Monday 24 June 2024

ငှက်ပျောဖူး ချဉ်ငံစပ်ဟင်း




မာမာဒီနေ့တော့ ဆီမပါဘဲ ချဉ်ငံစပ်ဟင်းလေး တမယ် ချက်ဖြစ်ပါတယ် ထမင်းပူပူလေးနဲ့ လိုက်ဖက်ပြီး စားလို့ကောင်းလွန်းတဲ့ ငှက်ပျောဖူး ချဉ်ငံစပ် ချက်နည်းလေးကို မျှ‌ဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငှက်ပျောဖူး - အနေတော် တစ်ဖူး
  2. ငရုတ်သီးစိမ်း အနီရောင် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက် ( ထောင်းပြီးသား)
  3. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ကြက်သွန်နီ  - အနေတော် တစ်ဥ
  6. မန်ကျည်းသီးမှည့်အရည် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ

ပြင်ဆင်ပုံ
  • ငှက်ပျောဖူးမှ ရင့်နေသော အဖတ်များနှင့် မလိုတာ‌တွေကို ဖယ်ပေးပြီး ရေစင်အောင် ဆေးထားပါ
  • ပြီးတာနဲ့ ငှက်ပျောဖူးကို ထက်ဝက်ခြမ်းပြီး ဗနီကာ ခပ်များများနှင့် ရေမြုပ်အောင်ထည့်ကာ နာရီဝက်လောက် စိမ်ထားပါ
  • ရေစိမ်ပြီးတာနဲ့ ထိုအရည်များ သွန်ပေးကာ  အနေတော် အိုးတစ်လုံးထဲမှာ ရေခပ်များများလေး ထည့်ပြီး မီးဖိုပေါ်တင်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပြီးတာနဲ့ ငှက်ပျောဖူးများကို နူးတဲ့အထိ ပြုပ်ပေးပါ
  • နူးအိနေအောင် ပြုပ်ပြီးပါက ရေနွေးများသွန်ကာ ရေအေးနဲ့ဆေးပြီး ရေများကိုသွန်ကာ ရေစစ်ပေးပါ
  • ရေစစ်သွားပါက အနေတော် ခပ်တွေပါးပါးလေးတွေ ရလာအောင် လှီးပေးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွါပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးတစ်လုံးထဲမှာ လှီးထားသော ငှက်ပျောဖူး ကြက်သွန်နီ ကြက်သွန်ဖြူ အရသာမှုန့် ငရုတ်သီးစိမ်းထောင်း ငါးငံပြာရည်နှင့် မန်ကျည်းမှည့် ရည်တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • နယ်ဖတ်ပြီး အရသာ သမသွားပါက ရေထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ဟင်းရည်ပွက်ပွက် ဆူလာပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ ချဥ်ငံစပ် ငှက်ပျောဖူးဟင်းကို မိမိ နှစ်သက်သလို စားသုံးနိူင်ပါပြီ။

No comments:

Post a Comment