ဒီနေ့တော့ သာကူမုန့်ဖက်ထုတ်လေးတွေ ထုတ်စားကြပါတယ် အိအိလေးနဲ့ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ထုတ်ထားတဲ့ သာကူမုန့်ဖက်ထုတ် ထုတ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
အခု မာမာပြင်ဆင်ထားတဲ့ အချိုးအစားက စေ့မုန့်ဖက်ထုတ် ဆယ်ထုတ်စာ ရပါတယ်။
ပါဝင်ပစ္စည်းများ
- သာကူစေ့ - 350 ml
- အုန်းယို - ဆယ်လုံး
- ငှက်ပျောရွက် - ဆယ်ရွက် (ပိုင်းဖြတ်ပြီးသား)
အုန်းယိုထိုးရန် ပါဝင်ပစ္စည်းများ
- သကြားအညို - 150 g (အချိုကြိုက်လျှင် ပိုထည့်ပါ )
- ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ခြစ်ပြီးသား အုန်းသီးဖတ် - 250 ml
အုန်းယိုထိုးရန် ပြင်ဆင်ပုံ
- အိုးတစ်လုံးထဲမှာ သကြားနှင့်ရေကိုထည့်ပြီး သကြားများ ပျော်သွားအောင် ကျိုပေးပါ။
- သကြားများ အရည်ပျော်ပြီး ဆူလာလျှင် အုန်းသီးဖတ်များထည့်ပြီး အရည်အတော်လေး ခမ်းသွားအောင် မကြာခဏ မွှေမွှေပေးပါ။
- သကြားအရည်များ ခမ်းစပြုလာတာနဲ့ မီးကိုလျှော့ပေးပြီး ဆက်ကျိုပေးပါ
- အရည်ခပ်စေးစေးလေး ရလာတာနဲ့ မီးပိတ်ပြီး အအေးခံပေးပါ
- အုန်းယိုများ အေးသွားတာနဲ့ ထမင်းစားဇွန်း တစ်ဇွန်းခန့် ယူပြီး အလုံးလေးတွေ ဆယ်လုံးရအောင် လုံးပေးပါ
- ပိုသည့်အုန်းယိုများကို ဗူးသန့်သန့်ထဲထည့်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး တစ်လခန့် သိမ်းထားလို့ ရပါတယ်။
မုန့်ဖက်ထုတ် ထုတ်ရန်
- အိုးယိုထိုးပြီးတာနဲ့ သာကူကို ရေစိုတယ်ဆိုရုံလေး စွတ်ပေးကာ ရေစစ်ထားပါ
- ငှက်ပျောရွက်များကို ရေစင်အောင်ဆေးပြီး နေအနည်းငယ် လှန်းပေးပါ
- ငှက်ပျောရွက်များ အနည်းငယ် ပျော့လာတာနဲ့ အနေတော် ဖက်ရွက်လေးတွေ ဖြတ်ယူပေးပါ
- ငှက်ပျောရွက်များ ဖြတ်ပြီးတာနဲ့ အဝတ်စ သန့်သန့်ဖြင့် တစ်ထပ်သုတ်ပေးပါ
- ပြီးတာနဲ့ သာကူများ ကျက်လာလျှင် မကပ်အောင် ငှက်ပျောရွက်ကို ဆီဖြင့် သုတ်ပေးပါ
- ဆီသုတ်ထားသော ဖက်ရဲ့မျက်နှာစာကို အတွင်းဖက်မှာထားကာ ကန်တော့ချွန်ပုံစံ ထိုးပေးပါ
- ပြီးတာနဲ့ ကန်တော့ချွန် အထဲကို သာကူ ထမင်းစားဇွန်း နှစ်ဇွန်းခန့် ထည့်ပေးပါ
- သာကူအထဲကို အုန်းယိုလုံးကို အနည်းငယ် ဖိထည့်ပါ
- အုန်းယိုအပေါ်မှာ သာကူ ထမင်းစားဇွန်း နှစ်ဇွန်းခန့် ထပ်ထည့်ပေးပါ
- ပြီးတာနဲ့ အနားစကို သိမ်းပြီးခေါက်ကာ ထွက်နေသော အစပိုများကို ကပ်ကြေးဖြင့် ညှပ်ပေးပါ
- ပြီးလျှင် အပေါ်အနားစွန်းကို ဒုတ်တံလေးနှင့် ထိုးပေးကာ ပိတ်ပေးပြီး စားပွဲပေါ်ပါမှာ မှောက်ရက်တင်ထားပါ
- ကန်တော့ချွန်ပုံစံ မထုတ်တတ်ပါက မိမိအဆင်ပြေသလို ထုတ်ပေးပါ
- အားလုံးထုပ်ပြီးလျှင် ပေါင်းမည့်အိုးထဲထည့်ကာ ပွက်ပွက်ဆူနေသော ရေနွေးအိုးပေါ်တင်ပြီး မီးရှိန်ပြင်းပြင်းနှင့် မိနစ် ၄၀ ခန့် ပေါင်းပေးပါ
- မိမိအသုံးပြုသည့် သာကူအမျိုးအစားပေါ် မူတည်ပြီး ပေါင်းသည့်အချိန်ကို လိုတိုးပိုလျှော့ လုပ်ပေးပါ
- ပေါင်းချိန် ပြည့်သွားတာနဲ့ မီးဖိုကို မီးပိတ်ပေးကာ လက်ကျန်အပူရှိန်နဲ့ အိုးထဲမွာ ၁၅ မိနစ်ခန့် နှပ်ထားပေးပါ
- ပြီးတာနဲ့ သာကူမုန့်ဖက်ထုတ် ပူပူနွေးနွေးလေးကို သုံးဆောင်နိူင်ပါပြီ
- သာကူမုန့်ဖက်ထုတ်က အေးလျှင်မာသွားတတ်တဲ့အတွက် ပူတုန်းလေးမှာ သုံးဆောင်ဖို့ ပြင်ဆင်ပေးပါ။
No comments:
Post a Comment