မာမာ ဒီနေ့တော့ နွားနို့ခဲလေး ဝယ်လာဖြစ်လို့ ချဉ်ငံစပ်လေး ချက်ပါတယ် မာမာဝယ်လာတဲ့ နွားနို့ခဲက အငံဘက်ကို သွားတာဖြစ်လို့ အရသာအတွက် အငံထပ်ပြီး ထည့်စရာ မလိုပါဘူး ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နွားနို့ခဲဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- နွားနို့ခဲ - 30 g
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ကြက်သွန်နီ - အနေတော် တစ်ဥ
- ခရမ်းချဥ်သီး - အနေတော် နှစ်လုံး
- ငရုတ်သီးစိမ်း - စားနိူင်သလောက်
- နံနံပင် - မိမိနှစ်သက်သလောက်
- ဆီ - ထမင်းစားဇွန်း လေးဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပြင်ဆင်ချက်ပြုပ်ပုံ
- နွားနို့ခဲကို မိမိနှစ်သက်သလို အတုံးလေးတွေ တုံးထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
- နံနံပင်ကို ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးကာ ထက်ဝက်ခြမ်းထားပါ
- ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အခွံခွါပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ရောပြီး ထောင်းထားပါ
- ပြီးတာနဲ့ ဟင်းချက်မယ့်အိုးထဲကို ဆီနှင့်နနွင်းမှုန့်ထည့်ကာ အပူပေးပါ
- ဆီပူလာတာနဲ့ ထောင်းထားတဲ့ ငရုတ်သီး ကြက်သွန်ဖြူ ကြက်သွန်နီထောင်းကိုထည့်ပြီး ဆီသတ်ပေးပါ
- ဆီသတ်တာ မွလာပြီဆိုရင် ခရမ်းချဥ်သီးထည့်ပြီး ကျေသွားတဲ့အထိ မွှေပေးပါ
- ခရမ်းချဉ်သီးများ ကျေလာပါက အရသာမှုန့် ထည့်မွှေပေးပါ
- ခရမ်းချဥ်သီးများ ကျေလာပြီး အနှစ်လေးရပြီ ဆိုတာနဲ့ လှီးထားတဲ့ နွားနို့ခဲများ ထည့်ပေးပါ
- ပြီးတာနဲ့ ရေနည်းနည်း ထည့်ပေးကာ မွှေပေးပြီး အဖုံးခန အုပ်ပြီးချက်ပေးပါ
- ပြီးတာနဲ့ အရသာအတွက် အပေါ့အငံ မြည်းပြီး အရသာကို မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- ဟင်းအိုးထဲမှာ ဆီမပြန်ခင် ငရုတ်သီးစိမ်းကို ထည့်အုပ်ပေးပါ
- ဟင်အိုးဆီပြန်လာတော့မှ နံနံပင် အုပ်ပေးပြီး မီးပိတ်ပေးကာ ချဉ်ငံစပ် နွားနို့ခဲဟင်း မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment