Friday 9 February 2024

ကစွန်းရွက် အစိမ်းသုပ်

 



မာမာဒီနေ့တော့ ဈေးကိုသွားရင်း ကန်စွန်းရွက် လတ်လတ်ဆတ်ဆတ်လေးတွေ ရလာတာနဲ့  ဝယ်လာခဲ့ပြီး အစိမ်းသုပ်လေး သုပ်စားဖြစ်ပါတယ်။

မာမာကတော့ အသုပ်သုပ်စားဖို့ ဆီချက်အပါအဝင် ပါဝင်ပစ္စည်းလေးတွေက အိမ်မှာ အဆင်သင့် ရှိနေတဲ့အတွက် အသုပ်သုပ်ချိန် မကြာဘဲ အသုပ်တစ်ပွဲ ပြင်ဆင်နိူင်ခဲ့ပါတယ်။

ဒါကြောင့်မို့လို့ လွယ်ကူမြန်ဆန်စွာ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ကန်စွန်းရွက် အစိမ်းသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကန်စွန်းရွက် - လက်တစ်ဆုတ်စာ တစ်စည်း
  2. ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ကြက်သွန်နီဆီချက်ဖတ် - ထမင်းစားဇွန်း နှစ်ဇွန်းခန့်
  4. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  5. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  6. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ကြက်သွန်နီ - အနေတော် တစ်လုံး
  8. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  9. သံပုရာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ
  • ကစွန်းရွက်ကို ရေစင်အောင်ဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်း လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဇလုံကျယ်ကျယ်ထဲမှာ ကစွန်းရွက်များ ကြက်သွန်နီ နှမ်းလှော် ပုဇွန်ခြောက်မှုန့် ပဲမှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူဆီချက် ကြက်သွန်နီဆီချက်အဖတ် ငါးငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • နယ်ဖတ်ပြီးပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ သံပုရာသီးနံ့ မွှေးမွှေးလေးနဲ့ ကစွန်းရွက်သုပ် ကျွတ်ကျွတ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

No comments:

Post a Comment