Sunday, 26 February 2023

မြင်းခွာရွက်သုပ်

 


ဒီနေ့တော့ ရေနွေးကြမ်း ပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ မြင်းခွာရွက်သုပ်လေး သုပ်စားဖြစ်ပါတယ်။
ဒါကြေင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မြင်းခွာရွက် - လက်တစ်ဆုတ်စာ
  2. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  3. ခရမ်းချဉ်သီး -အနေတော် နှစ်လုံး
  4. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  6. သံပုရာသီး - အနေတော် တစ်ခြမ်း
  7. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဝက်
  10. ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
  • မြင်းခွာရွက်များကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ခရမ်းချဉ်သီးကိုလဲ ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ဇလုံထဲမှာ ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် နယ်ပေးကာ အရသာကို မြည်းပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီးတာနဲ့ အသုပ်ပွဲကို ပြင်ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်သလို ဒီအတိုင်း စားရင်လဲ စားလို့ကောင်းလွန်းတဲ့ မြင်းခွာရွက်သုပ် မွှေးမွှေးလေး ရပါပြီရှင်။

Saturday, 25 February 2023

ပုဇွန်ကြော်


 
တစ်ခါတလေမှာ ရိုးရှင်းစွာနဲ့ ချက်ရတဲ့ ဟင်းရဲ့ အရသာလေးတွေက မထင်မှတ်ဘဲ ခံတွင်းတွေ့တတ်ပါတယ်။
ဒါကြောင့်မို့လို့ ဒီနေ့တော့ အရမ်းကို လွယ်ကူသလို ရိုးရိုးရှင်းရှင်းနဲ့ ချက်ဖြစ်ခဲ့တဲ့ ပုဇွန်ထုတ်ကို အခွံမခွာဘဲ မလိုတာတွေ ဖယ်ပေးကာ ဆီခပ်များများနဲ့ ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  • ပုဇွန်ထုတ် - ကီလိုဝက် (tiger prawns)
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • အရသာမှုန့် - လပ်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  • ဆား - အနည်းငယ်
  • ဆီ - ခပ်များများ သုံးပေးပါ
  • သံပုရာသီး - တစ်လုံး
ပြင်ဆင်ပုံ
  1. ပုဇွန်ထုတ်များကို ခြေချောင်းလေးများနှင့် ခေါင်းဖက်မှ ဆူးချောင်းကို ကပ်ကြေးနှင့် ညှပ်ပေးပါ
  2. ပြီးတာနဲ့ ဒုတ်ချွန်ချွန်လေးနှင့် ကြောဖက်မှ ကလော်ကာ အမည်းကြောင်းကို ဖယ်ပေးပါ
  3. ပြီးတာနဲ့ ပုဇွန်များကို ရေဆေးကာ ရေစစ်ထားပါ
  4. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  5. အားလုံး အဆင်သင့် ဖြစ်တာနဲ့  ပုဇွန်ကို အရသာမှုန့် ငရုတ်ကောင်းမှုန့် ဆားတို့နှင့်နယ်ပေးပါ
  6. အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  7. ဆီပူလာတာနဲ့ ပုဇွန်များကို အိုးဆန့်သလောက်ထည့်ကာ ကြော်ပေးပါ
  8. ပုဇွန်အကွေး ငါးအနွေးဆိုတဲ့အတိုင်း ပုဇွန်က ကျက်တာမြန်တဲ့အတွက် သုံးမိနစ်လောက်ဘဲ ကြော်ကာ ဆယ်ပြီးဆီစစ်ပေးပါ
  9. ဆီစစ်သွားတာနဲ့ အခွံခွာပြီး သုံရာရည်ညှစ်ကာ စားင်္သုးနိူင်ပါပြီ။

Thursday, 23 February 2023

ငါးငပိချက်


 




အခုရက်ထဲ သင်တန်းကနေ အိမ်ပြန်ရောက်ချိန် နောက်ကျတဲ့အတွက် အိမ်ရောက်တာနဲ့ ညစာကို ခပ်မြန်မြန်လေး ချက်နေရတဲ့အတွက် ဟင်းချက်နည်းလေးတွေ မတင်ဖြစ်တာ ကြာသွားခဲ့ပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ ငါးငပိချက်လေး ချက်ဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ က ကတစ် ငါးငပိချက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. က ကတစ်ငါး - 500 g (အရိုးထွင်ပြီးသား မည်သည့်ငါးနှင့်မဆို ချက်နိုင်ပါတယ် )
  2. ငရုတ်သီးအကြမ်းဖတ် - ထမင်းစားဇွန်း သုံးဇွန်း (အစပ်မစားလျှင် လျော့ထည့်ပါ)
  3. ကြက်သွန်နီ - အနေတော် သုံးလုံး (ခပ်ပါးပါး လှီးရန်)
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာခန့် (ခပ်နုတ်နုတ် လှီးရန်)
  5. ခရမ်းချဉ်သီး - အလုံကြီးကြီး ဆယ်လုံးခန့်
  6. ကြက်သွန်ဖြူ - အမွှာသေး ဆယ့်ငါးမွှာခန့် (ငါးပိချက်အိုး အုပ်ပေးရန်)
  7. ငရုတ်သီးစိမ်း - စားနိူင်သလောက် (ငါးပိချက်အိုး အုပ်ပေးရန်)
  8. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်းခွဲ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ကျိုထားသော ငါးပိရည်ကျို - လက်ဖက်ရည်ပန်းကန် နှစ်လုံး
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. နံနံပင် - နှစ်သက်သလောက်
ပြင်ဆင်ပုံ
  • ငါးကို ဗိုက်ခွဲပြီး မလိုတာတွေ ဖယ်ပေးကာ ဆူးတောင်များ ခုတ်ပြီး ခေါင်းဖြုတ်ပေးပါ
  • ပြီးတာနဲ့ ရေစင်အောင် ဆေးပေးပြီး ရေစစ်ကာ အရိုးအသား သပ်သပ်စီ လွှာပေးကာ အသားများကို ခြစ်ယူပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ုဖြူများကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ငရုတ်သီး အရောင်တင်မှုန့်နှင့် ငရုတ်သီး အကြမ်းဖတ်များကို အဆင်သင့် ပြင်ပေးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူ  အမွှာသေးသေးလေးများကို အခွံခွာပြီး ရေဆေးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • ငါးပိရည် ကျိုပြီးသားနှင့် ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ငါးပိချက်ချက်ပုံ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ကြက်သွန်နီနှင့် ကြက်သွန်ဖြူ  ငရုတ်သီးနှစ်မျိုးစလုံးကိုထည့်ပြီး မွှေးသွားအောင် ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ငါးအသားကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်ထည့်ကာ ငါးအသားများ မာလာတဲ့အထိ မွှေပေးပါ
  • ငါးအသားများ မာလာတာနဲ့ ခရမ်းချဉ်သီးကိုထည့်ပြီး ခရမ်းချဉ်သီး အခွံများ လိတ်လာတဲ့ထိ မွှေပြီးချက်ပေးပါ
  • ခရမ်းချဉ်သီး အခွံများ လိတ်လာတာနဲ့ဆား အရသာမှုန့် နှင့် ငါးပိရည်ကျိုတို့ကို ထဲ့ပြီးမွှေပေးပါ
  • အားလုံး ပွက်ပွက်ဆူလာတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရတဲ့အထိ အပေါ့အငံကို ပြင်ပေးပါ
  • ပြီးတာနဲ့  ကြက်သွန်ဖြူ  ငရုတ်သီးစိမ်းနှင့် နံနံပင်တို့ကို ထည့်မွှေပေးပြီး မီးပိတ်ပေးပါ
  • က ကတစ်ငါး ချင်းခြစ် ငါးငပိချက် မွှေးမွှေးစပ်စပ်လေးကို တို့စရာအစုံအလင်နဲ့ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

Saturday, 11 February 2023

ကြက်သား ဘူးသီးဟင်း

 


ဒီနေ့တော့ ဘူးသီးတစ်လုံး ၀ယ်လာကာ ကြက်အရိုးအသားလေးတွေနဲ့ရောပြီး ဆီလည်ရေလည်လေး ချက်ထားတဲ့ စားမြိန်ဟင်းတမယ်အတွက် မာမာချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်သား -  ၃ဆယ်သားခန့်
  2. ဘူးသီး - တစ်လုံးစာ
  3. ကြက်သွန်နီ - အနေတော်တစ်လုံး
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  7. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. စပါးလင် - နှစ်လက်မခန့်
  11. ချင်း - လက်တစ်ဆစ်ခန့်
  12. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  13. ရေ - လိုသလောက်

ပြင်ဆင်ပုံ
  • ကြက်သားကို  ရေဆေးပေးပြီးမှ နှစ်သက်သလို ခုတ်ကား ငံပြာရည် ဆား နနွင်း အချိုမှုန့်တို့ထည့်ကာ နယ်ထားပါ
  • ဘူးသီးကို အခွံခွာပြီး တစ်၀က်ခြမ်း၍ ရေဆေးပေးကာ  ခပ်ထူထူ အတုံးလေးတွေ တုံးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ခပ်ပါးပါးလှီးထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ထောင်းထားပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ငရုတ်သီးထောင်းနှင့်အတူ အရသာနယ်ထားသော ကြက်သားကိုထည့်ပြီး ငရုတ်သီး အရသာ၀င်အောင် ရောပြီးနယ်ပေးပါ
  • အရသာနယ် ပြီးတာနဲ့ရေအနည်းငယ်ထဲ့ကာ မီးအားအနေတော်ဖွင့်ပြီး လုံးချက်ချက်ပေးပါ
  • ဟင်းချက်နေစဉ် အိုးမကပ်စေရန် မကြာမကြာ အိုးကိုလှုပ်ပေးပြီး အထက်အောက် သမအောင် မွှေပေးပါ
  • ၁၀မိနစ်ခန့် လုံးချက် ချက်ပေးပြီးပါက ဘူးသီးနှင့် ရေထည့်ပြီး အဖုံးအုပ်ကာ ဘူးသီးနူးအောင် တည်ပေးပါ
  • ဘူးသီးနူးတာနဲ့ မီးပိတ်ပြီး အရသာမြည်း၍ လိုသလို ပြင်ပေးကာ စားသုံးရန် ပြင်ဆင်နိူင်ပါပြီ
  • ငါးပိထောင်း ချဉ်ငံစပ်လေးနှင့် လိုက်ဖက်လွန်းသော ကြက်သားဘူးသီး အရည်သောက်ဆမ်းဟင်းကို နှစ်သက်သလို သုံးဆောင် နိူင်ပါပြီ။

Sunday, 5 February 2023

ခေါက်က်ဆွဲကြော်


တစ်ခါတစ်လေ အသားငါးတွေကို ချက်ပြီးကာမှ အစားအသောက် စိုစိုစိစိတွေ မစားချင်တဲ့အတွက် အသီးအရွက် ခပ်များများနဲ့ ခေါက်ဆွဲကြော် ကြာဇံကြော်လေးတွေ စားချင်စိတ်လေးတွေ ဖြစ်တတ်ပါတယ်။

ဒီတစ်ခါတော့ ကြက်ဥလေးနဲ့ ခေါက်ဆွဲအဖြူထည်လေးကို ဂေါ်ဖီ ဘရော့ကိုလီနဲ့ ပန်းဂေါ်ဖီတွေရယ်ရောကာ ကြော်စားဖြစ်ပါတယ်။
အရမ်းစားလို့ ကောင်းလွန်းတဲ့အတွက် မာမာ့လိုဘဲ ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ခေါက်ဆွဲ အစို - လေးဆယ်သား
  2. ဘရော့ကိုလီ - အနေတော်တစ်စိတ်
  3. ဂေါ်ဖီ - အနေတော် တစ်စိတ်
  4. ပန်းဂေါ်ဖီ - အနေတော် တစ်စိတ်
  5. ပဲပင်ပေါက် - မိမိနှစ်သက်သလောက်
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  7. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း နှစ်ဇွန်း
  8. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  11. တရုတ်နံနံ - မိမိနှစ်သက်သလောက်
  12. ကြက်ဥ - တစ်လုံး

ပြင်ဆင်ချက်ပြုပ်ပုံ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ နှမ်းဆီမွှေး ဆား ပဲငံပြာရည် အကြည် ထမင်းစားဇွန်း တစ်ဇွန်းနဲ့ နယ်ပေးထားပါ
  • ပန်းဂေါ်ဖီကို ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
  • ဘရော့ကိုလီကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ အနံ့လေး မွှေးလာတာနဲ့ ပန်းဂေါ်ဖီ ဂေါ်ဖီနှင့် ဘရော့ကိုလီတို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အကြည်ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ အရသာ သမအောင် မွှေပေးပြီး အရသာမြည်းပေးကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥ ကျက်တာနဲ့ ပဲပင်ပေါက်ထည့်ကာ ခေါက်ဆွဲကြော်နှင့် ရောမွှေပေးပါ
  • အရသာ အားလုံးသမသွားတာနဲ့ တရုတ်နံနံကို ထည့်မွှေပေးပြီးပါက ခေါက်ဆွဲကြော် မွှေးမွှေးလေးကို သုံးဆောင်နိူင်ပါပြီ။

Monday, 30 January 2023

တို့ဟူးကြော်

 

ဒီနေ့တော့ သားကြီးအိမ်လာလည်တုန်း တို့ဟူးကြော်လေး ကြော်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ နေ့လည်နေ့ခင်း အပျင်းပြေ စကားလေးပြောရင်း စားရလေအောင် မာမာပြင်ဆင်ပြီး တို့ဟူးကျိုနည်းနဲ့ ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကုလားပဲ အစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  3. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ပဲရည်စစ်ရန် ဇကာစိတ်စိတ် - တစ်ခု
  5. ဇောက်နက်ပြီး အိုးအသားထူသောအိုး - တစ်လုံး
ပြင်ဆင်ပုံ
  • ကုလားပဲ ပဲအစိမ်းမှုန့် ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူးကို ရေ ၁၄ဗူးခွဲနှင့် ၅နာရီလောက် အနည်းဆုံးစိမ်ထားပါ
  • ပဲကျိုပြီးသား ပဲအနှစ်ထည့်ရန် အနေတော်ဗူးကို ဆီသုတ်ထားပေးပါ
  • ပဲကျိုမည့်အိုးကို အောက်ခြေထူသော အိုးကိုသုံးကာ အပူပေးပါ
  • အိုးပူလာတာနဲ့ ရေစိမ်ထားသော ပဲရည်ကြည်ကို အရင်ထည့်ပြီး ၂မိနစ်လောက် ပြစ်လာအောင် ကျိုလိုက်ပါ
  • ပဲရည်ကြည် ပြစ်လာတာနဲ့ ကျန်နေသော ပဲအနှစ်များကို မုန့်လုပ်လျှင်သုံးသော ဂျုံစစ်ဇကာခံကာ ပဲရည်အိုးထဲလောင်းချပါ
  • ဆီနှင့် ဆားတို့ထည့်ပြီး ဆက်တိုက်မွှေပေးပါ
  • ၁၁မိနစ်လောက်နေရင် ပဲအနှစ် ပြစ်လာပြီ ဆိုတာနဲ့ ဆီသုပ်ထားသော ဇလုံထဲကို ခပ်မြန်မြန်လောင်းချပါ
  • မျက်နှာပြင် ညီအောင်ညှိပြီး နာရီ၀က်လောက် အေအးခံကာ မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ။

တို့ဟူးနှစ်ပြန်ကြော်ရန်
  • တို့ဟူးကို ခပ်ပါးပါး အနေတော် အတုံးလေးများ လှီးထားပါ
  • အထဲဘက်ကိုပါ ကျက်စေချင်တဲ့အတွက် ကန့်လန့်ဖြတ် ဓါးရာလေးတွေ ပေးထားပါ
  • ဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့မီးကိုအနေတော် လျှော့ပေးကာ တို့ဟူးကို တစ်တုံးခြင်း ထည့်ကြော်ပေးပါ
  • တို့ဟူးတုံးများ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အေအးခံထားပါ
  • ကြော်ပြီးသားများ အေးလာတော့မှ နောက်တစ်ကြိမ် ဆီကိုအပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အလယ်လောက်ထိ လျော့ချပြီးမှ ကြော်ပြီးသားတို့ဟူးများကို တစ်ခုခြင်း အိုးဆန့်သလောက်ထည့်ကာ ပြန်ကြော်ပေးပါ
  • မိနစ်၀က်လောက်ဘဲ ကြော်ပြီး ပြန်ဆယ်ပေးကာ ဆီစစ်ပေးပါ
  • ဆီစစ်တာနဲ့ တို့ဟူးကြော် စိမ့်စိမ့်မွှေးမွှေးလေးကို နှစ်သက်ရာ အချဉ်နှင့်တို့ကာ စားနိုင်ပါပြီ။

Sunday, 29 January 2023

ရွှေကြည် မုန့်ဟင်းခါး




Sydney မှာ  ရာသီဥတုက နွေရာသီ ဖြစ်နေလေတော့ ပူပူစပ်စပ် ရာသီဥတုလေးမှာ အစားအသောက် အနည်းငယ်တော့ ခံတွင်းပျက်ပါတယ် ဒါကြောင့်မို့လို့ ခံတွင်းလိုက်စေမဲ့ မုန့်ဟင်းခါးလေး ချက်စားဖြစ်ပါတယ်။ 

မုန့်ဟင်းခါးတို့ ထုံးစံအတိုင်း ဆန်လှော်မှုန်နဲ့  မချက်ဘဲ  ဒီတစ်ခါတော့ ရွှေကြည်မှုန့်နဲ့  ချက်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ငါးပြုပ်ရန် ပါ၀င်ပစ္စည်းများ ( မိသားစု ၄ယောက်စာအတွက် )
  1. ငါးခူ - သုံးဆယ်သား
  2. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ငါးဆေးရန်)
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငါးပြုပ်ရန်)
  5. ငါးငံပြာရည် - ထမင်စားးဇွန်း ငါးဇွန်း (ငါးပြုပ်ရန်)
  6. နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် (ငါးပြုပ်ရန်)
  7. စပါးလင် - သုံးပင် (ငါးပြုပ်ရန်)
  8. ငရုတ်သီးအပွတောင့် - ငါးတောင့် (ငါးပြုပ်ရန်)
  9. ရေ - ၂ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်) ငါးပြုပ်ရန်

ငါးပြုပ်ပုံ
  1. ငါးခူကို ဘေးဆူးတောင်များ ခုတ်ပြီး ဗိုက်ထဲမှ ကလီစာများ ထုတ်ပေးပါ
  2. ပြီးတာနဲ့ ဆား ထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီး ပွတ်တိုက်ဆေးပေးပါ
  3. ငါးအရည်ခွံ တော်တော်လေး ဖြူလာတာနဲ့ ရေစင်အောင်ဆေးပေးပါ
  4. စပါးလင်ကို အပင်လိုက် ရေဆေးပြီး အထုံးလေးထုံးထားပါ
  5. ငရုတ်သီး အပွတောင့်ကို ရေဆေးထားပါ
  6. ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေဆေးထားသော ငါးခူ ငါးငံပြာရည် ဆား  နနွင်းမှုန့်  စပါးလင် ငရုတ်ပွတောင့်ထည့်ကာ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  7. ငါးအသား နူလာတာနဲ့ အအေးခံပြီး အရိုးအသား သတ်သတ်စီ နွှင်ပေးပါ
  8. အရိုးနွှင်ပြီးတာနဲ့ ငါးအသားများကို ကျေသွားအောင် ချေထားပေးပါ
  9. အသားနွှင်ပြီးတာနဲ့ ငရုတ်ပွတောင့် ငါးအရိုးများနှင့် ထည့်ပြုပ်ထားသော စပါးလင်ချောင်းကို ကြေအောင်ထောင်းပြီး ရေအနည်းငယ်နှင့် အရည်ငင်ထားကာ ငါးပြုပ်ရည်ထဲမှာ ပြန်ရောပေးထာပါ။
ငါးဆီသတ်ရန် ပါဝင်ပစ္စည်းများ
  1. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း 
  2. ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်လုံး 
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ 
  4. ချင်း - နှစ်လက်မခန့် 
  5. စပါးလင် - အရင်းပိုင်း ငါးချောင်းခန့် 
  6. ဆီ - နှစ်ဆယ်သားခန့် 
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
  8. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း (ငါးဆီသတ်ရန်)
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း ( ငါးဆီသတ်ရန်)

ငါးဆီသတ်ပုံ
  • ကြက်သွ န်ဖြူနှင့် ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ ငရုတ်သီးအရောင်တင်မှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ငါးပြုပ်အရိုးထွင်ပြီးသားနှင့် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြ င်ထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းပြီးသားကိုထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရိုးထွင်ပြီးသား ငါးအသား ငါးငံပြာရည်ကိုနှင့် ဆားတို့ကို ထည့်ပေးပါ
  • ငါးအသားကို အိုးမကပ်စေရန် မကြာမကြာ မွှေမွှေပေးပြီး ဆီသတ်ပေးပါ
  • ဆီသတ်ထားတာ ဆီပျံလာတာနဲ့ မီးပိတ်ပြီး မီးဖိုပေါ်က ဖယ်ပေးထားပါ။

ပဲပြုပ်ရန် ပါဝင်ပစ္စည်းများ
  1. ကုလားပဲဆံ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပဲပြုပ်ပုံ
  • ကုလားပဲဆံကို ရေလေးခါလောက် ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ဇောက်နက်သော အနေတော် အိုးထဲကို ထည့်ပေးပါ
  • ပဲများကို ရေမြုပ်အောင် ထည့်ပေးပြီး ဆားနှင့်နနွင်းမှုန့်ထည့်ကာ ပဲများနူးအောင် ပြုပ်ပေးပါ
  • ပထမ တစ်ရည်နဲ့ ပဲမနူးသေးပါက ရေထပ်ထပ် ထည့်ပေးပြီး ပဲနူးတဲ့အထိ ပြုပ်ပေးပါ
  • ပဲများနူးပါက ဇကာတိုက်ပြီး ပဲများကျေတဲ့အထိ အနှစ်တိုက်ပေးထားပါ။
ရွှေကြည်မှုန့်လှော်ပုံ
  • ရွှေကြည်မှုန့် ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူးကို ဒယ်အိုးထဲမှာ ထည့်ပြီး အပူပေးပါ
  • ရွှေကြည်မှုန့်များ အကျက်ညီစေရန် အဆက်မပြတ် မွှေမွှေပေးပါ
  • ရွှေကြည်မှုန့်များ တစ်အိုးလုံး ရွှေအိုရောင် သန်းလာပါက မီးဖိုပေါ်က ဖယ်ပေးပြီး အအေးခံထားပါ
  • ရွှေကြည်မှုန့်များ အေးသွားပါက မုန့်ဟင်းရည် ချက်ဖို့အတွက် လိုသလောက်ဘဲ သုံးပေးပါ
  • ကျန်နေတဲ့ ရွှေကြည်မှုန့်များ ကိုတော့ လေလုံပုလင်းထဲမှာ ထည့်ပြီးသိမ်းထားနိူင်ပါတယ်။
မြေပဲလှော်ထောင်းနည်း
  • မြေပဲ ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • အိုးပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီး လှော်ပေးပါ
  • မြေပဲလှော်များ ကြွတ်လာတဲ့အထိ လှော်ပေးပြီး အအေးခံထားပါ
  • မြေပဲလှော်များ အေးသွားတာနဲ့ အခွံများ ချွတ်ပြီး ပြာထုတ်ပေးပါ
  • အခွံများ ပြောင်သွားတာနဲ့ ငရုတ်ဆုံထဲထည့်ပြီး မညက်တစ်ညက် ထောင်းထားပါ။
ဆီချက်ချက်ရန် ပါဝင်ပစ္စည်းများ
  1. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂၀မွှာ (ဆီချက်ချက်ရန်)
  2. ဆီ - မုန့်လုပ်ရာတွင် ချင်သောခွက် သုံးခွက်စာ (ဆီချက်ချက်ရန်)
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဆီချက်ချက်ရန်)
ဆီချက် ချက်နည်း
  1. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
  2. ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထဲ့ပြီး အပူပေးပါ 
  3. ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီး ကြက်သွန်ဖြူထောင်းကို ထဲ့ကြော်ပေးပါ
  4. ကြော်နေစဉ် အကျက်ညီစေရန် မွှေမွှေပေးပါ
  5. ကြက်သွန်အားလုံး ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးကာ အအေးခံထားပေးပါ
  6. ဆီနှင့် ကြက်သွန်ကြော်များ အေးသွားပါက ပန်းကန်တစ်ခုထဲမှာ ရောပြီး ထဲ့ပေးထားပါ။
ငရုတ်ကောင်းလှော်ထောင်းနည်း
  • ငရုတ်ကောင်း ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • အိုးပူလာတာနဲ့ အကျက်ညီစေရန် မီးကိုအနေတော်လျှော့ပြီး လှော်ပေးပါ
  • ငရုတ်ကောင်းများ မွှေးနံ့ထွက်လာပြီး ကြွတ်ရွလာပါက မီးပိတ်ပြီး အအေးခံထားပါ
  • ငရုတ်ကောင်းများ အေးသွားပါက ကော်ဖီကြိတ်စက်လေးနှင့် ညက်နေအောင် ကြိတ်ပေးပါ
  • မုန့်ဟင်းရည် ချက်ရာမှာ လိုသလောက်ဘဲ အသုံးပြုပါ
  • ပို​နေသော ငရုတ်ကောင်းမှုန့်များကို လေလုံပုလင်းထဲထည့်ပြီး သိမ်းထားပေးပါ။

ငှက်ပျောအူလှီးရန် ပါဝင်ပစ္စည်းများ
  1. ငှက်ပျောအူ - တစ်ထွာသာသာလောက် (နုတဲ့နေရာကိုဘဲ သုံးပါ)
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း 
  3. ရေ - လိုသလောက် သုံးပါ

ငှက်ပျောအူလှီးပုံ

  • ဇလုံတစ်လုံးထဲမှာ ရေနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းတို့ကိုထည့်ပြီး ဖျော်ထားပါ
  • ငှက်ပျောအူကို အဖတ်လေးတွေ ခွာပေးပြီး အကျောသင်ပေးပါ
  • အကျောသင်ပြီးတာနဲ့ မထူမပါးလေးတွေလှီးပြီး နနွင်းဖျော်ထားသော ဇလုံထဲမှာထည့်ပြီး စိမ်ထားပါ

ဟင်းရည်ချက်ရန် ပါဝင်ပစ္စည်းများ
  1. ကြက်သွန်နီ - အလုံးသေး ၁၀လုံး
  2. မြေပဲလှော် ထောင်းပြီးသား - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာ
  3. ရွှေကြည်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာသာသာ
  4. ပဲအနှစ်တိုက်ပြီးသား - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာသာသာ
  5. ငှက်ပျောအူ - မိမိနှစ်သက်သလောက် (သို့)
  6. ကြာစွယ် - မိမိနှစ်သက်သလောက်
  7. ကြက်ဥ (သို့) ဘဲဥ - သုံးလုံး (လှီးပြီးထည့်ရန်)
  8. ကြက်ဥ သို့ (ဘဲဥ) - ငါးလုံး (အိုးဘဲဥလုပ်ရန်)
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ(ဟင်းရည်ထဲထည့်ရန်)
  10. ငါးငံပြာရည်- ထမင်းစားဇွန်း ခြောက်ဇွန်း
  11. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးဇွန်း
  13. ရေ - ၂၀ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်) ဟင်းရည်ချက်ရန်
ဟင်းရည်အိုးတည်ပုံ
  1. မုန့်ဟင်းရည်ချက်ရန် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  2. ရွှေကြည်မှုန့်ကို ရေနှင့်ဖျော်ထားပါ
  3. ဆား အချိုမှုန့် ငရုတ်ကောင်းမှုန့်နှင့် ငါးငံပြာရည်ကိုတို့ ပြင်ထားပါ
  4. ကြက်သွန်နီ အလုံးသေးများကို အခွံခွာပြီး ရေဆေးထားပါ
  5. ငှက်ပျောအူကို အကြောသင်ပြီး ခပ်ပါးပါးလှီးကာ နနွင်းရည်မှာ စိမ်ထားပါ
  6. ကြက်ဥများကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
  7. ကြက်ဥ သုံးလုံးကို ခပ်ပါးပါး လှီးထားပါ
  8. ကြက်ဥငါးလုံးကို အခွံခွာပြီး အလုံးလိုက်ထားပါ
  9. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ ငါးပြုပ်ရည် မြေပဲလှော်ထောင်း ပဲအနှစ် ရေ ဆား ငါးငံပြာရည် အချိုမှုန့် ကြက်ဥအလုံးလိုက်နှင့် ဆီသတ်ထားသော ငါးအသားတို့ကို ထဲ့ပေးပြီး မီးဖိုပေါ်တင်ပြီး တည်ပေးပါ
  10. ဟင်းရည်အိုး ပွက်ပွက်ဆူလာပါက ရေဖျော်ထားသော ရွှေကြည်မှုန့် အရည်ဖျော် ငှက်ပျောအူနှင့် ကြက်သွန်နီတို့ကို ထည့်ပေးပြီး ဆက်တည်ပေးပါ
  11. ရွှေကြည်မှုန့်များ အိုးမကပ်စေရန် မကြာမကြာ မွှေမွှေပေးပါ
  12. ငှက်ပျောအူများ နူးလာပါက လှီးထားသော ကြက်ဥများနှင့် ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပေးပါ
  13. ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အပေါ့အငံ အရသာ ရလာအောင် ပြင်ပေးပါ
  14. အရသာ ပြင်ပေးပြီးတာနဲ့ မီးကိုပိတ်လိုက်ပြီး လက်ကျန်မီးအပူရှိန်နှင့် မီးဖိုပေါ်မှာ တင်ထားပေးပါ။
  15. ငှက်ပျောအူ မရှိပါက ကြာစွယ်ထည့်ပြီး ချက်နိူင်သလို ထဲ့မချက်လဲ ရပါတယ်။

မုန့်ပွဲပြင်ရန် ပါဝင်ပစ္စည်းများ
  1. မုန့်ဖတ် - တစ်ကီလိုခွဲ
  2. အကြော်စုံ - မိမိနှစ်သက်သလောက်
  3. နံနံပင် - မိမိနှစ်သက်သလောက်
  4. ပူစီနံ - မိမိနှစ်သက်သလောက်
  5. ကြက်သွန်ဖြူ ဆီချက်ဖတ် - မိမိနှစ်သက်သလောက်
  6. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  7. သံပုရာသီး - မိမိနှစ်သက်သလောက်
မုန့်ပွဲပြင်ဆင်ပုံ
  1. မုန့်ဖတ်နှင့် ဟင်းရည်တို့ကို ပြင်ထားပါ
  2. နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပေးပါ
  3. ပူစီနံကို ရေဆေးထားပါ
  4. မိမိနှစ်သက်ရာ အကြော်တို့ကို ပြင်ထားပေးပါ
  5. ကြက်သွန်ဖြူဆီချက်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ပြင်ထားပါ
  6. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပန်းကန်တစ်ခုထဲမှာ မုန့်ဖတ်နှင့်အတူ မိမိနှစ်သက်ရာ အသီးအရွက်နှင့် အကြော်တို့ကို အနည်းငယ်စီ ထဲ့ပေးပါ
  7.  မုန့်ဟင်းရည်ဆမ်းကာ အိုးကြက်ဥတစ်လုံး ထည့်ပေးပြီးပါက မုန့်ဟင်းခါး ဟင်းရည်မွှေးမွှေးလေးကို မိမိနှစ်သက်သလို ပြင်ဆင်ပြီး စားသုံးနိူင်ပါပြီ။
မှတ်ချက် ။ ။ အငံအရသာကိုတော့ မိမိတို့စိတ်ကြိုက် ထဲ့ပေးနိူင်ပါတယ် မာမာကတော့ အငံအရသာ ခပ်ပေါ့ပေါ့ စားတဲ့အတွက် အငံအရသာကို လျှော့ပေးပြီး ချက်ထားပါတယ်။