Friday, 30 September 2022

ဝက်သား ကြက်ဟင်းခါးသီးဟင်း

 


ဒီနေ့တော့ ကြက်ဟင်းခါးသီးကို ဝက်သားစင်းကောနဲ့ ဆီပြန်ဟင်းလေး ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာချက်ထားတဲ့ ကြက်ဟင်းခါးသီး ဆီပြန်ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ဟင်းခါးသီး - အနေတော် လေးလုံး
  2. ဝက်သားစင်းကော - မိမိနှစ်သက်သလောက် သုံးပေးပါ
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ညက်အောင် ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ညက်အောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  10. ဆီ - ထမင်စားဇွန်း ရှစ်ဇွန်း

ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်ဟင်းခါးသီးကို အလယ်မှအရှည်လိုက် ထက်ခြမ်းခွဲ၍ အစေ့များဖယ်ကာ မထူမပါးလေးတွေ လှီးပေးပါ
  • အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • ဖယ်ထားသော အစေ့များကို အသုံးမလိုသောကြောင့် ပြစ်လိုက်ပါ
  • စင်းထားသော ဝက်သားများကို ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ်လေးတွေ လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး နုတ်နုတ်စင်းထားပါ
  • ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ငရုတ်သီးမှုန့်ထည့်ပြီး ညက်အောင် ရောပြီးထောင်းပေးပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  • ပြီးတာနဲ့ ဝက်သားစင်းကောကို ထည့်ကြော်ပေးပါ
  • ဝက်သားလေးတွေ မာလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ ရေခမ်းတဲ့အထိ တည်ပေးပါ
  • အသားများ ရေခမ်းလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးထောင်းကို နွမ်းပြီး မွှေးသွားတဲ့အထိ ကြော်ပေးပါ
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ ကြက်ဟင်းခါးသီးကို ထည့်မွှေပေးပါ
  • ဆား အရသာမှုန့်တို့ ထည့်မွှေပြီး တစ်မိနစ်လောက်ပြည့်တာနဲ့ ရေ ထမင်းစားဇွန် ၇ ဇွန်းလောက်ထည့်ပြီး အားလုံးကို သမအောင်မွှေကာ အိုးအဖုံးအုပ်ပြီး ချက်ပေးပါ
  • ဟင်းအိုးမကပ်စေရန် မမွှေဘဲ အိုးကိုလှုပ်လှုပ်ပေးပါ
  • အိုးထဲမှာ ဆီသံကြားပြီး ရေခမ်းလာတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ဝက်သားစင်းကော ကြက်ဟင်းခါးသီးဟင်း ခါးတားတား ခပ်စပ်စပ်လေးကို စားဖို့ပြင်ဆင်နိုင်ပါပြီ။

Tuesday, 27 September 2022

ထမင်းပေါင်း

 









ဒီနေ့တော့ အသီးအရွက်လေးတွေနဲ့ ထမင်းပေါင်း ပူပူလေး ချက်စားဖြစ်ပါတယ် အသားဟင်း မလိုဘဲ အသီးအရွက်လေးတွေနဲ့ ပြင်ထားတာမို့ လို့ မာမာပြင်ဆင်ပြီး ချက်ဖြစ်ခဲ့တဲ့ ထမင်းပေါင်း အလွယ်ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. Jasmine Rice ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူးခွဲ
  3. ပန်းဂေါ်ဖီ - တစ်ခြမ်း
  4.  ဂေါ်ဖီ - တစ်ခြမ်း
  5. မုံလာဥနီ - ခပ်ကြီးကြီး နှစ်ဥ
  6. တရုတ်နံနံ - အနေတော် နှစ်ပင်ခန့်
  7. ကြက်သွန်နီ - အနေတော် တစ်လုံး
  8. ချယ်ရီခရမ်းချဉ်သီး - ခွန်နှစ်လုံး
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  10. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်းသာသာ
  11. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  12. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်

ကော်ရည်ဖျော်ရန်
  • ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  • ရေ. - ဟင်းပြင်ပန်းကန် အကြီးတစ်လုံး မရှိတစ်ရှိတို့ကို အားလုံးရောပြီး ဖျော်ထားပါ
  • ကော်ရည်များများ ကြိုက်ပါက ရေပိုထဲ့ပြီး ဖျော်ပေးပါ
ပြင်ဆင်ပုံ
  • ဆန်ကိုရေ နှစ်ထပ်ဆေးပြီး ရေထည့်ပေးကာ ပေါင်းအိုးခလုတ်နှိပ်ပြီး ကျက်သွားအောင် ချက်ထားပါ
  • ပန်းဂေါ်ဖီကို ရေဆေးပြီး အခက်လေးများ ရအောင် လှီးပေးထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ထူထူ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ပန်းပွင့်ပုံစံ လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး ခပ်ကြမ်ကြမ်း လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ပြီး အဖတ်လေးများ ရလာအောင် ခွာထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ခြမ်းခြမ်း ပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ အိုးအောက်ချေထူသော အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ 
  • ဆီပူလာတာနဲ့ကြက်သွန်ဖြူကို မွှေးလာတဲ့ထိ ကြော်လိုက်ပါ
  • ကြက်သွန်ဖြူ  အနံ့လေး မွှေးလာတာနဲ့ တရုတ်နံနံမှလွဲပြီး အသီးအရွက်များ အားလုံးကို ထဲ့ကြော်လိုက်ပါ
  • နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ဖျော်ထားသော ကော်ရည်ကို လောင်းထဲ့ပါ
  • အရသာ မျှတအောင် အားလုံးကို မွှေပေးပြီးတာနဲ့ ပဲငံပြာရည်ထဲ့ကာ မွှေပေးပါ
  • ကော်ရည်ပြစ်လာတာနဲ့ အရသာ မြည်းပေးပါ
  • အရသာမြည်းပြီးတာနဲ့ မိမိနှစ်သက်သလို အရသာ ရလာအောင် ပြင်ပေးပြီး တရုတ်နံနံထဲ့ပြီး မွှေပေးပါ
  • ကော်ရည်များများ ကြိုက်ပါက ရေထပ်ထဲ့ပြီး မွှေပေးနိုင်ပါတယ်အ
  • သီးအရွက်များ နူးလွန်းပါက စားလို့မကောင်းတဲ့အတွက် ချက်ချိန် လေးမိနစ် သာသာလောက်ဘဲ ချက်ပေးပြီး မီးပိတ်ပေးပါ။
ထမင်းပွဲပြင်ဆင်ပုံ
  1. ချက်ပြီးသား ထမင်းကို ပန်းကန်ပြား တစ်ချပ်ထဲမှာ ထည့်ပေးပါ
  2. ပြီးတာနဲ့ ချက်ပြီးကာစ ပူနေသော အသီးအရွက် ကော်ရည်တို့ကို ထမင်းပေါ်သို့ ဇွန်းမှုတ်နှင့်ခပ်ကာ လောင်းချပေးပြီး ပြင်ပေးပါ
  3. ထမင်းပေါင်း ပွဲပြင်ပြီးတာနဲ့မိမိတို့  နှစ်သက်ရာ အချဉ် အစပ်တို့နှင့် တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ ။

Thursday, 22 September 2022

မုံလာဥ အော်ကွေ့ကြည်



အခုရက်ထဲ အသီးအရွက်ဈေးကို သွားလေတိုင်း မုံလာဥတွေ တွေ့တွေ့နေရတော့ အော်ကွေ့ကြည်လေး လုပ်စားချင်က ပေါ်လာခဲ့ပြန်ပါတယ်။ 

ဒါကြောင့်မို့လို့  ဒီနေ့တော့ မနေ့က လုပ်စားဖြစ်တဲ့ မုံလာဥ အော်ကွေ့ကြည် လုပ်နည်းလေးကို မျှဝေပေးမှာ ဖြစ်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မုံလာဥဖြူ - တစ်လက်မခန့် ခြောက်တုံး 
  2. ကော်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  3. ဆန်စိမ်းမှုန့် - နှစ်ဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)
  4. ရေ - ထမင်းစားဇွန်း ဆယ်ဇွန်းခန့် (မုံလာဥကြိတ်ရန်)
  5. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ဆီ - လိုသလောက် သုံးပေးပါ
  8. ရေ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပြုလုပ်ပုံ
  • မုံလာဥဖြူကို အခွံခွာပြီး ရေဆေးကာ အနေတော် အတုံးလေးတွေ တုံးပေးပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ မုံလာဥများထည့်ပြီး မုံလာဥများ မြုပ်လောက်တဲ့အထိ ရေထည့်ပေးပါ
  • ပြီးတာနဲ့ မုံလာဥများ နူးလာအောင် ပြုပ်ပေးပါ
  • မုံလာဥများ နူးလာတာနဲ့ မုံလာဥများကို ဆယ်ပေးကာ ဘလင်ဒါထဲ ထည့်ပေးပါ
  • ကြိတ်လို့ လွယ်ကူစေရန် ရေကိုထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ဇလုံတစ်လုံးထဲမှာ ပုဇွန်ခြောက်မှုန့် ကြိတ်ထားသော မုံလာဥ အရသာမှုန့် ဆန်မှုန့် ကော်မှုန့်နှင့် ရေအနည်းငယ် တို့ကိုထည့်ပြီး သမအောင် မွှေပေးပါ
  • မံလာဥ မုန့်နှစ် အရမ်းကျဲကျဲကြီး မဖြစ်စေရန် ရေကိုချင့်ချိန်ပြီး ထည့်ပေးပါ
  • မုန့်ပေါင်းမည့် ခွက်ကို ဆီခပ်များများနဲ့ ရွှဲနေအောင် သုတ်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဆီသုတ်ထားသော ခွက်ထဲမှာ မုံလာဥ မုန့်နှစ်များကို ထည့်ပေးပါ
  • မုန့်ပေါင်းမည့် ပေါင်းအိုးအောက်ခံအိုးထဲမှာ ရေတစ်ဝက်လောက် ထည့်ပေးပါ
  • ထိုရေထဲမှာ ပေါင်းခံဇကာကို ထည့်ပေးကာ ထိုဇကာ အပေါ်မှာ မုန့်နှစ်ထည့်ထားသော ခွက်ကိုထည့်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးအုပ်ကာ မီးအနေတော်နှင့် လေးဆယ့်ငါးမိနစ်လောက် ပေါင်းပေးပါ
  • မုန့်သားပေါင်းချိန် ပြည့်တာနဲ့ အိုးထဲမှ ထုတ်ကာ အအေးခံပေးပါ
  • မုန့်သားက ပေါင်းပြီးသား ဖြစ်တဲ့အတွက် အနေတော်လေးတွေ လှီးပေးကာ အရသာ စပ်ထားသော အချဉ်ရည်နှင့် ဒီအတိုင်းလဲ စားသုံးနိူင်သလို မိမိနှစ်သက်တဲ့ ပုံစံလေးတွေလှီးပြီး ဒယ်အိုးထဲမှာ ဆီထည့်ကာ ကြော်စားနိူင်ပါသေးတယ်။
အော်ကွေ့ကြည်နှင့်စားရန် အချဉ်စပ်ရန် ပါဝင်ပစ္စည်းများ
  1. မိမိနှစ်သက်ရာ ငရုတ်ဆီ - ထမင်းစားဇွန်း လေးဇွန်း
  2. နံနံပင် - မိမိနှစ်သက်သလောက်
  3. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  4. ကြက်သွန်ဖြူ  - အမွှာသေး ဆယ်မွှာခန့်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  7. ရေကျက်အေး - ထမင်းစားဇွန်း သုံးဇွန်း
အချဉ်စပ်ပုံ
  • နံနံပင်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းများကို ထည့်ပေးပြီး သမအောင် မွှေပေးပါ
  • အရသာ သမသွားတာနဲ့ အရသာ မြည်းပေးကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ ။

Wednesday, 21 September 2022

သံပုယိုသီးထောင်း

 




ဒီနေ့တော့ ထမင်းစားလို့ မြိန်စေမဲ့ သံပုယိုသီး အမွှာထောင်းလေး ထောင်းဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီးထောင်းထားတဲ့ ထောင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သံပုယိုသီး - အလုံးကြီးကြီး နှစ်လုံး
  2. ပုဇွန်ငပိ - ထမင်းစားဇွန်း မောက်မောက် ၄ဇွန်းခွဲ
  3. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း ငါးဇွန်းမောက်မောက်
  4. မြေပဲလှော် - ထမင်းစားဇွန်း လေးဇွန်း
  5. ငရုတ်သီး အလှော်မှုန့် - မိမိစားနိူင်သလောက်ထည့်ပါ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  7. ကြက်သွန်နီ -အလုံးခပ်သေးသေး သုံးလုံး
  8. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်ထည့်ပါ
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (သံပုယိုသီး ဆားရည်စိမ်ရန်)
ပြင်ဆင်ပုံ
  • ဆားကို ပန်းကန်လုံး တစ်လုံးထဲမှာ ထည့်ပေးပြီး ရေလက်ဖက်ရည် ပန်းကန်လုံး တစ်လုံးသာသာနှင့် ဖျော်ထားပါ
  • သံပုယိုသီးကို အခွံခွာပြီး အဖြူရောင် အကာများ မပါအောင် ဖယ်ပေးပြီး အသားမွှာလေးတွေ ထွင်ပေးပါ
  • ထို ထွင်ထားသော သံပုယိုသီး အသားမွှာ အဖတ်လေးများကို ဆားရည်ဖျော်ထားသော ရည်ထဲမှာ စိမ်ထားပါ
  • ပုဇွန်ငပိကို မိုက်ခရိုဝေ့ထဲမှာ စက္ကန့်၃၀ဆီ ၂ခါကင်ပေးပါ
  • မိုက်ခရိုဝေ့ မရှိပါက မီးဖိုပေါ်မှာ ဒယ်အိုးခပ်သေးသေး တစ်လုံးထဲ ပုဇွန်ငပိကိုကပ်ကာ ကင်ပေးပါ
  • အပေါ်ယံ တင်းလာပါက နောက်တစ်ဖက်ကို လှန်ပြီး ဆက်ကင်ပေးပါ
  • ငရုတ်သီးစိမ်းများကို ရေဆေးပြီး လှော်ပေးကာ မညက်တစ်ညက် ထောင်းထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ထားပါ
  • မြေပဲလှော် အရသာမှုန့်နှင့် ငရုတ်သီး အလှော်မှုန့်ကိုလဲ အဆင်သင့် ပြင်ထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ အရင်ဆုံး ငရုတ်ဆုံထဲမှာ ပုဇွန်ခြောက်မှုန့် မြေပဲ ကြက်သွန်နီ  ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူတို့ကို ထည့်ထောင်းပေးပါ
  • အားလုံး မညက်တစ်ညက် အနေအထား ရတာနဲ့ အရသာမှုန့် နှင့် ပုဇွန်ငပိတို့ကို ထည့်ထောင်းပေးပါ
  • ပြီးတာနဲ့ ပုဇွန်ငပိထောင်းကို သံပုယိုသီးအမွှာ အဖတ်နှင့် ရောမွှေပေးကာ ချဉ်ငံစပ်ပြီး မွှေးနေတဲ့ ငပိထောင်းကို မိမိနှစ်သက်တဲ့ တို့စရာလေးတွေနဲ့ တွဲဖက်ကာ စားသုံးနိူင်ပါပြီ။

Monday, 19 September 2022

ငရုတ်သီးစိမ်း ငါးခူဟင်း




ဒီနေ့တော့ ငါးခူကို ငရုတ်သီးစိမ်းနဲ့ အချဉ်ဆီပြန် ချက်ပါတယ် မာမာက တော်ရုံတန်ရုံဆို  ငါးဟင်းကို အိမ်ကချက်တာ မဟုတ်ရင် စားခဲပါတယ်။

အိမ်မှာချက်ရင်လဲ ပြီးစလွယ် ဟင်းဖြစ်ရင်ပြီးရော ချက်ခဲတော့ ငါးချက်တိုင်း အချိန်တော့ ပိုပေးရပါတယ်။

ငါးခူဟင်းချက်ရင် သတိထားရတာက  ငါးကိုအညှိလုံး ထုတ်ပြီး ခပ်ပါးပါး လှီးရတာပါဘဲ အညှိလုံး မထုတ်မိရင် ဟင်းက ညှီနံ့ပြင်းသလ်ို ခပ်ထူထူလှီးရင်လဲ ဟင်းချက်ပြီးတဲ့အခါ အသားက ဖုံပွပွကြီး ဖြစ်နေတတ်သလို ငါးခူရဲ့ အရည်ခွံက မည်းတဲ့အတွက် အမြင်မလှပါဘူး။

ဒါကြောင့်မို့လို့ ငါးခူကို မာမာကိုယ်တိုင် ဆေးကြောခုတ်ထစ်ပြီး အရသာနယ်ကာ ချက်ထားတဲ့အတွက် မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. ငါးခူ - 1000 g
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ငရုတ်ကောင်း - အစေ့ ၂၀ခန့်င
  5. ရုတ်သီးစိမ်း - မိမိစားနိူင်သလောက် သုံးပေးပါ
  6. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း 
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ (ငါးအရသာ နယ်ရန်)
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငါးနယ်ဆေးရန်)
  9. မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် နှစ်လုံးစာ (တစ်လုံးစာကို ငါးနယ်ဆေးရန် ကျန်တစ်လုံးစာကို ဟင်းချက်ရန်)
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  11. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ငါးအရသာနယ်ရန်)
  12. ဆားကြမ်း ( ထမင်းစားဇွန်း နှစ်ဇွန်း ငါးနယ်ဆေးရန်)
  13. ဆီ - ထမင်းစားဇွန်း ၇ဇွန်း


ပြင်ဆင်ပုံ

  • အရင်ဆုံး ငါးခူကို ဆူးတောင်ခုတ်ပြီး ဆား နနွင်းထည့်ပြီး အကောင်လိုက် ပွတ်တိုက်ပြီး ရေဆေးပါ
  • နောက်တဆင့် မကျည်းသီး အမှည့်ထည့်ပြီး ငါးကို အညှိများ ထွက်လာအောင် နယ်ပြီး ရေဆေးပေးပါ
  • ပြီးတာနဲ့ ခေါင်းနှင့်ဆူးတောင်ကြားမှ အသားနေရာကို ဓါးနှင့်မွှန်းပြီး အသားထဲမှ အညှိလုံး နီညိုရောင်ကို ညှစ်ထုတ်ပေးပါ 
  • ဆူးတောင်နှစ်၂ဖက်လုံးမှ အညှိလုံးကို ထုတ်ပေးပါ
  • အားလုံးပြီးလျှင် ငါးကို ခပ်ပါးပါး ခပ်ရွှေရွှေ စောင်းစောင်းလေးတွေလှီးပြီး ရေစင်အောင် ထပ်ဆေးပေးပါ
  • ရေဆေးပြီးပါက ငံပြာရည် နနွင်းမှုန့် ဆားနှင့် အရသာမှုန့်တို့နဲ့ အရသာနယ်ပြီး ၁၀မိနစ်လောက် နှပ်ထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ငရုတ်သီးစိမ်းကို အညှာချွေပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းကာ အဆင်သင့် ပြင်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေထည့်ကာ ရေတစ်နာရီလောက် စိမ်ထားပါ
  • ငရုတ်ကောင်းကို အနည်းငယ် လှော်ပေးပြီး မညက်တစ်ညက် ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင် ဒယ်အိုးထဲမှာ ဆီထည့်ပြီ မီးအပူပေးပါ 
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်ကောင်းမှုန့် ငရုတ်သီးစိမ်း ထောက်းတို့ကို ထည့်ကြော်ပါ
  • ငရုတ်သီး အနံ့မွှေးလာပါက ငါးကိုထည့်ပြီး လေးငါးချက်လောက် မွှေပေးပါ 
  • ပြီးတာနဲ့ ငါးအသားများ မာပြီး အရောင်ပြောင်းလာတဲ့ထိ အိုးကိုလှုပ်လှုပ်ပေးပြီး ဆီသတ်ပေးပါ
  • ဆီသတ်နေစဉ် အသားများ ကြေမသွားစေရန် မမွှေတော့ဘဲ အိုးကို ကိုင်ပြီးလှုပ်ပေးပါ
  • ငါးအသား မာလာပါက ရေမြုပ်အောင်ထည့်ကာ ငံပြာရည်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူပြီး ရေအနည်းငယ် ခမ်းလာပါက မကျည်းမှည့် အရည်ကိုထည့်ပြီး ဆီပြန်အောင် တည်ပေးပါ
  • ဆီပြန်ကာနီး အိုးကို လှုပ်လှုပ်ပေးကာ အောက်ခြေမကပ်အောင် သတိထားပြီး တည်ပေးပါ
  • ဆီပြန်လာပါက ငရုတ်ကောင်းနံ့ မွှေးမွှေးလေးနှင့် ငါးခူချဉ်ငံစပ် ဆီပြန်ဟင်းလေး ရပါပြီ။

Sunday, 18 September 2022

အမဲသားဟင်း

 


ဒီနေ့တော့ အမဲသားကို ခရမ်းချဉ်သီးလေးနဲ့ ဆီပြန်လေး ချက်ပါတယ် ခရမ်းချဉ်သီးရဲ့ အချဉ်အရသာလေးကြောင့် အမဲသားဟင်းက မအီတော့ဘဲ ပိုပြီးစားလို့ ကောင်းစေတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အမဲသား - 500 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ချင်းထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  5. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ခရမ်းချဉ်သီး - အလုံးကြီးကြီး ငါးလုံး (သို့မဟုတ်)
  8. Ready made ခရမ်းချဉ်သီးဗူး - 400 g
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်အ
  10. ရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  12. ဆီ - ထမင်းစားဇွန်း ငါးဇွန်း

ပြင်ဆင်ပုံ
  • အမဲသားကို အတုံးလိုက် ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • တုံးထားသော အမဲသားများကို အရသာမှုန့် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  • စပါးလင် အရင်ပိုင်းကို ရေစင်အောင် ဆေးပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ (သို့မဟုတ်)
  • Ready made ဗူး သုံးပါက အဖုံးဖွင့်ထားပါ
ချက်ပြုပ်ပုံ
  1. ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  2. ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
  3. ဆီသတ်နံ့ မွှေးလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
  4. ခရမ်းချဉ်သီးများ ကျေသွားတော့မှ အရသာ နယ်ထားသော အမဲသားများကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  5. အမဲသားများ မာလာတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  6. ပထမ တစ်ရည်ခမ်းလာတာနဲ့ နောက်တစ်ရည်ကို ချင့်ချိန်ထည့်ပြီး ဆားထည့်ကာ ရေဆူအောင် ထပ်တည်ပေးပါ
  7. ဆီပြန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ ချဉ်ဖြုန့်ဖြုန့် အရသာလေးနဲ့ အမဲသားဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။

Saturday, 10 September 2022

ကြက်သား ငရုတ်ပွကြော်

 


ဒီနေ့တော့ ငရုတ်ပွ အနီရောင်နဲ့ အစိမ်းရောင်လေးတွေ ဝယ်လာကာ ကြက်သားနဲ့ ကြော်ပါတယ် ထမင်းစားလို့ မြိန်တဲ့ ဟက်းတစ်မယ် ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - အနေတော် တစ်ခု
  2. ငရုတ်ပွ အနီရောင် - တစ်ခု
  3. ငရုတ်ပွ အစိမ်းရောင် - တစ်ခု
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ဆား - အနည်းငယ် 
  6. ပဲငံပြာရည်အကြည် - အနည်းငယ်
  7. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဝက်သာသာ
  8. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  9. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  10. ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဟင်းချက်ဝိုင် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ ( မထည့်လဲရ)
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  13. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  14. ဆီ - ထမင်းစားဇွန်း ၇ဇွန်းခန့် 
ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်ရင်ပုံသားကို ရေဆေးပြီး ခပ်ရှည်ရှည် အမြှောင်းလေးတွေ လှီးထားပါ
  • လှီးထားသော ကြက်ရင်ပုံသားကို ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် အရသာမှုန့်  ခရုဆီ ငရုတ်ကောင်း နှမ်းဆီမွှေး ဟင်းချက်ဝိုင်နှင့် ကော်မှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ထားပြီး ၁၅မိနစ်လောက် နှပ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ငရုတ်ပွ နှစ်မျိုးလုံးကို ရေဆေးပြီး အညှာဖက်မှ လှီးထုတ်ပေးပါ
  • အြီးတာနဲ့ ထက်ဝက်ခြမ်းပြီး အထဲမှ အူတိုင်နှင့် အစေ့များ ဖယ်ပေးကာ မထူမပါးလေးတွေ ပုံပါအတိုင်း လှီးပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ 
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကိုထည့်ပြီး အနည်းငယ် နွမ်းတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်ဖြူ နွမ်းလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို ထည့်ကြော်ပေးပါ
  • ကြက်သားများ မာတင်းလာပြီး အိုးအထဲမှ အရည်များ အရမ်းမခမ်းသေးခင် လှီးထားသော ငရုတ်သီးများကို ထည့်ကြော်ပေးပါ
  • ငရုတ်သီးများ အနည်းငယ် နွမ်းရုံလောက်ဘဲ ကြော်ပေးပြီးပါက အရသာ မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီးပါက မီးပိတ်ပေးပါ
  • ပြီးတာနဲ့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ကြက်သားငရုတ်ပွကြော်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။