Monday, 22 February 2016

ထမနဲ







မာမာတို့ ငယ်ငယ်က မာမာတို့အမေ မကြာခန ထိုးကျွေးဖြစ်ခဲ့တဲ့ ထမနဲထိုးနည်းလေးနဲ့ ထိုးထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။

အမေ့လက်ရာမို့လို့ ပိုပြီးစားကောင်းတဲ့အတွက် ထမနဲထိုးပြီး စားမယ်ဆိုရင် ဒီနည်းအတိုင်း ထိုးစားတာ အရသာပိုရှိပြီး အနံ့လဲ ပိုမွှေးတဲ့အတွက် နှစ်သက်ကြမယ်လို့ ထင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းဆန်  - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  2. အုန်းသီး - အနေတော် တစ်လုံး
  3. ချင်း - ၂လက်မ
  4. နှမ်းမဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်မရှိတစ်ရှိ
  5. ဆား - လဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. မြေပဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူးတစ်ဗူး
  7. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ

ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန်ကို ရေဆေးကာ ၆နာရီလောက် ရေစိမ်ထားပါ
  • ရေစိမ်ထားချိန် ပြည့်တာနဲ့ ချင်းကို အခွံခွာကာ ရေဆေးပြီး အချပ်လိုက် ပါးပါးလှီးပြီး အမြှောင်းလေးတွေရအောင် ထပ်လှီးပေးပါ
  • လှီးထားသော ချင်းကို ဆီပူပူမှာ ကြော်ပြီး ၀ါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ထားပါ
        •  
  • အုန်းသီးတခြမ်းကို ခပ်ပါးပါး အစိတ်လေးများရအောင် ထိုးထားပြီး တ၀က်ကို ဒီအတိုင်းထားပါ
  • ကျန်တ၀က်ကို အနေတော်စိတ်ကာ ဆီနှင့်ရွှေဝါရောင် ရအောင်ကြော်ပြီး ဆယ်ထားပါ
  • ကျန်သော အုန်းသီးတခြမ်းကို အုန်းခြစ်နှင့်ခြစ်ပြီး ဆီပူမှာ နီရောင်သန်းအောင် ကြော်ပြီး ဆီစစ်ထားပါ
  • နှမ်းမဲကို ကျက်အောင်လှော်ပြီး အဆင်သင့် ပြင်ထားပါ
  • မြေပဲကို ကျက်အောင်လှော်ပြီး အခွံချွတ်ထားပါ ( လှော်ပြီးသား သုံးလဲရ )
  • အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင် အုန်းသီးကြော် နှမ်းကြော် ချင်းကြော်ထားသောဆီကို မကပ်သောအိုး ဇောက်နက်နက်နဲ့ပူလာအောင် ပြန်တည်ပေးပါ
  • ဆီပူလာတာနဲ့ကောက်ညှင်းဆန်ကို ရေစစ်ပြီး ထဲည့်ကြော်၍ ကြော်နေစဉ် မကပ်အောင် မွှေမွှေပေးပါ
  • ကောက်ညှင်းဆန်သား ကွဲလာပြီး ဆန်သားကြည်လာတာနဲ့ ရေမြုပ်အောင်ထဲ့ပြီး မွှေပေးကာ မီးအနေတော်နှင့် တည်ပေးကာ မွှေပေးပါ
  • ပထမ တရည် ခမ်းအောင်တည်ပေးပြီး နောက်တရည် မြုပ်အောင်ထပ်ထည့်ပြီး ဆက်တိုက်မွှေပေးပါ
  • ရေခမ်းကာနီး ကောက်ညှင်းဆန်သား ကျေလာကာ ဆီသားတက်လာပြီ ဆိုတာနဲ့ အုန်းသီးစိမ်း အုန်းသီးကြော် မြေပဲ ချင်း ဆား နှမ်းမဲတို့ကို တမျိုးဆီ ထည့်ပြီး မွှေပေးပါ
  • မွှေနေရင်းက ရေခမ်းလာပြီး ဆီသား ကြွတ်ကြွတ်မြည်လာကာ ဆီအကုန် ပြန်တက်လာပြီ ဆိုတာနဲ့ ထမနဲမွှေးမွှေးလေး ရပါပြီ
  • တာရှည် အထားခံရန် ထမနဲထိုးစဉ် ထွက်လာသော ဆီနှင့်ထမနဲကို မြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပြီး စားနိုင်ပါတယ်
  • ထမနဲကို အအေးခံပြီး ကြော်ထားသော အုန်းသီးမှုန့်ဖြူးကာ စွဲမက်စရာ ကောင်းလွန်းတဲ့ ထမနဲ မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။

Sunday, 21 February 2016

အာလူး ရွှေဥကြော်



အာလူးရွှေဥကြော်လို့ ချစ်စရာ နံမည်လေး ပေးမိပေမဲ့ အာလူးခြစ်ကြော်လေးပါဘဲ ရွှေဥလေးလိုဆုတ်ပြီး လုံးကြော်လေး ကြော်ထားတာမို့ နံမည်လေး ကြားတာနဲ့တင် ကလေးအကြိုက်လေး ဖြစ်မှာသေချာပါတယ် ကြော်နည်းလေးပြောပြပါမယ် ကြော်ရတာလွယ်သလောက် စားလို့တော့ အရမ်းကောင်းပါတယ် မာမာ့ကလေးတွေက အာလူးကြိုက်တော့ မကြာမကြာဆိုသလိုလဲ ကြော်ကျွေးဖြစ်ပါတယ် အာလူးနံ့မွှေးမွှေးလေးနဲ့ဝါးလိုက်ရင် မွမွရွရွလေးမို့ မာမာ့မိတ်ဆွေတွေလဲ နှစ်သက်ကြမယ် ထင်ပါတယ်။






ပါဝင်ပစ္စည်းလေးတွေကတော့

  • အခွံခွာပြီးအလုံးလိုက် ရေစင်အောင်ဆေးကာ အသီးခြစ်သော ခြစ်ခပ်ကြမ်းကြမ်းနှင့် ခြစ်ထားသောအာလူး - 500g
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • တန်ပူရာအကြော်မှုန့် - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ
  • ခြစ်ထားသောအာလူးကို ရေသန့်သန့်နှင့် ၅ထပ်လောက်ဆေးပြီး ရေစင်အောင် ညှစ်ထားပါ
  • အားလုံးကို ဇလုံတလုံးမှာထဲ့ပြီး ခပ်ဖွဖွလေးနယ်ပေးထားပါ
ကြော်ဖို့ပြင်ပါမယ်
  • မကပ်တဲ့ဒယ်အိုးတလုံးကို အပူပေးပါ ပူလာပါက မီးရှိန်နဲနဲလျှော့ပြီး ဆီလက်ဖက်ရည်အကြမ်း ပန်းကန် နှစ်လုံးစာလောက်ထဲ့ပေးပါ
  • ဆီပူလာပြီးကျက်လာပါက အရသာနယ်ထားသော အာလူးခြစ်ကို အနေတော်ယူကာ အသာအရာ ဆုတ်ပြီး ထွက်လာသော အရည်များကို ညှစ်ချပြီးမှ ဆီအိုးထဲထဲ့ပေးပါ
  • မီးအရမ်းမများစေရန် သတိထားပါ တစ်ဖက်ရွှေဝါရောင်းသန်းလာပါက နောက်တစ်ဖက်ကို လှန်ပြီးကြော်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက အရသာရှိသော အာလူးရွှေဥကြော်မွှေးမွှေး စိမ့်စိမ့်ရွရွလေးကို သုံးဆောင်နိုင်ပါပြီ။

Saturday, 20 February 2016

ဖက်ထုတ်ဟင်းချို


ဒီနေ့ ပြုပ်သောက်ကြတဲ့ ဖက်ထုတ်ဟင်းချိုလေးပါ လုပ်ရတာ နဲနဲလေး လက်ဝင်ပေမဲ့ သောက်ရတာတော့ တော်တော်ကောင်းပါတယ်။

ရာသီဥတုကလဲ ပူလိုက်အေးလိုက်နဲ့မို့ ဒီနေ့မိုးအုံ့အုံ့လေးမှာ ဟင်းရည်ပူပူလေး ချက်သောက်ကြမယ်လို့ ပြောလိုက်တာ ဖက်ထုတ်ဟင်းချို သောက်ချင်တယ် ဆိုလာလေတော့ မမောနိုင် မပန်းနိုင် ချက်လိုက်မိပါတယ် အထဲက အစာကတော့ နှစ်သက်သလိုလေးတွေထဲ့ပြီး ထုတ်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  1. အသားထွင်ပြီး နုတ်နုတ်စင်းထားသော ကြက်ပေါင် - 300 g
  2. ပါးပါးလှီးထားသော ဂဏန်းချောင်း - နှစ်ချောင်း
  3. ပါးပါးလှီးထားသော ကြက်သွန်မိတ် - တစ်ပင်
  4. ရိတ်ရိတ်လှီးထားသော ကြက်သွန်နီ  - တစ်ဥ
  5. ခပ်သေးသေးလှီးထားသော မုံလာဥနီ - တစ်ဥ
  6. ပဲစိမ်းသီး - လက်ဖက်ရည်ပန်းကန်း တစ်လုံး
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ညက်နေအောင်ထောင်းထားသော ချင်း - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ - နှစ်မွှာ
  11. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  13. ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  14. ဝမ်တုံရွက် - ၂၅ ရွက်

ဟင်းရည်အတွက် ပြင်ဆင်ရန်
  • ကြက်ရိုး - 200 g 
  • ချင်း - ခပ်ပါးပါး ၅ပြား 
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့နှင့် ရေ တရုတ်ဟင်းရည်သောက်ပန်းကန် ၂လုံးစာလောက်နှင့် ပြုပ်ပေးပါ
  • အရိုးမှ အချိုရည်များ ထွက်လာပြီး ဟင်းရည် တရုတ်ဟင်းရည်သောက် ပန်းကန် တစ်လုံးခွဲစာ သာသာရအောင် ပြုပ်ပေးထားပါ
  • မုန့်ညှင်းစိမ်းကို ၂ပင်ကို အနေတော် ဖြတ်ပေးထားပါ
ပြင်ဆင်ပုံ
  • အဆင်သင့် ပြင်ဆင်ထားသော ပစ္စည်းများကို ဇလုံတခုထဲမှာ သမအောင် မွှေပေးပါ
  • ၀မ်တုန်ရွက် တစ်ရွက်ခြင်းဆီထဲကို အရသာနယ်ထားသော အစာများ ထမင်းစားဇွန်း တဇွန်းခန့်ထည့်ပါ
  • အစာထည့်ပြီးသော ၀မ်တုန်ရွက်ကို နှစ်သက်သလို ပုံစံလေးများ ထုတ်ပေးပါ
  • ပွက်ပွက်ဆူနေသော ကြက်ရိုးပြုပ်အိုးထဲသို့ မုန့်ညှင်းစိမ်းနှင့် ဖက်ထုတ်များ ထည့်ကာ ၄မိနစ်လောက် ပြုပ်ပေးပါ
  • ပြီးတာနဲ့ ဟင်းရည်ကို အရသာမြည်းပြီး လိုသလိုပြင်ကာ ကြက်သွန်မိတ်ဖြူး၍ သောက်နိုင်ပါပြီ။

Friday, 19 February 2016

ပုဇွန် ဖက်ထုတ်ကြော်









နေ့လည်နေ့ခင်း အဆာပြေ စားချင်တဲ့အခါ ဘာလေးလုပ်စားရင် ကောင်းမလဲ စဉ်းစားလိုက်တိုင်း အဖြေက ချက်ချင်း ထွက်မလာတတ်လေတော့ သမီးကို အဖော်လုပ်ပြီး သွားမေးလိုက်တိုင်း သူပြောတာလေးတွေဘဲ လုပ်စားဖြစ်သွားခဲ့တယ်။

ဒီနေ့တော့ ပုဇွန်ဝမ်တုန် အလှည့်ပေါ့ သိပ်ပြီးလွယ်တဲ့ ကြော်နည်းပါဘဲ မာမာကြော်တဲ့ နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် - 250 g
  2. ၀မ်တုန်အရွက်ထုတ် - ၁၅ရွက်ခန့်
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. နှမ်းဆီ  - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  9. ခရမ်းချဉ်သီးဆော့ -  နှစ်သက်သလောက်

ပြင်ဆင်ပုံ
  1. ပုဇွန်ကိုရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်အမြှီးဖြုတ် ကြောဘက်မှခွဲကာ အမဲကြောင်း ဖယ်ထားပါ
  2. ဆား နနွင်း အချိုမှုန့် ငရုတ်ကောင်း နှမ်းဆီတို့နှင့်ရောပြီး အရသာ နယ်ထားပါ
  3. ၀မ်တုန်ရွက် တရွက်ကို ပုဇွန်တကောင်စီထည့်ပြီး အနားနှစ်ဖက်ကို ရေစွှတ်ပြီး ကပ်ပေးပါ
  4. အားလုံးပြီးပါက ဆီကို ဒယ်အိုးတလုံးထဲ ထည့်ပြီးအပူပေးပါ
  5. ဆီပူလာပါက မီးရှိန်ကို အနေတော် လျှော့ပြီမှ ၀မ်တုန်ထုတ်လေးများကို တထုက်ခြင်း ထည့်ကြော်ပါ
  6. ကြော်ချိန်မကြာစေဘဲ ၀မ်တုန်ရွက် ကျက်တာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  7. ဆီစစ်တာနဲ့ နှစ်သက်ရာ အချဉ်တို့နှင့် တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။

Thursday, 18 February 2016

ငါးဆုတ်ကြော်နှပ် မွှေးမွှေးလေး


မာမာဒီနေ့တော့ ဘာဆာငါးဆုပ်ကြော်လေးကို ခပ်ပျော့ပျောလေ့းကြော်ပြီး ကြက်သွန်အဖြူ ကြက်သွန်နီ ချင်းတို့နဲ့ ကြော်နှပ်လေး ပြန်ပြီး ကြော်ပေးထားပါတယ်  ငါးဖယ်မရှိလို့ ဘာဆာငါးလေးနဲ့ ကြော်ပေမဲ့ အချက်များများ ပေါက်ပေးနိုင်ရင် ငါးဖယ်ကြော်လိုဘဲ စားလို့ကောင်းပါတယ် ဒါကြောင့်မို့ မာမာကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
ငါးဆုတ်ကြော်အတွက် ငါးအရသာနယ်ရန် 

  1. ဘာဆာငါး - သုံးဆယ့်ငါးကျပ်သား(နုတ်နုတ်စဉ်းပေးပါ)
  2. ဆား - လက်ဖက်ရည်ဇွန်းတစ်ဝက်
  3. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဝက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံ (အားလုံကိုရောနယ်ပြီး ဇလုံကျယ်ကျယ်ထဲမှာ အချက် ၁၀၀လောက်ပေါက်ပေးပါ)


ငါးဆုတ်ကြော်ရန်
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲ
  • ငါးပေါက်ပြီးသားကို အရင်ဆုံး ငါးဆုပ်ပုံစံလေးလုံးပေးပြီးမှ လက်ဝါးပေါ်တင်ကာ တင်ထားသောလက်၏ လက်မလေးဖြင့် လိုက်ပြားပေးပြီးမှ ဆီပူအိုးထဲသို့ တစ်ခါထဲ တန်းထဲ့ပြီးကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် ငါးဆုတ်လုံးကို လှည့်ပေးပါ
  • တခုလုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီး ဆီစစ်ထားပါ

ငါးဆုတ်ကြော်နှပ်အတွက် ပါဝင်ပစ္စည်းများ

  • ငါးဆုတ် - ၁၀ခု
  • ကြက်သွန်နီ - အနေတော် ၂လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ချင်း - လက်တစ်ဆစ်ခန့်
  • ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်

ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြော်ထားသော ငါးဆုတ်ကို အအေးခံပြီး ခပ်ပါးပါးလှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေစင်အောင်တေးကာ ပါးပါးလှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်ပါးပါးလှီးထားပါ
  • ချင်းကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ လှီးထားပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးကာ ဆီကို ထည့်ပေးပါ
  • ဆီပူလာပါက. နနွင်းမှုန့်ထည့်ပြီး ကြက်သွန်အဖြူ ကြက်သွန်အနီ ချင်းတို့ကို မွှေးသွားအောင် ကြော်ပေးပါ
  • ပြီးတာနဲ့ လှီးထားသော ငါးဆုတ်နှင့် အရသာမှုန့် ငံပြာရည်တို့ထည့်မွှေပေးပြီး မီးပိတ်ပေးပါ
  • မွှေးပျံ့သော ငါးဆုတ်ကြော်နှပ်လေးရပါပြီ

Wednesday, 17 February 2016

ဝက်သားလုံးဟင်းချို


မွမွအိအိ အရသာရှိတဲ့ ၀က်သားလုံး ဟင်းချိုလေးပါ ဟင်းရည်ပူပူ စပ်စပ်လေး သောက်ချင်တာနဲ့ ချက်ဖြစ်တဲ့ ဟင်းရည်တစ်ပွဲက မိသားစု ထမင်းဝိုင်းအတွက် လိုအပ်မယ်ထင်လို့ ပြင်ဆင်ပုံလေး မျှဝေလိုက်ပါတယ်။

ပါဝင်သောပစ္စည်းများ

  1. ၀က်သားကြိတ်သား - 350 g
  2. ပြောင်းကော်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  4. ကြက်သွန်မိတ် - အနည်းငယ်
  5. ဆား - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  6. ကြက်သားမှုန့် -  လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ၀က်ရိုး - 500 g
  8. ချင်း - လက်တစ်ဆစ်ခန့်
  9. ငရုတ်ကောင်းမှုန့် -  နှစ်သက်သလောက်

ဝက်သားအရသာနယ်ရန်

  • ၀က်သားကို ဆားလက်ဖက်ရည်ဇွန်း တ၀က် 
  • ပြောင်းကော်မှုန့် ထမင်းစားဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း
  • ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ၀က်တို့နှင့် ရောပြီးနယ်ထားပေးပါ

ဝက်သားလုံး ပြုပ်ရန်

  • ၀က်ကြိတ်သားကို ပြောင်းကော်မှုန့် ကြက်သားမှုန့် ဆားနှင့်နယ်ထားပါ
  • ၀က်ရိုးကို ရေ 4 cups ချင်း ဆား ကြက်သားမှုန့် တို့ထည့်ပြီး ရေဆူအောင်တည်ပေးပါ
  • အရိုးပြုပ်ရည်များရဲ့ အပေါ်ကို တက်လာသော အမြှုပ်များကို ခပ်ပြီးသွန်ပေးပါ
  • အရိုးပြုပ်ရည်ကို ရေ မခမ်းတခမ်းထိ ပြုပ်ပေးပါ
  • အရိုးထဲမှ အချိုရည်များ ထွက်လာတာနဲ့ ရေကို လိုသလောက် ထပ်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ရေပွက်ပွက်ဆူလာတာနဲ့ ကြက်သွန်ဖြူကို ဓါးပြားရိုက်ပြီး ထည့်ပေးပါ 
  • ၀က်သားအရသာနယ်များကို ထမင်းစားဇွန်းထဲ တခါကော်စာ ယူပြီး ပွက်ပွက်ဆူနေသော အိုးထဲ  လက်မနှင့် မနည်းငယ်ယူပြီး ဇွန်းဖျားမှနေပြီး ဖိပြီး ဟင်းရည်အိုးထဲ ထည့်ပြုပ်ပေးပါ 
  • ၄မိနစ်လောက်ပြုပ်ပေးပြီးရင် ၀က်သားလုံးဟင်းချိုကို ပြင်မည့်ပန်းကန်ထဲ ထည့်ပေးပါ
  • ဟင်းရည်အပေါ်မှ ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်မိတ် ဖြူးပြီး ပူပူလေး သုံးဆောင်ရန် ပြင်ပေးပါ။

Tuesday, 16 February 2016

ကြက်အမွထောင်းကြော် မွှေးမွှေးလေး


ဒီနေ့တော့  ကြက်ရင်ပုံသားကိုပြုပ်ပြီး မွမွလေးထွင်ကာ မွမွလေးထောင်းပြီး ပြန်ကြော်ထားပါတယ် ကလေးလူကြီး အကြိုက်လေးမို့ ချက်လို့ပျော်တဲ့ ဟင်းတစ်မယ်ပါ။

အစပ်မကြိုက် အစပ်မစားတဲ့ သူတွေအတွက် အရမ်းအဆင်ပြေတဲ့ ဟင်းချက်နည်းလေး ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို  မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား  - 500 g
  2. ကြက်သွန်နီ - 250 g
  3. ဆီ - လိုသလောက် သုံးပေးပါ
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငံပြာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ

ကြက်သားပြုပ်ရန်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငံပြာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ကြက်သားကို အတုံးလိုက် အရသာများနယ်ကာ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ ပြုပ်ပေးပါ
ကြက်သားအမွကြော်ရန် ပြင်ဆင်ပုံ
  1. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးပေးပါ
  2. လှီးထားသော ကြက်သွန်များကို ဇလုံတစ်ခုထဲထည့်ပြီး လက်နှင့်ဆုတ်ပြီး မွှထားပါ
  3. ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ 
  4. ဆီပူလာပြီး အငွေ့တက်လာတာနဲ့ နနွင်းမှုန့်ထည့်ပေးပါ
  5. ပြီးတာနဲ့ မွှထားသော ကြက်သွန်နီများကို ထည့်ကြော်ပါ
  6. ကြော်နေစဉ် အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ 
  7. ကြက်သွန်အားလုံး နီရောင်ရောင်လေး သန်းလာတာနဲ့ ဆယ်ပြီး ဇကာထဲထည့်ကာ ဆီစစ်ထားပါ
ကြက်သားကြော်ရန်
  1. ပြုပ်ပြီး အအေးခံထားသော ကြက်သားကို အမြှောင်းအရှည်လေးများရအောင် ထွင်ပေးထားပါ
  2. ထွင်ပြီးသော ကြက်သားကို ငရုတ်ဆုံထဲထည့်ပြီး မညက်တစ်ညက် ထောင်းပေးပါ
  3. ထောင်းထားသော ကြက်သားထောင်းကို ကြက်သွန်နီကြော်ထားသော ဆီအိုးထဲမှာ ကြွတ်လာတဲ့ထိ ကြော်ပေးပါ
  4. ကြော်နေစဉ် မီးအနေတော်နှင့်ကြော်ပြီး အကျက်ညီစေရန် မွှေမွှေပေးပါ
  5. ကြက်သားများ မွပြီးကြွတ်လာပါက ဇကာစိတ်ထဲ ဆယ်ပြီးထည့်ကာ ဆီစစ်ပေးပါ
  6. ကြက်သွန်နီကြော်နှင့် ကြက်သားကြော် ဆီစစ်ပြီး အေးသွားသောအခါ နှစ်မျိုးလုံးကို ရောမွှေပေးပါ
  7. မွမွမွှေးမွှေးလေးနဲ့ ရွနေတဲ့  ကြက်ကြော်လေးကို နှစ်သက်သလို စားသုံးနိုင်ပါတယ်။