Saturday, 13 April 2024

တမာဖူးချဉ်

 












တမာချဉ်လို့ အသံကြားလိုက်တာနဲ့ မာမာတို့ ငယ်ဘဝလေးကို အရမ်းလွမ်းမိပါတယ် စည်းကမ်းကြီးတဲ့ အမေ့အမ အကြီးဆုံး အပျိုကြီး ကြီးကြီးရဲ့လက်ပေါ်မှာ ကြီးခဲ့တာမို့ အိမ်မှုကိစ္စကို အသက်အရွယ်အလိုက် နိူင်သလောက် လုပ်ကြရပါတယ်။

ပိုဆိုးတာက မိန်းကလေးဆို အိမ်မှုကိစ္စကို ပိုပြီးသင်ပေးသလို သင်တဲ့အတိုင်း လုပ်လဲလုပ်ရပါတယ် ထမင်းချက် ဟင်းချက်အပြင် ၆ဧကကျော်ကျယ်တဲ့ ခြံ၀င်းထဲက ထွက်သမျှ အသီးအနှံကို ရာသီချိန်တိုင်း အသုံး၀င် တာရှည်ခံအောင် ပြင်ဆင်နည်းများကို သင်ပေးတတ်တာမို့ ဒီနေ့ထိ ကြီးကြီး သင်ပေးတာတွေ အားလုံးက မာမာ့အတွက် လိုသလို အသုံးချနိူင်ခဲ့ပါတယ်။

ဒီနေ့တော့ ထိုင်းဆိုင်က ဝယ်လာတဲ့ တမာဖူးလေးတွေကို တမာဖူးချဉ်လေး လုပ်ပါမယ် တမာချဉ် လုပ်နည်းလေးက သိပြီးသူတွေ အတွက်တော့ အရမ်းကို လွယ်ပါတယ် မသိသေးသူတွေအတွက် အိမ်လုပ်တမာချဉ် သန့်သန့်လေး စားနိူင်အောင် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. တမာဖူး  - လက်တစ်ဆုတ်စာ
  2. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ
  • တမာဖူးလေးများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေ လက်ဖက်ရည် ပန်းကန်လုံး တစ်လုံးစာလောက်နှင့် စိမ်ထားပါ
  • မန်ကျည်းသီးမှည့်အစား ဇီးသီးခြောက်ကို ရေစိမ်ပြီးတော့လဲ သုံးနိူင်ပါတယ်
  • နနွင်းမှုန်ကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • အားလုံး အဆင်သင့်ဖြစ်တာနဲ့ ရေ၂လီတာလောက်ကို ဆူအောင်တည်လိုက်ပါ
  • ရေ ပွက်ပွက် ဆူလာတာနဲ့ တမာဖူးလေးတွေကို ရေနွေးထဲ မြုပ်အောင် တစ်မိနစ်လောက် ထည့်လိုက်ပါ
  • အဖူးလေးတွေ ပြုပ်တဲ့အချိန် မကြာရပါ 
  • ပြုပ်ချိန်ကြာပါက အဖူးများ အရမ်းနူးပြီး စားမကောင်းတော့သလို ရိုးတံနဲ့အဖူးများ တခြားစီ ဖြစ်ကုန်တတ်ပါတယ်
  • ပြီးတာနဲ့ ရေနွေးထဲကနေဆယ်ပြီး ရေအေးနှင့်ဆေးပေးကာ ရေ၂မိနစ်လောက် ရေစိမ်ထားပေးပါ
  • အဖူးများ အေးသွားတာနဲ့ ရေများစင်အောင် လက်နှင့်အသာအယာ ဆုတ်ပြီးညှစ်လိုက်ပါ
  • ရေစင်သွားနဲ့ နနွင်းရည်ထဲ စိမ်ပေးပါ
  • နနွင်းစိမ်ပြီးတာနဲ့ မန်ကျည်းရည်ထဲ ထည့်စိမ်ပေးပါ
  • အားလုံး ပြင်ဆင်ပြီးတာနဲ့ တမာဖူးချဉ်ကို ချက်ခြင်း သုံးဆောင်နိူင်သလို ဖန်ပုလင်း (သို့မဟုတ်) ဗူးသန့်သန့်ထဲ ထည့်ပေးပြီး လေလုံအောင်ပိတ်ကာ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲထည့်ပြီး လိုသလောက်ယူ၍ စားသုံးနိူင်ပါတယ်
  • တမာချဉ်က ချက်ခြင်းကြီး ချဉ်တာမို့လို့ အချဉ်စူးစူး မကြိုက်ပါက မန်ကျည်းသီးမှည့် အနည်းငယ် လျှော့ပြီးထည့်ပေးပါ။

Friday, 12 April 2024

အာလူး အစိမ့်သုပ်

 





ဒီနေ့တော့ မာမာက သတ်သတ်လွတ် စားတဲ့နေ့ ဖြစ်တဲ့အတွက် အာလူးသေးသေးလေးတွေ ဝယ်လာပြီး အစိမ့်သုပ်လေး သုပ်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မိမိတို့ နှစ်သက်သလို စားသုံးနိူင်ဖို့ရာ  မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အာလူးအစိမ့်သုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. အာလူး - အနေတော် ငါးလုံး
  2. နံနံပင် - အနေတော် တစ်ပင်
  3. သံလွင်ဆီ - လက်ဖက်ရည်ဇွန်း သုံးဇွန်း
  4. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  5. ကြက်သွန်နီ - အနေတော် တစ်ဥ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငရုတ်ကောင်းမှုန့်  - အနည်းငယ်

ပြင်ဆင်ပုံ

  • အာလူးကို နူးအောင်ပြုပ်ပြီး အခွံခွါကာ အတုံးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ

အသုပ် သုပ်ရန်ပြင်ဆင်ပုံ

  • ဇလုံခပ်ကြီးကြီးထဲမှာ ပါ၀င်ပစ္စည်းများ အားလုံးကို ထည့်ပေးကာ  အရသာ သမအောင် နယ်ပေးပါ
  • အရသာ သမလောက်ပြီ ဆိုတာနဲ့  အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးပါ
  • ပြီးတာနဲ့  အာလူးသုပ် စိမ့်စိမ့်လေးကို မိမိတို့ နှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။

Thursday, 11 April 2024

ချဉ်ငံစပ် ငှက်ပျောဖူးသုပ်

 








မာမာဒီနေ့တော့ ငှက်ပျောဖူးကို ချဉ်ငံစပ်လေး သုပ်ပါတယ် ဒါကြောင့်မို့လို့  ထမင်းပူပူလေးနဲ့ လိုက်ဖက်ပြီး စားလို့ကောင်းလွန်းတဲ့ ငှက်ပျောဖူး သုပ်နည်းလေးကို မျှ‌ဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငှက်ပျောဖူး - အနေတော် တစ်ဖူး
  2. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  3. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ကြက်သွန်ဖြူဆီချက်အဖတ် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ဆီနီ ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  6. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  7. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  8. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  9. နံနံပင် - အနေတော် တစ်ပင်
  10. သံပုရာသီး - တစ်ခြမ်း
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  12. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  13. ပဲကြာဇံ - လက်တစ်ဆုတ်စာ
  14. အာလူး - အနေတော် နှစ်လုံး

ငှက်ပြောဖူး ပြုပ်ရန် ပြင်ဆင်ပုံ
  • ငှက်ပျောဖူးမှ ရင့်နေသော အဖတ်များနှင့် မလိုတာ‌တွေကို ဖယ်ပေးပြီး ရေစင်အောင် ဆေးထားပါ
  • ပြီးတာနဲ့ ငှက်ပျောဖူးကို ထက်ဝက်ခြမ်းပြီး ဗနီကာ ခပ်များများနှင့် ရေမြုပ်အောင်ထည့်ကာ နာရီဝက်လောက် စိမ်ထားပါ
  • ရေစိမ်ပြီးတာနဲ့ ထိုအရည်များ သွန်ပေးကာ  အနေတော် အိုးတစ်လုံးထဲမှာ ရေခပ်များများနှင့် မန်ကျည်းသီးမှည့် ထည့်ပြီး မီးဖိုပေါ်တင်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပြီးတာနဲ့ ငှက်ပျောဖူးများကို နူးတဲ့အထိ ပြုပ်ပေးပါ
  • နူးအိနေအောင် ပြုပ်ပြီးပါက ရေနွေးများသွန်ကာ ရေအေးနဲ့ဆေးပြီး ရေများကိုသွန်ကာ ရေစစ်ပေးပါ
  • ရေစစ်သွားပါက အနေတော်လေးတွေ ရလာအောင် လှီးပေးထားပါ
အသုပ်သုပ်ရန် ပြင်ဆင်ပုံ
  • ငှက်ပျောဖူးကို မထူမပါးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • အာလူးကို နူးအောင်ပြုပ်ပြီး အခွံခွါထားပါ
  • ပဲကြာဇံကို ရေနွေးနှင့် တစ်နာရီလောက် စိမ်ပေးကာ ရေစစ်ထားပါ
  • ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ လှီးထားသော ငှက်ပျောဖူး ကြက်သွန်နီ ပုဇွန်ခြောက်မှုန့်  ပဲအကျက်မှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်နီဆီချက် ကြက်သွန်ဖြူ ဆီချက်ဖတ် ငါးငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • နယ်ဖတ်ပြီး အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ ချဥ်ငံစပ် ငှက်ပျောဖူး အသုပ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

Wednesday, 10 April 2024

အမဲသား အကြွတ်ကြော်


 

မာမာ ဒီနေ့‌‌တော့ အမဲသားကို အကြွတ် အမွလေး ကြော်ပါတယ် စားလို့ကောင်းသလို ကြာရှည်လဲ အထားခံပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. အမဲသား - တစ်ကီလို
  2. ချင်း - ခပ်ပါးပါး ငါးပြား
  3. စပါးလင် - တစ်ပင်
  4. သံပုရာသီး - နှစ်လုံး  
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ကြက်သွန်နီ  ဥကြီးကြီး - သုံးလုံး
  9. ပျဥ်းတော်သိမ်းရွက် - အနေတော် ငါးခက် 
  10. ကြက်သွန်ဖြူ အမွှာကြီးကြီး ငါးမွှာ
  11. ငရုတ်သီး လုံးခြမ်းခွဲ - ထမင်းစားဇွန်း သုံးဇွန်း
  12. မဆလာ - ထမင်းစားဇွန်း တစ်ဝက် 
  13. ဆီ - လိုသလောက် သုံးပေးပါ
  14. Pressure cooker 

ကြက်သွန်ကြော်ပုံ

  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆးပြီး ဒါးပြားရိုက်ထားပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးကာ အညှာ‌ခြွေထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက ကြက်သွန်နီကို ရွှေဝါ‌ရောင် သန်းလာအောင် ကြော်ပေးပြီး ဆယ်ကာ ဆီစစ်ထားပါ
  • ကြက်သွန်ဖြူကိုလဲ ရွှေဝါ‌ရောင် သန်းလာအောင် ကြော်ပေးပြီး ဆယ်ကာ ဆီစစ်ထားပါ
  • ပျဉ်းတော်သိမ်းရွက်ကိုလဲ မွှေးလာအောင် ကြော်ပေးပြီး ဆီစစ်ထားပါ

ပြင်ဆင်ပြုလုပ်ပုံ

  • အမဲသားကို အတုံးလိုက် ရေဆေးကာ အနေတော် အတုံးလေးတွေ တုံးပေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းကာ ‌အရည်ညှစ်ထားပါ
  • စပါးလင်ကို ရေဆေးကာ အပင်လိုက်ကို ငရုတ်ကျည်ပွေ့နဲ့ ထုကာ ထုံးထားပါ
  • အနေတော် တုံးထားတဲ့ အမဲသားများကို အချိုမှုန့် ဆား နနွင်းမှုန့် သံပုရာရည် ချင်းပြားတို့နှင့် နယ်ပြီး နာရီဝက်လောက် နှပ်ထားပါ  
  • အသားနှပ်ထားတာ ရပါက pressure cooker အိုးထဲမှာ အရသာ နယ်ထားတဲ့ အမဲသားများကိုထည့် ရေမြုပ်အောင်ထည့်ပေးပါ
  • ပြီးတာနဲ့ ထုထားတဲ့ စပါးလင် အပင်လိုက်ထည့်ပြီး ၄၅ မိနစ် ပြုပ်ပေးပါ
  • ၄၅ မိနစ် ပြည့်တာနဲ့ ရေလဲခမ်း အသားလဲ နူးလာပါပြီ  
  • နူးအောင်ပြုပ်ထားတဲ့ အမဲသားအိုးထဲကို ဆီထည့်ပြီး ရေအနည်းငယ် ထပ်ထည့်ကာ မီးအနေတော်နဲ့ တည်ပေးပါ
  • အမဲသားအိုး တည်ထားစဉ်မှာ ယောင်းမခပ်ပြားပြားလေးနဲ့ ဖိဖိပြီး ချေပေးပါ 
  • အသားကြော်တာ စိတ်ကြိုက်အနေအထား ရပြီဆိုတာနဲ့ ဆယ်ထုတ်ပြီး ဇကာနဲ့ ဆီစစ်ပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဆီဒယ်အိုးကို အပူပြန်ပေးပါ
  • ဆီပူလာတာနဲ့ မီးခပ်မျှင်းမျှင်းထားပြီး ငရုတ်သီး လုံးခြမ်းခွဲကို အရင်ထည့်ကြော်ပေးပါ
  • ငရုတ်သီး ကျက်လာတာနဲ့ မွနေအောင် ကြော်ထားသော အသားနှင့်အတူ ကြက်သွန်ကြော်များ ပျဉ်းတော်သိမ်းရွက်ကြော်နှင့် မဆလာတို့ ထည့်ကြော်ပေးပါ
  • မီးအေးအေးနဲ့ နှစ်မိနစ်လောက် မွှေပေးကာ ကြွတ်ရွလာပါက မီးပိတ်ပေးကာ မီးဖိုပေါ်မှ ဖယ်ပေးပါ
  • အမဲသား အမွအကြွတ်ကြော် အေးသွားပါက လေလုံပုလင်းထဲမှာ ထည့်ပေးကာ မိမိလိုသလောက် ယူကာ စားသုံးနိူင်ပါပြီ။

မှတ်ချက်။ ။ (  pressure cooker မသုံးဘဲ ရိုးရိုးအိုးနဲ့ နူးအောင်ပြုပ်ပါက အချိန်နဲနဲတော့ ပိုပေးရပါတယ်)

Tuesday, 9 April 2024

သာခွေယိုင်



သာခွေယိုင်တဲ့ ဘာလို့ခေါ်သလဲတော့ မာမာမသိပါဘူး ဒါပေမဲ့ ကောက်ညှင်းငချိတ်ကို အုန်းနို့နဲ့ စားရတာတော့ အရသာက အလွန်ကောင်းလွန်းပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ သာခွေယိုင် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းငချိတ် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ခြောက်ဗူး (ကောက်ညှင်းချက်ရန်)
  3. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  4. သကြားအညို - ထမင်းစားဇွန်း ဆယ်ဇွန်း 
  5. အုန်းနို့ - 400 ml
  6. ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (အုန်းနို့ကျိုရန်) 
  7. ဆွမ်းမွှေးရွက် - သုံးရွက်
  8. သကြား - ထမင်းစားဇွန်း လေးဇွန်း 
  9. ထမင်းပေါင်းအိုး - တစ်လုံး


ပြုလုပ်နည်း

  • ကောက်ညှင်းငချိတ်ဆန်ကို ရေဆေးပြီး ထမင်းပေါင်းအိုးထဲကို ထည့်ထားပါ
  • ရေကို ထမင်းပေါင်းအိုး ဆန်ချင်ဗူး ခြောက်ဗူး သကြားနှင့်ဆားတို့ထည့်ကာ ကောက်ညှင်း မချက်ခင် ရှစ်နာရီလောက် ကြိုပြီး ရေစိမ်ထားပါ
  • မာမာကတော့ မနက်စောစော ချက်ချင်လို့ ညဘက်ထဲက ကောက်ညှင်းဆန်ကို ရေစိမ်ထားပါတယ်
  • မနက်ပိုင်း ရောက်တာနဲ့ ထမင်းပေါင်းအိုး ခလုတ်ကိုနှိပ်ပြီး ချက်ပေးပါ
  • ကောက်ညှင်း ချက်ထားတာ ကျက်သွားပါက ပေါင်းအိုးအနွေးဓါတ်လေးနဲ့ နှပ်ထားပေးပါ။
  • အိုးတစ်လုံးထဲမှာ အုန်းနို့ ရေ ဆွမ်းမွှေးရွက်နှင့် သကြားတို့ထည့်ကာ မီးဖိုပေါ်တင်ပြီး သကြားများ အရည်ပျော်သွားတဲ့အထိ တည်ပေးပါ
  • သာခွေယိုင်ကို စားကာနီးမှ ချက်ထားသော ကောက်ညှင်းငချိတ်ကို ပန်းကန်ထဲ ထည့်ပေးပါ
  • ပြီးတော့မှ ဆွမ်းမွှေးနံ့ မွှေးမွှေးလေးနဲ့ အုန်းနို့ကိုဆမ်းပြီး သုံးဆောင်နိုင်ပါပြီ။

Sunday, 7 April 2024

ထမင်းကြော် စိမ့်စိမ့်လေး

 





မာမာ ဒီတခါတော့ ပဲပြားနဲ့ ဘေကင်တို့ထည့်ကာ ထမင်းကြော် မွှေးမွှေးလေးကြော်ပါတယ်။ ဟင်းထပ်မချက်တော့ဘဲ ထမင်းကြော် တစ်မျိုးထဲနဲ့ အဆင်ပြေပြေ စားလို့ကောင်းတဲ့အတွက် မာမာကြော်တဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဘာစမာတီဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  5. ကြက်ဥ - နှစ်လုံး 
  6. ကြက်သွန်နီ - အနေတော် တစ်ဥ
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  8. ဘေကင် - မိမိနှစ်သက်သလောက်ထည့်ပါ
  9. ပဲပြား - အနေတော် တစ်တုံး
  10. ကြက်သွန်မိတ် - သုံးပင်ခန့်
  11. ငရုတ်ကောင်းမှုန့်- လက်ဖက်ရည်ဇွန်း တစ်၀က် 
  12. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
ပြင်ဆင်ပုံ
  • ဆန်ကိုရေဆေးပြီး ရေနှင့်အတူ ထမင်းပေါင်းအိုးထဲ ထည့်ပေးကာ ခလုတ်နှိပ်ပြီး ချက်ပေးပါ
  • ထမင်းအိုး ခလုတ်တက်တာနဲ့ ထမင်းဖြူကို အအေးခံထားကာ ထမင်းများကို ဖွထားပါ
  • ဇလုံတစ်လုံးထဲမှာ ကြက်ဥကို ဖောက်ထည့်ပြီး ပွလာတဲ့အထိ ခလောက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ပဲပြားကို ရေဆေးပြီး ခပ်သေးသေး အတုံးလေးတွေ လှီးထားပါ
  • ဘေကင်ကို ခပ်သေးသေး အတုံးလေးတွေ လှီးထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  • ပါ၀င်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပေးပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ထမင်းကြော်ပါမယ်
  • ဒယ်အိုး တစ်လုံးကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ နှင့် ကြက်သွန်နီကို ထည့်ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းလာတာနဲ့ ခလောက်ထားသော ကြက်ဥကို ထည့်ကြော်ပါ
  • ကြက်ဥကြော်နေစဉ် ငရုတ်ကောင်းမှုန့် ထည့်ပေးပြီး ကြက်ဥကျက်အောင် မွှေပေးပါ
  • ကြက်ဥကျက်တာနဲ့ လှီးထားသော ပဲပြား ဘေကင်နှင့် ဆားတို့ကို ထည့်မွှေပေးပါ
  • အသီးအရွက်များ ထည့်မွှေပေးပြီးတာနဲ့ တစ်မိနစ်လောက် ကြော်ပေးပါ
  • ပြီးတာနဲ့ ချက်ပြီးအအေးခံထားသော ထမင်းဖြူ နှမ်းဆီနှင့် အရသာမှုန့်တို့ ထည့်ပေးပြီး အရသာ သမအောင် ကြော်ပေးပါ 
  • အရသာ သမသွားပြီ ဆိုတာနဲ့ အရသာ မြည်းပေးပြီး လိုသလို ပြင်ပေးကာ ကြက်သွန်မိတ်နှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်ကြော်ပေးပါ
  • ထမင်းကြော် ရပြီဆိုတာနဲ့ ထမင်းကြော် စိမ့်စိမ့်လေးကို မိမိနှစ်သက်သလို ပြင်ဆင်ပေးကာ စားသုံးနိူင်ပါပြီ။
မှတ်ချက် ။။ အရသာမှုန့်ကို မိမိနှစ်သက်သော အချိုမှုန့် ကြက်သားမှုန့် အသီးအရွက် အရသာမှုန့် အစရှိသည်တို့ကို အစားထိုးပြီး သုံးပေးပါ။

Saturday, 6 April 2024

မျှစ်ချဉ်သုပ်

 






မာမာဒီနေ့တော့ ဈေးကိုသွားရင်း မျှစ်ချဉ်ဗူးလေး ဝယ်လာပြီး အစိမ်းသုပ်လေး သုပ်စားဖြစ်ပါတယ်။ မာမာကတော့ အသုပ်သုပ်စားဖို့ ဆီချက်အပါအဝင် ပါဝင်ပစ္စည်းလေးတွေက အိမ်မှာ အဆင်သင့် ရှိနေတဲ့အတွက် အသုပ်သုပ်ချိန် မကြာဘဲ အသုပ်တစ်ပွဲ ပြင်ဆင်နိူင်ခဲ့ပါတယ်။

ဒါကြောင့်မို့လို့ လွယ်ကူမြန်ဆန်စွာ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ မျှစ်ချဉ် အစိမ်းသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မျှစ်ချဉ် - လက်တစ်ဆုတ်စာသာသာ
  2. ဆီနီ ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  4. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  5. ကြက်သွန်နီ - အနေတော် တစ်လုံး
  6. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  7. မြေပဲလှော်ထောင်း - ထမင်းစားဇွန်း တစ်ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ
  • မျှစ်ချဉ်ကို ရေစင်အောင်ဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဇလုံကျယ်ကျယ်ထဲမှာ မျှစ်ချဉ်များ မြေပဲလှော််ထောင်း ကြက်သွန်နီ ပုဇွန်ခြောက်မှုန့် ပဲမှုန့် အရသာမှုန့် ဆီနီဆီချက်နှင့် ငရုတ်သီး အလှော်မှုန့် တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • နယ်ဖတ်ပြီးပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မျှစ်ချဉ်နံ့ မွှေးမွှေးလေးနဲ့ မျှစ်ချဉ်သုပ် ကျွတ်ကျွတ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။