Wednesday 7 February 2024

မရမ်းပြားသုပ်







မာမာဒီနေ့တော့ မာမာ့ညီမလေး မြန်မာပြည်က ပို့လိုက်တဲ့ မရမ်းပြားခြောက်လေးတွေကို သုပ်စားပါတယ် ခံတွင်းရှင်းပြီး စားလို့အရမ်းကောင်းတဲ့အတွက် သုပ်စားကြည့်စေချင်ပါတယ်။

ဂေါ်ဖီကိုတော့ အဖြူရောင်ဘဲသုံးသုံး ခရမ်းရောင်ဘဲသုံးသုံး မိမိစိတ်ကြိုက် သုံးနိူင်ပါတယ်  ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မရမ်းပြားအခြောက် - နှစ်ဆယ်ခုခန့်
  2. ဂေါ်ဖီ - တစ်စိတ်
  3. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  4. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ကြက်သွန်နီ - အနေတော် နှစ်လုံး
  6. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  8. ပုဇွန်ငပိမီးကင် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာသာသာ

ပြင်ဆင်ပုံ
  • မရမ်းပြား အခြောက်ကို ရေနှစ်ထပ်လောက်ဆေးပြီး ရေမြုပ်အောင်ထည့်ကာ နှစ်နာရီလောက် စိမ်ထားပါ
  • ရေစိမ်ထားတာ မရမ်းပြားများ ပျော့လာပါက ရေသွန်ကာ ရေစစ်ပေးပြီး ကပ်ကျေးနဲ့ ခပ်ပါးပါးလေးတွေ ညှပ်ပေးပါ
  • ဂေါ်ဖီကို ခပ်ပါးပါး ရိတ်ရိတ်လေးတွေလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ 
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဇလုံကျယ်ကျယ်ထဲမှာ မရမ်းပြား ကြက်သွန်နီ ဂေါ်ဖီ ပုဇွန်ခြောက်မှုန့် ပုဇွန်ငပိ  ငရုတ်သီးမှုန့် အရသာမှုန့်နှင့် ငါးငံပြာရည်တို့ ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • နယ်ဖတ်ပြီးပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောက် ပြင်ပေးကာ မရမ်းပြားခြောက် အသုပ်လေးကို စားသုံးနိူင်ပါပြီ။

No comments:

Post a Comment