Saturday 10 February 2024

ချဉ်ရည်ဟင်း

 


ဒီနေ့တော့ ချဉ်ရည်ဟင်း စားချင်တာနဲ့ ဗူးသီး မုန့်ညှင်းရွက်နဲ့ ဒန့်ဒလွန်သီးတို့ကို ကိုင်းခရမ်းချဉ်သီးလေးတွေနဲ့ ချဉ်ရည်ဟင်း တစ်မယ် ချက်ပါတယ်။

ထမင်းစားလို့ မြိန်စေတဲ့ အရည်သောက်ဆမ်း ဟင်းတစ်မယ်အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပုဇွန် အကောင်သေး - အကောင်နှစ်ဆယ်ခန့်
  2. ဒန့်ဒလွန်သီး - ငါးတောင့်
  3. ဗူးသီး - အနေတော် တစ်စိတ်
  4. မုန့်ညှင်းရွက် - အနေတော်တစ်စည်း
  5. ကိုင်းခရမ်းချဉ်သီး - အလုံးကြီး သုံးလုံး
  6. မျှင်ငပိ - အနည်းငယ်
  7. နံနံပင် - ၇ ခက်ခန့်
  8. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  10. ငရုတ်သီးမှုန့် - အနည်းငယ်
  11. ချင်း - လက်တဆစ်ခန့်
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  14. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  15. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  16. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းစာ
  17. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ပုဇွန်များကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်ကာ မလိုတာတွေ ဖယ်ပေးထားပါ
  • ဒန့်ဒလွန်သီးကို အခွံမှ အမြှေးများ ကုန်အောင်ခြစ်ကာ အကြောများ သင်ပေးပြီး ရေဆေးကာ ပိုင်းထားပါ
  • ဗူးသီးကို အပြင်ခွံခွာပြီး သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • မုန့်ညှင်းရွက်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး ရေစစ်ထားပါ
  • မျှင်ငပိကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်ထည့်ပြီး  ညက်နေအောင် ထောင်းထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
ဟင်းချက်ပုံ
  • ဇောက်နက်သော အိုးထဲမွာ ပုဇွန်များ ဗူးသီးများ မုန့်ညှင်းရွက် ခရမ်းချဉ်သီးများ နနွင်းမှုန့် ဆား မျှင်ငါးငပိ အရည်ဖျော် ငါးငံပြာရည် အရသာမှုန့် ဆီနှင့်  ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး လုံးရည် ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • အသီးအရွက်များ  တော်တော်လေး နွမ်းလာတာနဲ့ ဒန့်ဒလွန်သီးနှင့်  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ ဒန့်ဒလွန်သီးနှင့် မုံလာဥများ နွမ်းလာတာနဲ့ မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ နံနံပင် အုပ်ပေးပြီး မီးပိတ်ပေးပါ
  •  ထမင်းမြိန်စေမဲ့  အရသာ မွှေးလွန်းတဲ့ ချဉ်ရည်ဟင်း ပူပူလေးကို စားသုံးလို့ ရပါပြီ။

No comments:

Post a Comment