Wednesday 12 July 2023

ဂဏန်း မဆလာဟင်း





ဂဏန်းကို ကြော်လို့တဖုံ ပြုပ်လို့တသွယ် မီးဖုတ်လို့တမျိုး အမွှေးနံ့သာ အရသာအစုံနဲ့ ချက်ကြလို့တနည်း စတိုင်အမျိုးမျိုးနဲ့ ချက်ကြပေမဲ့ မာမာကေတာ့ ကိုယ်စားနေကျ  တောချက်လေး ချက်မယ်လို့ စိတ်ကူးမိသွားခဲ့တယ်။

ထမင်နဲ့စားရင် ကောင်းမလား ဒီတိုင်းဘဲစားလိုက်ရင် ကောင်းမလား စဉ်းစားမိရင်းက မဆလာ နိူင်နိူင်အုပ်ထားတဲ့ ဂဏန်းဟင်းကို တောဓလေ့နည်းအတိုင်း အမြန်ချက်ဖို့ ပြင်လိုက်မိပါတော့တယ်။

တောချက်လေးမို့ စားမိသူတိုင်း ကြိုက်ကြမယ်လို့ ထင်ပါတယ် ဒါကြောင့်မို့လို့ လွယ်ကူမြန်ဆန် ဂဏန်းတောချက် မဆလာနံ့ တလှိုင်လှိုင်နဲ့ မွှေးနေတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဂဏန်း - ၄ကောင် 
  2. ငရုတ်သီး အရောင်တင်မှုန့်  - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ 
  4. ကြက်သွန်နီ - အနေတော် တစ်ဥ 
  5. ချင်း - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. အချိုမှုန့်  - လက်ဖက်ရည်ဇွန်း တစ်၀က်ပဲ
  7. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း    
  9. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ  
  12. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း ၇ဇွန်း

ပြင်ဆင်ပုံ
  • ဂဏန်းအကောင်များကို ရေစင်အောင်ဆေးပြီး အပြင်ခွံနှင့်အတူ အပေါ်အခွံအောက်မှ ပါးဟက်များနှင့် မလိုသော နေရာများ ဖယ်ပေးပါ
  • အခွံအမာ အုံကို ခွာထားသော ဂဏန်းကို အကောင်ကြီးပါက အလယ်မှနေ၍ ထက်၀က်ပိုင်းပေးပါ
  • သန့်စင်ထားသော ဂဏန်းများကို ဇလုံထဲထည့်ပြီး ဆား ငံပြာရည် နနွင်း အချိုမှုန့်တို့နဲ့ နယ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့် ရောထောင်းထားပါ
  • ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
ဟင်းချက်ရန် ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးကိုအပူပေးပါ
  • အိုးပူလာတာနဲ့ ဆီကိုထည့်ပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ဂဏန်းကို အထက်အောက် သမအောင် ၃ချက်လောက် ထည့်မွှေပါ
  • ဂဏန်းများ အရောင်းပြောင်းလာတာနဲ့ ဆီသတ်နာစေရန် အိုးကိုလှုပ်လှုပ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာပြီဆိုတော့မှ ပဲငံပြာရည်နှင့် ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်၍ တည်ပေးပါ
  • ရေမခမ်းခင် မကျည်းမှည့်အနှစ်နှင့် မဆလာထည့်၍ သမအောင် မွှေပေးပြီး အရသာမြည်းပါ
  • အရသာ လိုသလို ပြင်ပေး၍ ရေခမ်းပြီး ဆီပြန်တာနဲ့ မဆလာနံ့သင်းနေတဲ့ တောချက် ဂဏန်းဟင်းဆီပြန် မွှေးမွှေးလေးကို စားသုံးနိူင်ပါပြီ။

No comments:

Post a Comment