မာမာ ဒီနေ့တော့ ကြက်ခြေထောက်လေးတွေ ဝယ်လာပြီး ချဉ်ငံစပ် အရည်သောက်ဆမ်းလေး ချက်ပါမယ် ကြက်ခြေထောက်တွေကို မချက်ခင် ကြက်ခြေထောက်တွေမှာ ရတတ်တဲ့ အနံ့ကိုတော့ သေသေချာချာ ပျောက်သွားအောင်တော့ ဆေးပေးစေချင်ပါတယ်။
ကြက်ခြေထောက် အရည်သောက်ဆမ်း ဟင်းလေးက လွယ်ကူတဲ့ ချက်နည်းလေးပေမဲ့ ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မျိုးဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ကြက်ခြေထောက် - 500 g
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက် သုံးပါ
- စပါးလင် - တစ်ပင်
- ရှောက်ရွက် - လေးရွက်
- ခရမ်းချဉ်သီး - အလုံးကြီးကြီး သုံးလုံး
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
- ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- မျှင်ငါးပိ - အနည်းငယ်
- နံနံပင် - မိမိနှစ်သက်သလောက်
- ဆား ထမင်းစားဇွန်း တစ်ဇွန်း (ကြက်ခြေထောက်ဆေးရန်)
- သံပုရာသီး - တစ်လုံး (ကြက်ခြေထောက်ဆေးရန်)
- သံပုရာသီး တစ်လုံး (ဟင်းအိုးထဲထည့်ရန်)
ပြင်ဆင်ပုံ
- ဇလုံတစ်လုံးထဲမှာ ကြက်ခြေထောက် ဆားနှင့် သံပုရာရည်တို့ထည့်ကာ ငါးမိနစ်ခန့် နယ်ပေးပါ
- ကြက်ခြေထောက်မှ အနံ့များ ပျောက်လောက်တဲ့အထိ နယ်ပေးပြီးတာနဲ့ ရေနှင့် ဆယ်ထပ်လောက် ဆေးပေးပါ
- ကြက်သွန်ဖြူ ကြက်သွန်နီ နှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောထောင်းပေးထားပါ
- စပါးလင်ကို ရေဆေးပြီး အပင်လိုက်ကို အနည်းငယ်ထုပြီး အထုံးလေး ထုံးထားပါ
- ရှောက်ရွက်ကို ရေဆေးထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ထက်ခြမ်းခွဲထားပါ
- နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
- အရည် သောက်ဆမ်းဟင်း အနေအထား ချက်မှာ ဖြစ်တဲ့အတွက် အရင်ဆုံး အိုးထဲမှာ ရေကို ယောက်ချိုဇွန်း လေးငါးဇွန်းလောက် ထည့်ပေးပါ
- ထိုရေထဲမှာ ပုဇွန်ငါးပိ ကြက်သွန်ထောင်း ငရုတ်သီး အရောင်တင်မှုန့် စပါးလင် ရှောပ်ရွက် ငရုတ်သီးစိမ်းတို့နှင့် ခရမ်းချဉ်သီးတို့ကို ထည့်ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေပွက်ပွက် ဆူလာတာနဲ့ ကြက်ခြေထောက်များကို ထည့်ပေးကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
- နောက်ထပ် ရေပွက်ပွက် ဆူလာတာနဲ့ အိုးအဖုံးကို အနည်းကာ ဟပေးကာ ကြက်ခြေထောက်များ နူးတဲ့အထိ တည်ပေးပါ
- ကြက်ခြေထောက်များ မနူးသေးပါက ရေထပ်ထပ်ထည့်ပြီး နူးတဲ့အထိ တည်ပေးပါ
- ကြက်ခြေထောက်များ နူးလာအောင် တည်ပေးပြီးတာနဲ့ သံပုရာရည်ထည့်ကာ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာကို ပြင်ပေးပါ
- အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ဟင်းရည်အနေအထားကိုလဲ မိမိစိတ်ကြိုက် အနေအထားလောက် ရလာအောင်လဲ ပြင်ပေးနိူင်ပါတယ်
- ပြီးတာနဲ့ နံနံပင် အုပ်ပေးပြီး မီးပိတ်ကာ ချဉ်ငံစပ် ကြက်ခြေထောက် အရည်သောက်ဆမ်းဟင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment