Thursday, 7 April 2022

ကြက်သားပေါင်း

 


ဒီနေ့တော့ ကြက်ပေါင်လေးတွေ ဝယ်လာပြီး  ကြက်ပေါင်းလေး လုပ်ဖြစ်ပါတယ် ဒီကြက်ပေါင်းလေးက ထမင်းနဲ့လဲ လိုက်ဖက်သလို ကြာဆံဆီချက် ခေါက်ဆွဲဆီချက်လေးတွေ လုပ်စားရင်လဲ စားလို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်သား - 400 g
  2. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ချင်း - လက်တစ်ဆစ်ခန့်
  4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ကြက်သားများကို ရေစင်အောင်ဆေးပြီး ပဲငံပြာရည် ဟင်းခတ်မှုန့် နှင့် ဆားတို့ထဲ့ကာ နယ်ထားပါ 
  • ချင်းကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  • အပူခံနိုင်ပြီး ပေါင်းအိုးထဲမှာ ဝင်ဆန့်နိူင်မည့် ပန်းကန်လုံးထဲမှာ အရသာ နယ်ထားသော ကြက်သား ကြက်သွန်ဖြူ နှင့် ချင်းတို့ကို ထည့်ပေးပါ 
  • ပေါင်းအိုးထဲမှာ  ရေထည့်ပြီး သံဇကာအောက်ခံခုံ အခင်းကို ထည့်ပေးပါ
  • ထိုသံဇကာ အောက်ခံခုံပေါ်မှာ ကြက်သားပန်းကန်ကို တင်ပေးပါ
  • ပေါင်းမည့်အိုး အောက်ခြေမှရေများ ပွက်ပွက်ဆူလာစဉ် ကြက်သားပန်းကန်ထဲ မ၀င်စေရန် ကြက်သားပေါင်းမည့် ပန်ကန်လုံးအောက်မှ သံဇကာခုံလေး မြုပ်ရုံရေထည့်ပေးပါ
  • ပြီးလျှင် အိုးကို အဖုံးဖုံးပြီး ပေါင်းမည့်ခလုပ်ကိုနှိပ်ကာ မိနစ်နှစ်ဆယ်နှင့် အရင်ဆုံး ကြက်သားနူးအိလာတဲ့အထိ ပေါင်းပေးပါ
  • ကြက်သားပေါင်းချိန် မိနစ်နှစ်ဆယ်ပြည့်ပါက ပေါင်းအိုးထဲမှ လေကိုကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ကြက်သားပေါင်းနေစဉ် ပေါင်းဇကာ အောက်မှာ ထည့်ထားတဲ့ ရေမှာ ခမ်းတတ်တဲ့အတွက် သတိထားပြီး ကြည့်ပေးကာ နည်းနေပါက ထပ်ဖြည့်ပေးပါ
  • ပြီးတာနဲ့ အရိုးထဲမှ သွေးစများ ကျက်သွားစေရန် နောက်ထပ်ငါးမိနစ် ထပ်ပေါင်းပေးပါ
  • ပေါင်းချိန် ငါးမိနစ်ပြည့်တာနဲ့ ပထမနည်းအတိုင်း အိုးထဲမှ လေကုန်အောင် ထုတ်ပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ကြက်သားကို စပြီးပေါင်းကာစက ပန်းကန်လုံးထဲမှာ ရေမထည့်ထားသော်လဲ ကြက်သားပေါင်းစဉ် ထွက်လာတဲ့ ကြက်ပေါင်းရည်များ ပန်းကန်လုံးထဲမှာ ပြည့်လာပါလိမ့်မယ်
  • ကြက်သားပေါင်း ပန်းကန်ထဲမှ ကြက်ပေါင်းရည်များကို ဟင်းချိုရည် ပြင်ဆင်ရာမှာ ငရုတ်ကောင်းမှုန့်ခပ်ပြီး ပြင်ဆင်ပေးနိူင်ပါပြီ။

Wednesday, 6 April 2022

မုံလာဥနီဖျော်ရည်

 


ဒီနေ့တော့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဝိတ်ကျစေမဲ့ မုံလာဥနီ ဖျော်ရည်လေး လုပ်သောက်ဖြစ်ပါတယ် မာမာကတော့ ခပ်ပျစ်ပျစ်ကြီး သောက်ရမှာ သိပ်မကြိုက်တဲ့အတွက် ခပ်ကျဲကျဲလေး ဖျော်လိုက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ဖျော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. မုံလာဥနီ - အနေတော် နှစ်ဥ
  2. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  3. သံပုရာသီး - အနေတော် တစ်ခြမ်း
  4. ချင်းတက် - လက်မဝက်ခန့်
  5. ရေခဲတုန်း - မိမိနှစ်သက်သလောက်
  6. ရေ - ပုံမှန်ဖန်ခွက် တစ်လုံးခွဲစာ
ပြင်ဆင်ပြုလုပ်ပုံ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အနေတော်လေးတွေ ပိုင်းထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဘလင်ဒါထဲမှာ ရေခဲမှလွဲပြီး ပါဝင်ပစ္စည်း အားလုံးကိုထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ပြီးတာနဲ့ ဖန်ခွက်ထဲထည့်ကာ ရေခဲတုန်းလေးများ မိမိနှစ်သက်သလောက် ထည့်ပေးပြီး သောက်သုံးနိူင်ပါပြီ။

Friday, 1 April 2022

ကျောက်ကျောဖျော်ရည်


 မာမာ ဒီနေ့တော့ ရာသီဥတုလေးက ပူသယောင်ယောင် ရှိတာနဲ့ ကျောက်ကျော ဖျော်ရည်လေး လုပ်သောက် ဖြစ်ပါတယ်။
ကျောက်ကျော ဖျော်ရည်လေးက ဆီးပူဆီးအောင့် ဝေဒနာတွေကို သက်သာစေတဲ့အတွက် မာမာပြင်ဆင်ပြီး ဖျော်သောက်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကျောက်ကျော - 300 g
  2. သကြား - ထမင်းစားဇွန်း ငါးဇွန်းမောက်မောက်
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးစာ ( သကြားကျိုရန်)
  5. သံပုရာသီး - လိုသလောက်
  6. ရေခဲ - လိုသလောက်
  7. ရေ - လိုသလောက် ( ကျောက်ကျောဖျော်ရန်)
သကြားရည်ကျိုရန်
  • အိုးတစ်လုံထဲမှာ သကြား ဆားနှင့် ရေတို့ထည့်ပြီး သကြားများ ပျော်သွားအောင် ကျိုပေးကာ အအေးခံထားပါ
ပြင်ဆင်ပြုလုပ်ပုံ
  • ကျောက်ကျောတုံးကို မိမိနှစ်သက်တဲ့ အနေအထားလေးတွေ ရလာအောင် လှီးပေးထားပါ
  • သံပုရာသီးကို ရေဆေးကာ အစိတ်လေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့  ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဖန်ခွက်တစ်ခွက်ထဲမှာ ကျောက်ကျော သကြားရည် ရေနှင့် သံပုရာသီး တစ်စိတ်ကို ညှစ်ထည့်ကာ မွှေပေးပါ
  • ပြီးတာနဲ့ အချို အချဉ်အရသာကို မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးကာ ရေခဲတုံးလေးတွေ ထည့်ပေးပြီး ကျောက်ကျော ဖျော်ရည်လေးကို သောက်သုံးနိူင်ပါပြီ။

Wednesday, 30 March 2022

မန်ကျည်းသီးဖျော်ရည်

 


ဒီနေ့တော့ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ မန်ကျည်းသီးမှည့် ဖျော်ရည်လေး လုပ်သောက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ဖျော်ရည်ဖျော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မန်ကျည်းသီးမှည့် - ကြက်ဥတစ်လုံးစာ
  2. ထန်းလျှက်ခဲ - ပုံမှန်အနေအထား လေးခဲ
  3. ဆား - လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး
  4. ရေနွေးပွက်ပွက်ဆူပြီးသား - ပုံမှန်ဖန်ခွက် နှစ်လုံးစာ
ပြင်ဆင်ပြုလုပ်ပုံ
  • မန်ကျည်းသီးမှည့်ကို ရေနှင့် ခပ်ဖွဖွလေး ဆေးပေးပါ
  • ထန်းလျှက်ခဲများကိုလဲ ရေနှင့်ခပ်ဖွဖွလေး ဆေးပေးပါ
  • ပြီးတာနဲ့ ဇလုံတစ်လုံးထဲမှာ မန်ကျည်းသီးမှည့် ထန်းလျှက်ခဲ ဆားနှင့် ရေနွေးတို့ထည့်ကာ အနည်းဆုံး သုံးနာရီလောက် စိမ်ထားပါ
  • မန်ကျည်းသီးများ နူးအိလာပြီး ထန်းလျှက်ခဲများ အရည်ပျော်လာပါက လက်ကိုရေဆေးပြီး မန်ပျည်းသီး အနှစ်များ ထွက်လာအောင် နယ်ပေးပါ
  • ပြီးတာနဲ့ ဖန်ခွက်ထဲသို့ အဖတ်များ မပါအောင် ထည့်ပေးပြီး ရေခဲလေးနှင့် နှစ်သက်ပါက ရေခဲထည့်ကာ သောက်သုံးနိူင်ပါပြီ။

Sunday, 27 March 2022

မုန့်ပဲဆုတ်

 



ဒီနေ့တော့ နေ့လည်နေ့ခင်း သရည်စာအဖြစ် စားရလေအောင် မုန့်ပဲဆုတ်လေးတွေ လုပ်ဖြစ်ပါတယ် မုန့်ပဲဆုတ် လုပ်ဖို့အတွက် မာမာကတော့ ready made ပြုပ်ပြီးသား red kidney beans 400g ဗူးကို သုံးပါတယ်။

ထိုပဲဗူးထဲမှာပါတဲ့ ပဲကိုသာယူပြီး  အရည်များကို သွန်ကာ ကျန်နေတဲ့  ပဲ 250 gကိုဘဲ မုန့်လုပ်ရာမှာ သုံးထားပါတယ်။

တစ်ကယ်လို့ မိတ်ဆွေတို့မှာ ready made ပြုပ်ပြီးသား ပဲဗူးလေးတွေ မရှိရင်တော့ ပဲနီလေးကို ရေလေးနာရီလောက် စိမ်ပေးကာ နူးအိနေအောင် ပြုပ်ပေးပြီးတော့လဲ အသုံးပြုနိူင်ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ မုန့်ပဲဆုတ် လုပ်ထားတဲ့ လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ဆန်မှုန့် -  ပေါင်းအိုးဆန်ချင်ဗူး လေးဗူး
  2. ကောက်ညှင်းမှုန့် - ပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
  3. ပြုပ်ပြီးသားပဲနီလေး - 250 g
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (မုန့်သားနယ်ရန်)
  5. ဆီ - ထမင်းသားဇွန်း တစ်ဇွန်း (မုန့်သားနယ်ရန်)
  6. ရေ - ပေါင်းအိုးဆန်ချင်ဗူး တစ်ဗူးသာသာ ( မုန့်သားစပ်ရန် )
  7. ထုံး - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ထုံးရေကြည်လုပ်ရန် ရေ - ပေါင်းအိုးဆန်ချင်ဗူး ကိုးဗူး
  9. နှမ်းထောင်း - ထမင်းစားဇွန်း တစ်ဇွန်း
  10. ပဲဆီ - ထမင်းစားဇွန်း ၃ဇွန်း (မုန့်ပဲဆုတ်မှာ ဆမ်းပေးရန်)
ထုံးရည်ကြည်လုပ်ရန်
  • ဇလုံတစ်လုံးထဲမှာ ထုံးနှင့်ရေကိုထည့်ပြီး တစ်ညသိပ် ထားပေးပါ

ပြင်ဆင်ပုံ

  • ဇလုံတစ်လုံးထဲမှာ ဆား ဆန်မှုန့်နှင့် ကောက်ညှင်းမှုန့်ကို ရောနယ်ပြီး ရေကိုနည်းနည်းခြင်းထည့်ကာ နယ်ပေးပါ
  • ရေကို တစ်ခါထဲ ထည့်ပါက မုန့်သားပျော့ပျဲကြီး ဖြစ်သွားနိူင်လို့ ရေကို နည်းနည်းချင်း ချင့်ချိန်ပြီး  ထည့်ပေးကာ မုန်ပ့်သားကို နယ်ပေးပါ
  • ရေကို လိုတိုးပိုလျှော့ လုပ်ပေးကာ မုန့်သား ညက်လာအောင် ၅မိနစ်လောက် အနည်းဆုံး နယ်ပေးပါ
  • ပြီးတာနဲ့ မုန့်သားပြုပ်တဲ့အချိန် လွယ်ကူစေရန် ရွယ်တူ အလုံးလေးနှစ်လုံး လုံးပေးထားပါ
  • မုန့်သားလုံးပြီးပြီ ဆိုတာနဲ့ ဇောက်နက်သော အိုးထဲမှာ ထုံးရည်ကြည်များကို ထည့်ပေးကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ထုံးရေကြည်များ ပွက်ပွက် ဆူလာတာနဲ့ မုန့်သားအလုံးလေးများကို အလုံးလိုက်ထည့်ပြီး အိုးအဖုံး မဖုံးဘဲ ၇မိနစ်ပြုပ်ပေးပါ
  • မုန့်သား အလုံးလေးတွေ အကျက်ညီစေရန် မကြာမကြာ လှည့်ပေးပါ
  • ၇မိနစ်ပြည့်တာနဲ့ မုန့်သားကြည်လာပြီး အပေါ်ယံ တစ်၀က်ကျက်သွားသော မုန့်လုံးကို ဇလုံတစ်လုံးထဲ ဆယ်ပြီးထည့်ပေးပါ
  • မုန့်သားမအေးခင် မုန့်သားကို မွနေအောင် ထိုးခြေပြီး ဆီ ထမင်းစားဇွန်း တစ်ဇွန်းထည့်ကာ နယ်ပေးပါ
  • ရောနယ်ပြီးတာနဲ့ ပြုပ်ထားသော ပဲကိုထည့်ပြီး မုန့်သားနဲ့ သမသွားအောင် ရောနယ်ပေးပါ
  • မုန့်သားနဲ့ပဲများ သမသွားတာနဲ့  လက်မှာမကပ်စေရန် လက်ကိုရေစွတ်ကာ လက်တစ်ဆုတ်စာ မုန့်သားကိုယူပြီး အချက်နှစ်ဆယ်လောက် လက်ထဲမှာ ဆုတ်ဆုတ်ပေးပါ
  •  အထက်ပါ နည်းအတိုင်း မုန့်သားများ ကုန်တဲ့အထိ လုပ်ပေးပါ
  • အားလုံးပြီးတာနဲ့ မုန့်ပေါင်းမည့် အောက်ခံအိုးကို ပေါင်းခံခုံ ထိလောက်တဲ့အထိ ရေထည့်ပေးပါ
  • မုန့်ပေါင်းမည့် ဇကာထဲမှာ အဝတ်စ သန့်သန့်လေးကို ရေစွတ်ပြီး ခင်းပေးပါ
  • ထိုအဝတ်စ အပေါ်မှာ ဆုတ်ထားသော မုန့်ပဲဆုတ်များကို ထည့်ပေးပြီး အဝတ်စနှင့် ပြန်အုပ်ပေးပါ 
  • ပြီးတာနဲ့ ပေါင်းမည့်  အောက်ခံအိုးထဲမှာ ထည့်ထားသော ခုံလေးပေါ်မှာ  မုန့်ပေါင်းမည့် ဇကာကို တင်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးအုပ်ကာ simmer ကိုနှိပ်ပြီး မိနစ်နှစ်ဆယ် ချိန်ပေးကာ ပေါင်းပေးပါ
  • မိနစ်၂၀ပေါင်းပေးပြီးပါက အိုးထဲမှ ထုတ်ပေးကာ မုန့်ပဲဆုတ် ပူပူလေးတွေ ရပါပြီ။
နောက်တစ်နည်း
  • တကယ်လို့ မာမာပြထားတဲ့ ပေါင်းအိုးမျိုး မရှိဘူး ဆိုရင်တော့ 
  • အိုးအဝ ကျယ်ရိုးသော ရိုးအိုးထဲမှာ ရေထည့်ကာ ပေါင်းခံခုံခံပြီး မုန့်ပဲဆုတ် ထည့်ထားသော ဇကာကို တင်ပေးပါ
  • ပြီးတာနဲ့ အဖုံးအုပ်ပေးပြီး မိနစ်နှစ်ဆယ် ပေါင်းပေးပါ

နှမ်းထောင်းပြုလုပ်ရန်

  • နှမ်းဖြူ ထမင်းစားဇွန်း ၃ဇွန်းကို မီးအေးအေးနှင့် ညိုလာတဲ့ထိ လှော်ပေးပါ
  • နှမ်းအရောင် ညိုလာတာနဲ့ ဆားနှင့်အတူ ငရုတ်ဆုံထဲထည့်ကာ မညက်တစ်ညက် ထောင်းပေးပါက နှမ်းလှော်ထောင်း မွှေးမွှေးလေး ရပါပြီ။

မုန့်ပွဲပြင်ရန်

  • မုန့်ပဲဆုတ်များကို မိမိနှစ်သက်သလောက် အနေအထားလေးတွေ ရလာအောင် ကပ်ကြေးဖြင့် ညှပ်ပေးပါ
  • ပန်းကန်ပြား တစ်ချပ်ထဲမှာ မုန့်ပဲဆုတ်များ ထည့်ပေးကာ ပဲဆီနှင့် နှမ်းထောင်းတို့ ထည့်ပေးပြီး စားပွဲပြင်ပေးနိူင်ပါပြီ။

Saturday, 26 March 2022

ထောပါတ်ဘိန်းမုန့်



အရင်ရက်က ဘိန်းမုန့်စားချင်တာနဲ့ ဆန်ဘိန်းမုန့်လေး လုပ်ဖြစ်ပါတယ် ဘိန်းမုန့်လုပ်နည်းလေးတွေ အမျိုးမျိုး စမ်းလုပ်ရင်းက ဒီမုန့်လုပ်နည်းလေးက တော်တော်လေး အဆင်ပြေတဲ့အတွက် မာမာဝေငှပေးလိုက်ပါတယ်ရှင်။

မာမာလုပ်တဲ့ အိုးအရွယ်အစား မရှိပါက မိမိမှာ အဆင်ပြေတဲ့ အိုးကိုဘဲ သုံးပေးနိူင်ပါတယ် ထမင်းကြမ်းခဲကတော့ မနေ့က ချက်ထားပြီး ကျန်နေတဲ့ ထမင်းကြမ်းခဲကို သုံးပေးပါ ဘိန်းမုန့်လုပ်ရာမှာ မီးအရမ်း မပြင်းအောင်လဲ သတိထားပေးစေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆန်စိမ်းမှုန့် - 400 g
  2. ဒိန်ချဉ်  - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. Baking soda - လက်ဖက်ရည်ဇွန်း သုံးဇွန်း
  4. ထမင်းကြမ်းခဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  5. ကြက်ဥ - လေးလုံး
  6. ထန်းလျှက် - 400 g (အချိုကြိုက်ပါက ပိုထည့်ပါ)
  7. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  8. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး (ထန်းလျှက်ကျိုရန်)
  9. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး (မုန့်နှစ်စပ်ရန်)
  10. ထောပါတ်ခဲ - တစ်လက်မခွဲပါတ်လည် တစ်တုံး
  11. မြေပဲလှော် - မိမိနှစ်သက်သလောက် (အခွံချွတ်ပြီး သန့်စင်ထားပါ)
  12. အုန်းသီးစိတ် - မိမိနှစ်သက်သလောက်
  13. ဘိန်းစေ့လှော်ပြီးသား - မိမိနှစ်သက်သလောက်
  14. မကပ်သော ဒယ်အိုး - အိုးအဝအကျယ် 16 cm, အိုးအမြင့် 3.5cm,အိုးအောက်ချေ အကျယ်12cm
  15. ယောက်ချိုဇွန်း - တစ်ဇွန်း
မုန့်နှစ်ဖောက်ရန် ပြင်ဆင်ပုံ
  • ထမင်းကြမ်းခဲနှင့် ကြက်ဥတို့ကို ဘလင်ဒါထဲမှာထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ခပ်သေးသေး အိုးတစ်လုံးထဲမှာ ထန်းလျှက် ဆားနှင့် ရေတို့ကိုထည့်ပြီး ထန်းလျှက်များ အရည်ပျော်သွားအောင် ကျိုပေးပါ
  • ထန်းလျှက်များ အရည်ပျော်သွားတာနဲ့ ခပ်ပါးပါး အဝတ်စ သန့်သန့်နှင့် အမှိုက်များ မပါအောင် စစ်ပေးကာ အအေးခံထားပေးပါ
  • ဇလုံကြီးကြီး တစ်လုံးထဲမှာ ထန်းလျှက်ရည် ထမင်းကြမ်းနှင့် ကြက်ဥကြိတ်ထားသောအနှစ် ဆန်မှုန့် baking soda နှင့် ဒိန်ချဉ်ကို ဇလုံတစ်လုံးထဲမှာ ရောထည့်ပေးကာ မုန့်နှစ်မုန့်ခဲများ မကျန်အောင် မွှေတံနှင့် စိတ်ရှည်လက်ရှည် မွှေပေးပါ
  • ပြီးတာနဲ့ မုန့်နှစ်ကို အဖုံးအုပ်ကာ အခန်းတွင်းမှာရှိတဲ့ အပူရှိန်အတိုင်း အနည်းဆုံး ငါးနာရီလောက် ဖောက်ထားပေးပါ။
မုန့်လုပ်ရန်
  • မုန့်လုပ်ရန် ပါဝင်သော ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ထောပါတ်ခဲကို အရည်ဖျော်ထားပါ
  • ဒယ်အိုးကို ထောပါတ်ထမင်းစားဇွန်း တစ်ဇွန်းခွဲစာထည့်ပြီး အပူပေးကာ အိုးပူလာတာနဲ့ မီးကို အနည်ပါးငယ် လျှော့ထားပါ
  • ပြီးတာနဲ့ မုန့်နှစ်ရည်ကို အထက်အောက် သမအောင် မွှေပေးပြီးမှ မုန့်နှစ်ရည်ကို ယောက်ချိုဇွန်း တစ်ဇွန်းစာကို အိုးထဲကို ထည့်ပေးပါ
  • မုန့်နှစ်ရည် ထည့်ပြီးတာနဲ့ အိုးအဖုံးကို မိနစ်ဝက်လောက် အုပ်ပေးပြီးမှ အုန်းသီးစိတ် ဘိန်း​ေ့နှင့် မြေပဲတို့ကို မိမိအဆင်ပြေသလို ဖြန့်ပြီး ထည့်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးကို ပြန်အုပ်ပေးကာ နှစ်မိနစ်ခန့် အုပ်ပေးထားပါ
  • နှစ်မိနစ် ပြည့်တာနဲ့ အိုးအဖုံးကို ဖွင့်ကာ မုန့်သားအပေါ်ကို ထောပါတ်ရည်လေး သုပ်ပေးကာ နောက်တစ်ဖက်ကို လှန်ပေးပါ 
  • နောက်တစ်ဖက် လှန်ပြီးတာနဲ့ တစ်မိနစ်လောက်ဘဲထားကာ အိုးထဲမှ ဖယ်ပေးပါ
  • အထက်ပါ နည်းအတိုင်း မုန့်နှစ်ရည် ကုန်တဲ့အထိ လုပ်ပေးပြီးပါက အိုးလေး ထောပါတ်ဘိန်းမုန့် ရပါပြီ။

Friday, 25 March 2022

ကြက်သား ကုန်းဘောင်ကြီးကြော်



ဒီနေ့တော့ ကြက်သားကုန်းဘောင်ကြီးကြော်လေး ကြော်ဖြစ်တဲ့အတွက် ထမင်းစားလို့ မြိန်စေအောင် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်သား - 250 g ( နှစ်သက်ရာ အသားကို သုံးနိုင်ပါတယ်)
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး၂မွှာ
  4. မုံလာဥနီ - အနည်းငယ်
  5. ကြက်သွန်မြိတ် - ၂ပင်
  6. ချင်း - လက်မ၀က်ခန့်
  7. ငရုတ်သီး အခြောက်တောင့် - ငါးတောင့်ခန့်
  8. တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  9. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  10. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း၂ဇွန်း
  11. ပဲငံပြာရည်အနောက်ရည် - ထမင်းစားဇွန်း တစ်၀က်
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. နနွင်းမှုန့် - အနည်းငယ်
  14. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  15. ဆီ - ထမင်းစားဇွန်း ၆ဇွန်းခန့်

ပြင်ဆင်ပုံ
  • ကြက်သားကို ရေစင်အောင်ဆေးပြီး ဆားအနည်းငယ်နှင့် နနွင်းမှုန့်တို့ထည့်ကာ နယ်ပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ပြုပ်ရည်ခမ်းတာနဲ့ ခပ်ပါးပါး လှီပေးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး လေးစိတ် လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး လက်၂လုံးလောက်အနေ ခပ်ကြမ်းကြမ်း ထူထူလေးတွေ လှီးထားပေးပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ အမျှင်လေးများ ရအောင် လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးပေးပါ
  • ဟင်းချက်ရန် လိုအပ်မည့် ပစ္စည်းများ ပြင်ထားပေးပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီထမင်းစားဇွန်း ၃ဇွန်းကို ထည့်ပေးပါ
  • ပြီးတာနဲ့ ငရုတ်သီးတောက့်ကို မွှေးသွားအောင် ထည့်ကြော်ပြီး ဆယ်ထားပါ
  • ထိုဆီထဲမှာဘဲ ကြက်သွန်ဖြူကို မွှေးသွားအောင် ကြော်လိုက်ပါ
  • ကြက်သွန်ဖြူ  မွှေးလာတာနဲ့ လှီးထားသော မုံလာဥနီ ကြက်သွန်နီစသည့် အသီးအရွက်များကို အနည်းငယ် နွမ်းအောင်ကြော်ပြီး ဆယ်ထားပါ
  • ဒယ်အိုးထဲမှာ ဆီအနည်းငယ် ထပ်ထည့်ပြီး လှီးထားသော ချင်းကိုထည့်ကြော်ပေးပါ 
  • ချင်းနံ့အနည်းငယ် မွှေးလာတာနဲ့ ပြုပ်ပြီးလှီးထားသော ကြက်သားများကို ထည့်ကြော်ပေးပါ
  • ကြက်သားများက ကျက်ပြီးသား ဖြစ်တဲ့အတွက် ချက်ချင်းဆိုသလို ဆား သကြား ပဲငံပြာရည်အကြည် ခရုဆီ ပဲငံပြာရည်အနောက် သကြား စသည့် အရသာများကို ခပ်မြန်မြန်လေး ထည့်ပေးပါ
  • ပြီးတာနဲ့ ကြော်ပြီးဆယ်ထားသော ငရုတ်သီးကြော် အသီးအရွက်ကြော်များနှင့် ကြက်သွန်မိတ် တို့ကိုထည့် မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • မိမိနှစ်သက်တဲ့ အရသာ ရပါက စားပွဲပြင်ရန် ပန်းကန်ထဲ ပြောင်းထည့်ပြီး တရုတ်မဆာလာ ဖြူးပေးကာ ကြက်သားကုန်းဘောင်ကြီးကြော် ပူပူလူလူလေးကို သုံးဆောင်နိူင်ပါပြီ။