Saturday, 29 July 2017

ဘာဆာငါးနှင့် မုန့်ဟင်းခါးချက်ရန် ငါးဆီသတ်နည်း

ငါးဆီသတ်

ငါးပြုပ်ရည် ဖယ်ထားသောငါးပြုပ်

ငါးပြုပ်ကို အသားမွထားပါ

ငရုတ်သီးတောင့်နှင့် စပါးလင်များကို ထောင်းပါ

စပါးလင်ထောင်းကို အရည်ငင်ထားပါ

စပါးလင် ချင်း ကြက်သွန်ဖြူ ကြက်သွန်နီ

ဗလင်ဒါထဲမှာ ကြိတ်ပေးပါ

ငရုတ်သီး ကြိတ်ပြီးသား

ငရုတ်သီး ဆီသတ်ရန်

ငရုတ်သီးနံ့ သင်းလာတာနဲ့ငါးပြုပ် ဆား
အရသာမှုန့် ငါးငံပြာရည်တို့ကိုထဲ့ပေးပါ

ဆီခြောက်ပြီး ငါးအသားမွလာတဲ့အထိ 
ဆီသတ်ပေးပါ

ဒီတခါတော့ ဘာဆာငါးပြားလေးတွေ ဝယ်လာတာ များသွားတော့ မုန့်ဟင်းခါး ချက်စားချင်စိတ် ပေါ်လာခဲ့ရင် အဆင်သင့် ချက်စားလို့ ရလေအောင် မုန့်ဟင်းခါးချက်ဖို့ ပြင်ထားပါတယ်။

ဘာဆာငါးနဲ့ ငါးပြုပ်တာဖြစ်လို့ အရိုးထွင်ရတာတော့ သက်သာပါတယ် တစ်ခြားငါးတွေနဲ့ ဆီသတ်ရတာထက် အရိုးမထွင်ရတဲ့အတွက် အချိန်ကုန်တာ နဲနဲသက်သာပါတယ် ဒါကြောင့်မို့လို့  မာမာပြင်ဆင်ထားတဲ့ ငါးဆီသတ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ငါးပြုပ်ရန် ပါ၀င်ပစ္စည်းများ
  1. ဘာဆာငါး - တစ်ကီလို
  2. ငါးငံပြာရည် - ထမင်းစားဇွန်း ၈ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. နနွင်း - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ငရုတ်သီးအခြောက်တောင့် - ၇တောင့်စ
  6. ပါးလင် - ၃ပင်
ငါးပြုပ်ရန် ပြင်ဆင်ပုံ
  1. ဘာဆာငါးကိုရေစင်အောင် ဆေးပေးပြီး ဇောက်နက်သော အိုးထဲမှာ ထဲ့ထားပေးပါ
  2. စပါးလင်ကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း ထုပေးကာ ထုံးပေးထားပါ
  3. ငါးထဲ့ထားသော အိုးထဲမှာ ငါးနှင့်အတူ ငရုတ်သီးတောင့် ဆား နနွင်းမှုန့် စပါးလင် ငါးငံပြာရည်နှင့် ရေကို ငါးမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  4. ငါးများနူးလာပါက မီးပိတ်ပြီး အအေးခံပေးပါ
  5. ငါးကို အအေးခံထားကာ အေးလာပါက ပြုပ်ထားသောငါးကို အသားမွှ  ထားပေးပါ
  6. ငရုတ်သီးတောင့် ငါးပြုပ်ရည်နှင့် စပါးလင်တို့ကို ပြန်သုံးရန်အတွက် ဖယ်ထားပါ။
ငါးဆီသတ်ရန် ပြင်ဆင်ပုံ ပါ၀င်ပစ္စည်းများ (ငရုတ်သီးထောင်းရန်အတွက်)
  • ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ချင်း - 100 g
  • ကြက်သွန်နီ - 400 g
  • ကြက်သွန်ဖြူ - 150 g
  • စပါးလင် အပင်င်္ကြီးကြီး - ၁၅ပင်
ငရုတ်သီးထောင်းဖို့ပြင်ဆင်ရန်
  • စပါးလင် ၁၅ပင်ခန့်ကို ရေစင်အောင်ဆေးပြီး ခပ်ပါးပါး လှီးပေးကာ မညက်တစ်ညက် ထောင်းထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူများကို အခွံခွာကာ ရေဆေးထားပါ
  • ကြက်သွန်နီ 200 g ကို အခွံပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ (ဆီသတ်ဖို့ သတ်သတ်ဖယ်ထားပါ)
  • ကြက်သွန်နီ 200 g ကိုအခွံခွာထားပြီး ရေဆေးကာ ခပ်ထူထူ လှီးထားပါ
  • ငရုတ်သီး အရောင်တင်မှုန့်ကို ပြင်ထားပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ဘလင်ဒါထဲထည့်ပြီး တစ်မိနစ်ကြိတ် တခါနားကာ ၁၀ခါလောက် ကြိတ်ပေးပါ
  • ဘလင်ဒါ မရှိပါက ငရုတ်ဆုံထဲထဲ့ပြီး ညက်နေအောင် ထောင်းပေးထားပါ။

ငါးဆီသတ်နည်း
  • ဒယ်အိုးထဲမှာ ဆီနှစ်ဆယ်သား နနွင်းမှုန့်လက်ဖက်ရည်ဇွန်း တ၀က်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြိတ်ထားသော ငရုတ်သီးအစာများကို မွှေးလာအောင် ဆီသတ်ပေးပါ
  • ငရုတ်သီး ဆီသတ်နံ့  မွှေးလာတဲ့အထိ ဆီသတ်ပေးပါ 
  • ဆီသတ်နေစဉ် အိုးမကပ်စေရန် မကြာမကြာ မွှေမွှေပေးပါ
  • ဆီသတ်ချိန် ၅မိနစ်လောက် မွှေပြီးတာနဲ့ငါးပြုပ်ပြီးသား အသားများ ငါးပြုပ်ရည် အနည်းငယ် ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငါးငံပြာရည် ထမင်းစားဇွန်း ၅ဇွန်း အချိုမှုန့်  လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲတို့ကို ထဲ့မွှေပေးပါ
  • ငါးအသားများ မွလာတာနဲ့ မီးပိတ်ပြီး အိုးကိုမီးဖိုပေါ်မှ ဖယ်ထားကာ အအေးခံပေးထားပါ
ငါးပြုပ်အရည်ငင်ရန်
  • ငါးပြုပ်ရည်ထဲမှ စပါးလင်နှင့် ငရုတ်သီးတောင့်များကို ဗလင်ဒါထဲထဲ့ပြီး ညက်နေအောင် ရောပြီကြိတ်ပေးပါ 
  • ဗလင်ဒါ မရှိပါက ငရုတ်ဆုံထဲမှာ ထဲ့ထောင်းပေးပါ
  • အားလုံးညက်အောင် ကြိတ်ပြီးပါက ငါးပြုပ်ရည် လက်ကျန်နှင့် ရေအနည်းငယ်ရောကာ ထောင်းတာတာတွေကိုထည့်ပြီး အရည်ငင်ပေးပါ
  • အရည်ငင်တဲ့ အခါမှာ စပါးလင်နှင့် ငရုတ်သီးဖတ်များ မပါရအောင် ဇကာစိတ်စိတ်လေး ခံပေးကာ အရည်စစ်ပေးပါ
  • အရည်ငင်ပြီးတာနဲ့ အရည်စစ်ပြီးသား စပါးလင်ဖတ်များနှင့် ငါးအရိုးများကို လွှင့်ပြစ်လိုက်ပါ
  • ပြီးတာနဲ့ အရည်စစ်ပြီးသား ငါးပြုပ်ရည်များကို နောက်တစ်ခါ ဇကာစိတ်စိတ်လေးနှင့် အိုးတစ်လုံးခံကာ အရည်စစ်ပေးပါ
  • အရည်စစ်ပြီးသော အရည်များကို ပွက်ပွက်ဆူအောင် ကျိုပေးပြီး အအေးခံထားပေးပါ
  • ကျိုထားသော ငါးပြုပ်ရည်များ အေးသွားပါက လေလုံသော ဗူးလေးများနှင့် ထည့်ပြီး ရေခဲသေတာ ခဲတဲ့အကန့်ထဲမှာထဲ့ပြီး သိမ်းထားပါ
  • မုန့်ဟင်းရည် ချက်မည်ဆိုပါက မချက်ခင် နှစ်နာရီလောက် ကျိုထုတ်ထားပြီး အရည်ဖျော်ပြီးမှ မိမိလိုသလောက် ထုတ်ယူကာ ချက်ယူနိူင်ပါတယ်။
ငါးဆီသတ်နှင့် ငါးပြုပ်ရည်သိမ်းရန်
  • ငါးပြုပ် အရည်ငင်ထားကာ ပြုပ်ပြီးအအေးခံထားသော ငါးပြုပ်ရည်ကို လေလုံအိတ်ထဲထည့်ကာ သေသေချာချာ လုံအောင် ပိတ်ထားပါ
  • ငါးဆီသတ်ပြိး အအေးခံထားတာ အေးသွားပါက လေလုံသော အိတ်လေးများနှင့် ထည့်ပြီး လေလုံအောင် ထုတ်ပေးပါ
  • အားလုံး ထုတ်ပေးပြီးတာနဲ့ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ခဲထားကာ မုန့်ဟင်းခါး ချက်ခါနီးမှ မိမိလိုသလောက်ကို ထုတ်ပြီး ယူသုံးနိူင်ပါပြီ။

Friday, 28 July 2017

ပုဇွန်လှော်သုပ်


ဟင်းချက်​ဖို့ စဉ်းစားတိုင်း အ​ဖြေမရတဲ့ ​နေ့​တွေဆို ​ရေခဲ​သေတ္တာထဲက ရှိတာ​တွေ ဆွဲထုတ်​ပြီး ​နောက်​ဆုံး​တော့လည်း အကြံကုန်​လာတော့ စိတ်​ထဲ​ပေါ်တာ​တွေ ချက်​လိုက်​မိ​တော့တာပါဘဲ ဒါကြောင့်မို့လို့ ဒီ​နေ့မျှ​ဝေ​ပေးမှာကတော့ လွယ်ကူမြန်ဆန် ပုဇွန်​​လှော်​သုပ်​ ချဉ်​ငံစပ်​​လေးပါရှင်။

ပါဝက်​ပစ္စည်းများ

  1. ပုဇွန်​ထုတ်​ - အ​နေ​တော်​ ၁၀ကောင်
  2. ဆား - လက်​ဖက်​ရည်​ဇွန်း သုံးပုံတစ်ပုံ
  3. ကြက်​သွန်​နီ - အ​နေ​တော်​ တစ်လုံး
  4. အချိုမှုန့်​ - လက်​ဖက်​ရည်​ဇွန်း တစ်ဝက်
  5. သံပုရာသီး - တစ်စိတ်
  6. ငရုတ်​သီးစိမ်း - နှစ်​သက်​သ​လောက်

ပြင်​ဆင်​ပုံ
  1. ပုဇွန်​ထုတ်​ကို ​ရေ​ဆေးပြီး ဒယ်အိုးထဲမှာ ထည့်ပေးပါ
  2. ပုဇွန်​ထုတ်​အိုးထဲမှာ ​ရေအနည်းငယ်​နှင့် ဆားထည့်​ပြီး မီးအားအနေတတော်နဲ့ ​လှော်ပေး​ပါ
  3. ​ရေခမ်းတာနဲ့ အ​အေးခံပြီး အခွံခွာပေးပါ
  4. ကြက်​သွန်​နီကို အခွံခွာပြီး အလုံးလိုက်​ ​ရေ​ဆေးပြီးမှ ထက်ခြမ်းလှီးကာ ခပ်​ထူထူ လှီးပေးပါ
  5. ပန်းကန်​တခုထဲမှာ ပုဇွန်​ ကြက်​သွန်​နီနှင့်​ သံပုရာရည်​ညှစ်​ကာ အချိုမှုန့်​ထည့်​ပြီး ခပ်​ဖွဖွနယ်​ပါ
  6. နယ်​ပြီးတာနဲ့ အရသာမြည်း၍ လိုသလိုပြင်​ကာ ပုဇွန်လှော်သုပ် မွှေးမွှေးလေးကို ငရုတ်​သီးစိမ်း စပ်​စပ်လေးနှင့်​ တွဲဖက်​၍ စားနိုင်​ပါပြီ။

Monday, 24 July 2017

ထန်းလျှက် သာကူကျို



အခုရက်ထဲ အလုပ်မအားတော့ အရင်ချက်ပြီးသား ဟင်းလေးတွေ လုပ်ပြီးသား မုန့်လေးတွေဘဲ နည်းလေးတွေ ရေးပေးပြီး တင်ဖြစ်မှာပါ။

တနေရာနဲ့တနေရာ အသုံးပြုတဲ့ သာကူတွေရဲ့  တံဆိပ်တွေ မတူနိုင်တဲ့အတွက် သာကူကျိုနည်းလေးတွေ ကျိုချိန်လေးတွေ ကွာတတ်ပါတယ် တံဆိပ်မတူပေမဲ့လဲ အခုလိုနည်းအတိုင်း လိုတိုးပိုလျှော့လုပ်ကာ စမ်းပြီးကျိုကြည့်စေချင်ပါတယ်။

ကျိုနည်းလေးက လွယ်ပါတယ် ဒါပေမဲ့ အသုံးပြုမဲ့ သာကူစေ့အပေါ်မှာ မူတည်ပြီး ချင့်ချိန်ကာ ကျိုစေချင်ပါတယ် ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ ထန်းလျှက်သာကူ ချိုချိုလေး သောက်ချင်လာတာနဲ့ လွယ်ကူမြန်ဆန်စွာ ကျိုဖြစ်သွားတဲ့ သာကူကျိုနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သာကူစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူး
  2. ထန်းလျှက်ခဲ - 200 g (အချိုကြိုက်လျှင် ပိုထည့်ပါ)
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  4. သာကူကျိုရန် - ရေနွေးဆူဆူ - ၂လီတာခွဲ
  5. ထန်းလျှက်ကျိုရန် - ရေ တလီတာ
  6. အုန်းသီးမှုန့် - နှစ်သက်သလောက်
  7. ကန်စွန်းဥ - အနေတော် တစ်ဥ
  8. ရေ - လိုသလောက်

ပြင်ဆင်ပုံ

  1. ဇောက်နက်သော အိုးတလုံးထဲမှာ ရေ (၃လီတာခန့်) ကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  2. သာကူကျိုပြီး ရေဆေးစဉ် သာကူစေ့များ ထွက်မကျနိုင်လောက်သည့် ဇကာတခုကို အဆင်သင့် ပြင်ထားပါ
  3. ရေပွက်ပွက်ဆူလာပါက သာကူစေ့များ ထည့်ပြီး မွှေပေးပါ
  4. သာကူများခဲပြီး ကပ်မသွားစေရန် မကြာမကြာ မွှေပေးပါ
  5. မိမိ အသုံးပြုသော သာကူများ မတူနိုင်သောကြောင့် သာကူကျိုချိန် တခုနှင့်တခု မတူနိုင်ပါ
  6. သာကူစေ့များ မျက်စေ့အတော်လေး ပျောက်လာပြီဆိုတာနဲ့ အသင့်ပြင်ထားသော ဇကာထဲလောင်းထည့်ကာ ရိုးရိုးရေအေးဖြင့် သာကူစေ့များ အေးလာတဲ့အထိ လောင်းချကာ ဆေးပေးပါ
  7. သာကူစေ့များ အေးလာပါက ရေစစ်ထားပါ
  8. အုန်းသီးမှုန့်ကို ပြင်ထားပါ
  9. ကန်စွန်းဥကို နူးအောင်ပြုပ်ပြီး အခွံခွာကာ အတုံးလေးများ လှီးထားပါ
ထန်းလျှက်ရည်ကျိုရန်
  • ဇောက်နက်သော အိုးထဲသို့ ရေ တလီတာခန့် ထည့်ကာ ထန်းလျှက်ခဲထည့်ပါ
  • ထန်းလျှက်ကျိုမည့် အိုးထဲသို့ ဆားထည့်ပြီး ရောမွှေကာ အပူပေးပါ
  • ရေများ ပွက်ပွက်ဆူလာပြီဆိုပါက ထန်းလျှက်များ ကျေသွားအောင် ကျိုပေးပြီး မီးပိတ်ပေးပါ
  • ထန်းလျှက်ထဲမှ အမှိုက်များ မပါစေရန် ဇကာစိတ်စိတ်နှင့် ထန်းလျှက်ရည်ကို စစ်ထားပါ
  • အအေးခံထားသော သာကူနှင့် အုန်းသီးမှုန့်ကို ထန်းလျှက်ရည်အိုးထဲ ထည့်မွှေပါ
  • မွှေပြီးတာနဲ့ အချိုအရသာကို လိုသလို ပြင်၍ သာကူများ အရမ်းပျစ် မသွားစေရန် မီးပိတ်ကာ မီးဖိုပေါ်မှ ဖယ်ထားပါ။ 

Saturday, 22 July 2017

သာကူ အုန်းနို့ဆမ်း





ဟင်းတွေချက်ရတာ ပျင်းလာပြီ ဒါကြောင့်မို့ သင်္ကြန်တုန်းက လုပ်စားခဲ့တဲ့ သင်္ကြန်မုန့်လေးတွေ စားချင်လာမိပြန်ပါတယ်။

ဒီနေ့တော့ ဆွမ်းမွှေးသာကူနဲ့ လိမ္မော်သာကူလေးလုပ်ပြီး အုန်းနို့လေးဆမ်းကာ စားဖို့အတွက် ပြင်ဖြစ်ပြန်ပါတယ် နေ့လည်နေ့ခင်း အပျင်းပြေ စားရလေအောင် မုန့်လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ

သာကူစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
ရေ - ထမင်းစားဇွန်း လေးဇွန်း (ဆွမ်းမွှေးရွက် ကြိတ်ရန်)
လိမ္မော်ရည် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
သကြား - ထမင်းစားဇွန်း ၅ဇွန်းမောက်မောက်
ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
အုန်းနို့ - တဗူး (400 ml)
ရေနွေး - လိုသလောက်
ရေအေး - တလီတာခန့်
ဆွမ်းမွှေးရွက် - ၄ရွက်

ပြင်ဆင်ပုံ

ပါ၀င်ပစ္စည်း အားလုံးကို ပြင်ပေးထားပါ
သာကူကျိုပြီးသားထည့်ရန် ဗူးသန့်သန့်တခုကို ပြင်ထားပါ
ဆွမ်းမွှေးရွက်ကို အနေတော် ပိုင်းဖြတ်ကာ ဗလင်ဒါထဲမှာ ရေထမင်းစားဇွန်း ၄ဇွန်းလောက်ထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
ဆွမ်းမွှေးရွက်များ ညက်လာပါက ဇကာစိတ်စိတ်တခုထဲမှာ အ၀တ်ပါးခံကာ အဖတ်များ မပါအောင် စစ်ပေးထားပါ
ဇောက်နက်သော အိုးတလုံးထဲမှာ ရေ ထမင်းပေါင်းအိုး ၇ဗူးခန့်ကိုထည့်ပြီး ရေပွက်ပွက်ဆူအောင် တည်လိုက်ပါ
ရေနွေးလိုလျှင် ထပ်ထည့်နိူင်အောင် ရေနွေးတအိုး ဆူအောင် တည်ထားပါ
ရေဆူလာပါက ဆွမ်းမွှေးရွက် ကြိတ်ထားသော အရည်နှင့် သာကူစေ့များ ထည့်ပြီး မွှေပေးပါ
သာကူများ ခဲပြီး ကပ်မသွားစေရန် မကြာမကြာ မွှေပေးပါ
သုံးသော သာကူများ မတူနိူင်သောကြောင့် သာကူကျိုချိန် တခုနှင့်တခု မတူနိူင်ပါ
သာကူစေ့ မျက်စေ့လေးများ မပျောက်မချင်း ရေနွေးနည်းနည်းချင်း ထည့်ထည့်မွှေပေးပါ
ရေမများစေရန် သတိပြုပေးပါ ရေများပါက သာကူများ ပျော့ပျဲကုန်တတ်ပါတယ်
သာကူစေ့များ မျက်စေ့အတော်လေး ပျောက်လာပြီဆိုတာနဲ့ အသင့်ပြင်ထားသော ဗူးထဲလောင်းထည့်ပေးပါ
ဗူးထဲထည့်ထားသော သာကူစေ့များ အေးလာအောင် အအေးခံပေးထားပါ
အအေးခံထားသော သာကူစေ့များ အေးလာပါက ရေခဲသေတ္တာထဲမှာ တညသိပ် ထည့်ထားပေးပါ
အထက်ပါနည်းအတိုင်း ရေနှင့်လိမ္မော်ရည်ကို အချိုးကျထည့်ကာ လိမ္မော်သာကူကိုလဲ ကျိုပေးပါ
အုန်းနို့ကျိုရန်
ဇောက်နက်သော အိုးထဲသို့ အုန်းနို့ဗူးကို ဖောက်ထည့်ပါ
အုန်းနို့ထဲသို့ ရေနှင့်အုန်းနို့ဗူး ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူးထပ်ရောပေးပါ
ပြီးတာနဲ့ သကြားနှင့် ဆားတိုကို့ရောမွှေကာ အပူပေးပါ
အုန်းနို့များ ပွက်ပွက်ဆူလာပြီဆိုပါက မီးပိတ်ပေးထားပါ
အအေးခံထားသော သာကူကို အုန်းနို့ဆမ်းပြီး လိုသလို သုံးဆောင်နိူင်ရန် ဗူးတခုစီထဲမှာ အုန်းနို့နှင့် သာကူတို့ကို ထည့်ထားပေးပါ
ချက်ခြင်းမသောက်ဖြစ်သေးပါက ရေခဲသေတ္တာထဲမှာ အုန်းနို့ကျိုပြီးသားနှင့် သာကူဗူးတို့ကို ထည့်ထားပေးပါ
စားပွဲပြင်မည် ဆိုပါက ပန်းကန်တခုထဲမှာ မိမိစားနိူင်သလောက်ကို တမျိုးနည်းနည်းစီရောပြီး ပြင်ပေးပြီးပါကအုန်းနို့သာကူဆမ်း စိမ့်စိမ့်လေး ရပါပြီ။
အုန်းနို့ဗူး မသုံးချင်ပါက အုန်းသီးတလုံးကို ခြစ်ပြီး အရည်ယူနိူင်ပါတယ်။

Friday, 21 July 2017

ပုဇွန်ခြောက် ငံပြာရည်ချက်


ရာသီဥတုလေးကလဲ အေးလာပြီဆိုတော့ ပူစပ်စပ်လေးတွေဘဲ စားချင်လာပါတယ် ဒါကြောင့်မို့လို့ ဒီတခါတော့ ထမင်းမိန်စေမဲ့ ငံပြာရည်ကြော် ကြော်ဖြစ်ပြန်ပါတယ် လွယ်ကူမြန်ဆန် ကြော်နည်းလေးဖြစ်ပြီး ထမင်းစားလို့ မိန်ရလေအောင် မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ခြောက် - အကောင်ကြီးကြီး လက်ဖက်ရည်အကြမ်း ပန်းကန်တစ်လုံး
  2. ကြက်သွန်နီ - ခပ်ကြီးကြီး ၅လုံး
  3. ငရုတ်သီးလုံးခြမ်းကွဲ - လက်ဖက်ရည် ပန်းကန်အသေး တစ်လုံး
  4. ငရုတ်သီးစိမ်း - ၅တောင့်ခန့်
  5. ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံး
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငံပြာရည် - ထမင်းစားဇွန်း ၅ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ

  • ပုဇွန်ခြောက်ကို ရေနှစ်ခါလောက်ဆေးပြီး ရေနာရီဝက်လောက် စိမ်ထားပြီးမှ ညက်နေအောင် ထောင်းပေးပါ။
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးလှီးထားပါ။
  • ငရုတ်သီးစိမ်းကို အနေတော် လှီးထားပါ။
  • အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးကို ဆီထည့်ပြီး အပူပေးပါ။
  • ဆီအိုးပူလာပါက နနွင်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပေးပါ။
  • ကြက်သွန်နီများ နွမ်းလာပြီး အရောင်မပြောင်းခင်မှာ ငရုတ်သီးမှုန့်ကို ထည့်ပြီး ၂မိနစ်လောက် ကြော်လိုက်ပါ။
  • ငရုတ်သီးနံ့မွှေးလာပါက ငရုတ်သီးစိမ်း ပုဇွန်ခြောက်ထောင်း ဆား  ငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ။
  • မကြာမကြာ မွှေပေးပြီး  ကြော်ပေးကာ အရသာမြည်း၍ လိုသလို ပြင်ပေးပါ။
  • ငံပြာရည်များ ခမ်းမသွားခင် မီးပိတ်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးပါ။
  • ငံပြာရည်ချက် စပ်စပ်မွှေးမွှေးလေး ရပြီဆိုတာနဲ့ နှစ်သက်ရာ တို့စရာတို့ဖြင့် တွဲဖက်ပြီး စားနိုင်ပါပြီ။

Thursday, 20 July 2017

ခရမ်းသီး ပုဇွန်ထုတ်နှပ်


ခရမ်းသီး ပိန်ပိန်ရှည်ရှည်လေးတွေ ရလာတော့ အစက စိတ်ထဲမှာ ပြုပ်ပြီးတို့စရာလုပ်မယ်ပေါ့ ရေခဲသေတ္တာထဲမှာ ငါးပိရည်ကျိုမယ်ဆိုပြီး ငါးပိပုလင်းလေး ကြည့်လိုက်တော့ ကုန်နေပါတယ်။

ဒါနဲ့ဘဲ ပုဇွန်ထုတ်နဲ့ ချက်လိုက်တာဘဲ ကောင်းပါတယ်ဆိုပြီး  ထမင်းမြိန်စေမဲ့ ခရမ်းသီးနှပ်လေး ချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ် မကြာမကြာ ချက်ဖြစ်သလို မကြာမကြာလဲ ဘလော့မှာ တင်ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခရမ်းသီး - အလုံးရှည်ရှည် ဆယ်လုံး
  2. ပုဇွန်ထုတ် - ဆယ်ကောင်ခန့်
  3. မညက်တစ်ညက် ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  8. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  9. ဆီ - ထမင်းစားဇွန်း ငါးဇွန်း

ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာနားထိ ပြတ်အောင်လှီးပြီး ထက်ဝက်ခြမ်းပေးကာ ရေနာရီဝက်လောက် စိမ်ထားပါ
  • အညိုရောင်အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • လှီးထုတ်ထားသော ခရမ်းသီးအညှာများကို ရေဆေးပြီး ထည့်ချက်နိုင်ပါတယ်
  • ပုဇွန်ထုတ်ကို အခွံမခွာဘဲ ခေါင်းခွံဘဲခွာကာ ကြောဘက်မှ အမည်းကြောင်းကို ဖယ်ပေးပါ
  • ခရမ်းသီး ကြက်သွန်ဖြူ ကြက်သွန်နီ ဆား အရသာမှုန့် ငရုတ်သီး အရောင်တင်မှုန့် ဆီ နနွင်းမှုန့်နှင့် ပုဇွန်ထုတ်များကို ဇောက်နက်သော အိုးထဲထည့်ပြီး  အရသာဝင်အောင် နယ်ပေးပါ
  • အိုးထဲမှာ အရသာနယ်ထားသော ခရမ်းသီးကို ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် မမွှေဘဲ လှုပ်ပေးပြီး လုံးရည်ခမ်းကာနီးတာနဲ့ ရေလိုသလောက် ထပ်ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • အိုးထဲမှာ ဆီကျန်ရေကျန် အနေအထားလေးရအောင် တည်ပေးပါ
  • ခရမ်းသီးနူးပါက အရသာမြည်းပြီး လိုသလိုပြင်ပေးကာ အိအိမွှေးမွှေး ခရမ်းသီးနှပ် စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။

Wednesday, 19 July 2017

သရက်သီးဆားရည်စိမ်ထောက်း



နေ့လည်နေ့ခင်း အပျင်းပြေလေးဘဲဖြစ်ဖြစ် ထမင်းဝိုင်းမှာ အအီပြေ စားဖို့ဘဲဖြစ်ဖြစ် စားလို့အရမ်းကောင်းတဲ့ သရက်သီးဆားရည်စိမ်နဲ့ ပုဇွန်ခြောက်ထေင်း လွယ်ကူမြန်ဆန် ထောင်းနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သရက်သီး ဆားရည်စိမ် - အနေတော် ၂လုံး
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ပုဇွန်ခြောက်  - ၁၇ကောင်ခန့်
  4. ငရုတ်သီးအလှော်မှုန့် - စားနိုင်သလောက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • သရက်သီး ဆားရည်စိမ်ပြီးသားကို ရေဆေးပြီး ဓါးပြတ်ပြတ်နှင့် လိုက်ပေါက်ပေးပါ
  • သရက်သီး တစ်လုံးလုံး အပြည့်လိုက်ပေါက်ပြီးတာနဲ့ ခပ်ပါးပါးလေးတွေ လှီးချပေးပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  • ပုဇွန်ခြောက်ကို ရေအနည်းငယ်ထည့်ပြီး ပွလာအောင် ရေစိမ်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ စတီးလ်ဇလုံ သို့မဟုတ် ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပါဝင်ပစ္စည်း အားလုံးကိုထည့်ပြီး ထောင်းပေးပါ
  • အရမ်းညက်နေအောင် ထောင်းစရာ မလိုဘဲ သမသွားအောင် ခပ်ဖွဖွလေး ထောင်းပေးပါ
  • သရက်သီး ဆားရည်စိမ်က အငံပါပြီးသား ဖြစ်တဲ့အတွက် အငံထည့်စရာ မလိုပါ
  • ပန်းကန်တခုထဲ ပြောင်းထည့်ပေးပြီး ချဉ်ငံစပ် အရသာ ပါဝင်တဲ့ သရက်သီး ဆားရည်စိမ် ပုခြောက်ထောင်းလေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိုင်ပါပြီ။