မြန်မာပြည်က သတင်းတွေ နားထောင်လိုက် ရင်တွေတုန်ပြီး ထိုင်ရမလို ထရမလိုနဲ့ စိတ်တွေဆင်းရဲနေရတာလဲ နှစ်လထဲတောင် ဝင်လာခဲ့ပါပြီ။
ရင်ထဲမှာရော စိတ်ထဲမှာပါ တင်းကျပ်ကျပ်ကြီးနဲ့ နေနေရတာမို့လို့ ကိုယ့်စိတ်ကိုကိုယ် အတတ်နိူင်ဆုံး လျှော့ထားပေမဲ့ အဆင်တော့ ပြေမနေခဲ့ပါဘူး။
ဘုရားရှိခိုးလိုက် ဆုတောင်းလိုက်နဲ့ သတင်းတွေ ဝင်ကြည့်လိုက် ရင်တွေတုန်လာလိုက်နဲ့ တစ်ခါမှ သွေးမတိုးဘူးတဲ့ကျမ သွေးတိုးတတ်လာခဲ့ပါတယ်။
ဒီတော့လဲ ခနတာ စိတ်သက်သာရရင် ပြီးရောဆိုပြီး မီးဖိုဆောင်ထဲဝင်ပြီး ထုဟယ်ထောင်းဟယ် လှီးဟယ်ခြွတ်ဟယ်နဲ့ အလုပ်သွားတဲ့ အိမ်သားပြန်လာရင် အဆင်သင့် စားရဖို့အတွက် ချက်ရပြုပ်ရပြန်ပါတော့တယ် ဒီနေ့တော့ ကြက်သားကို မှိုနဲ့ ရောနယ်ပြီး ကြက်သား မှိုလုံးကြော်လေး ကြော်လိုက်ပါတော့တယ်။
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံသား - 300 g
- မှိုခြောက် - ဆယ်ပွင့်
- မုံလာဥနီ - အနေတော် တစ်ဥ
- ကြက်သွန်နီ -အနေတော် နှစ်လုံး
- ကြက်ဥ - တစ်လုံး
- မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက် (မကြိုက်လျှင် မထည့်ပါနှင့်)
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
- အကြော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
- ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
- ကြက်ရင်ပုံသားကို ရေဆေးပြီး ညက်နေအောင် စင်းထားပါ
- မှိုကို နူးပြီး ပွလာတဲ့အထိ ရေစိမ်ပေးကာ ပွလာတာနဲ့ ရေညှစ်ပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
ကြောရန်ပြင်ဆင်ပုံ
- ဇလုံတစ်လုံးထဲမှာ ကြက်သား ဆား အရသာမှုန့် ငရုတ်ကောင်းမှုန့် ကြက်ဥ အကြော်မှုန့် မဆလာ ကြက်သွန်နီ မုံလာဥနီ မှိုနှင့် ခရုဆီတို့ထည့်ပြီး သမအောင် မွှေပေးပါ
- ကြော်မှာဖြစ်တဲ့အတွက် ဒယ်အိုးထဲမှာဆီကို ခပ်များများ ထည့်ပေးပြီး အပူပေးပါ
- ဆီပူလာတာနဲ့ မီးကို အနေတော်လောက် လျှော့ပေးပြီးမှ ကြက်သားလုံးလေးတွေကို တစ်လုံးချင်အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
- ကြက်သားအရသာ နယ်ထားတာ ခပ်ပျော့ပျော့ အနေအထားလေး ဖြစ်တဲ့အတွက် လက်ထဲမှာ ဆုတ်ပြီး လုံးလို့ရသလောက် အနေအထားလေးဘဲ လုံးပြီးဆီအိုးထဲကို ထည့်ပေးပါ
- ကြော်နေစဉ် အကျက်ညီစေရန် မကြာမကြာ လှန်ပေးပါ
- ကြက်သားလုံးကြော်များလုံး ရွှေဝါရောင် သန်းလာပြီ ဆိုရင်တော့ ဆယ်ပြီး ဆီစစ်ပေးပါ
- အထက်ပါ နည်းအတိုင်း ကြက်သားနှင့်မှို အရသာ နယ်ထားတာကို ကုန်တဲ့အထိ ကြော်ပေးပါ
- ကြော်ပြီးလို့ ဆီစစ်သွားတာနဲ့ ကြက်သားလုံး မှိုကြော်လေးကို စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။
No comments:
Post a Comment