Friday 22 March 2024

ခရမ်းကစော့သီး ငပိချက်

 




မာမာ ဒီနေ့တော့ ခရမ်းကစော့သီးလေးတွေ ၀ယ်လာပြီး ခပ်စပ်စပ် ငပိချက်လေး ချက်လိုက်ပါတယ်။ဒါကြောင့်မို့လို့ ထမင်းပူပူနဲ့ နယ်ဖတ်ပြီး စားရတာ လိုက်ဖက်လွန်းတဲ့ ခရမ်းကစေ့သီး ငပိချက် ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ခရမ်းကစော့သီး - မိမိနှစ်သက်သလောက်
  2. က ကတစ်ငါး - အနေတော် တစ်ကောင်
  3. နနွင်းမှုန့် - အနည်းငယ်
  4. ကြက်သွန်နီ - ဥကြီးကြီး တစ်ဥ
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  8. ငရုတ်သီး အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  9. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  10. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  11. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  12. မျှင်ငပိ - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ခရမ်းကစော့သီးများကို အညှာခြွေပေးပြီး ရေစင်အောင်ဆေးကာ ရေစစ်ထားပါ
  • ကြက်သွန်နီနှင့်ကြက်သွန်ဖြူတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးစိမ်းနှင့် ငရုတ်သီး အစိမ်းမှုန့်တို့ကို ရောပြီးထောင်းထားပါ
  • ငါးကို မလိုတာတွေ ဖယ်ပေးကာ ရေစင်အောင်ဆေးပြီး ကျက်တဲ့အထိ ကင်ပေးကာ အရိုးထွင်ထားပါ
  • အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး ပူအောင် တည်ပေးပါ
  • ဆီပူလာတာနဲ့ မျှင်ငပိ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးထောင်း ဆားနှင့် အရသာမှုန့်တို့ကို ထည့်မွှေပေးပါ
  • ဆီသတ်နံ့လေး မွှေးလာတော့မှ အရိုးထွင်ထားသော ငါးအသားများကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ရေမမြုပ် တမြုပ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးကာ ဟင်းအိုးမကပ်စေရန် မမွှေဘဲ လှုပ်လှုပ်ပေးပါ
  • ရေ မခမ်းခင် အိုးကို အသာလှုပ်ပေးပြီး ဆီကျန်ရေကျန် အနေအထားလေး ရလာအောင် တည်ပေးပါ
  • ပြီးတော့မှ ခရမ်းကစော့သီးများကို ထည့်မွှေပေးကာ မီးပိတ်ပေးပါ
  • ခရမ်းကစော့သီးများကိ အရမ်းနူးအောင် မထားဘဲ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခရမ်းကစော့သီး ငပိချက် စပ်စပ်လေးကို သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment