Wednesday 24 April 2024

ကြက်သား ခရုဆီ


မာမာ ဒီနေ့တော့ ကြက်ရင်ပုံသားကို ခရုဆီနဲ့ ဆီပြန်ဟင်း ချက်ဖြစ်ပါတယ် ခရုဆီပါတဲ့အတွက် ကြက်သား အရသာက စားလို့ အရမ်းကောင်းပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ပေါင်သား - 500 g 
  2. ထန်းလျှက်အပျော့ - ထမင်းစားဇွန်း တစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  7. ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်လုံး
  8. ကြက်သွန်နီ - အနေတော် တစ်လုံး (အနှစ်ရရန် လှီးထည့်ပါ)
  9. ချင်း - လက်တစ်ဆစ်ခန့်
  10. စပါးလင် - တစ်ပင်
  11. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ခရုဆီ - ထမင်းစားဇွန်း နှစ်ဇွန်း

ကြက်သားအရသာနယ်ရန်
  • ကြက်သားကို ရေဆေးပြီး ရေစစ်ထားပါ့
  • ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • ထန်းလျှက်အပျော့ - ထမင်းစားဇွန်း တစ်ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် အားလုံးတို့ကို ကြက်သားထဲထည့်ပြီး အရသာ၀င်အောင် နယ်ထားပါ

လိုသောပစ္စည်းများ ပြင်ဆင်ပုံ
  • ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင် အရင်းပိုင်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • စပါးလင်ရွက်များကို ရေဆေးပြီး ထုံးထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ကြက်သွန်နီ အနေတော် တစ်လုံးကို အခွံခွာပြီး ရေဆေးကာ ခပ်နူတ်နုတ် လှီးထားပါ
  • ခရုဆီကို အဆင်သင့် ပြင်ထားပါ
ပြင်ဆင်ပုံ
  • အရသာ နယ်ထားသော ကြက်သားနှင့်ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်တို့ ထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နှင့် ငရုတ်သီးအရောင်တင်မှုန့်ထောင်းတို့ကို မွှေးလာတဲ့ထိ ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်ကို နှစ်မိနစ်လောက် ထည့်မွှေပေးပါ
  • ပြီးတာနဲ့ အရသာ နယ်ထားသော ကြက်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
  • ကြက်သား အသားများ မာကျစ်လာတဲ့ထိ ဆီသတ်ပေးပါ
  • ကြက်သား အသားများ မာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး အုံးအဖုံးအုပ်ကာ ကြက်သားနူးတဲ့အထိ ဆက်တည်ပေးပါ 
  • ကြက်သားနူးကာနီးမှ ခရုဆီကို ထည့်မွှေပေးပါ
  • ရေခမ်းပြီး ဆီလည်ရေလည် ဖြစ်လာပါက အထက်အောက် သမအောင် မွှေပေးပြီး ဆီပြန်လာအောင် တည်ပေးပါ
  • ဆီပြန်လာပါက ကြက်သားဟင်း မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment