Saturday 23 March 2024

ပိန္နဲသီး ချဉ်ငံစပ်

 


မာမာ ဒီနေ့တော့ ပိန္နဲသီး ပြုပ်ပြီးသားလေးတွေကို ထမင်းစားလို့ မြိန်စေမဲ့ အရည်သောက်ဆမ်းလေး တစ်မယ် ချက်ပါမယ်။ လွယ်ကူတဲ့ ချက်နည်းလေးပေမဲ့ ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မျိုးဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပိန္နဲသီး ပြုပ်ပြီးသား - 500 g
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ချင်း - ခပ်ပါးပါး တစ်ပြား
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  7. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  8. ငရုတ်သီး အကြမ်းဖတ် - လက်ထက်ရည်ဇွန်း တစ်ဇွန်း
  9. ငရုတ်သီးတောင့် - ငါးတောင့်
  10. မျှင်ငါးပိ - အနည်းငယ်

ပြင်ဆင်ပုံ
  •  ပိန္နဲသီးပြုပ်ပြီးသားကို ရေငါးထပ်လောက် ဆေးပေးကာ မိမိနှစ်သက်သလို လှီးထားပါ 
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ငရုတ်သီးမှုန့်တို့ကို မညက်တစ်ညက် အနေအထား ရောထောင်းပေးထားပါ
  • ငရုတ်သီးတောင့်ကို ရေဆေးပြီး အညှာဖြုတ်ထားပါ
  • အရည် သောက်ဆမ်းဟင်း အနေအထား ချက်မှာ ဖြစ်တဲ့အတွက် အရင်ဆုံး အိုးထဲမှာ ရေကို ယောက်ချိုဇွန်း နှစ်ဇွန်းလောက် ထည့်ပေးပါ
  • ထိုရေထဲမှာ ပုဇွန်ငါးပိ ကြက်သွန်ထောင်း ငရုတ်သီးတောင့်တို့ ကိုထည့်ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ပိန်းနှဲသီးကိုထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေပွက်ပွက် ထပ်ပြီးဆူလာတာနဲ့  အကြာကြီး တည်စရာ မလိုဘဲ ရှစ်မိနစ်လောက် တည်ပေးပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးပါ
  • အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ဟင်းရည်အနေအထားကိုလဲ မိမိစိတ်ကြိုက် အနေအထားလောက် ရလာအောင်လဲ ပြင်ပေးနိူင်ပါတယ်
  • ပြီးတာနဲ့ မီးပိတ်ကာ ပိန္နဲသီး အရည်သောက်ဆမ်းဟင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment