ဒီနေ့တော့ တစ်ပါတ်စာ ဟင်းချက်လို့ ပိုနေတဲ့ တို့စိတို့စိလေးတွေနဲ့ ပဲကြာဇံကိုရောကာ ချဉ်ချဉ်ငံငံစပ်စပ်လေး သုပ်စားပါတယ် ထမင်းမစားချင်တဲ့ နေ့တွေဆို အခုလို အသုပ်လေး သုပ်စားလိုက်တယ် ဆိုရင်ဘဲ အာသာပြေလို့ သွားတတ်ပါတယ်။
ဒါကြောင့်မို့လို့ လွယ်ကူမြန်ဆန် အသုပ်တစ်မျိုး သုပ်စားချင်ရင်တော့ မာမာ ပြင်ဆင်ပြီး သုပ်စားပုံလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ပဲကြာဇံ အခြောက် - 50 g
- အာလူး - အနေတော် တစ်လုံး
- မုန့်ညှင်းရွက် - အနေတော် တစ်ပင်
- ပဲပြား ကြော်ပြီးသား - အနည်းငယ် (အနေတော်လေးတွေ လှီးထားပါ)
- ပဲအကျက်မှုန့် - လိုသလောက်
- ငရုတ်သီး အလှော်မှုန့် - လိုသလောက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ုး သုံးပုံတစ်ပုံ (ဆီချက်ချက်ရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ( ကြာဇံအရောင်အတွက် သုံးရန်)
- ဆီ - လိုသလောက်
- အရသာမှုန့် - လိုသလောက်
- ကြက်သွန်ဖြူ ဆီချက် - ထမင်းစားဇွန်း ဇွန်းနှစ်ဆယ်ခန့်
- မန်ကျည်းသီးအမှည့် - ထမင်းစားဇွန်း နှစ်ဇွန်း
- ငါးငံပြာရည် - လိုသလောက်
- နံနံပင် - လိုသလောက် (ရေဆေးပြီး လှီးထားပါ)
- ငရုတ်သီးစိမ်း - စားနိူင်သလောက်
- ကြက်သွန်ဖြူ - ၁၃မွှာ (ဆီချက်အတွက် ၅မွှာ ဟင်းခါးအတွက် ၃မွှာ အသုပ်နှင့်စားရန် ၅မွှာခန့်)
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
- ငရုတ်ကောင်းစေ့ - ငါးစေ့ခန့်
- ဂေါ်ဖီ - အနည်းငယ်
အသုပ်ပွဲပြင်ရန် လိုအပ်သော ပစ္စည်းများ
- ပဲကြာဇံ
- အာလူး
- ပဲပြား
- မုန့်ညှင်းရွက်
- ဆီချက်
- ငံပြာရည်
- ပုဇွန်ခြောက်မှုန့်
- ပဲအကျက်မှုန့်
- ငရုတ်သီး အလှော်မှုန့်
- ကြက်သားမှုန့်
- မန်ကျည်းသီးမှည့်
- နံနံပင်
ပဲကြာဇံ မုန့်ညှင်းရွက်နှင့် အာလူး ပြုပ်ရန်
- ပဲကြာဇံကို ရေ တစ်နာရီလောက် စိမ်ထားပါ
- အိုးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေဆူလာတာနဲ့ ရေစိမ်ထားသော ပဲကြာဇံကို ရေသွန်ပြီး ပဲကြာဇံ အရောင်လှစေရန် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံထည့်ကာ ရေနွေးကို လောင်းထည့်ပေးပါ
- ရေနွေးစိမ်ချိန် သုံးမိနစ်လောက် ကြာတာနဲ့ ရေနွေးစိမ်ထားသော ကြာဇံကို ဇကာထဲသွန်ပြီး ရေစစ်ထားပါ
- တစ်ခါတစ်လေ ရေနွေးစိမ်ရန် အသုံးပြုသော ပဲကြာဇံသည် အပျော့ အမာပေါ် မူတည်သောကြောင့် အချိန်ကို လိုတိုးပိုလျှော့ လုပ်ပေးပါ
- အိုးတစ်လုံးထဲမှာ ရေခပ်များများနှင့် အာလူးတို့ထည့်ကာ ပြုပ်ပေးပါ
- အာလူးများ နူးလာပါက ရေများသွန်ပြီး အအေးခံကာ အခွံခွာပြီး မထူမပါးလေးတွေ လှီးထားပါ
- အိုးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေဆူလာတာနဲ့ မုန့်ညှင်းရွက်ကို ထည့်ပြီး နှစ်မိနစ်လောက် ပြုပ်ပေးကာ ရေစစ်ပြီး မထူမပါးလေးတွေ လှီးထားပါ
ဆီချက် ချက်ရန်
- ကြက်သွန်ဖြူ ငါးမွှာကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပေးပါ
- ပြီးတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
- ကြက်သွန်ဖြူများ အဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အအေးခံထားပါ
- ဆီချက်ကိုလဲ အအေးခံထားပါ ဆီအေးသွားမှ ကြက်သွန်ကြော်များနှင့် ရောပေးထားပါ
ဟင်းခါးချက်ရန်
- ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
- ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
- ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တစ်ညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင် တည်ပြီးအရသာမြည်းပါ
အသုပ် တစ်ပွဲစာပြင်ရန်
- အသုပ်သုပ်ရန် ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
- မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးပူပူ ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာ စာလောက်နဲ့ စိမ်ထားပါ
- ဇလုံတစ်လုံးထဲမှာ ပဲကြာဇံ တစ်ပွဲစာနှင့် နံနံပင် အာလူး ပဲပြားနှင့် မုန့်ညှင်းရွက်တို့ကို ထည့်ပေးပါ
- ဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ မကျည်းရည် ထမင်းစားဇွန်း တ၀က်သာသာ နံနံပင်တို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
- အသုပ်အရသာ နယ်ပြီးတာနဲ့ ချဉ်ငံစပ် အရသာ လိုသလို ပြင်ပေးပြီး စားပွဲပြင်ပေးပါ
- ချဉ်ငံစပ် ပဲကြာဇံအသုပ်ပွဲ ပြင်ဆင်ပြီးပါက ဆလတ်ရွက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment