Wednesday 27 September 2023

မှိုဆီကြော်

 







မနေ့က ဈေးသွားရင်း Oyster mushroom လေးတွေ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး သတ်သတ်လွတ်လေး စားရအောင် မှိုဆီကြော်လေး ကြော်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. Oyster mushrooms - 500 g
  2. ကြက်သွန်နီ - အနေတော် သုံးလုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  4. ​ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ဆား - လက်ဖက်ရညိဇွန်း တစ်ဝက်သာသာ
  8. ဆီ - လိုသလောက် သုံးပါ
ပြင်ဆင်ချက်ပြုပ်ပုံ
  • မှိုများကို ရေဆေးပြီး ရေစစ်ထားပါ
  • မှိုများ ရေစစ်သွားပါက ခပ်မွမွလေးတွေရအောင် မွှာထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်တို့ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မှိုများထည့်ကာ ကြော်ပေးပါ
  • မှိုထဲမှ ရေများခမ်းလာပြီး အနည်းငယ် ကြွတ်လာပါက ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အကြမ်းဖတ်တို့ကို ထည့်ကြော်ပေးပါ
  • ကြော်ထားတာတွေ သမသွားပါက ဆားနှင့်အရသာမှုန့်တို့ ထည့်မွှေပေးပါ
  • မှိုများမွလာပါက မီးပိတ်ပေးပြီး မှိုဆီကြော် မွှေးမွှေးလေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။

No comments:

Post a Comment