Friday, 18 June 2021

သင်္ဘောသီး ပဲသီးထောင်း


ဒီနေ့တော့ ပဲတောင့်ရှည်လေးတွေရယ် သင်္ဘောသီး အစိမ်းလေးရယ် ဝယ်လာပြီး ချဉ်ငံစပ်လေး ထောင်းဖြစ်ပါတယ် ထောင်းတဲ့အထဲမှာ ဘာအသားမှ မပါပေမဲ့ ချိုချဉ်ငံစပ် အရသာ အစုံပါတဲ့အတွက် ရေနွေးကြမ်းလေးနဲ့ လိုက်ဖက်လွန်းတဲ့အတွက်  မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. သင်္ဘောသီးစိမ်း ခြစ်ပြီးသား - လက်တစ်ဆုတ်စာ
  2. ပဲတောင့်ရှည် - ငါးတောင့်
  3. ငရုတ်သီး အခြောက်တောင့် - ငါးတောင့်
  4. ဆလတ်ရွက် - နှစ်သက်သလောက်
  5. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  6. ကြက်သွန်ဖြူ-  အမွှာကြီးကြီး လေးမွှာ
  7. ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တစ်ဇွန်း
  8. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း 
  9. ဂဏန်းငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. သံပုရာသီး - တစ်ခြမ်း (အချဉ်ကြိုက်ပါက ပိုထည့်ပါ )

ပြင်ဆင်ပုံ

  • သင်္ဘောသီး တစ်စိတ်ကို အခွံခွာပြီး မလိုတာတွေ ဖယ်ထုတ်ပေးပြီး ရေဆေးကာ ခြစ်ထားပါ
  • ပဲတောင့်ရှည်များကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • ငရုတ်သီးတောင့်ကို အညှာခြွေပြီး ရေဆေးထားပါ
  • ပဲတောင့်ရှည် ငါးတောင့်ခန့်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ကျန်ပဲတောင့်ရှည်များကို ရေဆေးပြီး ခပ်ရှည်ရှည်လေးတွေ ပိုင်းထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ
  • ပါ၀င်ပစ္စည်းများကို ပြင်ထားပါ

ထောင်းရန်ပြင်ဆင်ပုံ

  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ကြက်သွန်ဖြူ နှင့် ငရုတ်သီး အခြောက်တောင့်တို့ကိုထည့်ပြီး မညက်တစ်ညက် ထည့်ထောင်းပါ
  • အနည်းငယ် ညက်သွားတာနဲ့ ငံပြာရည် သုံးမျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်မွှေပေးပါ
  • ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ
  • မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး ကြည့်ထောင်းပါ
  • ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်မှ ၁၀ချက်လောက် ခပ်ဖွဖွလေး ထောင်းပေးပါ 
  • သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၅ချက် လောက် ခပ်ဖွဖွလေး ထောင်းပေးမှ အရသာ ၀င်ပါတယ်
  • အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာမှုန့်​  သံပုရာရည်တို့ကို ထည့်ပြီး ခပ်ဖွဖွလေး ၄ချက်လောက် ထောင်းပေးကာ ပဲသီးနှင့် သင်္ဘောသီး တို့ကို ထည့်ပေးပြီး လေးငါးချက်လောက် ထည့်ထောင်းပြီး  မွှေပေးပါ
  • ထောင်းနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးပါ
  • ပြီးတာနဲ့ သင်္ဘောသီး ပဲသီးထောင်း ချိုချဉ်ငံစပ်လေးကို မိမိနှစ်သက်သလို ကောက်ညှင်းပေါင်း ဆလတ်ရွက်တို့နှင့် တွဲဖက်ကာ သုံးဆောင်နိူင်ပါပြီ။

Wednesday, 16 June 2021

ကောက်ညှင်းငချိတ်ချက်



မာမာ ဒီနေ့တော့ ကောက်ညှင်းဖြူနဲ့ ကောက်ညှင်းငချိတ်ကိုရောပြီး ထမင်းပေါင်းအိုးနဲ့ ချက်ပါတယ် ကောက်ညှင်းငချိတ်က သူ့ကြီးဘဲဆိုရင် ပေါင်းပေါင်း ချက်ချက် ဆန်ကြောမာတဲ့အတွက် ထွေးထွေးလေးမရပါဘူး။

ဒါကြောင့်မို့လို့ ကောက်ညှင်းသား ထွေးထွေးလေး ရလာအောင် ကောက်ညှင်းဆန် အဖြူလေးနဲ့ ရောပြီးချက်ထားဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုပ်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းငချိတ် - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
  2. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  4. ထမင်းပေါင်းအိုး
  5. အုန်းဆီချက် - မိမိနှစ်သက်သလောက်
  6. ငှက်ပျောသီးကြော် - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန်နှစ်မျိုးကို ရောပေးပြီး ရေနှစ်ထပ် ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ကောက်ညှင်းဆန် အိုးထဲကို ရေထည့်ပြီး ညလုံးပေါက် စိမ်ထားပါ
  • နောက်နေ့မနက်မှာ ညဘက်က ထည့်ထားတဲ့အတိုင်း ထမင်းပေါင်းအိုး ခလုတ်ကို နှိပ်ပြီး ချက်ပေးပါ
  • ထမင်းပေါင်းအိုး ခလုတ်တက်တာနဲ့ ကောက်ညှင်းချက်ထားတာလဲ ကျက်ပါပြီ
  • ကောက်ညှင်းကျက်တာနဲ့ အဆင်သင့် ချက်ထားသော အုန်းဆီချက်နှင့် ငှက်ပျောသီးကြော်တို့နဲ့ တွဲဖက်ကာ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Tuesday, 15 June 2021

ငါးရံ့ ဆီလည်ရေလည်ဟင်း


 
မာမာ ငါးရံ့ကို အချဉ်ဆီလည်ရေလည်လေး မနေ့က ချက်စားတာ စားလို့ကောင်းလွန်းလို့ ဒီနေ့တော့ မာမာ့မိတ်ဆွေတွေ စိတ်ထဲက စားချင်တဲ့အခါ ချက်စားနိူင်အောင် မာမာချက်ဖြစ်တဲ့ ငါးရံ့အချဉ်ဆီလည်ရေလည် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးရံ့ - 500 gm
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ချင်း - လက်တစ်ဆစ်
  5. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ 
  6. ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
  7. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ငါးငံပြာရည် - ထမင်းစားဇွန်း ( ငါးအရသာနယ်ရန်)
  10. ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း( ဟင်းအိုးထဲထည့်ရန်)
  11. ဆီ ထမင်းစားဇွန်း - ငါးဇွန်း
  12. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငါးအရသာနယ်ရန်နှင့် ဆီသတ်ရန်)
  13. နံနံပင် - မိမိနှစ်သက်သလောက်

ငါးအရသာနယ်ရန်
  • ငါးကိုအရင်ဆုံး ငါးရဲ့အမြှီး ဆူးတောင်များနှင့် ခေါင်းတို့ကို ဖယ်ပေးပါ 
  • ပြီးတာနဲ့ ဗိုက်ထဲမှ မလိုတာတွေ ထုတ်ပေးပါ
  • ပြီးတော့မှ အကောင်လိုက်ကို ရေနှင့် ခြောက်ထပ်လောက် ဆေးပေးပါ
  • ငါးကို ရေဆေးပြီးတာနဲ့ ငါးကိုအကွင်းလိုက် လက်တစ်လုံးလောက် အထူရအောင် တုံးပေးပါ
  • ငါးတစ်ကောင်လုံး ခုတ်ပြီးတာနဲ့ ရေနှစ်ထပ်လောက် ဆေးပေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ပြီးတာနဲ့ ချင်း စပါးလင် ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းပေးပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးအနည်းငယ်နှင့် စိမ်ထားပါ
  • နံနံပင်ကို ရေစင်အောင်ဆေးပြီး အနေတော်လေးတွေ ပိုင်းဖြတ်ထားပါ
  • ပြီးတာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ငါးရံ့တုံးများ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း  ဆား လက်ဖက်ရည်ဇွန်း တစ်၀က်နှင့် ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းသာသာထည့်ပေးကာ အရသာဝင်အောင် နယ်ပေးပါ
ဟင်းချက်ရန်
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအရင်ဆုံး အပူပေးပါ
  • ဆီပူလာမှ နနွင်းမှုန့်ကို ထည့်ပေးပါ
  • ပြီးတာနဲ့ ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်မွှေပေးပါ
  • ငရုတ်သီး ဆီသတ်တာ မွှေးလာပြီး ငရုတ်သီးများ မွလာပါက အရသာ နယ်ထားသော ငါးကိုထည့်ပြီး အသာအယာလေး မွှေပေးပါ
  • ယောင်းမနှင့် အရမ်းကြီး ထိုးမွှေပါက ငါးအသားက နူးညံ့လွန်းတဲ့အတွက် ကျေမွကုန်တတ်ပါတယ်
  • ငါးအသားလေးတွေ ငရုတ်သီးရောင် တက်လာတာနဲ့ ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီး အရသာညီအောင် အိုးကိုလှုပ်ပေးပါ
  • ငါးအသားများ မာပြီးတင်းသွားမှ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • အိုးထဲမှ ရေဆူလာပြီး ထိုအရည် မခမ်းတစ်ခမ်း အနေအထားရအောင် တည်ပေးပါ
  • ရေအရမ်း မခမ်းခင် မန်ကျည်းမှည့်အရည် ထပ်ထည့်ပြီး အဖုံးအုပ်ကာ ဆက်ချက်ပေးပါ
  • ဆီလည်ရေလည် အရည်လေး ရလာချိန်မှာ နံနံပင်အုပ်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပြီး မီးပိတ်ပေးပါ
  • ပြီးတာနဲ့ ငါးရံ့ အချဉ်ဆီလည်ရေလည် ဟင်းမွှေးမွှေးလေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Monday, 14 June 2021

ဒညင်းသီး ငပိချက်


 










ဒီနေ့တော့ ငါးခူလေးတွေ ဝယ်လာပြီး ဒညင်းသီးနဲ့ ငါးငပိချက် ခပ်စပ်စပ်လေး ချက်ပါတယ် ထမင်းစားလို့တော့ မြိန်အုံးမှာ သေချာပါတယ် ငါးကိုင် ငါးဆေး ငါးစင်းကောလေး လုပ်ရတာတော့ အလုပ်နည်းနည်း ရှုပ်ပေမဲ့ စားတဲ့အခါမှာ တစ်ခြားငါးတွေနဲ့ အရသာမတူတဲ့ ဒညင်းသီး ငါးပိချက်ဖြစ်မှာမို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးခူ - 500 g (အရိုးထွင်ပြီးသား မည်သည့်ငါးနှင့်မဆို ချက်နိုင်ပါတယ် )
  2. ငရုတ်သီးစိမ်း - အတောင့် သုံးဆယ်ခန့် (အစပ်မစားလျှင် လျော့ထည့်ပါ)
  3. ကြက်သွန်နီ - အနေတော် ငါးလုံး (ထောင်းရန်)
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ့်ငါးမွှာခန့် (ထောင်းရန်)
  5. ဒညင်းသီး - အလုံကြီးကြီး အလုံးနှစ်ဆယ်ခန့်
  6. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်းခွဲ
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ကျိုထားသော ငါးပိရည်ကျို - လက်ဖက်ရည်ပန်းကန်လုံး နှစ်လုံးစာ
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ငါးကိုခေါင်းဖြုတ် ဗိုက်ခွဲပြီး မလိုတာတွေ ဖယ်ပေးကာ ဆူးတောင်များ ခုတ်ပေးပါ
  • ပြီးတာနဲ့ ဇလုံတစ်လုံးထဲမှ ငါးနှင့် ဆားတို့ကိုထည့်ပြီး ခပ်နာနာ နယ်ပြီး ပွတ်တိုက်ပေးပါ
  • အချွဲများ ကုန်တာနဲ့ ရေနှင့် ခွန်နှစ်ထပ်လောက် ဆေးပေးပါ
  • ပြီးတာနဲ့ ရေစစ်ပြီး အရိုးအသား သပ်သပ်စီ လွှာပေးကာ အသားများကို ညက်နေအောင် စင်းပေးပါ
  • ဒညင်းသီးကို ရေမြုပ်အောင်ထည့်ပြီး နူးပြီးစေးပိုင်လာတဲ့အထိ ပြုပ်ပေးပါ
  • ဒညင်းသီး နူးတာနဲ့ အခွံခွာပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို ညက်နေအောင် ရောပြီးထောင်းပေးပါ
  • ထောင်းရမှာ ပျင်းရင်လဲ ကြိတ်စက်ထဲမှာ ထည့်ကြိတ်ပေးပါ
  • ငါးပိရည် ကျိုပြီးသားနှင့် ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ကြက်သွန်နီနှင့် ကြက်သွန်ဖြူ  ငရုတ်သီးထောင်းကိုထည့်ပြီး မွှေးသွားအောင် ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ စင်းထားသော ငါးကို ထည့်မွှေပေးကာ ငါးအသားများ မာလာတဲ့အထိ မွှေပေးပါ
  • ငါးအသားများ မာလာတာနဲ့ ဒညင်းသီးကိုထည့်ပြီး မွှေပြီးချက်ပေးပါ
  • ဒညင်းသီး ထည့်ပြီးတာနဲ့  အရသာမှုန့်နှင့် ငါးပိရည်ကျိုတို့ ထည်ပြီ့်မွှေပေးပါ
  • အားလုံး ပွက်ပွက်ဆူလာတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရတဲ့အထိ အပေါ့အငံကို ပြင်ပေးပါ
  • ပြီးတာနဲ့ ရေကို မိမိစိတ်ကြိုက် အနေတော် ထားချင်ရင်လဲ ထားနိူင်ပြီး ရေခမ်းတာ ကြိုက်ရင်လဲ ရေခမ်းအောင် တည်ပေးပြီး မီးပိတ်ပေးပါ
  • ငါးခူစင်းကော ဒညင်းသီး ငါးငပိချက် မွှေးမွှေးစပ်စပ်လေးကို တို့စရာအစုံအလင်နဲ့ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

Sunday, 13 June 2021

ကြေးအိုး (အိမ်ချက်)






ဒီနေ့တော့ ကြေးအိုးအလွယ် လုပ်နည်းလေးနဲ့ လုပ်သောက်ဖြစ်ပါတယ် မာမာကတော့ အိမ်မှာ ဝက်သားမစားတဲ့အတွက် ကြက်သားနဲ့ဘဲ လုပ်စားဖြစ်ပါတယ်။

တစ်ကယ်တမ်းကျတော့ ကြေးအိုးက ဝက်ပြုပ်ရည်ရယ် ဝက်သားနဲ့ရယ်က ပိုပြီးသောက်လို့ ကောင်းပါတယ် ဒါကြောင့်မို့လို့  ဝက်သားစားတဲ့ သူတွေအတွက်ရယ် ဝက်အသည်းနဲ့ ဝက်အူမကြီး အလွယ်တစ်ကူ ဝယ်လို့ရတဲ့ သူတွေအတွက် ​ကြေးအိုးလုပ်နည်း ပြည့်ပြည့်စုံစုံလေးကို ရေးပေးလိုက်ပါတယ်ရှင်။


ဝက်နံရိုးပြုပ်ရန် ပါဝင်ပစ္စည်းများ
  1. ဝက်နံရိုး - ငါးဆယ်သား
  2. ချင်း - တစ်လက်မခန့်
  3. ဆား - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  5. ကြက်သွန်ဖြူ - ဥကြီးကြီး နှစ်ဥ
  6. ရေ - ဆယ်လီတာ
ဝက်နံရိုး ပြုပ်ပုံ
  • ဝက်နံရိုးကို အနေတော် ပိုင်းခုတ်ပြီး ရေဆေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အပေါ်ယံ အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ ဝက်နံရိုး အချိုမှုန့် ဆား ချင်း ကြက်သွန်ဖြူနှင့် ရေတို့ထည့်ကာ ပြုပ်ပေးပါ
  • ပြုပ်နေစဉ် မီးကိုအနေတော်နှင့် ပြုပ်ပေးပြီး တစ်နာရီလောက် တည်ထားပေးပါ
  • ပြုပ်နေစဉ် အပေါ်ယံမှာ အမြှုပ်များ တက်လာပါက ဆယ်ပြီး သွန်ပေးပါ
  • ပြုပ်နေစဉ် ရေနည်းသွားပါက ထပ်ထပ်ပြီး ထည့်ပေးကာ မီးခပ်နွေးနွေးနှင့် ဆက်တည်ထားပါ
အသားလုံး ပြုလုပ်ရန် ပါဝင်ပစ္စည်းများ
  1. ဝက်ပေါင်သား - လေးဆယ်သား
  2. ငါးဖယ်ခြစ် - တစ်ဆယ်သား
  3. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  4. ပြောင်းကော်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း မောက်မောက်
  5. သကြား - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း သုံးဇွန်း
  8. ချင်း  - လက်တစ်ဆစ် သာသာခန့်
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
အသားလုံး ပြုလုပ်ရန် ပြင်ဆင်ပုံ
  • ဝက်သားနှင့် ငါးဖယ်ခြစ်ကို ကြိတ်စက်ထဲမှာထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ကြိတ်စက်မရှိပါက ဝက်သားကို ညက်နေအောင် စင်းပေးပြီး ဇလုံတစ်လုံးထဲမှာ ငါးဖယ်ခြစ်နှင့် ရောကာ အချက်တစ်ရာလောက် ပေါက်ပေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ကျန်နေသော ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဝက်သားနှင့် ငါးဖယ်ခြစ် ရပြီဆိုတာနဲ့ ဇလုံတစ်လုံးထဲမှာ ဝက်သားနှင့်ငါးဖယ် ကြိတ်ပြီးသား ပဲငံပြာရည် အချိုမှုန့် သကြား ချင်းထောင်း ကြက်သွန်ဖြူထောင်း ပြောင်းကော်မှုန့်တို့ထည့်ပြီး အရသာ သမအောင် နယ်ပေးထားပါ
ငါးဖယ်လုံးလုံးရန် ပါဝင်ပစ္စည်းများ
  1. ငါးဖယ်ခြစ် - တစ်ဆယ်သား
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  3. ချင်း - လက်တစ်ဆစ်ခန့်
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ပြောင်းကော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ငါးဖယ် – ၁၀ကျပ်သား ကြက်သွန်ဖြူ - နှစ်မွှာ
ငါးဖယ်လုံး ပြုလုပ်ရန်
  • ဇလုံထဲမှာ ငါးဖယ်ခြစ် ဆား အချိုမှုန့် ပြောင်းကော်မှုန့်တို့ ထည့်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ပြီးတာနဲ့ ငါးဖယ်ခြစ် ဇလုံထဲမှာ အားလုံးကို ရောပြီး အချက်တစ်ရာလောက် ပေါက်ပေးထားပါ။
  1. ကြေးအိုးပွဲပြင်ရန် ပါဝင်ပစ္စည်းများ

  1. ဝက်အူမကြီး - တစ်ဆယ်သား
  2. ဝက်အသည်း - တစ်ဆယ်သား
  3. ငုံးဥ - ဆယ်လုံး
  4. ဆန်ကြာဇံ - တစ်ထုတ် (သို့မဟုတ်)
  5. ဆန်ပြားခေါက်ဆွဲဖတ်
  6. မုန့်ညှင်းစိမ်း - တစ်စည်း
  7. ကျူဆိုင် - တစ်စည်း
  8. ကြက်သွန်မိတ် - တစ်စည်း
  9. ပဲပြား - တစ်တုံး
  10. ငရုတ်ကောင်းမှုန့် - လိုသလောက် သုံးပါ
  11. ငရုတ်ဆီ အချဉ်ရည် - လိုသလောက် သုံးပါ
ကြေးအိုးပွဲပြင်ရန် ပြင်ဆင်ပုံ
  • ဇလုံထဲမှာ ကြာဇံကို ရေမြုပ်အောင်ထည့်ပြီး ငါးနာရီလောက် စိမ်ထားပြီး ရေစစ်ထားပါ (သို့မဟုတ်)
  • ဆန်ပြားခေါက်ဆွဲဖတ်ကို အဆက်သင့် ပြင်ထားပါ
  • ငုံးဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
  • ဝက်နံရိုး ပြုပ်ရည် အိုးကို ပွက်ပွက်ဆူအောင် တည်ပေးကာ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးကာ မီးခပ်နွေးနွေးလေးနှင့် အရည်အိုးကို တည်ထားပါ
  • ဝက်အူမကြီးကို ရေစင်အောင်ဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ဝက်အသည်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ဝက်သားလုံးလုပ်ရန် ပြင်ထားသော အသားများကို အနေတော် အလုံးလေးတွေ လုံးထားပါ
  • ငါးဖယ်လုံး ပြုလုပ်ရန် ငါးဖယ်ပေါက်ထားတာကို အနေတော် အလုံးလေးတွေ လုံးထားပါ
  • မုန့်ညှင်းစိမ်းကို ရေစင်အောင်ဆေးပြီး အနေတော်လေးတွေ ပိုင်းဖြတ်ပေးပါ
  • ကျူဆိုင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ပဲပြားကို ရေဆေးပြီး မိမိနှစ်သက်သလောက် အတုံးလေးတွေ တုံးထားပါ
  • ငရုတ်ကောင်းမှုန်နှင့် ငရုတ်ဆီအချဉ်ရည်ကို အဆင်သင့် ပြင်ထားပါ
ကြေးအိုးစားပွဲပြင်ဆင်ပုံ
  • ကြေးအိုးပွဲပြင်ရန် ကြွေဇလုံ ခပ်ကြီးကြီးထဲမှာ ရေစိမ်ထားသော ကြာဇံ (သို့မဟုတ်) ဆန်ပြားခေါက်ဆွဲဖတ် တစ်ပွဲစာနှင့် ငုံးဥတို့ကို ထည့်ပေးပါ
  • ပြီးတာနဲ့ အနေတော် အိုးအသေး တစ်လုံးထဲမှာ အရိုးပြုပ်ရည် တစ်ပွဲစာကို မှန်းပြီးထည့်ပေးပါ
  • အရိုးပြုပ်ရည်ထဲမှာ ဝက်အူမကြီး ဝက်အသည်း ငါးဖယ်လုံး ဝက်သားလုံး မုန့်ညှင်းရွက်တို့ကို တစ်ပွဲစာ မှန်းပြီးထည့်ပေးကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ဝက်အသည်းက အရမ်းကျက်သွားရင် စားလို့မကောင်းတဲ့အတွက် အကြာကြီး မပြုပ်မိဖို့ သတိထားပေးပါ
  • မိမိစိတ်ကြိုက် ဟင်းရည်အနေတော် ရပြီဆိုတာနဲ့ ကြာဇံပန်းကန်ထဲကို လောင်းထည့်ပေးပါ
  • ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ဖြူးပေးပါ
  • ပူပူလူလူလေးနဲ့ သောက်လို့ ကောင်းလွန်းတဲ့ ကြေးအိုးပြုပ်ကို ငရုတ်ဆီ အချဉ်လေးနှင့် တွဲဖက်ပြီး သောက်သုံးနိူင်ပါပြီ။

Saturday, 12 June 2021

အမဲနှပ်ဟင်း


 ဒီနေ့တော့ အမည်းသားလေးတွေ ကင်စားမယ်ဆိုပြီး ဝယ်လာပေမဲ့ အိမ်ရောက်တော့ ဒိန်ချဉ်လေးလဲ အဆင်သင့် ရှိနေတာနဲ့ အမည်းနှပ်လေး နှပ်ဖြစ်ပါတယ်။

ကင်စားတဲ့ အသားဖြစ်တဲ့အတွက် နှပ်လိုက်တဲ့အခါမှာ အတုံးသိပ်မလှပေမဲ့ စားလို့တော့ အရမ်းကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးအတိုင်း ချက်စားနိူင်အောင် ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အမည်းသား  - 500 g
  2. ကြက်သွန်နီ - အနေတော် နှစ်လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ခွန်နှစ်မွှာ
  4. ချင်း - ထမင်းစားဇွန်း တစ်ဇွန်းစာ
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  6. လေးညှင်း - နှစ်ပွင့်
  7. ဖာလာ - နှစ်စေ့
  8. သစ်ဂျပိုးခေါက် - တစ်လက်မခန့်
  9. ကရဝေးရွက် - သုံးရွက်
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  13. ဆီ - ထမင်းစားဇွန်း ကိုးဇွန်း
  14. ဒိန်ချဉ် - ထမင်းစားဇွန်းမောက်မောက် လေးဇွန်း
  15. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းစာ

ပြင်ဆင်ပုံ
  • အမည်းသားကို ရေဆေးကာ အနေတော် အတုံးလေးတွေ တုံးထားပါ
  • တုံးထားသော အမည်းသားကို ဒိန်ချဉ် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ဆား လက်ဖက်ရည်ဇွန်း တစ်၀က် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
  • ကြက်သွန်နီ တစ်လုံးကို အခွံခွာ အလုံးလိုက် ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • နောက်ထပ် ကျန်သော ကြက်သွန်နီ တစ်လုံးကို အခွံခွာပြီး ရေဆေးကာ ထက်ခြမ်းခြမ်းပြီး အစိတ်လေးများ လှီးထားပါ
  • ကြက်သွန်ဖြူ သုံးမွှာကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • နောက်ထပ်ကျန်သော ကြက်သွန်ဖြူ လေးမွှာကို အခွံခွာပြီး ရေဆေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး လှီးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေအနေတော်ထည့်ကာ ရေစိမ်ထားပေးပါ 
ဟင်းချက်ရန်
  • အရသာ၀င်အောင် နှပ်ထားသော အမည်းသားကို ဇောက်နက်သော အိုးတစ်လုံးထဲ ထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
  • ပထမ တစ်ရည်ခမ်းပါက နောက်တစ်ရည်ထပ်ထည့်ပြီး အမည်းသားများ နူးအိလာအောင် ပြုပ်ပေးပါ
  • အမည်းသား နူးအိလာတာနဲ့ မီးပိတ်ထားပြီး ဟင်းချက်ရန် ပြင်ဆင်ပါ
  • ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ 
  • ဆီပူလာတာနဲ့ ခပ်နုတ်နုတ် လှီးထားသော  ကြက်သွန်ဖြူ ကြက်သွန်နီ သစ်ဂျပိုးခေါက် လေးညှင်း ဖာလာ ကရဝေးရွက် ချင်းနှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ပြုပ်ထားသော အမည်းသားပြုပ်ထားသော အိုးထဲကို ထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင် ထပ်ထည့်ပြီး အစိတ်လေးများရအောင် လှီးထားသော ကြက်သွန်နီ ကြက်သွန်ဖြူအမွှာ ဆားလက်ဖက်ရည်ဇွန်း တစ်၀က်နှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်ထည့်ပြီး တည်ပေးပါ
  • ဟင်းအိုးတည်ထားသော ရေခမ်းကာနီးတာနဲ့ ရေစိမ်ထားသော မကျည်းသီးမှည့် အရည်ကိုထည့်ပြီး တည်ပေးပါ
  • ရေဆူပြီး ဟင်းအနှစ် အနေတော် ရတာနဲ့ဆီလည်ရေလည် ကျန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ ချဉ်ဖြုန့်ဖြုန့် အရသာလေးနဲ့ အမည်းသားနှပ်ဟင်း အိအိမွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။

Friday, 11 June 2021

ဂျလေဘီမုန့်











ဒီနေ့တော့ မုန့်လေးတစ်မျိုး လုပ်ဖြစ်ပါတယ် အချိုအရမ်းများ တဲ့အတွက် အမြဲတမ်း မစားသင့်ပေမဲ့ တခါတရန်တော့ စားလို့သင့်တဲ့ သရည်စာမျိုးပါ မုန့်လုပ်နည်းလေးက အရမ်းလွယ်ပါတယ် အချိန်ရလို့ အဆင်ပြေမယ်ဆိုရင်တော့ ဂျလေဘီမုန့်လေးတွေ လုပ်စားနိူင်အောင် မုန့်လုပ်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

မာမာ့ရဲ့ ဒီဘလော့လေးထဲ ပြန်ဝင်လို့ မရခင်  နောက်တစ်ခု ထပ်ဖွင့်ပြီး တင်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ ပုံမှာပါတဲ့ မာမာ့ရဲ့ မီးဖိုဆောင်ဆိုတဲ့ ဘလော့လေးကိုလဲ အားပေးကြပါအုံးလို့  ပြောကြားပါရစေ ချစ်မိတ်ဆွေတို့ရေ။

ပါဝင်ပစ္စည်းများ
  1. ဂျုံမှုန့် - 125 g
  2. ရေ - 125 g  ( မုန့်နှစ်စပ်ရန် )
  3. မတ်ပဲ - 50 g (အခွံခြွတ်ပြီးသား ) (သို့ ) မတ်ပဲအမှုန့် 
  4. Baking powder - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. food color - လက်ဖက်ရည်ဇွန်း တစ်ဝက် ( အဝါရောင်ကိုသုံးပါ )
  6. သကြား - 500 g
  7. ရေ - 500 g ( သကြားကျိုရန် )
  8. ဖာလာစေ့ - ၄စေ့ခန့်
  9. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ဆီ - လိုသေလာက် သုံးပေးပါ
  11. မုန့်နှစ်ထည့်ပြီး ညှစ်ရန်အတွက် ခရမ်းချဉ်သီးဆော့ထည့်သည့် ကော်ဗူး - တစ်ဗူး
  12. မုန့်ကြော်ရန် အောက်ချေမကပ်သော ဒယ်အိုး - တစ်အိုး
ပြင်ဆင်ပုံ
  • မတ်ပဲကို ရေမြုပ်အောင်ထည့်ပြီး ၃နာရီခန့် ရေစိမ်ထားပါ
  • မာမာကတော့ သုံးရလွယ်တဲ့ မတ်ပဲအမှုန့်ကို သုံးထားပါတယ်
  • ရေစိမ်ထားသော ပဲများပွလာပါက ဗလင်ဒါထဲမှာ ရေ ထမင်းစားဇွန်းခန့်ထည့်ပြီး ခပ်ပြစ်ပြစ်လေး ကြိတ်ပေးပါ
  • မတ်ပဲအမှုန့်ကို သုံးမယ်ဆိုရင်တော့ ဆီ သံပုရာရည် ဖာလာစေ့နှင့် သကြားမှလွဲပြီး ပါဝင်ပစ္စည်းများကို  ရောမွှေပေးပါ
  • ဖာလာစေ့နှင့် သံပုရာရည်ကို အဆင်သင့် ပြင်ထားပါ
  • သကြားနှင့် ရေတို့ကို ရောပြီး သကြားပျော်လာအောင် ကျိုပေးပါ
  • သကြားများ အရည်ပျော်လာပါက ဖာလာစေ့ကို ကွဲသွားတယ်ဆိုရုံလေးထုကာ ထည့်ပေးပါ (မထည့်လဲ ရပါတယ်)
  • ပြီးတာနဲ့ သံပုရည်ထည့်ကာ မွှေပေးပါ
  • သကြားရည်ကို အရမ်းမပြစ်မသွားစေဘဲ မုန့်သားစိမ်လို့ရရုံ ကပ်စေးစေး ဖြစ်ရုံလေး ကျိုပေးပါ
  • သကြားရည် ကျိုရာမှာ အရမ်းမကျဲ အရမ်းမပြစ်စေရန် သတိထားပါ
  • သကြားရည် အရမ်းကျဲပါ မုန့်စိမ်တဲ့အခါမှာ မုန့်သားများ ကွဲထွက်သွားနိူင်ပြီး သကြားရည် အရမ်းပြစ်ပါက မုန့်ရည်စိမ်တဲ့အခါမှာ မုန့်သားထဲ မဝင်ဘဲ ဖြစ်သွားတတ်ပါတယ်သ
  • ကြားရည်ကျိုပြီး အဆင်သင့် ဖြစ်ပါက ဇလုံခပ်ကြီးကြီး တစ်လုံးထဲမှာ ပြောင်းပြီးထည့်ထားပါ

မုန့်နှစ်ဖျော်ရန်
  1. ဇလုံအနေတော် တစ်လုံးထဲမှာ ဂျုံမှုန့် food colorနှင့် baking powder တို့ကို သမအောင် ရောမွှေပေးပါ
  2. အားလုံးသမသွားတာနဲ့ ရေ ပေါင်းအိုးဆန်ချဉ်ခွက်ရဲ့လေးပုံသုံးပုံကိုထည့်ကာ သမသွားအောင် သေသေချာချာ မွှေပေးပါ
  3. ပြီးတာနဲ့ ကြိတ်ထားသော မတ်ပဲအနှစ်များကို ထည့်မွှေပေးပါ
  4. မာမာကတော့ မတ်ပဲအမှုန့်ကို သုံးတဲ့အတွက် တခါထဲ သမအောင် မွှေလိုက်ပါတယ်မု
  5. န့်နှစ်ရလာတာနဲ့ ခရမ်းချဉ်သီးဆော့ထည့်သည့် ပလပ်စတစ်ဗူးအလွတ်ထဲကို ထည့်ပေးပါ

မုန့်သားကြော်ရန်
  • မုန့်နှစ်ထည့်ထားသော ခရမ်းချဉ်သီးဆော့ထည့်သည့် ခရမ်းချဉ်သီး ဆော့ဗူးအလွတ်ကို ပြင်ထားပါ
  • အောက်ချေမကပ်သော ဒယ်အိုးထဲကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အလယ်လောက်ထိ လျှော့ပေးပါ
  • ပြီးတာနဲ့ ခရမ်းချဉ်သီး ဆော့ဗူးထဲမှ မုန့်နှစ်ကို တစ်ဖက်သပ်ထဲဝိုက်ပြီး ၄ခါလောက် ဝိုက်ပြီးထည့်ပေးပါ
  • ဒယ်အိုးထဲမှာ မုန့်သားများ ဆန့်သလောက် ထည့်ကြော်ပေးပါ
  • ကြော်ထားသော မုန့်သားများ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အအေးခံထားသော သကြားရည်ထဲ တန်းထည့်ပေးပါ
  • သကြားရည်များ မုန့်သားထဲ စိမ့်ဝင်သွားအောင် ဇွန်းဖြင့့်အနည်းငယ် ဖိပေးပါ
  • အထက်ပါ နည်းအတိုင်း မုန့်သားများ ကုန်တဲ့အထိ ကြော်ပေးလိုက် သကြားရည် စိမ်ပေးလိုက် လုပ်ပြီးပါက စားလို့အရမ်းကောင်းတဲ့ ဂျလေဘီမုန့်လေးတွေ ရပါပြီ
  • တစ်ခါထဲ စားလို့မကုန်ပါက သကြားရည်စိမ်ထားသော ဂျလေဘီမုန့်လေးများကို ရေခဲသေတျွှာထဲမှာ ထည့်ထားပြီး စားသုံးနိူင်ပါတယ်။
မှတ်ချက်။။ ခရမ်းချဉ်သီး ဆော့ထည့်သည့် ဗူးမရှိပါက ပလပ်စတစ်အိတ် ခပ်ထူထူထဲ မုန့်နှစ်ထည့်ကာ အိတ်ရဲ့အောက်ချေ ထောင့်ကို အနည်းငယ် ဖောက်ပေးပြီး ညှစ်ချပေးလို့လဲ ရပါတယ်။