Sunday, 20 October 2019

ငါးပဲငပိ ချဉ်ငံစပ်





ဒီနေ့တော့ ဇလားဗီးယား ငါးတွေဝယ်လာပြီး ကြော်ဖြစ်သွားတယ် ဒီတော့လဲ ငါးကြော်ကို အသီးအရွက်လေးတွေနဲ့ ကော်ရည်ဆမ်းပြီး ချိုချဉ်ငံစပ်လေး  ချက်ဖြစ်သွားလို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

ငါး - 400 g တစ်ကောင်
ပဲငပိအချို - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
ငရုတ်သီးစိမ်း - စားနိူင်သလောက်
နံနံပင် - နှစ်သက်လောက်
ကြက်သွန်မိတ် - နှစ်သက်သလောက်
ကြက်သွန်နီ - အနေတော် တစ်လုံး
ကြက်သွန်ဖြူ -  သုံး မွှာ
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ငါးအရသာနယ်ရန်)
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကော်ရည်ဖျော်ရန်)
အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဝက် (ငါးအရသာနယ်ရန်)
သကြား - ထမင်းစားဇွန်း တစ်ဇွန်း (ကော်ရည်ဖျော်ရန်)
ချင်း - လက်မဝက်ခန့် ပါးပါးလှီးပေးပါ
ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
ရေ - တရုတ်ဟင်းပြင်ပန်းကန် အသေးတစ်လုံးစာ ( ကော်ရည်ဖျော်ရန်)
ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
ငါးအရသာနယ်ရန်
ငါးကိုဆူးတောင်ခုတ် ဗိုက်ခွဲ အကြေးခွံထိုးပြီး မလိုတာတွေ ဖယ်ပေးကာ ရေငါးထပ်လောက် ဆေးပေးပါ
ရေဆေးပြီးတာနဲ့ ငါးကိုသုံးချက်လောက် ခပ်ကျဲကျဲလေး မွှန်းပေးပါ
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံတို့ ထဲ့ပေးပြီး အရသာဝင်အောင် နယ်ပေးပါ
ငါးကြော်နှပ်ရန်အတွက်
ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ထည့်ပြီး ဆီကိုအပူပေးပါဆီ
ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးကာ ငါးကိုထည့်ကြော်ပေးပါ
တစ်ဖက်ကျက်တာနဲ့ တစ်ဖက်ကို လှန်ပေးကာ ငါးတစ်ကောင်လုံး ကျက်သွားအောင် ကြော်ပေးပါ
ငါးကြော်ကျက်ပါက ဆယ်ပြီး ဆီစစ်ပေးထားပါ
ဟင်းချက်ရန်
ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ အကွင်းလိုက် ခပ်ထူထူ လှီးပေးထားပါ
ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်က ခပ်နုတ်နုတ် လှီးထားပါ
ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်ထူထူ လှီးထားပါ
နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး ရှည်ရှည်လေးတွေ လှီးထားပါ
ပန်းကန်တစ်လုံးထဲမှာ ဆား သကြား  ရေနှင့်ကော်မှုန့်ကိုထည့်ပြီး ဖျော်ထားပါ
ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေထားပါ
ပဲငပိကို ပြင်ထားပါ
ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ခြမ်းခြမ်း ပေးထားပါ
ပြီးတာနဲ့ ငါးကြော်ကို ပန်းကန်ပြား တစ်ချပ်ထဲမှာ ထည့်ပေးထားပါ
ငါးကြော်ပန်းကန်ထဲမှာ နံနံပင် ကြက်သွန်မိတ် ခရမ်းချဉ်သီးနှင့် ငရုတ်သီးစိမ်းတို့ကို အလှဆင် ပေးထားပါ
နောက်ထပ်အိုး အသန့်တစ်လုံးထဲမှာ ဆီထမင်းစားဇွန်း လေးဇွန်းကိုထဲ့ပြီး အပူပေးပါ
ဆီပူလာတာနဲ့ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို မွှေးသွားအောင် ကြော်ပေးပါ
ပြီးတာနဲ့ ဖျော်ထားသော ကော်ရည်ကို လောင်းထဲ့ပြီး ကော်ရည်ပျစ်လာအောင် မွှေပေးပါ
ကော်ရည်ပျစ်လာတာနဲ့ ပဲငပိထဲ့ပြီး မိနစ်ဝက်လောက် ကြော်ပေးပါ
အားလုံးကျက်သွားပါက ကြော်ပြီးဆီစစ်ကာ ပြင်ဆင်ထားသော ငါးကြော်ပန်းကန်ထဲကို လောင်းထည့်ပေးပါ
ပြီးတာနဲ့ မိမိတို့ နှစ်သက်သလို သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

Friday, 18 October 2019

နာနတ်ရည်ဆမ်း အစိမ်းကြော်


ဒီနေ့တော့ သတ်သတ်လွတ် စားတဲ့သူတွေလဲ အဆင်ပြေစွာ စားနိူင်အောင်ရယ် အရန်ဟင်းတစ်မယ်အတွက် လွယ်ကူမြန်ဆန်စွာ ပြင်ဆင်နိူင်အောင်ရယ်အတွက် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ နာနာတ်ရည်ဆမ်း အစိမ်းကြော် ကြော်နည်းကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပဲပြား - 100 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. မုံလာဥနီ - အနေတော် တစ်ဥ
  5. ဘေဘီပြောင်းဖူး - ငါးဖူး
  6. ပန်းဂေါ်ဖီ - အနေတော် ၃ခက်
  7. ရွှေပဲသီး - ၁၅တောင့်
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. သကြား - ထမင်းစားဇွန်း ၂ဇွန်း
  10. နာနတ်ရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  11. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ၅ဇွန်း (ချိုချဉ်ကြော်ရန်)
အရသာစပ်ရန်
  1. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  2. ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  3. ရေ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲစာ
  4. နာနတ်ရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အထက်ပါ ပါဝင်ပစ္စည်း အားလုံးကိုရောပြီး အရသာ အရည်အဖြစ် စပ်ထားပါ)
ပြင်ဆင်ပုံ
  • တို့ဟူးကို ရေတစ်ထပ်ဆေးပြီး မိမိနှစ်သက်တဲ့ ပုံစံရအောင် လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်ခွဲပြီး အလွှာတွေရအောင် ခွာထုတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
  • ပန်းဂေါ်ဖီကို ရေဆေးပြီး အနေတော်  အခက်လေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အတုံးလေးတွေ လှီးထားပါ
  • ဘေဘီပြောင်းဖူးကို ရေဆေးပြီး ထက်ဝက်ခြမ်းကာ လေးစိတ်စိတ်ထားပါ
  • ရွှေပဲသီးကို အကြောသင်ပေးပြီး အတောင့်လိုက် ရေဆေးကာ ထက်ဝက်ပိုင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ကြက်သွန်ဖြူကို မွှေးလာရုံလေး ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲပြားကို အရင်ဆုံး ထည့်ကြော်ပေးပါ
  • ပဲပြား အနည်းငယ် မာလာပါက ကျန်နေသော အသီးအရွက်မျာကို ထည့်မွှေပေးပါ
  • အသီးအရွက်များ အနည်းငယ် နွမ်းသွားပါက အရသာ စပ်ထားသော အချိုရည်ကို လောင်းထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ
  • အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲ ကြော်ပေးပါ
  • အသီးအရွက်ကြော်များ အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ ချဉ်ဖြုံ့ ဖြုံ့လေးနဲ့ အရမ်းစားလို့ ကောင်းလွန်းတဲ့ သတ်သတ်လွတ် ပဲပြားအစိမ်းကြော်လေး ရပါပြီ။

Thursday, 17 October 2019

ပဲငပိ အစပ်ဟင်း












ဒီနေ့တော့ ပုဇွန်ခေါင်းချိုး လတ်လတ်ဆတ်ဆတ်လေးတွေ ရလာတာနဲ့ ပဲငပိကို ချဉ်ချဉ်ငံငံ စပ်စပ်လေး ချက်ဖြစ်သွားပါတယ် ထမင်းစားလို့ မြန်စေတဲ့ ဟင်းလေးတစ်မယ်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ပဲငပိ အစပ်ဟင်း ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပုဇွန်ခေါင်းချိုး -  တစ်ဆယ်သား
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၄မွှာ
  3. ကြက်သွန်နီ - ဥကြီးကြီး တစ်ဥ
  4. ငရုတ်သီးအကြမ်းမှုန့် ထမင်းစားဇွန်း သုံးဇွန်း
  5. ခရမ်းချဉ်သီး - အနေတော် ၅လုံး 
  6. ပဲငပိ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံး                                      
  7. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဝက်
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
ပြင်ဆင်ပုံ
  • ပုဇွန်ကို ရေစင်အောင်ဆေးပြီး ခေါင်းနှင့်အမြှီးများ ဖြုတ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်သီးအကြမ်းမှုန့်ကို အဆင်သင့် ပြင်ထားပါ။
  • ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အကြမ်းဖတ်တို့ကို မညက်တစ်ညက် ရောထောင်းပေးထားပါ
  • ပဲငပိကို ပြင်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ။
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး မီးအနေတော်နဲ့ အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုန်သီးထောင်းကို မိနစ်၀က် မရှိတရှိကြော်ပေးပါ။။
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ ခရမ်းချဉ်သီးကို ကျေပြီး အခွံများ  လိတ်သွားတဲ့ထိ ချက်ပေးပါ။
  • ခရမ်းချဉ်သီးများ ကျေသွားတာနဲ့ ပုဇွန်ကိုထည့်ပြီး ၂မိနစ်လောက်မွှေပါ။
  • ပြီးတာနဲ့ ခရမ်းချဉ်သီးမှ ထွက်လာသော အရည်များ မခမ်းခင် ပဲငပိနှင့် အချိုမှုန့်ကို ထည့်မွှေပါ။
  • ခရမ်းချဉ်သီးမှ ထွက်လာသော အရည်များ အရမ်းမခမ်းခင် ငရုတ်သီးစိမ်း ထည့်မွှေကာ အရသာမြည်ပြီးး လိုသလိုပြင်ပေးပါ။
  • ပြီးတာနဲ့ မီးပိတ်ပေးကာ ချဉ်ချဉ်ငံငံစပ်စပ် ရှမ်းပဲငပိချက် မွှေးမွှေးလေးနဲ့ ထမင်းမိန်မိန် သုံးဆောင်နိုင်ပါပြီ။
မှတ်ချက် ။ ။ ပဲငပိကို အချိုသုံးပါက အငံအရသာအတွက် ငံပြာရည်ထည့်ပေးပါ မာမာကတော့ ပဲငပိအငံကို သုံးထားတဲ့အတွက် ငံပြာရည် ထည့်မထားပါ။

Wednesday, 16 October 2019

ငှက်ပျောသီး အုန်းနိ့ ကောက်ညှင်းထုတ်























ဒီနေ့တော့ ငှက်ပျောသီး အုန်းနိူ့ ကောက်ညှင်းထုပ်လေးတွေ ထုတ်စားဖြစ်ပါတယ် အုန်းနို့အနံ့လေး သင်းနေပြီး စေးထမ်းထမ်း ချိုစိမ့်စိမ့်လေးနဲ့ အရမ်းကို စားလို့ကောင်းပါတယ်။

ငှက်ပျောရွက်နဲ့ ထုတ်တဲ့အတွက် ငှက်ပျောရွက်ကိုတော့ သေသေချာချာ ဆေးစေချင်ပါတယ် ငှက်ပျောရွက်မှာ ကပ်နေတတ်တဲ့ ဖုံတွေ ငှက်ချေးတွေ ကပ်နေတတ်ပါတယ် နောက်တစ်ခုက ခဲထားတဲ့ ငှက်ပျောရွက်တွေဆိုရင် ပိုပြီးသတိထားပြီး ဆေးပေးပါ။

မာမာတို့ဆီမှာ ငှက်ပျောရွက်က လတ်လတ်ဆတ်ဆတ် မရလေတော့ ခဲထားတာကိုဘဲ သုံးရပါတယ် ခဲထားတဲ့ အထုတ်ကို ဖြေလိုက်ထဲက ရွှံ့လိုမဲမဲ အဖတ်တွေ ကိုင်မိတဲ့အတွက် ရေကို၈ထပ်လောက် ဆေးရပါတယ် ရေဆေးပြီးပြန်တော့ တစ်ခါသုံး အဝတ်စနဲ့ သေသေချာချာ သုတ်ပေးပြီးမှ သုံးပေးတာ အကောင်းဆုံးပါဘဲ။

နောက်တစ်ခုက ခဲထားတဲ့ အရွက်တွေကို သုံးထားတဲ့အတွက် အရွက်တွေက စုတ်ပျဲလွယ်ပါတယ် ထိလိုက်တာနဲ့ ကွဲထွက်သွားတတ်တဲ့အတွက် ကြမ်းကြမ်းတမ်းတမ်း မကိုင်ဖို့လဲ သတိပေးပါရစေ။

ကောက်ညှင်းထုတ်ဖို့ အရွက်ကို ပိုင်းဖြတ်တဲ့ နေရာမှာလဲ အတိအကျ ပိုင်းဖြတ်လို့ မရပြန်ပါဘူး မိမိအဆင်ပြေသလို ကောင်းတဲ့နေရြလေးတွေကို ရွေးပြီးပိုင်းဖြတ်ပေးပါ။

ကောက်ညှင်းထုတ်တော့မယ် ဆိုရင်လဲ အရွက်တစ်ထဲဆိုရင် ကွဲထွက်သွားတတ်တဲ့အတွက် အရွက်ကို နှစ်ထပ်သုံးထပ်လောက် ထပ်ပေးပြီးမှ ထုတ်ပေးပါလို့ အကြံပေးရင်း မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ (ငါးဖူးစာ)
  1. ကောက်ညင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးခွဲ
  2. ငှက်ပျောသီး - နှစ်လုံးခွဲ
  3. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း မောက်မောက် (အချိုကြိုက်ပါက ပိုထည့်ပါ)
  4. အုန်းနို့့ - 300 ml
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  6. အုန်းသီးဖတ် - မိမိနှစ်သက်သလောက် သုံးပေးပါ
  7. ငှက်ပျောရွက် - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန်ကို ရေမြုပ်အောင်ထည့်ပြီး တစ်ညအိပ် ရေစိမ်ထားပါ 
  • နောက်နေ့မနက်မှာ တစ်ညအိပ် ရေစိမ်ထားသော ကောက်ညှင်းဆန်ကို ရေတစ်ထပ်ဆေးပြီး ဇကာထဲလောင်းထည့်ကာ ရေစစ်ထားပါ
  • ဇောက်နက်ပြီး မကပ်သော အိုးအနေတော် တစ်လုံးထဲမှာ အုန်းနိူ့ ဆားနှင့် သကြားကို အပူပေးပြီး သကြား ပျော်သွားအောင် တည်ပေးထားပါ
  • ဆားနှင့်သကြား ပျော်သွားစေရန် မကြာ မကြာ မွှေမွှေပေးပါ
  • ဆားနှင့်သကြား ပျော်သွားပါက ရေစစ်ထားသော ကောက်ညှင်းများကိုထည့်ပြီး မွှေပေးပါ
  • အိုးမကပ်အောင် မကြာခဏ မွှေကာ အုန်းနိူ့များ ခမ်းသွားသည်အထိ တည်ထားပါ
  • ကောက်ညှင်းသား လှစေရန် ကောက်ညှင်းဆန်ကို ခပ်ဖြေးဖြေးဘဲ မွှေပေးပါ
  • ပြီးတာနဲ့ မီးဖိုမှဖယ်ကာ အအေးခံထားပါ
  • ငှက်ပျောရွက်များအား အနေတော် ပိုင်းဖြတ်ပေးပြီး ရေစင်အောင် ဆေးပေးပါ
  • လတ်လတ်ဆတ်ဆတ် ငှက်ပျောရွက် သုံးပါက ငှက်ပျောရွက်ကို ရေစင်အောင်ဆေးပြီး အနည်းငယ်ပျော့သွားအောင် microwave ထဲ ၁ မိနစ် (သို့) ၁ မိနစ်ခွဲခန့်ထည့်ပါ
  • Microwave မရှိပါက  အနည်းငယ် နွမ်းသွားစေရန် နေပူပူမှာ တစ်နာရီလောက် နေလှန်းပေးပါ
  • နေမပူပါက မီးဖိုပေါ်မှာ မီးအပူရှိန် ခပ်ဝေးဝေးမှာထားပြီး အနည်းငယ် နွမ်းသွားအောင် ကင်ပေးပါ
  • မီးကင်ခြင်း နေပူလှန်းခြင်း မိုက်ခရိုဝေ့ မီးဖိုထဲမှာ အပူပြထားသော ငှက်ပျောရွက်များကို ကောက်ညှင်းမထုတ်ခင် ရေစင်အောင် ဆေးပေးပြီး တစ်ခါသုံး အဝတ်စလေးများဖြင့် သန့်ရှင်းသွားအောင် လိုက်သုတ်ပေးထားပါ
  • မာမာကတော့ ငှက်ပျောရွက် လတ်လတ်ဆတ်ဆတ် မရတဲ့အတွက် ခဲထားတဲ့ အရွက်များကို သုံးထားပါတယ်
  • ခဲထားတဲ့ အရွက်များက အင်မတန်မှ ညစ်ပါတ်ပါတယ် ဒါကြောင့်မို့ ရေစင်အောင်ဆေးပြီး အဝတ်စနှင့် သေသေချာချာ သုတ်ပေးပြီးမှ သုံးပါ
  • ငှက်ပျောသီးကို အခွံခွာပြီး မိမိထုတ်မည့် ကောက်ညှင်းထုတ် အနေအထားအတိုင်း ပိုင်းပေးထားပါ
  • အဆင်သင့် ဖြစ်တာနဲ့ ငှက်ပျောရွက်ထဲသို့ ကောက်ညှင်း ထမင်းစားဇွန်း တစ် ဇွန်း မောက်မောက် ကို အနည်းငယ် ဖြန့်ပြီးထည့်ပေးပါ
  • ထိုကောက်ညှင်းပေါ်မှာ ငှက်ပျောသီးကို တင်ပေးပါ
  • ငှက်ပျောသီး အပေါ်မှာ နောက်ထပ် ကောက်ညှင်း ထမင်းစားဇွန်း တစ် ဇွန်းကို ဖြန့်ပြီးတင်ပေးပါ 
  • ပြီးတာနဲ့ ဘေးနှစ်ဘက်မှ တစ်စဆီယူကာ ကောက်ညှင်းအပေါ်မှာ အုပ်ပေးပါ 
  • ဘေးနှစ်ဖက် အုပ်ပြီးတာနဲ့ အောက်ဖက်မှ ငှက်ပျောရွက်ကို အပေါ်ဖက်ကို ခေါက်တင်ပေးပါ
  • ပြီးတာနဲ့ အပေါ်ဖက်မှ အရွက်စကို ထပ်အုပ်ပေးပါ
  • ငှက်ပျောရွက်က ရှည်နေပါက အနားသားများကို ထုတ်လို့ ရရုံဘဲထားပြီး ကပ်ကြေးနှင့် ညှပ်ထုတ်ပေးပါ
  • ၈ ထုပ်လုံးကို အထက်ပါ နည်းအတိုင်း ကောက်ညှင်းဆန်များ ကုန်အောင် ထုတ်ပေးပါ
  • တစ်ထုတ် ထုတ်ပြီးတိုင်း အထုတ်ကို မှောက်ပြီး ဗန်းထဲမှာ ထည့်ထားပေးပါ
  • အားလုံးထုတ်ပြီးတာနဲ့ အထုတ်နှစ်ထုတ်ကိုပူးပြီး ကြိုးနှင့်ခပ်တင်းတင်း ချည်ပေးပါ
  • မုန့်ထုတ်များ အားလုံးခြည်ပြီးတာနဲ့ ပေါင်းမည့်ဇကာထဲ စီပြီးထည့်ပေးပါ
  • ပေါင်းအိုးထဲကို ပေါင်းခံခုံ မထိအောင်ရေထည့်ပေးပါ
  • ရေထည့်ပြီးတာနဲ့ ပေါင်းခံဇကာကို တင်ပေးပြီး အိုးအဖုံး အုပ်ပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးရဲ့ steam ခလုတ်ကို နှိပ်ကာ မိနစ်နှစ်ဆယ်ကို နှိပ်ပေးပြီး ပေါင်းပေးပါ
  • မိနစ်နှစ်ဆယ် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • အိုးအဖုံး ဖွင့်ပြီးတာနဲ့ ငှက်ပျောသီးအုန်းနို့ ကောက်ညှင်းထုတ် မွှေးမွှေး အိအိလေးကို သုံးဆောင်ရန် ပြင်ပေးနိူင်ပါပြီ။

Tuesday, 15 October 2019

ပုဇွန်ဆီချက် ချက်နည်း (စတုတ္ထနည်း)


သန့်စင်ပြီးသား ပုဇွန်အခွံများ

ပထမအကြိမ် ခပ်ကြမ်းကြမ်းကြိတ်ပါ

ကြိတ်ဖတ်များကို ဇလုံထဲထည့်ပေးပါ

ရေအနည်းငယ်ထည့်ကာ နယ်ပေးပါ

အိုးအပေါ်မှာ ဇကာခံပြီး အရည်ကို ညှစ်ချပါ

အရည်ညှစ်ယူထားသော ပုဇွန်အရည်

အဖတ်များကို ဒုတိယတစ်ပြိမ် ကြိတ်ပေးပါ

ညက်နေအောင် ကြိတ်ပေးပါ

ဇကာပေါ် တင်နေသော အဖတ်များကို ပြစ်လိုက်ပါ

ဝေမကျအောင် ယောင်းမကို တင်ထားပါ

အဖတ်လေးများ ဥလာပါပြီ

မီးအနေတော်နှင့် တစ်နာရီလောက် တည်ပါ

အရည်ခမ်းစ ပြုလာပါပြီ


ပုဇွန်ဆီချက်ရန်နှင့် ပုဇွန်ဦးဏှောက်လုပ်ရန်ရပါပြီ




တစ်ပါတ်စာ ပုဇွန်တွေ ဝယ်လာတော့ အခွံတွေရော ခေါင်းတွေပါ အများကြီး ထွက်လာခဲ့တယ် ဒီတော့လဲ ထုံးစံအတိုင်း ပုဇွန်ဆီချက်ဖို့ ပြင်ရပြန်ပါတယ် ဒီတစ်ခေါက် ပုဇွန်တွေက အကောင်ကြီးပြီး အခွံထူကာ အဆီတွေ ပေါလွန်းတာနဲ့ ပုဇွန်ဆီချက်မဲ့ အထဲက တစ်ဝက်ကိုတော့ ပုဇွန်ဦးနှောက်လေး ချက်လိုက်ပါသေးတယ်။

ဒါကြောင့်မို့လို့ ပုဇွန်ဆီချက်နည်း တတိယနည်းလေး တင်ပေးပြီးတာနဲ့ ပုဇွန်ဦးနှောက် ချက်နည်းလေးကို ထပ်တင်ပေးပါ့မယ် ပုဇွန်ဆီ ချက်နည်း ပြင်ဆင်ပုံ ပထမနည်းကို  http://mmlazp.blogspot.com/2012/04/blog-post_7.html 7/April /2012 နေ့နှင့် ဒုတိယနည်းကို 28/3 1017 နေ့ကhttps://mmlazp.blogspot.com/2017/03/blog-post_63.html  ဒီလင့်မှာ တစ်ခါတင်ဖူးပြီး တတိယနည်းကိုတော့ http://mmlazp.blogspot.com/2019/09/blog-post_88.html ဒီလင့်လေးမှာ ကြည့်နိူင်ပါတယ်။

ပါ၀င်ပစ္စည်းများ 
  1. ပုဇွန်ခေါင်နှင့် ပုဇွန်အခွံများ - 1500 g
  2. ဆီ - တစ်ဆယ်သား
  3. ဆား - လက်ဖက်ရည်ဇွှန်း နှစ်ဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. ရေ - သုံးလီတာ

ပြင်ဆင်ပုံ
  • ပုဇွန်အသား ထွင်ရာမှ ထွက်လာသော ပုဇွန်အခွံများကို ဇလုံကျယ်ကျယ်ထဲကို ထည့်ပေးပါ
  • ပြီးတာနဲ့ ရေများများထည့်ပြီး အခွံမှာ ကပ်နေသော သဲများကုန်သွားအောင် ၇ခါလောက် ဆေးပေးပါ
  • ပုဇွန်ခေါင်းများကိုလဲ အခြံခြာကာ အထဲမွ အစာအိတ်ကို ဒုတ်ချွန်လေးနဲ့ ထိုးထုတ်ကာ ဖယ်ပေးပါ
  • ခေါင်းထဲမှာ ရှိနေတဲ့ သွားများကိုလဲ ဖယ်ပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပုဇွန်အဆီနှင့် အသားအနည်းငယ်ပါသော ပုဇွန်ခေါင်းများကို အရင်ဆုံး အသားကြိတ်တဲ့ ဘလင်ဒါထဲ ထည့်ပေးကာ အရင်ဆုံး မညက်တစ်ညက် ကြိတ်ပေးပါ
  • ကြိတ်ထားသော ပုဇွန်ကြိတ်ဖတ်များကို ရေအနည်းငယ်နှင့် အရင်ဆုံး ကျင်ပေးပါ
  • အရည်ကျင်ထားသော ပုဇွန်အဖတ်များကို ဇကာစိတ်စိတ်လေးခံကာ လက်အားသန်သန်နှင့် အရည်များကို ညှစ်ချပေးပါ
  • အရည်ညှစ်ချထားသော ပုဇွန်အဖတ်များကို နောက်တစ်ခေါက် ညက်နေအောင် ထပ်ပြီး ကြိတ်ပေးပါ
  • ဒုတိယ အကြိမ်ကြိတ်ထားသော ပုဇွန်အဖတ်များကို အရည်အနည်းငယ်နှင့် ပထမ နည်းအတိုင်း အရည်ကျင်ကာ အရည်ညှစ်ထားသော အဖတ်များကို ပြစ်လိုက်ပါ
  • ဘလင်ဒါနဲ့ ကြိတ်တာဖြစ်တဲ့အတွက် နှစ်ခါလောက်ဘဲ ကြိတ်ပြီး အရည်ယူလိုက်ရင် ရပါပြီ 
  • ပုဇွန်အခွံ ကြိတ်သားများကို အရည်ကျင်ရာမှာ ရေအများကြီး မထည့်ဘဲ ကျင်ပေးပါ
  • ပုဇွန်အခွံ အရည်ကျင်ရာမှာ ရေအများကြီးထည့်ပြီး အရည်ကျင်ပါက ပုဇွန်ဆီချက်ရာမှာ အချိန်ကြာတတ်ပါတယ်
  • အားလုံးအဆင်သင့် ဖြစ်ပါက အရည်ကျင်ထားသော ပုဇွန်ခေါင်းနှင့် ပုဇွန်အခွံ ထောင်းထားသော အရည်များကို အိုးတစ်လုံးထဲထည့်ကာ နနွင်းမှုန့်နှင့် ဆားထည့်ပြီး ကျိုပေးပါ
  • ပုဇွန်အရည် ကျိုနေစဉ် အိုးမကပ်စေရန်နှင့် ဝေမကျစေရန် မကြာမကြာ မွှေပေးပါ
  • ပုဇွန်အခွံထောင်း အရည်များ ပြစ်လာပြီး အဖတ်လေးတွေ တက်လာပြီ ဆိုတာနဲ့ ဆီထည့်ပြီး မွှေပေးပါ
  • ဆီထည့်ပြီးတာနဲ့ ပုဇွန်ဆီများ ဥလာအောင် မီးအနေတော်လောက် လျှော့ကာ တည်ထားပေးပါ
  • ပုဇွန်ဆီများ ပြစ်လာပြီး ဆီထဲမွာ ပုဇွန်ဆီ အဖတ်များ ဥလာပြီ ဆိုတာနဲ့ ပုဇွန်ဆီ မွှေးမွှေးလေး ရပါပြီ
  • ပြီးတာနဲ့ မီးပိတ်ပေးပြီး အေအးခံကာ ဗူးထဲထည့်ပြီး ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပေးထားပါ
  • ပုဇွန်ဆီ မွှေးမွှေးလေးကို ထမင်းကြော်စားရန်သော်၎င်း ထမင်းပူပူလေးနဲ့သော်၎င်း အသုပ်သုပ်စားရာတွင်၎င်း မိမိနှစ်သက်သလောက်ထည့်ပြီး ကြော်လှော် နယ်ဖတ်ကာ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
မှတ်ချက် ။ ။ အခုချက်လို့ရလာတဲ့ ပုဇွန်အနှစ်များကို တစ်ဝက်ဆီခွဲပြီး တစ်ဝက်က ပုဇွန်ဆီချက်ကာ တစ်ဝက်ကို ပုဇွန်ဦးနှောက် ချက်ထားပါတယ်။