစ်စည်း
  5. ကိုင်းခရမ်းချဉ်သီး - အလုံးကြီး သုံးလုံး
  6. မျှင်ငပိ - အနည်းငယ်
  7. နံနံပင် - ၇ ခက်ခန့်
  8. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  10. ငရုတ်သီးမှုန့် - အနည်းငယ်
  11. ချင်း - လက်တဆစ်ခန့်
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  14. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  15. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  16. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းစာ
  17. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ပုဇွန်များကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်ကာ မလိုတာတွေ ဖယ်ပေးထားပါ
  • ဒန့်ဒလွန်သီးကို အခွံမှ အမြှေးများ ကုန်အောင်ခြစ်ကာ အကြောများ သင်ပေးပြီး ရေဆေးကာ ပိုင်းထားပါ
  • ဗူးသီးကို အပြင်ခွံခွာပြီး သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • မုန့်ညှင်းရွက်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး ရေစစ်ထားပါ
  • မျှင်ငပိကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်ထည့်ပြီး  ညက်နေအောင် ထောင်းထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
ဟင်းချက်ပုံ
  • ဇောက်နက်သော အိုးထဲမွာ ပုဇွန်များ ဗူးသီးများ မုန့်ညှင်းရွက် ခရမ်းချဉ်သီးများ နနွင်းမှုန့် ဆား မျှင်ငါးငပိ အရည်ဖျော် ငါးငံပြာရည် အရသာမှုန့် ဆီနှင့်  ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး လုံးရည် ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • အသီးအရွက်များ  တော်တော်လေး နွမ်းလာတာနဲ့ ဒန့်ဒလွန်သီးနှင့်  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ ဒန့်ဒလွန်သီးနှင့် မုံလာဥများ နွမ်းလာတာနဲ့ မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ နံနံပင် အုပ်ပေးပြီး မီးပိတ်ပေးပါ
  •  ထမင်းမြိန်စေမဲ့  အရသာ မွှေးလွန်းတဲ့ ချဉ်ရည်ဟင်း ပူပူလေးကို စားသုံးလို့ ရပါပြီ။

Friday 9 February 2024

ကစွန်းရွက် အစိမ်းသုပ်

 



မာမာဒီနေ့တော့ ဈေးကိုသွားရင်း ကန်စွန်းရွက် လတ်လတ်ဆတ်ဆတ်လေးတွေ ရလာတာနဲ့  ဝယ်လာခဲ့ပြီး အစိမ်းသုပ်လေး သုပ်စားဖြစ်ပါတယ်။

မာမာကတော့ အသုပ်သုပ်စားဖို့ ဆီချက်အပါအဝင် ပါဝင်ပစ္စည်းလေးတွေက အိမ်မှာ အဆင်သင့် ရှိနေတဲ့အတွက် အသုပ်သုပ်ချိန် မကြာဘဲ အသုပ်တစ်ပွဲ ပြင်ဆင်နိူင်ခဲ့ပါတယ်။

ဒါကြောင့်မို့လို့ လွယ်ကူမြန်ဆန်စွာ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ကန်စွန်းရွက် အစိမ်းသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကန်စွန်းရွက် - လက်တစ်ဆုတ်စာ တစ်စည်း
  2. ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ကြက်သွန်နီဆီချက်ဖတ် - ထမင်းစားဇွန်း နှစ်ဇွန်းခန့်
  4. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  5. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  6. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ကြက်သွန်နီ - အနေတော် တစ်လုံး
  8. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  9. သံပုရာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ
  • ကစွန်းရွက်ကို ရေစင်အောင်ဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်း လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဇလုံကျယ်ကျယ်ထဲမှာ ကစွန်းရွက်များ ကြက်သွန်နီ နှမ်းလှော် ပုဇွန်ခြောက်မှုန့် ပဲမှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူဆီချက် ကြက်သွန်နီဆီချက်အဖတ် ငါးငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • နယ်ဖတ်ပြီးပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ သံပုရာသီးနံ့ မွှေးမွှေးလေးနဲ့ ကစွန်းရွက်သုပ် ကျွတ်ကျွတ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

Wednesday 7 February 2024

မရမ်းပြားသုပ်







မာမာဒီနေ့တော့ မာမာ့ညီမလေး မြန်မာပြည်က ပို့လိုက်တဲ့ မရမ်းပြားခြောက်လေးတွေကို သုပ်စားပါတယ် ခံတွင်းရှင်းပြီး စားလို့အရမ်းကောင်းတဲ့အတွက် သုပ်စားကြည့်စေချင်ပါတယ်။

ဂေါ်ဖီကိုတော့ အဖြူရောင်ဘဲသုံးသုံး ခရမ်းရောင်ဘဲသုံးသုံး မိမိစိတ်ကြိုက် သုံးနိူင်ပါတယ်  ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မရမ်းပြားအခြောက် - နှစ်ဆယ်ခုခန့်
  2. ဂေါ်ဖီ - တစ်စိတ်
  3. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  4. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ကြက်သွန်နီ - အနေတော် နှစ်လုံး
  6. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  8. ပုဇွန်ငပိမီးကင် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာသာသာ

ပြင်ဆင်ပုံ
  • မရမ်းပြား အခြောက်ကို ရေနှစ်ထပ်လောက်ဆေးပြီး ရေမြုပ်အောင်ထည့်ကာ နှစ်နာရီလောက် စိမ်ထားပါ
  • ရေစိမ်ထားတာ မရမ်းပြားများ ပျော့လာပါက ရေသွန်ကာ ရေစစ်ပေးပြီး ကပ်ကျေးနဲ့ ခပ်ပါးပါးလေးတွေ ညှပ်ပေးပါ
  • ဂေါ်ဖီကို ခပ်ပါးပါး ရိတ်ရိတ်လေးတွေလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ 
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဇလုံကျယ်ကျယ်ထဲမှာ မရမ်းပြား ကြက်သွန်နီ ဂေါ်ဖီ ပုဇွန်ခြောက်မှုန့် ပုဇွန်ငပိ  ငရုတ်သီးမှုန့် အရသာမှုန့်နှင့် ငါးငံပြာရည်တို့ ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • နယ်ဖတ်ပြီးပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောက် ပြင်ပေးကာ မရမ်းပြားခြောက် အသုပ်လေးကို စားသုံးနိူင်ပါပြီ။

Tuesday 6 February 2024

ကြက်ဟင်းခါးရွက်သုပ်

 




အခုတလော Sydneyမှာ နေတွေပူလွန်းတော့ မာမာစိုက်ထာတဲ့ ကြက်ဟင်းခါးပင် အရွက်တွေ ခြောက်လာတာနဲ့ ကြက်ဟင်းခါးရွက်လေးတွေကို ခူးကာ အသုပ်လေး သုပ်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အရွက်များ ခြွေထားသော ကြက်ဟင်းခါးရွက် - အနေတော် ဇကာတစ်လုံး
  2. ကြက်သွန်နီ ဆီချက်ဖတ် - ထမင်းစားဇွန်း တစ်ဇွန်း
  3. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  4. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  8. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  9. သံပုရာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ
  • ကြက်ဟင်းခါးရွက်ကို ရေစင်အောင်ဆေးပြီး နှစ်မိနစ်ပြုပ်ကာ ရေသွန်ပေးပါ
  • နောက်တစ်ကြိမ် ရေမြုပ်အောင် ထပ်ထည့်ပေးပြီး နောက်ထပ်နှစ်မိနစ် ထပ်ပြုပ်ပေးပါ
  • ပြုပ်ပြီးပါက ရေအေးနဲ့ဆေးပြီး ရေများကို လက်နှင့်ဆုတ်ပြီး ညှစ်ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဇလုံကျယ်ကျယ်ထဲမှာ ကြက်ဟင်းခါးရွက် ကြက်သွန်နီ နှမ်းလှော် ပုဇွန်ခြောက်မှုန့် ပဲမှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူဆီချက် ငါးငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • နယ်ဖတ်ပြီးပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ သံပုရာသီးနံ့ မွှေးမွှေးလေးနဲ့ ချဉ်ငံစပ် ကြက်ဟင်းခါးရွက်ကို စားသုံးနိူင်ပါပြီ။

Sunday 4 February 2024

ချဉ်ငံစပ် ခရမ်းသီးထောင်း





မာမာ အရင်ရက်က ခရမ်းသီး အကျားလေလးတွေ ဝယ်လာခဲ့ပြီး ခရမ်းသီးထောင်း ထောင်းဖြစ်ပါတယ် စားလို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ခရမ်းသီး - ရှစ်လုံး
  2. ငါးကြော် - တစ်ကောင်
  3. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်
  4. နံနံပင် - အနေတော် လေးပင်
  5. သံပုရာသီး - တစ်ခြမ်း
  6. ငါးငံပြာရည် - လိုသလောပ် သုံးပေးပါ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
  • ငါးကြော်တစ်ကောင်ကို အရိုးများ ထွင်ထားပါ
  • ခရမ်းသီးများကို ရေဆေးပြီး ရေများများထည့်ကာ  ခရမ်းသီးများ နူးတဲ့အထိ ပြုပ်ပေးပါ
  • ငရုတ်သီးစိမ်းနှင့် နံနံပင်တို့ကို ရေဆေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့  ငရုတ်ဆုံထဲမှာ ငရုတ်သီးစိမ်းများကို ညက်အောင် ထောင်းပေးပါ
  • ငရုတ်သီးစိမ်း ညက်တာနဲ့ အရိုးထွင်ထားသော ငါးကြော်ကို ထည့်ထောင်းပေးပါ
  • ပြီးတာနဲ့ ခရမ်းသီးများကို အညှာဖြုတ်ပြီး ရောထောင်းပေးပါ
  • အရသာအတွက် သံပုရာရည် နံနံပင် ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ ဇွန်းနဲ့ မွှေပေးပါ
  • အရသာ သမသွားတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • စိတ်ကြိုက် အရသာ ရလာတာနဲ့ ခရမ်းသီးထောင်း ချဉ်ငံစပ်လေးကို ထမင်းပူပူလေးနဲ့ စားသုံးနိူင်ပါပြီ။

Thursday 1 February 2024

အမဲပါးစောင်သား ဆီပြန်ဟင်း

 


ဒီနေ့တော့ မာမာ ဈေးကိုသွားရင်း အမဲပါးစောင်သား ရတာနဲ့ ဝယ်လာခဲ့ပြီး ပျဉ်းတော်သိမ်းရွက် ခပ်များများ  မဆလာ နိူင်နိူင်ထည့်ကာ အိုးကပ်ဆီပြန်လေး ချက်ပါတယ်။


ပျဉ်းတော်သိမ်းရွက်နဲ့ မဆလာကို ဆီသတ်ပြီး ချက်တဲ့အတွက် အမဲပါးစောင်သားဟင်းက မညှီတော့ဘဲ ပိုပြီးစားလို့ ကောင်းပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ အမဲပါးစောင်သား ဟင်းချက် နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ
  1. အမဲပါးစောင်သား - 500 g
  2. ကြက်သွန်နီ - အနေတော် သုံးဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ချင်းထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  5. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  10. မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း

ပြင်ဆင်ပုံ
  • အမဲပါးစောင်သားကို အတုံးလိုက် ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • တုံးထားသော အမဲသားများကို မဆလာ အရသာမှုန့် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  • စပါးလင် အရင်ပိုင်းကို ရေစင်အောင် ဆေးပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
ချက်ပြုပ်ပုံ
  1. ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  2. ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
  3. ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော အမဲသားပါးစောင်သား များကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  4. အမဲသားများ မာလာတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  5. ပထမ တစ်ရည်ခမ်းလာတာနဲ့ နောက်တစ်ရည်ကို ချင့်ချိန်ထည့်ပြီး ဆားထည့်ကာ ရေဆူအောင် ထပ်တည်ပေးပါ
  6. ဆီပြန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ အမဲပါးစောင်သားဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။