Tuesday, 21 August 2018

နာနတ်သီး အစိမ်းကြော်


ဝါတွင်းကာလ သတ်​သတ်​လွတ်​ စားနိုင်​မဲ့ အစိမ်းကြော်​ ကြော်​နည်းလေး မျှဝေလိုက်​ပါတယ်​။

ပါဝင်ပစ္စည်းများ

  1. နာနတ်သီး - အနေတော် တစိတ်
  2. ကြက်သွန်နီ - အနေတော် တလုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး၂မွှာ
  4. ဂေါ်ဖီ - အနည်းငယ်
  5. မုံလာဥနီ - အနေတော် တဥ
  6. ပန်းငရုတ်ပွ - တတောင့်
  7. ပဲတောင့်ရှည် - ၁၀တောင့်ခန့်
  8. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း၂ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တဝက်
  10. နနွင်းမှုန့် - အနည်းငယ်
  11. သကြား - ထမင်းစားဇွန်း တဇွန်း
  12. ဆီ - ထမင်းစားဇွန်း ၃ဇွန်းခန့်

ကော်ရည်ဖျော်ရန်
  • ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း တ၀က်
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ရေ - လက်ဖက်ရည်အကြမ်းပန်ကန်လုံး ၂လုံးစာ (အားလုံးကို ပျော်သွားအောင် ဖျော်ထားပါ)

ပြင်ဆင်ပုံ

  • နာနတ်သီးကို ပုံပါအတိုင်း လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး လေးစိတ် လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး လက်၂လုံးလောက်အနေ ခပ်ကြမ်းကြမ်းထူထူလေး လှီးထားပေးပါ
  • ဂေါ်ဖီ ပဲတောင့်ရှည် နှင့် မုံလာဥနီတို့ကို ရေဆေးပြီး သင့်သလို လှီးပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပီးဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးပေးပါ
  • ပန်းငရုတ်ပွကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ဟင်းချက်ရန် လိုအပ်မည့် ပစ္စည်းများ ပြင်ထားပေးပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီထမင်းစားဇွန်း ၃ဇွန်းကိုထည့်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူကို မွှေးသွားအောင် ကြော်လိုက်ပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ လှီးထားသော ဂေါ်ဖီ  ပန်းငရုတ်ပွ မုံလာဥနီ ကြက်သွန်နီစသည့် အသီးအရွက်များကို အနည်းငယ် နွမ်းအောင်ကြော်ထားပါ
  • ပြီးတာနဲ့ ဆား သကြား ပဲငံပြာရည်အကြည် စသည့် အရသာများကို ခပ်မြန်မြန်လေး ထည့်ပေးပါ
  • ပြီးတာနဲ့ လှီးထားသော နာနတ်သီးကို ထည့်မွှေပေးပါ
  • အားလုံးသမသွားပြီဆိုတာနဲ့ ဖျော်ထားသော ကော်ရည်ကို လောင်းထည့်ပေးကာ ကော်ရည်ပျစ်အောင် မွှေပေးပါ
  • ပြီးတာနဲ့ ကြက်သွန်မိတ်ကိုထည့်ကာ မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • စားပွဲပြင်ရန် ပန်းကန်ထဲ ပြောင်းထည့်ပြီး နာနတ်သီး အစိမ်းကြော် ပူပူလူလူလေး သုံးဆောင်နိုင်ပါပြီ။

Wednesday, 15 August 2018

သရက်သီးစိမ်းသုပ်







တစ်ပါတ်တစ်ရက် ဗီယက်နမ်စျေးကို သွားကြရင်း သရက်သီးစိမ်းလေးတွေ ဝယ်လာခဲ့ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်တဲ့ ချဉ်ငံစပ် သရက်သီးစိမ်းသုပ်လေး သုပ်ဖြစ်လို့ မာမာပြင်ဆင်ထားတဲ့ သရက်သီးစိမ်းသုပ် ချဉ်ငံစပ်သုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ

သရက်သီးစိမ်း - ခပ်ကြီးကြီး တစ်လုံး
အရသာမှုန့် -  လက်ဖက်ရည်ဇွန်း တစ်ဝက်
ငရုတ်သီး အလှော်မှုန့် -  စားနိူင်သလောက်
ပုဇွန်ခြောက်ထောင်း -  လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
မြေပဲလှော် - လက်ဖက်ရည်ဇွန် သုံးဇွန်း
ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
မြေပဲဆီစိမ်း - ထမင်းစားဇွန်း နှစ်ဇွန်း
ကြက်သွန်ဖြူ ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်းသာသာ
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ

ပြင်ဆင်ပုံ
သရက်သီးစိမ်းကို အညှာဖက်မှလှီးပြီး ရေနိူင်နိူင်ဆေးကာ အစေးထုတ်ပေးပါ
ပြီးတာနဲ့ အခွံခွာကာ သရက်သီးခြစ်နှင့် ခြစ်ပေးပါ
ပုဇွန်ခြောက်ကို မညက်တစ်ညက် ထောင်းထားပါ
မြေပဲလှော်ပြီးသားကို အခွံခြွတ်ပြီး သန့်စင်ပေးထားပါ 
အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါ၀င်ပစ္စည်းများ အားလုံးကို ဇလုံတစ်လုံးထဲထည့်ကာ ခပ်ဖွဖွလေး ရောနယ်ပေးပါ
အားလုံးသမ သွားတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ စားသုံးရန် ပြင်ပေးပါ
အရသာ ရှိလှသော သရက်သီးသုပ် ချဉ်ငံစပ်လေးကို စားသုံးရန်အသင့် ပြင်ပေးနိူင်ပါပြီ။

Sunday, 12 August 2018

မျှစ်ဆန်လှော်ဟင်း













အေးရှန်းဆိုင်ကို လိုချင်တာလေးတွေ သွားဝယ်ရင်း မျှစ်အကြွတ်လေးတွေ ရလာခဲ့ပါတယ် တာလပေါ့ချက်ရင်ဘဲဖြစ်ဖြစ် အစပ်ဟင်းလေးတွေ ချက်ရင်ဘဲ ဖြစ်ဖြစ် အရမ်းကို အဆင်ပြေတဲ့ မျှစ်လေးတွေပါ။

ဒီတခါတော့ အဲဒီမျှစ် အကြွတ်လေးတွေနဲ့ မျှစ်ဆန်လှော်ဟင်းလေး ချက်မိတဲ့အတွက် အာပူလျှာပူ ပူလောင်စပ်နေတဲ့ မျှစ်ဆန်လှော်ဟင်း ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မျှစ်ကြွတ် - ငါးခု
  2. ဆန်လှော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ပုဇွန်ငါးပိ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ကြက်သွန်နီ - အနေတော် တစ်ဥ
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ် မွှာ
  6. ငရုတ်​သီးစိမ်း အစပ်​​တောင့်​ - စားနိုင်သလောက်
  7. ငရုတ်သီးအခြောက်တောင့် - စားနိုင်သလောက် (ဟင်းအိုးအုပ်ရန် )
  8. ငရုတ်သီးအခြောက်တောင့် - ခြောက်တောင့်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း


ပြင်ဆင်ပုံ
  • မျှစ်ကို ရေဆေးပြီး ပုံပါအတိုင်း လေးစိတ်စိတ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စဉ်းထားပါ
  • ကြက်သွန်ဖြုကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စဉ်းထားပါ
  • ပြီးတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ငရုတ်သီးအခြောက်တောင့်တို့ကို ညက်နေအောင် ရောထောင်းထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်​ပါးပါး လှီးထား​ပါ
  • ငရုတ်သီး အခြောက်တောင့်ကို ရေဆေးပြီး အညှာခြွေထားပါ
  • ပုဇွန်ငါးပိကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • ဆန်လှော်မှုန့်ကိုလဲ ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • ဆီ နနွင်းမှုန့် ဆား အရသာမှုန့် ငါးငံပြာရည်တို့ကို ပြင်ထားပါ
ဟင်းချက်ရန်
  • အိုးထဲမှာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ကိုထည့်ပါ
  • နနွင်းမှုန့် ထည့်ပြီးတာနဲ့ ငရုတ်သီးထောင်းနှင့် ငရုတ်သီး အခြောက်တောင့်တို့ကို ထည့်ပြီးဆီသတ်ပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ငရုတ်သီး ဆီသတ်ကို ဘေးခန တွန်းထားကာ မျှစ်ကိုထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့မျှစ် အရသာမှုန့် ဆား ငံပြာရည်တို့ကို တစ်ခါထဲ ထည့်မွှေပေးပါ
  • ပြီးတာနဲ့ မျှစ်ကို ​ရေမြုပ်​​အောင်​ထည့်​ကာ အဖုံးအုပ်​ပြီး တည်​​ပေးပါ
  • ​ရေဆူပြီး မျှစ်မနူးသေးခင် ရေမခမ်းခင် ဆန်လှော်မှုန့် အရည်ဖော်နှင့်​ ပုဇွန်ငါးပိအရည်ဖျော်ကို ထည့်ပေးပါ 
  • ပြီးတာနဲ့ မျှစ်နူးစေရန် မျှစ်ကို ရေမြုပ်အောင်ထည့်ပြီး တစ်ခါဆက်ပြီး တည်ပေးပါ
  • နောက်တစ်ကြိမ် ထည့်ထားသော ရေမခမ်းခင် အရသာ မြည်းပေးကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ မီးပိတ်ပြီး ဆန်လှော်မှုန့် အနံ့မွှေးနေတဲ့ စပ်စပ်မွှေးမွှေး စိမ့်စိမ့်လေးကို စားသုံးရန်​ စားပွဲပြင်​ပေးနိုင်​ပါပြီ။

Thursday, 9 August 2018

ကြက်သား အကြွတ်ကြော်


ဒီနေ့တော့ နေ့လည်နေ့ခင်း ရေနွေးကြမ်း ပူပူလေးနဲ့ မြည်းရအောင် ကြက်သားအမွကြော်လေး ကြော်ဖြစ်တာမို့လို့ ရိုးရှင်းလွယ်ကူတဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ပေါင်သား - 350 g
  2. ကြက်ဥ - တစ်လုံး
  3. တန်ပူရာမှုန့် - ထမင်းစားဇွန်း ဆယ်ဇွန်း 
  4. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ကြက်ပေါင်သားကို ရေဆေးပြီး အလယ်မှ အရိုးကို ဖယ်ပေးကာ ရေခြောက်အောင် သုတ်ပေးပြီး လက်နှစ်လုံး သာသာလေးတွေ လှီးပေးပါ
  • ဆား အရသာမှုန့်တို့နဲ့ ကြက်သားကို နယ်ပေးပါ
  • ကြက်ဥ တန်ပူရာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့နဲ့ရောပြီး ရေအနည်းငယ်ထည့်ကာ ခပ်ပြစ်ပြစ် ခလောက်ပေးပါ
  • ခလောက်ထားသော တန်ပူရာမုန့်အနှစ်ထဲမှာ ကြက်သားတုံးကို တစ်တုံးချင်းနှစ်ပြီး လူးပေးပါ
  • ဆီကို အပူပေးပြီး ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ မုန့်နှစ်လူးထားသော ကြက်သားတုံးကို ထည့်ကြော်ပေးပါ
  • ကြက်သားတုံး တစ်ခုလုံး အကျက်ညီစေရန် အထက်အောက်ကို မကြာမကြာ လှန်လှန်ပေး၍ ရွှေဝါရောင်ဖြစ်လာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်သားပြား မွမွရွရွ ကြွတ်ကြွတ်လေးကို မိမိနှစ်သက်ရာ အချဉ် ဆလတ်ရွက်တို့နဲ့တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ

Wednesday, 8 August 2018

သုန့်ယမ်း ထမင်းအစပ်ကြော်


ရာသီဥတုကလဲ အေးလာပြီး ဆောင်းတွင်းအခါ သမယမှာ စားချင်​စိတ်​က အပူအစပ်​တွေဘဲ စားချင်​နေမိတဲ့အတွက်​ သုန့်​ယမ်းအနှစ်​နဲ့ ထမင်းကြော်လေး ကြော်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်​ပါတယ်ရှင်​။

ပါဝင်ပစ္စည်းများ
  1. Jasmine Rice - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (ထမင်းချက်ရန်)
  3. ပြောင်းဖူးစေ့ - ထမင်းစားဇွန်း လေးဇွန်း
  4. သုန့်ယမ်းအနှစ် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဝက်
  6. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
  7. ကြက်သွန်နီ - အနေတော် တစ်ဥ
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ 
  9. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  10. သခွားသီး - အနေတော်တစ်လုံး
  11. ခရမ်းချဉ်သီး - အလုံးကြီးကြီးတစ်လုံး
ပြင်ဆင်ပုံ

  • ဆန်ကိုရေဆေးပြီး ရေနှင့်အတူ ထမင်းပေါင်းအိုးထဲထည့်ပေးပြီး ခလုတ်နှိပ်ကာ တည်ပေးပါ
  • ခလုတ်တက်ပြီး ထမင်းကျက်တာနဲ့ ထမင်းဖြူကို အအေးခံကာ ဖွထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ပြောင်းဖူးစေ့ကို ရေဆေးထားပါ
  • သွားသီးကို ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
  • သခွားသီးကို ရေစင်ဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပေးပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ထမင်းကြော်ပါမယ်
  • ဒယ်အိုး တစ်လုံးကို အပူပေးပြီး ဆီကိုထည့်ကာ လှီးထားသောကြက်သွန်နီ ခပ်နုတ်နုတ် လှီးထားသော  ကြက်သွန်ဖြူတို့ကို ထည့်ကာထည့်ကြော်ပါ 
  • ကြော်နေစဉ် ပြောင်းဖူးစေ့ နှင့် ငါးငံပြာရည်တို့ထည့်ပြီး ကြော်ပေးပါ 
  • ပြီးတာနဲ့ ထိုအိုးထဲမှာ သုန့်ယမ်းအနှစ်ကို ထည့်ပေးပြီး သမအောင် မွှေကြော် ကြော်ပေးပါ 
  • သုန့်ယမ်းအနံ့ မွှေးလာပြီ ဆိုတော့မှ ထမင်းကို ထည့်ကြော်ပေးပါ 
  • ထမင်းနှင့် ကြော်ထားသော သုံ့ယမ်းအနှစ်များ သမသွားပြီ ဆိုတော့မှ သကြားကို ထည့်မွှေပေးပါ
  • ထမင်းကြော်ချိန်ကို အရမ်းမကြာအောင် သတိပြုပေးပါ
  • သုန့်ယမ်းထမင်းကြော် ရပြီဆိုတာနဲ့ ထမင်းကြော်ကို မိမိနှစ်သက်ရာ ပန်းကန်လုံး တစ်ခုမှာ ဖိထည့်ပေးပါ
  • သုန့်ယမ်းထမင်းကြော်ပွဲ ပြင်ဆင်ရန် ဆလတ်ရွက် သခွားသီးနှင့်ခရမ်းချဉ်သီးတို့ကို မိမိနှစ်သက်သလို လှီးပေးပြီး အားလုံးကို ပန်းကန်ပြား တစ်ချပ်ပေါ်မှာ ထမင်းကြော်ကို မှောက်တင်ပေးပြီး မိမိနှစ်သက်သလို ပြင်ဆင်ပေးပြီး သုံးဆောင်နိုင်ပါပြီ။
မှတ်ချက် ။။ အရသာမှုန့်ကို မိမိနှစ်သက်သော အချိုမှုန့် ကြက်သားမှုန့် အသီးအရွက် အရသာမှုန့် အစရှိသည်တို့ကို အစားထိုးပြီး သုံးပေးပါ။

Monday, 6 August 2018

ငါးပိ ထမင်းကြော်



တစ်ခါတစ်လေ စိတ်ပြောင်း စိတ်လွဲလေး ဖြစ်ရလေအောင်ရယ် ရာသီဥတုက အေးလွန်းတာရယ်ကြောင့် ဒီနေ့တော့ စပ်ပြီးမွှေးနေတဲ့ ယိုးဒယားငါးပိ ထမင်းကြော်လေး ကြော်ပါတယ် အမြဲတမ်း စားရတာ မနှစ်သက်လှပေမဲ့ တခါတလေ ရာသီဥတု အပြောင်းအလဲ အချိန်လေးတွေမှာတော့ စားလို့အရမ်းဘဲ ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ
  1. Basmati Rice - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး (ထမင်းချက်ရန်)
  3. ပုဇွန်ငါးပိ - ထမင်းစားဇွန်း တစ်ဝက်
  4. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဝက်
  5. အချို မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း  တစ်ဇွန်း 
  8. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
  9. ကြက်သွန်နီ - အနေတော် တစ်ဥ
  10. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ 
  11. ပုစွန်ခြောက် အကောင်သေးသေး - ဆယ့်ငါးကောင်ခန့်
  12. ချင်း - လက်တစ်ဆစ်ခန့်
  13. ငရုတ်ကောင်းမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
  14. ဆီ - ထမင်းစားဇွန်း လေးဇွန်း
ပြင်ဆင်ပုံ
  • ဆန်ကိုရေဆေးပြီး ရေနှင့်အတူ ထမင်းပေါင်းအိုးထဲ ထည့်ပေးပြီး ခလုတ်နှိပ်ကာ ချက်ပေးပါ
  • ထမင်းကျက်တာနဲ့ ထမင်းကို အအေးခံပြီး ဖွထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီး ပုဇွန်ခြောက်ကို အကောင်လိုက်ထည့်ပြီး ကြွတ်နေအောင် ကြော်ထားပါ
  • ချင်းကို အခွံခွာကာ ရေဆေးပြီး ခပ်သေးသေးလေးတွေ လှီးထားပါ
  • မိမိနှစ်သက်သော အသီးအရွက်မျာကို ရေစင်အောင်ဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပေးပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ထမင်းကြော်ပါမယ်
  • ဒယ်အိုး တစ်လုံးကို အပူပေးပြီး ဆီကိုထည့်ကာ လှီးထားသော ကြက်သွန်နီ ခပ်နုတ်နုတ် လှီးထားသော  ကြက်သွန်ဖြူ  တစ်ဝက်နှင့်  ချင်းတို့ကိုထည့်ကာ ထည့်ကြော်ပေးပါ 
  • ကြော်နေစဉ် ငါးငံပြာရည် သကြား ပဲငံပြာရည် အနောက်ရည်တို့ထည့်ပြီး ကြော်ပေးပါ 
  • ထိုဒယ်အိုးထဲမှဘဲ ပုဇွန်ငါးပိကို မွနေအောင် မွှေကြော် ကြော်ပေးပါ 
  • ပုဇွန်ငါးပိ မွပြီး ပွတက်လာတာနဲ့နုတ်နုတ်လှီးထားသော ကြက်သွန်ဖြူ  တစ်ဝက်ကို ထည့်ကြော်ပေးပါ 
  • ကြက်သွန်ဖြူ နံ့ မွှေးလာပြီ ဆိုတော့မှ ထမင်းကို ထည့်ကြော်ပေးပါ 
  • ထမင်းနှင့် ငါးပိကြော်များ သမသွားပြီဆိုတော့မှ ကြော်ထားသော ပုဇွန်ခြောက် ငါးငံပြာရည် ပာင်းခတ်မှုန့် တို့ကို ထည့်မွှေကာ ငရုတ်ကောင်းမှုန့် ကို ထည့်မွှေပေးပါ
  • ထမင်းကြော်ချိန်ကို အရမ်းမကြာအောင် သတိပြုပေးပါ
  • တမင်းကြော် ရပြီဆိုတာနဲ့ ငါးပိထမင်းကြော်ကို မိမိနှစ်သက်ရာ ပန်းကန်လုံး တစ်ခုမှာ ဖိထည့်ပေးပါ
  • ယိုးဒယား ငါးပိထမင်းကြော်ပွဲ ပြင်ဆင်ရန် မိမိနှစ်သက်ရာ အသီးအရွက်များ အားလုံးကို ပန်းကန်ပြား တချပ်ပေါ်မှာ ထမင်းကြော်ကို မှောက်တင်ပေးပြီး မိမိနှစ်သက်သလို ပြင်ဆင်ပေးနိုင်ပါပြီ။
မှတ်ချက် ။။ အရသာမှုန့်ကို မိမိနှစ်သက်သော အချိုမှုန့် ကြက်သားမှုန့် အသီးအရွက် အရသာမှုန့် အစရှိသည်တို့ကို အစားထိုးပြီး သုံးပေးပါ။

Sunday, 5 August 2018

ပိန္နဲသီး ချဉ်ငံစပ်










ပိန္နဲသီး ပြုပ်ပြီးသားလေးေ​​​​​တွ ဝယ်လာပြီး ချဉ်ငံစပ်လေး ချက်ဖြစ်ပြန်တာကြောင့် ထမင်းစားလို့ မြိန်စေမဲ့ ဟင်းတစ်မယ်အတွက် မာမာချက်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် -  200 g
  2. ပြုပ်ပြီးသား ပိန္နဲသီး  - ၁၁စိတ်
  3. ခရမ်းချဉ်သီး - ခပ်ကြီးကြီး သုံးလုံး
  4. ကြက်သွန်နီ - အနေတော် နှစ်ဥ
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  6. ငရုတ်​သီးစိမ်း အစပ်​​တောင့်​ - နှစ်တောင့်
  7. နံနံပင် - မိမိနှစ်သက်သလောက်
  8. ငရုတ်သီးစိမ်း - စားနိုင်သလောက် (ဟင်းအိုးအုပ်ရန် )
  9. ချင်း - လက်တစ်ဆစ်ခန့်
  10. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  12. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  14. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  15. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း


ပြင်ဆင်ပုံ
  • ပုဇွန်ကို ရေစင်အောင်ဆေးပြီး ​ပုဇွန်​ကိုယ်​လုံးကို အခွံခွာကာ အမည်းကြောင်း ထုတ်ပေးပြီးခေါင်းထဲမှ အစာအိတ်ထုတ်ထားပါ
  • ပြုပ်ပြီးသား ပိန္နဲသီးကို  ပုံပါအတိုင်း အစိလေးတွေ စိတ်ထားပေးပါ
  • ခရမ်းချဉ်သီးကို ရေဆေးကာ ခပ်နုတ်နုတ်စဉ်းထားပါ 
  • နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြိး ရေဆေးကာ ခပ်နုတ်နုတ်စဉ်းထားပါ
  • ကြက်သွန်ဖြုကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ်စဉ်းထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်ညက်ထောင်းထားပါ 
  • ပြီးတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းနှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ကို ညက်နေအောင် ရောထောင်းထားပါ
  • ကြက်သွန်နီတလုံးကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလှီးထားပါ
  • ငရုတ်သီးအခြောက်တောင့်ကို ရေဆေးပြီး အညှာခြွေထားပါ
  • ဆီ နနွင်းမှုန့် ဆား သကြား ငါးငံပြာရည်တို့ကို ပြင်ထားပါ
ဟင်းချက်ရန်
  • အိုးထဲမှာ ဆီကိုထည့်ပြီး အပူပေးကာ နနွင်းမှုန့်ကိုထည့်ပါ
  • နနွင်းမှုန့် ထည့်ပြီးတာနဲ့ ကြက်သွန်အဖြူ အနီ ချင်းနှင့် ငရုတ်သီး အရောင်တင်မှုန့်ထောင်း ငရုတ်​သီးစိမ်း  ငရုတ်သီးအခြောက်တောင့်တို့ကိုထည့်ပြီး ဆီသတ်ပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ငရုတ်သီး ဆီသတ်ကို ဘေးခနတွန်းထားကာ ခရမ်းချဉ်သီးကိုထည့်ပြီး ကျေအောင်မွှေပေးပါ
  • ခရမ်းချဉ်သီး ကျေသွားတာနဲ့ ပိန္နဲသီး ဆား သကြား ငံပြာရည်တို့တခါထဲ ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ပိန္နဲသီးကို ​ရေမြုပ်​​အောင်​ထည့်​ကာ အဖုံးအုပ်​ပြီး တည်​​ပေးပါ
  • ​ရေဆူပြီး ပိန္နဲသီး မနူးသေးခင် ရေမခမ်းမှီ​ အရသာမြည်းကာ လိုသလိုပြင်​​ပေးပါ
  • ပြီးတာနဲ့ ပိန္နဲသီး နူးစေရန် မျှစ်ကို ရေမြုပ်အောင်ထည့်ပြီး တခါဆက်တည်ပေးပါ
  • နောက်တကြိမ် ထည့်ထားသော ရေမခမ်းခင် ပုဇွန်ထုတ်ကို ထည့်မွှေပေးပါ
  • ပုဇွန်အနံ့ပျောက်စေရန် အိုးအဖုံးကို ခနအုပ်ပေးကာ တည်ပေးပါ
  • ပုဇွန်ထည့်ပြီး အပေါ့အငံ တခါထပ်မြည်းပေးပြီး လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ မီးပိတ်ပြီး နံနံပင်အုပ်ပေးကာ  ပိန္နဲသီးပုဇွန်ထုတ် ချဉ်ငံစပ်မွှေး စိမ့်စိမ့်လေးကို စားသုံးရန်​ စားပွဲပြင်​ပေးနိုင်​ပါပြီ။