Sunday, 19 January 2014

ကြက်ပြုပ် ဟင်းချို


မာမာ ဒီနေ့တော့ ရာသီဥတုလေး နည်းနည်းအေးတာနဲ့ ကြက်ပြုပ်ဟင်းချိုရည်လေး ချက်သောက်ဖြစ်ပါတယ်
သောက်လို့လဲကောင်း ထမင်းလဲမြိန်စေခဲ့ပါတယ် ချက်ရတာတော့ အရမ်းလွယ်တဲ့ ဟင်းချိုရည်အမျိုး အစားလေးပါ။

ငယ်ငယ်ထဲက ကြိုက်ခဲ့တဲ့ အရည်ဟင်းလေးမိုလို့ ခနခနလဲ ချက်ဖြစ်ခဲ့ပါတယ် ဒီနေ့ချက်တဲ့ ဟင်းချိုရည်ကိုဆေတာ့ မာမာက ကြက်ရင်ပုံသားလေးနဲ့ ပြုပ်ပြီး ချက်ထားပါတယ် မြည်းစမ်းပြီးသောက်ဖို့ ချက်ကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 100 g 
  2. ပဲပြားအစိမ်း - အနေတော် တစ်တုံး (သင့်တော်သလို ပိုင်းပေးထားပါ)
  3. ရွှေပဲသီး - ၅တောင့်
  4. ရေစိမ်ပြီးသော ပဲကြာဇံ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  5. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - သုံးမွှာ
  6. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  7. ဆား - ညက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ

ချက်ရန်
  • ကြက်ရင်ပုံသားကို ရေဆေးပြီး အရင်ဆုံးဆားနှင့်အရသာမှုန့် အနည်းငယ် ထည့်ပေးပြီး အရသာဝင်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ ရေမြုပ်ရုံထဲ့ပြီး ပြုပ်ပေးပါ
  • ရေခမ်းသွားပါက အသားမြှောင်းလေးများ ရအောင်ထွင်ပေးပါ
  • ရေကို တရုတ်ဟင်းရည်သောက် ပန်းကန်လုံး တစ်လုံးနှင့်တဝက်သာသာ ထဲ့ပေးပါ
  • ဆားနှင့်အရသာမှုန့်ထဲ့ပြီး ရေဆူအောင် တည်ပေးပါ
  • ရေဆူလာပါက ပဲပြားလေးများ အရင်ထဲ့ပြီးတည်ပေးပါ
  • ငါးမိနစ်လောက်ဆူပြီးပါက ပဲကြာဇံ ကြက်သွန်ဖြူနှင့်ငရုတ်ကောင်းမှုန့်ထဲ့ပြီး အရေသာ မြည်းပေးပါ
  • မီးပိတ်ခါနီးမှ ရွှေပဲသီးထဲ့ပြီး အဖုံးမအုပ်ဘဲ ထားပေးပါ
  • မီးပိတ်ပြီးတာနဲ့ ဟင်းချိုရည်ပူပူလေး သောက်သုံးနိုင်ပါပြီ။

Sunday, 12 January 2014

ပဲကြော် ကြွတ်ကြွတ်လေး

ပဲကြော်

ပဲကြော်နှင့်အကြော်မှုန့်
မကြာ မကြာ အိမ်မှာ ကြာ်ဖြစ်ခဲ့တဲ့ အကြော်လေးပါ ဒီနေ့တော့ အကြော်မှုန့် တစ်မျိုးဖြစ်တဲ့ Tempura Batter Mix အမှုန့်လေးနဲ့ စမ်းပြီးကြော်ကြည့်တာ ကြော်ရတာ အရမ်းလွယ်ပြီး အရသာလဲ အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ (အချပ်ကြီး ၆ချပ်စာ)

  1. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  2. တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးအပြည့်နှင့် နောက်ထပ်လက်တစ်လုံးစာ
  4. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ပဲခြမ်းကို ရေမြုပ်အောင်ထည့်ပြီး ရေစိမ်ပေးပါ
  • ဇလုံအပေါ်ဖက်မှ အပေါက်ပါသော ဇကာဖြင့်ဖုံးပြီး တညလောက် ရေစိမ်ထားပါ
  • မနက်ရောက်လျှင် ရေစိမ်ပြီး ပွနေသော ပဲများကို ရေ၂ထပ်လောက် ဆေးပေးပြီး ရေစစ်ပေးပါ
  • တန်ပူရာမှုန့်ကို ရေနှင့်ပျော်အောင်ဖျော်ပြီး ရေစစ်ထားသောပဲနှင့် ရောမွှေပါ
  • အောက်ခြေ မကပ်သော ဒယ်အိုး ပဲကြော်တချပ်စာ အနေတော်အိုးကို အပူပေးပါ
  • အိုးပူလာလျှင် ဆီထည့်ပြီး ဆီကို အပူဆက်ပေးပါ
  • ဆီပူလာပါက တန်ပူရာမှုန့် အနှစ်စပ်ထားသော ပဲရည်ဖျော်ကို ဟင်းချိုခပ် ယောက်ချိုဇွန်းနှင့် သမအောင်မွှေပြီး ဇွန်းတ၀က်သာသာ ခပ်ပြီး ဆီအိုးထဲကို ထည့်ပေးပါ
  • ဆီအိုးထဲ ထည့်ရာမှာ ဇွန်းကိုစောင်းပြီး အိုးဘေးအနားဘက်မှ စပြီး အ၀ိုင်းပုံသဏ္ဌန် လှည့်ပြီး အလယ်ကိုရောက်တဲ့အထိ ဖြန့်ပြီးထည့်ပေးပါ
  • ပဲစေ့များပြန့်နေမှ အကျက်ညီမှာ ဖြစ်တဲ့အတွက် ပဲစေ့များ ပုံနေပါက အကျက်မညီဘဲ ဖြစ်သွားတတ်ပါတယ်
  • ပဲအနှစ်များ ထည့်ပြီးပါက လှန်ပေးစရာမလိုဘဲ သူ့ဘာသာသူ ကြွတ်ပြီးရွလာမှ အသာလေး ဆယ်ပြီး ဆီစစ်ဇကာပေါ်မှာ တင်ပြီး ဆီစစ်ပေးပါ
  • နောက်ထပ် ကျန်သောအချပ်များကို မကြော်ခင် ဆီကို နည်းနည်း အအေးခံပြီးမှ မီးဖိုပေါ် ပြန်တင်ပြီး ပထမအချပ်အတိုင်း ဆက်ကြော်ပေးကာ အကြော်၈ချပ်ရပါမယ်
  • အားလုံကြော်ပြီး ဆီစစ်သွားပါက မိမိ နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

Friday, 10 January 2014

Shimeji mushrooms ဟင်းချို

Shimeji mushrooms ဟင်းချိုရည်

Shimeji mushrooms

ဟင်းချက်နေကျ မီးဖိုဆောင်လေးကို မာမာမရောက်ခဲ့တာ ကြာပါပြီ ဒီနေ့တော့ စိတ်အမောတွေလဲ ပြေပါစေတော့ရယ်ဆိုပြီး မီးဖိုထဲပြန်ဝင်ရင်း မာမာအရမ်းကြိုက်တဲ့ မှိုဟင်းချိုလေးချက်ဖြစ်ခဲ့ပါတယ်။

 ဂျပန်မှိုလေး တစ်မျိုးဖြစ်ပေမဲ့ စားလို့ကောင်းသလို အရသာက မြန်မာပြည်မှာ စားနေကျ ခြေတံရှည်မှိုမျိုးနဲ့ တူပါတယ်။

ခြေတံရှည်မှိုလို တပင်ခြင်းမဟုတ်ဘဲအုံလိုက် ပေါက်တတ်တဲ့မှို အမျိုးစားပါ သူ့ကိုအုံလိုက်လေးရေစင် အောင်ဆေးပြီးမှ တစ်ပင်ချင်းခွာပြီး ကြက်သွန်အဖြူနဲ့အနီကို ဆီသတ်ပြီးမှမှိုကို ထဲ့ပြီးချက်ပါတယ်။

ချက်ရလွယ်ပြီး သောက်လို့ကောင်းတဲ့ ဟင်းရည်တစ်မျိုးပါ ဟင်းရည်ကျက်ပြီ ဆိုရင်တော့ သံပုရာရည်ညှစ်ပြီးသုံးဆောင်နိုင်တဲ့ ဟင်းရည် ချိုချိုမွှေးမွှေးလေး ရပါပြီ။

ပါဝင်​ပစ္စည်းများ
  1. Shimeji mushrooms - 500 g
  2. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူအမွှာကြီးကြီး - သုံးမွှာ
  3. ပါးပါးလှီးထားသော ကြက်သွန်နီ အနေတော် တစ်ခြမ်း
  4. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  5. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ရေ - တရုတ်ဟင်းရည်သောက်ပန်းကန် - တစ်လုံးခွဲသာသာ
  9. သံပုရာသီး - တစ်ခြမ်း
ပြင်ဆင်ပုံ


  • ဆီကိုမီးအနေတော်နှင့်အပူပေးပါ
  • ဆီပူလာပါကနနွင်းမှုန့်ကို အရင်ထဲ့ပြီး ကြက်သွန်အဖြူနှင့်အနီကိုထဲ့ပြီး ဆီသက်ပါ
  • ကြက်သွန်များမွှေးလာပါက ငရုတ်သီးမှုန့်ထဲ့ပြီး မွှေးတဲ့အထိ မွှေပေးပါ
  • မှိုများထဲ့ပြီးမွှေပေးကာဆားနှင့်ရေ လိုသလောက်ထဲ့ပြီး ဆူတဲ့ထိ တည်ပေးပါ
  • ဟင်းရည်ဆူလာပါက အပေါ့အငံမြည်းပြီး သံပုရာရည်ညှစ်ကာ သုံးဆောင်နိုင်ပါပြီ။
  • Sunday, 27 October 2013

    ပြည်ကြီးငါး အချိုကြော်

    ပြည်ကြီးငါး အချိုချက်
    ပြည်ကြီးငါး ချက်နည်းလေးသိချင်လို့ မေးလာတဲ့သူတွေ အတွက်ပါ ပြည်ကြီးငါးတို့ရဲ့သဘာဝ ရေငံငါးမို့နဲနဲလေး အနံ့ရှိပါတယ် သူ့ကိုအနံ့ပျောက်အောင် အရင်ဆုံး သံပုရာရည်နဲ့နယ်ပြီးဆေးပါတယ် ပြီးမှအရသာများနယ်ကာ ဆယ်မိနစ်လောက် နှပ်ထားပြီးမှချက်ပါတယ်။

    ဆီသတ်ပြီးမှ ချက်ထားတာလေးမို့ ငါးအနံ့ပိုပြီး ပျောက်စေတာတော့အမှန်ပါ ချက်စားကြည့်စေချင်ပါတယ်။

    ပါဝင်တာလေးတွေက
    • သန့်စင်ပြီး အနေတော်ပိုင်းဖြတ်ထားကာ မွှန်းထားသောပြည်ကြီးငါး - 300g 
    • မညက်တစ်ညက် ထောင်းထားသော ကြက်သွန်နီ - အနေတော် တလုံး
    • မညက်တစ်ညက် ထောင်းထားသော ကြက်သွန်ဖြူ - သုံးမွှာ
    • ညက်နေအောင် ထောင်းထားသောချင်း - လက်တဆစ်ခန့်
    • ဆီ - ထမင်းစားဇွန်း လေးဇွန်း
    • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
    • ပဲငံပြာရည် - ထမင်းစားဇွန်း တဇွန်း 
    • ငံပြာရည် - ထမင်းစားဇွန်း တဝက်
    ငါးအရသာနယ်ရန်
    • ဆား - လက်ဖက်ရည်ဇွန်း တဝက်
    • အရသာမှုန့် လက်ဖက်ရည်ဇွန်း တဝက်သာသာ
    • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
    • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်းတဝက်
    ဟင်းချက်ရန်
    • ဆီကိုအရင်ဆုံးအပူပေးပြီးဆီပူလာတာနဲ့နနွင်းမှုန့်ထဲ့ပေးပါ
    • ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကိုထဲ့ပြီးမွှေးလာတဲ့ထိဆီသတ်ပေးပါ
    • အရသာနယ်ထားသောပြည်ကြီးငါးကိုထဲ့ပြီးဆီသတ်ပေးပါ
    • ဆီသတ်ပြီးတာနဲ့ငံပြာရည် နှင့်အရသာမှုန့်တို့ကိုထဲ့ပြီးငါးမှထွက်လာသောရေခမ်းတဲ့ထိတည်ပေးပါ
    • ရေခမ်းကာနီးတာနဲ့ပဲငံပြာရည်ထဲ့ပြီးမွှေပေးပါ
    • ဆီပြန်တာနဲ့ပြည်ကြီးငါးဆီပြန်မွှေးမွှေးလေးရပါပြီ

    Wednesday, 23 October 2013

    ငံပြာရည်ချက် စပ်စပ်လေး


    မာမာအခုရက်ထဲ ဟင်းလေးတွေမချက်ဖြစ်တာ တော်တော်ကြာသွားခဲ့ပါတယ် ဒီနေ့တော့စိတ်ထဲမှာ စားချင်တဲ့ဟင်းလေးကို ချက်ဖြစ်ခဲ့ပါတယ် ထမင်းကောင်းကောင်း  မစားချင်ခဲ့တဲ့ ရက်တွေအတွက် ခံတွင်းလိုက်စေမဲ့ အရံဟင်းလေးပါ။

    ချဉ်ငံစပ်ဆိုရင် ထမင်းစားရတာ မိန်စေတဲ့အတွက် ဒီနေ့အတွက် ငံပြာရည်ချက်လေးတစ်မယ် ချက်လိုက်ပါတယ် တစ်ကယ်လဲ ထမင်းစားလို့မိန်ခဲ့ပါတယ် ထမင်းမိန်မိန်စားချင်လို့ ချက်စားကြည့်မယ်ဆိုရင် ချက်ရလွယ်တဲ့ ငံပြာရည်ချက် ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

    ပါဝင်ပစ္စည်းများ

    1. ရေစိမ်ပြီး မညက်တညက် ထောင်းထားသော ပုဇွန်ခြောက်အကောင်ကြီးကြီး - လက်ဖက်ရည်ပန်းကန်လုံးတစ်လုံးခွဲစာ
    2. ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
    3. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်းခွဲ
    4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
    5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
    6. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
    7. ပါးပါးလှီးထားသော ကြက်သွန်နီ - ကြီးကြီး တစ်လုံး
    8. အနေတော် စိတ်ထာသော ကြက်သွန်ဖြူ - ငါးမွှာ

    ပြင်ဆင်ပုံ
    • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပြီး မီးအနေတော်နှင့် အပူပေးပါ။
    • ဆီပူလာပါက ကြက်သွန်နီကို ပျော့သွားတဲ့ထိ ကြော်ပေးပါ။
    • ကြက်သွန်နီပျော့သွားပြီ မွှေးလာပါက ငရုတ်သီးမှုန့်ကို မွှေးလာတဲ့ထိ ထည့်ကြော်ပေးပါ။
    • ငရုတ်သီးမှုန့်အနံ့လေး မွှေးလာတာနဲ့ ပုဇွန်ခြောက်မှုန့်ကိုထဲ့ပြီး နှစ်မိနစ်လောက်မွှေပေးပါ။
    • ပြီးတာနဲ့ ငံပြာရည်ထဲ့ပြီး မွှေပေးပါ။
    • ငံပြာရည်နံ့ သင်းလာပါက ရေမြုပ်အောင်ထဲ့ပြီး အရသာမှုန့်ထဲ့ကာ ရေဆူတဲ့ထိ တည်ပေးပါ။
    • ဆီကျန်ရေကျန် အနေအထား ရလာပြီဆိုပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ကြက်သွန်ဖြူ ထဲ့မွှေပေးပါ
    • အရသာ အနေတော် ဖြစ်ပြီဆိုတာနဲ့ ငံပြာရည်ချက် စပ်စပ်လေးကို ပန်းကန်ထဲ ပြောင်းထဲ့ပြီး ပြင်ပေးနိုင်ပါပြီ။

    Friday, 18 October 2013

    ငါးပဲငပိ အချိုနှပ်


    ဒီနေ့ချက်ဖြစ်တဲ့ ငါးကြော်နှပ်လေးပါ သီးရွက်စုံနဲ့ ပဲငပိထဲ့ထားလို့ ထမင်းတောြ့မိန်စေပါတယ် ချက်ရတာ လွယ်ပါတယ် ဒါပေမဲ့စားလို့ကောင်းတဲ့ ဟင်းလေးပါ။

    ရှိတဲ့အသီးအရွက်တွေကို အဆင်ပြေသလို ထဲ့ချက်ထားတဲ့အတွက် နှစ်သက်ရာ ငါးလေးနဲ့ကြော်နှပ်လုပ်လို့ရပါတယ် မာမာကတော့ ကကတစ်ငါးလေးနဲ့ ချက်ထားပါတယ် မာမာ့ကလေးတွေပြောတဲ့ ကျန်စုရှင်း ငါးကြော်နှပ် ဟင်းချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

    ပါဝင်ပစ္စည်းများ

    1. ငါး - 400 g တစ်ကောင်ကိုသန့်ရှင်းအောင်ဆေးပြီး မွှန်းပေးထားပါ
    2. ပဲငပိ - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
    3. အသီးအရွက်များ နှစ်သက်သလို ထည့်ပေးပါ
    4. အကွင်းလိုက် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
    5. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ -  သုံး မွှာ
    6. အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဝက်
    7. ချင်း - လက်မဝက်ခန့် ပါးပါးလှီးပေးပါ
    8. ဆီ - ထမင်းစားဇွန်း လေးဇွန်း
    ငါးအရသာနယ်ရန်
    • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
    • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
    • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
    ကြော်နှပ်ရန်အတွက်
    • ဆီ- လက်ဖက်ရည် အကြမ်းပန်းကန် နှစ်လုံး
    • မီးအနေတော်နှင့် ငါးတစ်ကောင်လုံး ကျက်စေရန် ကြော်ပေးပါ
    • ငါးကြော်ကျက်ပါက ဆယ်ပြီး ဆီစစ်ပေးထားပါ
    အသီးအရွက်ကြော်ရန်
    • နောက်ထပ်အိုး အသန့်တစ်လုံးထဲမှာ ဆီထမင်းစားဇွန်း လေးဇွန်းကိုထဲ့ပြီး အပူပေးပါ
    • ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို မွှေးသွားအောင် ကြော်ပေးပါ
    • အသီးအရွက်များနှင့် အရသာမှုန့်ထဲ့ပြီး နှစ်မိနစ်လောက် ကြော်ပေးပါ
    • ပဲငပိထဲ့ပြီး မိနစ်ဝက်လောက် ကြော်ပေးပါ
    • အားလုံးကျက်သွားပါက ကြော်ပြီးဆီစစ်ထားသော ငါးကြော်ပန်းကန်ထဲသို့ထဲ့ပြီး သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

    Thursday, 17 October 2013

    မှို ကန်ဇွန်းရွက်ကြော်


    ဒီblog အိမ်လေးကို မာမာပြစ်ထားခဲ့တာ ကြာခဲ့ပြီ သတိရလို့ လာလာကြည့်မိပေမဲ့ ဟင်းလေးတွေတင်ဖို့ ပျက်ကွက်နေမိတယ် ဒီနေ့တော့ သတိအရမ်းရတာရယ်ကြောင့် ဒီနေရာလေးကို ခနလာကြည့်ရင်း မှိုနဲ့ကန်ဇွန်းရွက်ကြော်လေး ပို့ထားခဲ့ပါတယ်။

    မှိုနဲ့ကန်ဇွန်းရွက်က ကြော်နည်းလေးသိရင် ကြော်ရတာ လွယ်ပါတယ် ကန်ဇွန်းရွက် အစိမ်းရောင် မပျောက် အောင်ကြော်တဲ့ နည်းလေးကိုလဲ မျှဝေခဲ့ပါတယ်။

    ပါဝင်ပစ္စည်းများ
    1. ကြက်သား - 100 g
    2. ကန်စွန်းရိုးနီ - လက်တစ်ဆုတ်စာ တစ်စည်း
    3. ကြယ်သီးမှို - စားနိုင်သလောက်
    4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
    5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
    6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
    7. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
    8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
    9. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
    ပြင်ဆင်ပုံ
    1. ကန်စွန်းရွက် အပင်ရဲ့ ရင့်နေတဲ့ နေရာများကို ဖယ်ပြစ်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
    2. မှိုကို ရေဆေးပြီး သင့်တော်သလို လှီးထားပါ
    3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
    4. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပေးပါ
    5. ဆီအငွေ့ တက်လာတာနဲ့ ဆားကိုအရင်ဆုံး ထည့်ကြော်လိုက်ပါ
    6. ပြီးတာနဲ့ ကြက်သားကို ထည့်ကြော်ပေးပါ
    7. ကြက်သား ကျက်သွားတာနဲ့ ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပြီး မှိုကို ထည့်ကာ တစ်မိနစ်လောက် ကြော်ပေးပါ
    8. ပြီးတာနဲ့ ကန်စွန်းရွက်များ ထည့်ပြီးတာနဲ့ အချိုမှုန့်ထည့်မွှေပါ
    9. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ဖြူးပြီး ပူနေတုန်းလေး ပန်းကန်ထဲ ပြောင်းထည့်ကာ စားသုံးနိုင်ပါပြီ။