Wednesday, 20 April 2016

ဆိတ်သားစင်းကောကင်





ဒီနေ့တော့ ဆိတ်သားကျန်တာလေးကို စင်းကောလုပ်ပြီး အိုးပူတိုက် အသားကင်ဖို့ ပြင်ဖြစ်ပါတယ် စိတ်ထဲမှာ ချဉ်ချဉ်စပ်စပ်လေး စားချင်တဲ့အတွက် ဆိတ်သားစင်းကောကို ချဉ်ငံစပ်လေး ကင်ထားတာပါ အရသာတမျိုးလေးမို့လို့ နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆိတ်သား  - 400 g
  2. ဆား  - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. အချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. စပါးလင်  - ၄လက်မလောက် တစ်ေချာင်း
  7. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  8. ကြက်သွန်မိတ် - အပင်ကြီးကြီး ၃ပင်
  9. သံပုယိုသီး - တစ်ခြမ်း
  10. ပြောင်းကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဆီ - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ
  1. ဆိတ်သားကို အတုံးလိုက် ရေဆေးပေးပြီး ရေစစ်ထားပါ
  2. ရေဆေးထားသော ဆိတ်သားကို ရေ ခနစစ်ထားပြီးတာနဲ့ ဓါးနှင့် ညက်နေအောင် စဉ်းပေးပါ
  3. စဉ်းထားသော ဆိတ်သားကို ပြောင်းကော်မှုန့် ဆား အချိုမှုန့် ငရုတ်ကောင်းမှုန့် နနွင်းမှုန့်တို့နဲ့ ခပ်ဖွဖွဆုတ်ပြီး နယ်ပေးပါ
  4. စပါးလင်ကို ခပ်ပါးပါးလှီးထားပါ
  5. ကြက်သွန်မိတ်ကိုလဲ ခပ်နုတ်နုတ် လှီးထားပါ
  6. ငရုတ်သီးစိမ်းကိုလဲ ခပ်ပါးပါး လှီးထားပါ
  7. အရသာနယ်ထားသော ဆိတ်သားကို ငရုတ်သီးစိမ်း စပါးလင် ကြက်သွန်မိတ်တို့နှင့် သမအောင် ရောနယ်ပေးပါ
  8. ရောနယ်ထားသော အသားကို အနေတော် ခပ်ပြားပြားလေးတွေ လုပ်ထားပါ
  9. အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ
  10. ဆီပူလာတာနဲ့ အရသာနယ်ထားသော အသားပြားကို အိုးထဲထည့်ပေးပါ
  11. ၂မိနစ်လောက် အပူပေးပြီး အသားပြား အပေါ်ယံကို ဆီအနည်းငယ် သုတ်ပေးကာ တဖက်ကို လှည့်ပေးပြီး ကင်ပါ
  12. နောက်တဖက်ကိုလဲ ၂မိနစ်လောက်ကင်ပေးပြီးရင် ဆိတ်သားကင် မွှေးမွှေးလေး ရပါပြီ
  13. အသားကင် ထည့်ထားသော ပန်းကန်ထဲ သံပုရာသီးထည့်ကာ စားပွဲပြင်နိုင်ပါပြီ
  14. အသားကင်အပေါ် သံပုရာရည်ဆမ်းပြီး အရသာရှိစွာ စားသုံးနိုင်ပါပြီ။

Tuesday, 19 April 2016

ငရုတ်သီးစိမ်း အစာသွပ်








ဒီနေ့တော့ ဆောင်းဦးအ၀င်လေးမှာ ပူပူစပ်စပ်လေး စားချင်တာနဲ့ ငရုတ်သီးအစာသွတ်လေး ချက်ဖြစ်သွားခဲ့ပါတယ် ကြက်သားအစား ၀က်သားအစာသွတ်ရင်လဲ ရပါတယ် စားကောင်းလွန်းတဲ့ ဟင်းတမယ်မို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငရုတ်သီးစိမ်း အပွတောင့် - ၇တောင့်
  2. ကြက်ကြိတ်သား - 150 g
  3. ဂျုံမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  8. ကြက်သွန်နီ - အနေတော် တစ်လုံး
  9. ဆီ - ဟင်းခတ်ဇွန်းကြီး တစ်ဇွန်း

ပြင်ဆင်ပုံ
  1. ငရုတ်သီးစိမ်းကို ရေဆေးပြီး ရေခြောက်အောင် သုပ်ထားပါ
  2. ရေခြောက်နေသော ငရုတ်သီးစိမ်းကို အညှာမဖြတ်ဘဲ အရှည်လိုက် အထက်အောက် ခွဲချပေးပါ
  3. ပုံပါအတိုင်း အောက်ဘက် အထိမခွဲဘဲ တ၀က်ဘဲခွဲကာ အထဲမှ အစေ့များကို လက်ဖက်ရည်ဇွန်း ဇွန်းဖင်နှင့် ကလော်ထုတ်ပေးပါ
  4. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  5. ကြက်ကြိတ်သားကို ဆား အချိုမှုန့် ငရုတ်ကောင်းမှုန့် ဂျုံမှုန့်တို့နှင့် အရသာဝင်အောင် နယ်ပေးပါ
  6. အရသာနယ်ထားသော ကြက်သားကို ငရုတ်သီးတောင့်ထဲသို့ ပုံပါအတိုင်း သွတ်ပေးပါ
  7. အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဆီကိုအပူပေးပါ
  8. ဆီပူတာနဲ့ နနွင်းမှုန့်နှင့် ကြက်သွန်ထည့်ကာ မွှေပေးပါ 
  9. ကြက်သွန်နွမ်းတာနဲ့ ငရုတ်သီးစိမ်း အစာသွတ်ကို ထည့်မွှေကာ အထက်အောက် လှန်ပေးပြီး ရေမြုပ်အောင်ထည့်၍ ဆီပြန်အောင်တည်ပေးပါ
  10. ဆီပြန်လာတာနဲ့ မွှေးပြီးအိနေကာ စပ်စပ်မွှေးမွှေး အလွန်စားကောင်းသော ငရုတ်သီးစိမ်း အစာသွတ်ဟင်း ဆီပြန်မွှေးမွှေး စပ်စပ်လေး ရပါပြီ။

Monday, 18 April 2016

မျှစ်ချဉ် ရုန်းပတေသီးကြော်ချက်









မျှစ်ချဉ်ဆိုတာနဲ့ အနံ့ကြောက်တဲ့ သူတွေလဲ ကြောက်ကြပါတယ် မာမာကတော့ ဒူးရင်းသီးတို့မျှစ်ချဉ်တို့ကို အနံ့အရသာကအစ အရမ်းကြိုက်လေတော့ ဒီနေ့တော့ မျှစ်ချဉ်နဲ့ ချက်လေသတည်းပေါ့နော် ဒါကြောင့်မို့ ခြံထွက် ရုန်းပတေသီးလေးတွေနဲ့သတ်သတ်လွတ် စားသူတွေအတွက် အရမ်းအဆင်ပြေတဲ့ ဟင်းတစ်မယ် ချက်နည်းကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မျှစ်ချဉ် - တရုတ်ဟင်းပြင်ပန်းကန် အလတ်တစ်လုံးစာ
  2. ရုန်းပတေသီး - ဆယ့်ငါးတောင့်
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  7. ငရုတ်သီးစိမ်း - အတောင့်ကြီးကြီး အသားပွပွ သုံးတောင့်
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  11. ဆီ - ဟင်းခတ်ဇွန်းကြီး တစ်ဇွန်း

ပြင်ဆင်ပုံ
  1. အသင့်လုပ်ထားသော မျှစ်ချဉ်ကို ရေလေးခါလောက်ဆေးပြီး ရေစစ်ထားပါ
  2. ရုံးပတေသီးကို အတောင့်လိုက် ရေဆေးပြီးမှ အနေတော် ပိုင်းဖြတ်ထားပါ
  3. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ်လှီးထားပါ
  4. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  5. ငရုတ်သီးစိမ်းကို မထူမပါး ခပ်စောင်းစောင်း လှီးထားပါ
  6. ငရုတ်သီးစိမ်း အပွတောင့်ကို ၃ပိုင်းလှီးထားပါ
  7. ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  8. ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ခပ်နုတ်နုတ်လှီးထားသော ငရုတ်သီးစိမ်း ငရုတ်သီးမှုန့်တို့ကို မွှေးလာအောင် ဆီသတ်ပေးပါ
  9. ဆီသတ်နံ့မွှေးလာတာနဲ့ မျှစ်ချဉ် ဆားနှင့် အချိုမှုန့်တို့ကို ထည့်မွှေပါ
  10. မျှစ်ချဉ်နှင့် ငရုတ်သီးဆီသတ်နံ့ သင်းလာတာနဲ့ မျှစ်ချဉ်ကို ရေမြုပ်အောင် ထည့်ပေးပါ
  11. မျှစ်ချဉ်ရေခမ်းကာနီးတာနဲ့ ငရုတ်သီးစိမ်းနှင့် ရုံးပတေသီးကို ၃မိနစ်လောက် ထည့်ကြော်ပြီးတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ မျှစ်ချဉ်နံ့သင်းသင်းလေးနဲ့ ရုံးပတေသီး ခပ်ကြွတ်ကြွတ်ဟင်းကို  သုံးဆောင်နိုင်ပါပြီ။

Sunday, 17 April 2016

ကန်စွန်းရွက် ချဉ်ရည်ဟင်း









ကန်စွန်းရိုးနီ မရှိလေတော့ ထိုင်ဝမ်ကန်စွန်းကိုဘဲ ချဉ်ရည်ဟင်း ချက်လိုက်ပါတယ် ထိုင်ဝမ်ကန်စွန်းရွက်ပေမဲ့ ချက်နည်းလေးသိရင် အရမ်းစားကောင်းပါတယ် ကန်စွန်းရိုးနီနီးနီး စားကောင်းလွန်းတဲ့အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ထိုင်ဝမ်ကန်စွန်း - လက်တစ်ဆုတ်သာသာ စည်းထားသောအစည်း တစ်စည်း
  2. ကြက်သွန်နီ - တစ်ခြမ်း
  3. ကြက်သွန်ဖြူ - နှစ်မွှာ
  4. ချင်း - လက်တစ်ဆစ်၏ တစ်ဝက်
  5. ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. မကျည်းသီးမှည့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ငါးကျည်းကြပ်တိုက် - ဆယ်ကောင်

ပြင်ဆင်ပုံ
  1. ကန်စွန်းရွက်ကို သင့်သလိုလှီးပြီး ရေဆေးထားပါ
  2. ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို ခပ်နုတ်နုတ် လှီးထားပါ
  3.  ငရုတ်သီးမှုန့်ကို ပြင်ထားပါ
  4. ငါးကျည်းကြပ်တိုက်ကို ရေနာရီဝက်လောက်စိမ်ပြီး အရိုးထွင်ထားပါ
  5. မကျည်းသီးအမှည့်ကို ရေအနည်းငယ်နှင့် စိမ်ထားပါ
  6. ဇောက်နက်သော အိုးထဲမှာ ကန်စွန်းရွက်များ နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးမှုန့် ကြက်သွန်ဖြူ နီ ချင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  7. အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်လိုက်ပါ
  8. ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  9. အရွက်များ တော်တော်လေး နွမ်းလာတာနဲ့ အရိုးထွင်ထားသော ငါးကျည်းကြပ်တိုက် အသားများကိုထည့်ကာ  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  10. ရေပွက်ပွက်ဆူကာ အရွက်များ နူးလာပါက မကျည်းသီးအနှစ်ထည့်ပြီး ရေကို တမိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ ပြီးတာနဲ့အရသာမြည်းပြီး မီးပိတ်ပေးပါ
  11.  ထမင်းမိန်စေတဲ့ ကန်စွန်းရွက် ချဉ်ငံစပ် အရသာမွှေးလွန်းတဲ့ ချဉ်ရည်ဟင်းရပါပြီ။

Saturday, 16 April 2016

သာကူပျင် အုန်းနို့ဆမ်း










သင်္ကြန်ချိန်ခါ လုပ်စားဖြစ်တဲ့ သာကူအုန်းနို့ဆမ်းပါ လုပ်နည်းလေးက လွယ်ပါတယ် ဒါပေမဲ့ ရေးထားတဲ့ အချိုးအစားအတိုင်း လုပ်ဖို့ကတော့ မိမိအသုံးပြုတဲ့ သာကူစေ့အပေါ်မှာ မူတည်ပါတယ် ရေအတိုးအလျော့လေး ချင့်ချိန်ပြီး လုပ်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သာကူ - 300 ml
  2. ရေ - 800 ml
  3. Food color - အစိမ်းရောင် နှစ်စက်ခန့်
  4. Food color - ပန်းရောင် နှစ်စက်ခန့်
  5. အုန်းနို့ - 200 ml
  6. ရေသန့်-  600 ml (အုန်းနို့နှင့် ရောကျိုရန်)
  7. သကြား - ထမင်းစားဇွန်း မောက်မောက် ၄ဇွန်း (အချိုကြိုက်လျှင် ပိုထည့်ပါ)
  8. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  9. ရေနွေး - တလီတာလောက် ကျိုထားပါ (သာကူပြင်လုပ်ရန်)
  10. ရိုးရိုးရေ - လိုသလောက်
  11. ဇောက်နက်သော အိုး - နှစ်လုံး
  12. ရေခဲ - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  1. သာကူကို ရေတထပ်ဆေးပြီး ရေစစ်ထားပါ
  2. သာကူကျိုပြီးထည့်ရန် ပန်းကန်တလုံးကို အဆင်သင့် ပြင်ထားပါ
  3. ဇောက်နက်သော အိုးတလုံးထဲမှာ ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၆ဗူးကို ဆူအောင်တည်လိုက်ပါ
  4. ရေဆူတာနဲ့သာကူစေ့ကို ထည့်ကျိုပါ
  5. လေးမိနစ် ၅မိနစ်လောက် ကျိုပြီးတာနဲ့သာကူစေ့ မျက်စေ့အရမ်းမပျောက်ခင် သာကူကို သုံးပုံမှန်းပြီးပုံပါ
  6. တပုံစာကို နောက်ထပ်အိုးတလုံးထဲ ခပ်မြန်မြန်ပြောင်းထည့်ပြီး ရေဖျော်ထားသော food color ပန်းရောင်ထည့်ပြီး မီးဖိုပေါ်မှာ မွှေပေးပါ
  7. အရမ်းပျစ်ပြီး ခဲနေလျှင် အသင့်ကျိုထားသော ရေနွေးအနည်းငယ်ကို ထည့်မွှေပေးပါ
  8. သာကူစေ့များ ပျစ်လာပြီ ဆိုတာနဲ့ အသင့်ပြင်ထားသော ပန်းကန်ထဲ လောင်းထည့်ပေးပါ
  9. နောက်တပုံကိုလဲ အသင့်ပြင်ထားသော food color အစိမ်းရောင်ထည့်ပြီး ကျိုပေးကာ  ပူနေတုန်း ပန်းရောင် သာကူစေ့အပေါ် မြန်မြန်လောင်းပြီး ဖြန့်ပေးပါ
  10. အေးသွားရင် ဖြန့်ရခက်ပါတယ်
  11. နောက်ထပ် သာကူအဖြူရောင် တလွှာကိုတော့ ဘာအရောင်မှ မထည့်ဘဲ ရေနွေးအနည်းငယ်ထည့်ပြီးကျိုကာ အစိမ်းရောင် သာကူစေ့အပေါ်မှာ ဖြန့်ပေးပါ
  12. အနည်းဆုံး ၅နာရီလောက် အအေးခံပြီး သာကူပြင် ရလာမှ လိုသလိုပုံစံ လှီးပေးပါ
အုန်းနို့ဖျော်ရန်
  • အိုးတလုံးထဲမှာ အုန်းနို့ ရေ သကြား ဆားတို့ကို သကြားပျော်အောင် ဖျော်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပြီး အအေးခံထားပါ
မုန့်ပွဲပြင်ရန်
  • ပန်းကန်တခုထဲမှာ သာကူပြင်ကို နှစ်သက်သည့် ပုံစံလှီးပြီး ထည့်ပေးပါ
  • ပြင်ထားသော သာကူပြင် ပန်းကန်ထဲ အုန်းနို့ကိုဆမ်းပြီး ရေခဲထည့်ကာ သာကူပြင် အုန်းနို့ဆမ်း ပွဲကို ပြင်ပေးနိုင်ပါပြီ။
မှတ်ချက် ။ ။ မိမိအသုံးပြုသော သာကူစေ့အပေါ် မူတည်ပြီး ရေအတိုးအလျော့ လုပ်ပေးပါ။

Friday, 15 April 2016

ဆိတ်သားစင်းကော ကော်ပြန့်စိမ်း






ဆိတ်သားစဉ်းကောချက်ပြီး ဗီယက်နမ်ကော်ပြန့်စိမ်းကို အခြေခံပြီး လိတ်ထားတဲ့ ကော်ပြန့်စိမ်းလေး လုပ်စားချင်တဲာ့ အသီးအရွက်တွေလှီးကာ ကော်ပြန့်စိမ်း လုပ်စားဖြစ်သွားပါတယ်။

ဆိတ်သားစဉ်းကော ချက်နည်းကတော့ မာမာတင်ထားပြီးသားမို့ လွယ်ကူရိုးရှင်းတဲ့ ကော်ပြန့်စိမ်းလိပ်နည်းလေးဘဲ မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ချက်ပြီးအဆင်သင့်ပြင်ထားသော ဆိတ်သားစဉ်းကောဟင်း - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  2. ရေဆေးပြီး ပုံပါအတိုင်း လှီးထားသော - မုံလာဥနီ
  3. ရေဆေးပြီး ပုံပါအတိုင်း လှီးထားသော - ဂေါ်ဖီအကြွတ်ရွက်
  4. ရေဆေးထားသော - ဆလတ်ရွက်
  5. Rice paper - ၁၂ရွက်

ပြင်ဆင်ပုံ
  • ချက်ထားသော ဆိတ်သားစဉ်းကောဟင်း  အေးတာနဲ့ ဆန်ပြားရွက်ကို ရိုးရိုးရေအေးနှင့် ပန်းကန်ပြားတချပ်ထဲ ထဲ့ပြီး စက္ကန့်၂၀လောက်ဘဲ ပျော့လာတဲ့ထိ စိမ်လိုက်ပါ
  • စိမ်ပြီးတာနဲ့ ပန်းကန်ပြားအခြောက် တချပ်ပေါ်ဖြန့်တင်ပြီး ခင်းပေးပါ
  • ဆန်ပြားရွက်ပေါ်မှာ ဆလတ်ရွက်တရွက်နှင့် မုန်လာဥနီကို ခင်းပေးပါ
  • ချက်ထားသော ဆိတ်သားစဉ်းကော ဟင်းကို ဆလတ်ရွက် အပေါ်တင်ပြီး ပုံပါအတိုင် လိပ်ပေးပါ 
  • အစာများ ပုံထားသော အောက်ဖက်မှ အစာကိုအုပ်ပြီး စလိပ်ပေးပါ
  • ဘေးနှစ်ဖက်ကို အစာအပေါ်ကို တစဆီ ခေါက်ပေးပါ
  • နောက်ထပ်အောက်ဖက်မှ အလိပ်ပုံစံရတဲ့အထိ ဆက်တိုက်လိပ်ပေးသွားပြီးရင် ရပါပြီ
  • ကော်ပြန့်စိမ်းအပြင်သား ထူထူလေးရအောင် လိပ်ပြီးသား အလိပ်များကို နောက်ထပ်ဆန်ပြားဖတ် တရွက်ဆီကို ရေစိမ်ပြီး ထပ်လိပ်ပေးပါက လှီးတဲ့အခါလှီးလို့ကောင်းသလို စားလို့လဲ ပိုပြီးကောင်းပါတယ်။
အချဉ်ရည်အတွက်ပြင်ပါမယ်
  • Tomato sauce ထမင်းစားဇွန်း ၂ဇွန်း
  • Chili sauce ထမင်းစားဇွန်း ၂ဇွန်း 
  • သကြား လက်ဖက်ရည်ဇွန်း တဇွန်း
  • ရေနွေး ထမင်းစားဇွန်း ၄ဇွန်း တို့ကိုရောမွှေပေးပါ

Thursday, 14 April 2016

အုန်းနို့ မုန့်လက်ဆောင်း





မုန့်လက်ဆောင်းဖတ် အလွယ်လုပ်နည်းလေးပါ ရာသီစာလေးမို့ ချိန်ခါမှီလေး လုပ်ချင်ပေမဲ့ တယောက်ထဲဆိုတော့ မုန့်ဖတ်လုပ်ဖို့မွှေချိန်တွေမှာ အချိန်လုပြီးလုပ်ရလို့ ပုံလေးတွေ မရိုက်နိုင်သလို အရင်လုပ်ပြီးသား ပုံဟောင်းလေးနဲ့ဘဲ တင်ခဲ့လိုက်ပါပြီ။

ပါဝင်ပစ္စည်းများ

  1. ပီလောပီနမ်မှုန့် Tapioca starch - 20 g
  2. ဆန်မှုန့် - 30 g
  3. pandan extract - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  4. food color အစိမ်းရောင် - တစက်လောက် (အရောင် ကြိုက်လျှင်ထည့်ပါ)
  5. ရေ - 400 mlေ
  6. ရခဲတုံး - မိမိနှစ်သက်သလောက် သုံးပါ
  7. အုန်းနို့ - 100 ml (ready made ဗူးကိုဘဲ သုံးထားပါတယ်)
  8. ထန်းလျှက်ရည် - 100 ml (ထန်းလျှက် 50 gကို ရေနှင့် ကျိုလိုက်ပါ)
  9. အုန်းသီးမှုန့် - မိမိနှစ်သက်သလောက် သုံးပါ

ပြင်ဆင်ပုံ
  • ဆန်မှုန့်နှင့်ပီလောပီနမ်အမှုန့်ကို ရေနှင့် ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • ရေဖျော်ထားသော မုန့်နှစ်ထဲကို အရောင်လိုချင်ပါက food color အစိမ်းရောင်ကို ထည့်ဖျော်ပါ
  • ရေခဲကို ရေထဲထည့်ပြီး ဇလုံတလုံးထဲမှာ အဆင်သင့် ပြင်ထားပါ
  • ရေ 400 ml ကို ဆူအောင်တည်လိုက်ပါ
  • ရေဆူလာတာနဲ့ မုန့်နှစ်ကို ထည့်မွှေပါ
  • ကျိုနေချိန် ၄မိနစ်မှ ၅မိနစ်အတွင်း အဆက်မပြတ်မွှေပေးပါ
  • မုန့်နှစ် ကြွက်မှီးတန်းထက် ပြစ်လာပါက အိုးကိုဘေးမှာချပြီး pandan extract ကိုထည့်ပြီးမွှေပါ
  • အပေါက်ပါသော ဇကာထဲကို မုန့်နှစ်လောင်းထည့်ကာ ရေခဲရေဇလုံပေါ်မှနေ၍ ဇကာထဲမှ မုန့်နှစ်ကို ယောင်းမ ပြားပြားလေးနှင့် ဖိချပေးပါ
  • ရေခဲရေထဲ ကျလာသော မုန့်လက်ဆောင်းဖတ်လေးများ ရလာပါလိမ့်မယ်
  • ထန်းလျှက်ရည် အုန်းနို့တို့နှင့် မုန့်လက်ဆောင်းဖတ်ရောကာ အုန်းသီးမှုန့်ထည့်ကာ သုံးဆောင်နိုင်ပါပြီ။