Sunday 17 September 2023

သတ်သတ်လွတ် ခဝဲသီးကြော်ချက်



ဒီနေ့တော့ ခဝဲသီးလေးတွေကို သတ်သတ်လွတ် အရည်သောက်ဆမ်း ဟင်းတစ်မယ် ချက်ဖြစ်ပါတယ် လွယ်ကူမြန်ဆန်တဲ့ ချက်နည်းလေးဖြစ်ကာ ထမင်းစားလို့ မြိန်စေတဲ့အတွက် သတ်သတ်လွတ် အရည်သောက်ဆမ်း ဟင်းလေးလဲ ဖြစ်ပါတယ်။

တစ်ချို့က အသီးအရွက်တွေ ချက်တဲ့အခါ အရောင်တွေ ပြောင်းသွားတဲ့အထိ ချက်တတ်ကြပါတယ် မာမာကတော့ အသီးအရွက်တွေ ချက်တဲ့အခါ ခပ်စိမ်းစိမ်း အရောင်လေးရအောင်ချက်ပြီး စားရတာကို ပိုပြီးတော့ သဘောကျပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ 

ပါ၀င်ပစ္စည်းများ
  1. ခဝဲသီး - အနေတော် လေးတောင့်
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ခဝဲသီးအပေါ်ဖက်မှ အခွံဇောင်း မာမာများကို ဓါးနှင့် စိတ်ရှည်ရှည် ခြစ်ပေးပါ
  • အခွံအားလုံး ကုန်သွားစရာ မလိုဘဲ အပေါ်ယံ ကုန်တဲ့အထိဘဲ ခြစ်ပေးပါ
  • အခွံများ ခြစ်ပြီးပါက ထိပ်နှစ်ဖက်ဖြတ်ကာ အတောင့်လိုက် ရေဆေးပေးပါ
  • ရေဆေးပြီးမှ မိမိနှစ်သက်သလိုပုံစံ ခပ်ထူထူလေးတွေ လှီးပေးပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာပုဇွန် ခဝဲသီး ဆား ဆီ အရသာမှုန့် နနွင်းမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီတို့ကိုထည့်ပေးကာ အရသာ၀င်အောင် ခပ်ဖွဖွနယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ ရေအနည်းငယ်ထည့်ကာ တည်ပေးပါ
  • ဟင်းအိုး လုံးရည် ပွက်ပွက်ဆူလာတာနဲ့ ခဝဲသီး အစိမ်းရောင် မပြောင်းအောင် အိုးအဖုံးကို ဖွင့်ပေးကာ ရေ တရုတ်ဟင်းရည်သောက် ပန်းကန်လုံး တစ်လုံးခွဲစာထည့်ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူပြီး ခဝဲသီး နူးအိလာတာနဲ့ ငရုတ်ကောင်းမှုန့်ထည့်၍ အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်ပေးပြီး အိုးကိုမီးဖိုပေါ်ကဖယ်ထားပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးကာ သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment