Saturday 15 July 2023

ချဉ်ပေါင်ကြော်


 




ဒီနေ့တော့ မာမာ့ညီမလေး မြန်မာပြည်ကနေ ပို့ပေးလိုက်တဲ့ ချဉ်ပေါင်ဖူးနဲ့ ချဉ်ပေါင်ရွက် အခြောက်လေးတွေကို ကြော်ပါတယ်။

ချဉ်ပေါင်ဖူးနဲ့ ချဉ်ပေါင်ဖူးလေးတွေ ဖြစ်တဲ့အတွက် ကြော်ရတာတော့ အချိန်နည်းနည်း ကြာပါတယ် ချဉ်ပေါင်ဖူးနဲ့ ချဉ်ပေါင်ရွက် အခြောက်လေးတွေ ပို့ပေးတဲ့ ညီမလေးကိုလဲ ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ထပ်ပြောရင်း မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ချဉ်ပေါင်ကြော်ရန် ပါ၀င်ပစ္စည်းများ
  1. ချဉ်ပေါင်ရွက်ခြောက် - လက်တစ်ဆုတ်စာသာသာ
  2. ချဉ်ပေါင်ဖူးခြောက် - လက်တစ်ဆုတ်စာသာသာ
  3. မျှစ် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  4. ပုဇွန်ထုတ် - ဆယ့်ငါးကောင်ခန့်
  5. ကြက်သွန်နီ - အနေတော် တစ်လုံး
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  7. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  9. ပုဇွန်ငါးပိ - ထမင်းစားဇွန်း တစ်ဇွန်း
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ဆီ - ထမင်းစားဇွန်း ဆယ်ငါးဇွန်းခန့်
  12. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • ချဉ်ပေါင်ရွက်အခြောက်နှင့် ချဉ်ပေါင်သီးအခြောက်တို့ကို ရေနှင့် နှစ်ထပ်လောက် ဆေးပေးပါ
  • ပြီးတာနဲ့ ချဉ်ပေါင်ရွက်နှင့် ချဉ်ပေါင်ဖူးတို့ကို ဇလုံထဲမှာထည့်ပြီး ရေခပ်များများ ထည့်ပေးကာ သုံးနာရီလောက် ရေစိမ်ထားပေးပါ
  • မျှစ်ကိုနူးအောင် ပြုပ်ပေးပြီး အမျှင်လေးတွေ ရလာအောင် ခြစ်ပေးထားပါ
  • ပုဇွန်ထုတ်များကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်ပေးပြီး ကျောဖက်မှ အမည်းကြောင်းကို ဖယ်ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • အောက်ခြေမကပ်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
  • ဆီပူလာပါက ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်ကို ထည့်ပြီး မွှေးလာအောင် ကြော်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ ပုဇွန်များကို ထည့်ပေးကာ နှစ်မိနစ်သာသာလောက် ထည့်ပြီး ကြော်ပေးပါ
  • ပြီးတာနဲ့ ချဉ်ပေါင်ရွက်နဲ့ ချဉ်ပေါင်ဖူးတို့ကို ထည့်ပြီးမွှေပါ
  • ချဉ်ပေါင်ဖူးနဲ့ ချဉ်ပေါက်ရွက်တို့က အခြောက်လှန်းထားတာ ဖြစ်တဲ့အတွက် ရေမြုပ်အောင် ထည့်ပေးကာ တည်ပေးပါ
  • ပထမ တစ်ရည် ခမ်းသော်လည်း ချဉ်ပေါင်ရွက်များက မနူးသေးတဲ့အတွက် နောက်ထပ်တစ်ရည်မြုပ်အောင် ထပ်ထည့်ပေးပြီး တည်ပေးပါ
  • ချဉ်ပေါင်ရွက်များ နူးပြီး ကျေလာတာနဲ့ ပုဇွန်ငါးပိကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ မျှစ်ကိုထည့်ပြီး မွှေပေးပါ
  • အားလုံး သမသွားတာနဲ့ ငံပြာရည်နှင့် အရသာမှုန့် ကြက်သွန်ဖြူ တို့ကိုထည့်ပြီး တစ်မိနစ်လောက် ကြော်ပေးပါ
  • အားလုံး အရသာ သမသွားပြီ ဆိုတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာကို လိုသလို ပြင်ပေးပြီးပါက ချဉ်ပေါင်ကြော် မွှေးမွှေးလေးရပါပြီ။

No comments:

Post a Comment