မာမာဒီနေ့တော့ ဝက်အူပိတ်လေးတွေ ဝယ်လာပြီး အနံ့အသက်ကင်းပြီး သန့်စင်အောင် ဆေးပေးကာ ပြုပ်ကြော်လေး လုပ်ဖြစ်ပါတယ်။
ဝက်အူပိတ်က ဆေးရတာကို အချိန်ပေးရပါတယ် မာမာကတော့ အရင်ထဲက အသန့်ကြိုက်တဲ့အတွက် ဝက်အူပိတ်ကို အချိန်ပေးပြီး သေသေချာချာ ဆေးပေးပါတယ်။
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ပြုလုပ်ထားတဲ့ ဝက်အူပိတ် ဆေးနည်းနဲ့ ပြုပ်ကြော် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်
ပါဝင်
- ဝက်အူပိတ် - သုံးဆယ်သား
- ပဲအစိမ်းမှုန့် - လိုသလောက် သုံးပေးပါ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဝက်အူပိတ်ဆေးရန်)
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဝက်အူပိတ်ဆေးရန်)
- သံပုရာရည် - ထမင်းစားဇွန်း နှစ်ဇွန်း (ဝက်အူပိတ်ဆေးရန်)
- သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (အရသာနယ်ရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အရသာနယ်ရန်)
- ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဇွန်း (အရသာနယ်ရန်)
- ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း (အရသာနယ်ရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အရသာနယ်ရန်)
- သစ်ဂျပိုးခေါက် - အနေတော် တစ်ချောင်း
- နာနတ်ပွင့် - (အရသာနယ်ရန်)
- ချင်း - လက်တဆစ်ခန့်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
ဝက်အူဆေးရန် ပြင်ဆင်ပြုလုပ်ပုံ
- ဝက်အူပိတ်များကို ဇလုံထဲမှာ ထည့်ပေးပြီး ပဲအစိမ်းမှုန့်ကို ထမင်းစားဇွန်း နှစ်ဇွန်းခန့်ထည့်ပြီး နယ်ပေးပါ
- ဝက်အူပိတ်မှ အရိအရွဲများ ထွက်လာတာနဲ့ ရေနှင့်ဆေးပေးပါ
- ရေဆေးပြီးတာနဲ့ နောက်တစ်ခါ ပဲအစိမ်းမှုန့် ထမင်းစားဇွန်း တစ်ဇွန်းထပ်ထည့်ပြီး ဝက်အူပိတ်များကို နယ်ပေးပါ
- အထက်ပါနည်းအတိုင်း ရေဆေးလိုက် ပဲစိမ်းမှုန့်ထပ်ထည့်လိုက် နယ်ပြီးရေဆေးလိုက် လေးခါလောက် ဆေးပေးပါ
- ဝက်အူပိတ် အပြင်ပိုင်းကို ပဲစိမ်းမှုန့်နဲ့ လေးထပ်လောက် ဆေးပြီးတာနဲ့ ဝက်အူကို ပြောင်းပြန်လှန်ပြီး ပဲစိမ်းမှုန့်ထည့်ကာ အထက်ပါနည်းအတိုင်း ငါးထပ်လောက် နယ်လိုက်ဆေးလိုက် လုပ်ပေးပါ
- ပဲစိမ်းမှုန့်နဲ့ ဆေးပြီးတာနဲ့ ဝက်အူများကို နနွင်းမှုန့် သံပုရာရည်နှင့် ဆားထည့်ကာ နယ်ပေးပါ
- ဝက်အူကို ရေနှင့် လေးငါးထပ်လောက် ဆေးပေးပြီးပါက အနံ့အသက်များ ကင်းသွားသလို မလိုအပ်တဲ့ အညစ်အကျေးများလဲ ကုန်သလောက် ဖြစ်သွားပါပြီ။
ဝက်အူပြုပ်ပုံ
- ဝက်အူပိတ်များကို ဆား ပဲငံပြာရည်အကြည် ပဲငံပြာရည်အပျစ် နာနတ်ပွင့်တို့နဲ့ နယ်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဒါးပြားရိုက်ထားပါ
- ချင်းကိုအခွံခွာပြီး ရေဆေးပြီး ဒါးပြားရိုက်ထားပါ
- ရေယ်အိုးထဲမှာ သကြားကိုထည့်ပြီး လှော်ပေးပါ
- သကြားများ ပျော်လာပြီး ညိုရောင်သန်းလာတာနဲ့ သစ်ဂျပိုခေါက် ချင်းနှင့် ကြက်သွန်ဖြူ တို့ကို ထည့်ကြော်ပေးပါ
- အနံ့လေး မွှေးလာတာနဲ့ အရသာ နယ်ထားတဲ့ ဝက်အူများကို ထည့်ကြော်ပေးပါ
- ဝက်အူများ မာတင်းလာတော့မှ ရေမြုပ်အောင် ထည့်ပြီးတည်ထားပါ
- ပထမ တရည်မခမ်းခင် နောက်ထပ်ရေထပ်ထည့်ပြီး တည်ပေးပါ
- ရေနှစ်ရည် ခမ်းပြီးချိန်မှာ ဝက်အူထဲမှ ဆီပြန်ပြီး ထွက်လာချိန်မှာ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- ပြီးတာနဲ့ ဝက်အူပိတ်များကို ထွက်လာတဲ့ ဆီထဲမှာ လှိမ့်ပေးပါ
- ဆီရောင် ဝင်းလာပါက အရသာ အလွန်ရှိသော ဝက်အူပိတ်ကို မထူမပါး လှီးပေးကာ မိမိနှစ်သက်ရာ အချဥ် ကြက်သွန်ဖြူ ငရုတါသီးစိမ်းတို့နှင့် တွဲဖက်ကာ အရသာရှိစွာ စားသုံးနိူင်ပါပြီ။
No comments:
Post a Comment