Friday, 31 May 2013

ကြက်သားဖက်ထုတ်ကြော်

ကြက်သားဖက်ထုတ်ကြော်


ကြက်သားဖက်ထုပ်ကြော်ဖို့ပြင်ပါမယ်

ဖက်ထုတ်ရွက်တစ်ရွက်ကို ထမင်းစားဇွန်း 
တစ်ဇွန်းမရှိတစ်ရှိထဲ့ပေးပါ

အစာထဲ့ထားသောဖက်ထုတ်ရွက်ကို 
အနားလေးများအားရေစွတ်ပြီး
ခေါက်ပေးကာ ခေါက်ပေးထားတဲ့ 
အနားလေးများကို ခက်ရင်းဖြင့်လိုက်ဖိပေးပါ

ကြော်ရန်အသင့်ဖြစ်သော ကြက်သားအစာသွပ် ဖက်ထုတ်များ

ဆီလက်ဖက်ရည် ပန်းကန်လုံး တစ်လုံးခွဲလောက်ကို 
မီးခပ်ပြင်းပြင်းနှင့်အပူပေးပြီးဆီပူလာပါက
မီးရှိန်နဲနဲထပ်ရှော့ကာ ဖက်ထုတ်လေးများကို 
ထဲ့ကြော်ပေးပါ ရွှေဝါရောင်သန်းလာရင် ဆယ်ပြီး
ဆီစစ်ပေးပါ ဆီစစ်သွားပါက
ကြက်သား ဖက်ထုတ်ကြော်လေးများရပါပြီ။

ကြက်သားဖက်ထုတ်ကြော်လေးပါ အသားတွေချည်းစားရတာ ခံတွင်းမတွေ့လွန်းတာမို့ အသီးအရွက် လေးလဲပါရအောင် မာမာ ဟိုရောဒီရော ဖက်ထုတ်လေးကြော်ထားပါတယ် အခွံမွှေးမွှေးကြွတ်ကြွတ်လေး နဲ့ဆိုတော့စားရတာ အာရုံတစ်မျိုးပြောင်းသွားစေပါတယ်။

ကြက်သွန်ဖြူအချဉ်လေးနဲ့ အရမ်းကိုစားကောင်းတဲ့ ဖက်ထုတ်လေးပါ ငါးနဲ့ကြက်သားကိုဘဲစားကြတဲ့ သူတွေအတွက် ဟင်းချက်ရတာ ရှားပါးပါတယ် နေ့တိုင်းလဲ အသားဓါတ်လေးရအောင် အသားပါအောင် ချက်ရတာမို့ တစ်ခါတစ်ရံ ညီးငွေ့သလိုတော့ဖြစ်မိပါတယ်။

အဲဒီလိုရက်မျိုးဆို မာမာ ဟိုရောဒီရော စားကောင်းအောင်ရှာကြံပြီး ချက်ဖို့ပြင်ရပါတယ် ဒီနေ့လဲ အသားပြောင်တလင်းကြီး မစားချင်တဲ့ သူတွေအတွက် ရောတိရောရာ စားကောင်းစရာဖြစ်အောင် ကြက်သားဖက်ထုတ်လေးလုပ် ပြီးကြော်ပေးထားပါတယ် ဒါကြောင့်မို့လို့ မာမာလုပ်တဲ့နည်းလေး မျှဝေချင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ




  1. နုတ်နုတ်စင်းထားသောကြက်သား  - 100 g 
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  3. အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  4. ပဲပင်ပေါက် - ဟင်းပြင်ပန်းကန်အသေး တစ်လုံး
  5. အနေတော် လှီးထားသော ကျူဆိုင် - လက်ဖက်ရည်ပန်းကန် တစ်လုံး
  6. ခပ်သေးသေး လှီးထားသော ကြက်သွန်နီ - ဟင်းပြင်ပန်းကန်အသေး တလုံး
  7. ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  8. နှမ်းဆီ - ထမင်းစားဇွန်း တစ်ဇွန်း(ဇလုံကျယ်ကျယ် တစ်လုံးထဲမှာအားလုံးကိုရောနယ်ပေးပါ)
  9. ဖက်ထုတ်ရွက် - ၁၅ရွက် 
  10. အစာအားလုံးကို ရောပြီးနယ်ထားပေးပါမယ်

Friday, 24 May 2013

ငါးကင်

ငါးကင်မွှေးမွှေးလေး





ဒီနေ့တော့ မာမာတို့ ကင်စားဖြစ်တဲ့ ငါးကင်ကင်နည်းလေး မျှဝေချင်ပါတယ် အစကတော့ ငပိရည်ဖျော်မယ်ဆိုပြီး ကင်တာပါ  ဆား နနွင်း အရသာမှုန့်လေးဘဲ နယ်ပြီးကင်ထားပါတယ်။

ကင်ပြီးမှ အရမ်းမွှေးတာနဲ့ တစ်ကောင်ကို ငပိရည်ဖျော်ပြီး တစ်ကောင်ကို သံပုရာသီးလေးညှစ်ကာ ထမင်းပူပူလေးနဲ့ စားကြပါမယ် မွှေးလဲမွှေး ချိုလဲချိုမို့ကင်ရ ကျိုးလေးတော့ နပ်သွားခဲ့ပါတယ်။

မီးသွေးမီးဖို မရှိတဲ့အတွက် ကျန်ဖန်ပြီး ကင်ရတဲ့ ငါးကင်လေးပါ မြန်မာပြည်မှာလို ငါးကိုဒုတ်လေးလှိုပြီး ကင်စားရတာကတော့ ပိုပြီးမွှေးမှာပါ အခုကတော့ ဖြစ်သလိုကင်ရတဲ့ ငါးကင်လေးဆိုလဲ မမှားပါဘူး။

ငါးကင်ဖို့ပြင်ပါမယ်
  • ဗိုက်ခွဲပြီးသန့်စင်ကာ ရေစင်အောင်ဆေးပြီး အရသာဝင်အောင် မွှန်းပေးထားသောငါး - တကောင်
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ငါးပုံတစ်ပုံ
  • သံပုရာသီး - တစ်ြခမ်း (အားလုံးတို့ကိုရောပြီးငါးကိုဆုပ်ဆုပ်ပြီး နယ်ပေးထားပါ)
  • Aluminium Foil နှင့် ငါးကိုထုတ်ပေးပြီး oven ထဲမှာထဲ့ပြီး ဖုတ်ပေးပါ
  • မီးအား နှစ်ရာ့ငါးဆယ် ဒီဂရီနှင့် ဆယ့်ငါးမိနစ်လောက်ကြိုပြီး ဖွင့်ထားသော
    oven ထဲမှာ နှစ်ဆယ့် ငါးမိနစ်လောက် ဖုတ်ပေးပြီးရင် ရပါပြီ
    မီးဖိုအပြင်ဖက်ကို ထုတ်ပေးပြီး Aluminium Foil  ကို ခွာကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Monday, 20 May 2013

ပုဇွန်ဝမ်တုန်ကြော်

ပုဇွန် ဝမ်တုန်ကြော်



နှစ်သက်သည့်ပုံစံလေးများ ထုပ်ပေးရင်ရပါတယ်




ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပေးပြီးရင် ပုဇွန်ဝမ်တုန်ကြော်လေးတွေရပါပြီ

မာမာတစ်ယောက် ဘလော့လေးကနေ တစ်ခါတစ်ခါ မအားတာကြောင့် ပျောက်ပျေက်သွားခဲ့ပါတယ် ဘလော့လာလည်တဲ့မိတ်ဆွေတွေကို အားနာမိပါရဲ့ အိမ်ရဲ့ဝေယာဝစ္စတွေကြောင့် တစ်ခါတစ်ခါ ဟင်းတွေချက်ဖြစ်ပေမဲ့ မတင်ဖြစ်ခဲ့တာများနေခဲ့ပါတယ်။

ဒီနေ့တော့ မာမာ့ရဲ့ချက်နည်းအတိုင်း အိမ်ရှင်မတွေ လွယ်လွယ်နဲ့ချက်လို့ရပြီး မြန်မြန်ကျက်တဲ့ ဟင်းလေးတစ်မျိုးကို ချက်ဖြစ်ပါတယ် ချက်နည်းရိုးပေမဲ့ စားလို့ကောင်းပြီး လက်ဖက်ရည်လေးနဲ့ဘဲ သောက်သောက် ထမင်းပူပူလေးနဲ့ဘဲစားစား ဒီအတိုင်းလေးဘဲ သုံးဆောင်သုံးဆောင် အချိုရည်လေးနဲ့ဘဲတွဲတွဲ နှစ်သက်ရာ အချဉ်လေးနဲ့ဘဲ တွဲဖက်အုံးပေါ့နော် စားကောင်းတဲ့ ပုဇွန်ဝမ်တုန်ကြော်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ကြော်ဖို့ပြင်ပါမယ်
  1. ပုဇွန် 500 g ကို ခေါင်း အမှီး အခွံတွေချွတ်ပြီး ကြောမှခွဲကာ အမဲကြောင်းလေး ထုတ်ပေးပါ 
  2. ပုဇွန်ပန်းကန်ထဲသို့ ဆား လက်ဖက်ရည်ဇွန်း တဝက်မရှိထဲ့ပါ
  3. အရသာမှုန့် လက်ဖက်ရည်ဇွန်း တဝက်လောက်ထဲ့ပါ အားလုံးကိုရောနယ်ပြီးဆယ်မိနစ်လောက် အရသာဝင်အောင် နှပ်ထားပေးပါတယ်
  4. ဝမ်တုန်ရွက်တရွက်ကို ပုဇွန်တကောင်နူံးနဲ့ထဲ့ပြီး ထုပ်ပေးပါ
ပြင်ဆင်ပုံ
  • ဆီ လက်ဖက်ရည်ပန်းကန်တစ်လုံးခွဲလောက်ကို မီးအနေတောာ်နှင့်အပူပေးပါ
  • ဆီကိုပူလာအောင် တည်ပေးပါ ဆီပူလာပါက မီးရှိန်ကိုနဲနဲထပ်လျှော့ပြီးမှ ဝမ်တုန်ထုတ်လေးများကို တစ်ခုခြင်းထဲ့ပြီးကြော်ပေးပါ 
  • တစ်ဖက်အရောင်နဲနဲပြောင်းလာရင် တစ်ဖက်ကိုလှန်ပေးပါ မကြာမကြာ အထက်အောက်လှန်ပေးပြီး နှစ်ဖက်လုံးရွှေဝါရောင်သန်းလာရင်ရပါပြီ
  •  ကြော်တဲ့အခါမှာ မီးရှိန်မပြင်းအောင် သတိထားပြီး ကြော်ပေးရပါတယ် မီးရှိန်ပြင်းလွန်းရင် အထဲကပုဇွန်မကျက်ဘဲ အပြင်ခွံတွေဘဲ မြန်မြန်ကျက် သွားတတ်ပါတယ်။

Wednesday, 15 May 2013

ချဉ်ပေါင်အဖြူ မျှစ်ကြော် ချဉ်ငံစပ်



မကြာမကြာစားရတဲ့ တစ်ပင်ထဲသော ချဉ်ပေါင်ပင်
ခူးလေအရွက်တွေထွက်လေပါဘဲ

မာမာ့အိမ်က တစ်ပင်ထဲသော ချဉ်ပေါင်ဖြူပင်လေးပါ မကြာမကြာ စားရပါတယ် ဒီနေ့တော့ မာမာ ပုဇွန်ခြောက်နဲ့ ကြော်ထားပါတယ်။

ချဉ်ပေါင်ကြော်တို့ ငပိချက်တို့ဆိုရင် မြန်မာလူမျိုးတို့ပါးစပ်က ခံတွင်းတွေ့တတ်တာမိုလို့ ဒီနေ့တော့ မာမာတို့တွေ ထမင်းစားလို့ မြိန်အုံးမှာပါ။

 ကြော်နည်းလေးကတော့ အရင်ကြော်နေကြ ပုံစံအတိုင်းပါဘဲ ပုဇွန်အစို မရှိလို့ ပုဇွန်ခြောက်လေးတွေနဲ့ဘဲ ကြော်လိုက်ပါပေမဲ့ အရသာကတော့ အတူတူပါဘဲရှင်။

ပါဝင်ပစ္စည်းများ
  1. ချဉ်ပေါင်ရွက် - အနေတော် ဇကာတစ်လုံး
  2. မျှစ် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံး
  3. ပုဇွန်ခြောက် - လက်ဖက်ရည်ပန်းကန် တစ်လုံး
  4. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  6. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  7. ငရုတ်သီးလုံးခြမ်းခွဲ - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ပုဇွန်ငပိ - ထမင်းစားဇွန်း တစ်ဇွန်း
  9. ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးသာသာ
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
  1. ချဉ်ပေါင်ရွက်နှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  2. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  4. မျှစ်ကိုရေဆေးပြီး ပြင်ထားပါ
  5. ပုဇွန်ခြောက်ကို ရေဆေးပြီး ရေစိမ်ထားပါ
  6. ဆီနှင့် နနွင်းမှုန့်ကို ဒယ်အိုးထဲထည့်ပြီး မီးအနေတော်နှင့် အပူပေးပါ 
  7. ဆီပူလာပါက ကြက်သွန်နီကို တစ်မိနစ်လောက် ကြော်ပေးပါ
  8. ကြက်သွန်နီ နဲနဲနွမ်းလာပါက ငရုတ်သီးလုံးခြမ်းခွဲကို မိနစ်ဝက်လောက် ထဲ့ကြော်ပါ
  9. ငရုတ်သီးနံ့ သင်းလာပါက ပုဇွန်ငပိကိုထဲ့ပြီး မွှေပေးပါ
  10. ပုဇွန်ငပိနံ့ သင်းလာပါက ချဉ်ပေါင်ရွက်ကိုထဲ့ပြီးနွမ်းတဲ့ထိ မွှေပေးပါ
  11. ချဉ်ပေါင်ရွက်နွမ်းလာပါက ပုဇွန်ခြောက်နှင့်မျှစ်ကိုထဲ့ပြီး မွှေပေးပါ
  12. ငံပြာရည်နှင့် အရသာမှုန့်ထဲ့ပြီး သုံးမိနစ်လောက် ကြော်ပေးပါ
  13. နောက်ဆုံးမှ ငရုတ်သီးစိမ်းကို ထဲ့မွှေကာ ကြက်သွန်ဖြူများကို ထဲ့ပြီးမွှေပေးပါ
  14. တစ်မိနစ်လောက် ထပ်မွှေပေးပြီးရင် ချဉ်ပေါင်ကြော် ချဉ်ငံစပ်လေး ရပါပြီ။

Tuesday, 14 May 2013

သပြုသီး ချဉ်ရည်ဟင်း


သပြုသီး ချဉ်ရည်ဟင်းကို စားဖူးသူတိုင်းက စွဲမက်ကြပါတယ် မာမာလဲ ရှားရှားပါးပါးလေး ရလာလို့ တန်ဖိုးထားပြီး ချက်လိုက်တဲ့ ဟင်းလေးပါ ငါးခူ ငါးရံ့နဲ့ချက်ရင် ပိုပြီးကောင်းပါတယ် ဒီမှာကတော့ ငါးခူ ငါးရံ့ ရှိပေမဲ့ တခါတစ်လေမှ ရတတ်တဲ့ငါးမို့ မာမာ့အိမ်မှာ မရှိတာကများပါတယ် ဒါကြောင့်မို့ ရှိတဲ့ငါးလေးနဲ့ဘဲ မာမာချက်ထားပါတယ်။

သပြုသီးက အချဉ်နဲနဲ စူးတာကြောင့် ပုဇွန်ငပိနဲ့ အချဉ်ကို ထိမ်းလို့ရသလို ငံပြာရည်ကောင်းကောင်းနဲ့ လဲချက်လို့ရပါတယ် မွန်ပြည်နယ်မှာ မကြာခနစားတတ်တဲ့ ဟင်းလေးမို့ မာမာချက်တဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။



သပြုသီး


သပြုသီးတလုံးကို ထက်ခြမ်းခွဲပြီး အဖတ်လေးများ
ရအောင်ထွင်လိုက်ပါ အထဲမှဝတ်ဆံလို
ပျော့လေးတွေဖယ်ပြီး ရေစင်အောင်ဆေးကာ
 ရေမြုပ်အောင်ထဲ့ပြီး သုံးမိနစ်လောက်ပြုပ်ပါ




ပြင်ဆင်ပုံ

  1. ပြုပ်ထားသော သပြုသီးကို ရေငှဲ့ပြီး အအေးခံကာ ရေကို ခပ်ဖွဖွညှစ်ပြီး အဖတ်လေးများရအောင် မွှပေးပါ
  2. ပြုပ်ထားသော ငါးအသားကို အရိုးထွင်ပြီး ထည့်ပေးပါ
  3. ကြက်သွန်ဖြူသုံးမွှာ ကြက်သွန်နီတစ်ခြမ်းတို့ကို ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက် နှင့်ရောထောင်းပေးပါ
  4. ဆီ ထမင်းစားဇွန်း တစ်ဇွန်းသာသာလောက် ထဲ့ပေးပါ 
  5. ပုဇွန်ငပိ ထမင်းစားဇွန်တစ်ဇွန်း (သို့)ငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်းခွဲထဲ့ပေးပါ
  6. အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထဲ့ပေးပါ
  7. အားလုံးကိုရောနယ်ပြီး ရေအနည်းငယ်ထဲ့ကာ လုံးမိအောင်တည်ပေးပါ


ချဉ်ရည်ဟင်း လုံးမိသွားပါက ရေ တရုတ်ဟင်းရည်သောက်
ပန်းကန်လုံးတလုံးခွဲထဲ့ပြီးပွက်ပွက် ဆူအောင်တည်ပေးပါ 
ဟင်းရေဆူလာတာနဲ့အရသာမြည်းပြီး လိုသလိုပြင်ကာ
စားပွဲပြင်နိုင်ပါပြီ


ထမင်းမိန်စေတဲ့ ချဉ်ဖြုံ့ဖြုံ့ သပြုသီးချဉ်ရည်ဟင်းလေးရပါပြီ

ငါးပေါင်း


မာမာ မနေ့ကပေါင်းထားတဲ့ ငါးပေါင်းလေးပါ  မာမာဟင်းချက်ရင် သဘာဝပစ္စည်းတွေနဲ့ ချက်တာများပါတယ် ထွေထွေထူးထူး ဆန်းဆန်းပြားပြားတွေ ထဲ့ပြီးချက်ရင် မာမာ့မိသားစု မကြိုက်သလို မာမာကိုယ်တိုင်လဲ မကြိုက်လို့ပါ။

ငါးပေါင်းလေးကို သံမယိုသီးလေးနဲ့ဘဲ ပေါင်းထားတာမို့ တစ်ခြားအချဉ်တွေ ဘာမှထဲ့ပြီး မသုံးထားတဲ့အတွက် ကျန်းမာရေးနဲ့လဲ ညီညွတ်စေပါတယ် ပေါင်းတဲ့အခါမှာလဲ ပေါင်းအိုးမသုံးဘဲရိုးရိုး အိုးလေးနဲ့ ဘဲပေါင်းပါတယ် ပေါင်းချိန်လေး ကြာတာကလွဲလို့ အရိုးနူးတာအတူတူပါဘဲ ဒါကြောင့်မို့ မာမာ ငါးပေါင်းတဲ့နည်းလေး မျှဝေလိုက်ပါတယ်။


ငါးပေါင်းလေးပေါင်းဖို့ပြင်ပါမယ်

  1. အကြေးခွံဖယ် သန့်ရှင်းပေးကာ အနေတော်ပိုင်းဖြတ်ထားသော ငါး - 500 g 
  2. သံမယိုသီး - နှစ်လုံး(အရည်ဘဲယူပါမယ်)
  3. ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံတို့ကို ငါးထဲသို့ထဲ့ကာ ဆုတ်ဆုတ်ပြီးနယ်ပေးပါ

စပါးလင်ရွက်များကို အိုးအောက်ခြေတွင်ခင်းပေးပါ


စပါးလင်ရွက်ခံထားသော အိုးထဲသို့ အရသာ
နယ်ထားသော ငါးများကို စီထဲ့ပေးပါမယ်

ပထမဆုံးငါးကိုရေမြုပ်အောင်ထဲ့ပြီး
ပြုပ်ပေးပါ ပထမရည်ခမ်းရင်
နောက်ထပ်ရေမြုပ်အောင် ထပ်ထဲ့ပြီး
တည်ပေးပါ  ရေ ငါးခါလောက်ခမ်းရင်ရပါပြီ
လက်ကျန်ရေအနည်းငယ်ချန်ပြီး စပါးလင်ရွက်
များ ဖယ်ပေးကာ မီးခနပိတ်ပေးထားပါ



ငါးပေါင်းထဲထဲ့ဖို့ ပြင်ပါမယ်

  1. လေးစိတ် စိတ်ထားသောခရမ်းချဉ်သီး - 300 g
  2. လေးစိတ် စိတ်ထားသော ကြက်သွန်နီ - 200 g
  3. ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း  တဇွန်း
  4. ဆီ - လက်ဖက်ရည်ပန်းကန်လုံး တဝက်
အရင်ဆုံး ဆီပူအောင်တည်ပေးပါ ဆီပူလာပါက
 ကြက်သွန်နီကိုအရင် မိနစ်ဝက်လောက်ထဲ့ပြီး 
ငရုတ်သီးမှုန့်ထဲ့ပြီးဆီသတ်ပေးပါ ငရုတ်သီးနံ့
သင်းလာပါက ခရမ်းချဉ်သီးထဲ့ပြီး မိနစ်ဝက်
လောက်မွှေပေးပါ


ကြက်သွန်နီနှင့် ခရမ်းချဉ်သီးဆီသတ်ပြီးပါက 
ငါးအိုးထဲသို့ပြောင်းပြီးငါးအိုးထဲတွင် 
ကျန်နေသော လက်ကျန်ရေခမ်းပြီး
ဆီပြန်အောင်အောင်တည်ပါ
 အပေါ့အငံအတွက် ဆား လက်ဖက်ရည်ဇွန်း 
တဝက်နှင့်ရသာမှုန့် လက်ဖက်ရည်ဇွန်း
တဝက်မရှိတရှိထဲ့ပေးပါ

ရေခမ်းပြီးဆီပြန်လျှင် ငါးပေါင်းအရိုးနူးလေးရပါပြီ

Monday, 13 May 2013

ဇီးဖြူသီးထောင်း



ဇီးဖြူသီးမထောင်းခင် အလုံးလိုက် ရေစင်အောင်ဆေးပြီး 
မနူးတစ်နူးလေးပြုပ်ပေးပါ

ဇီးဖြူးသီး၁၅လုံးကို ငရုတ်သီးတောင့်သုံးတောင့် 
ပုဇွန်ခြောက် လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးနဲ့ 
ထောင်းပါမယ်

လိုက်ဖက်လွန်းတဲ့ မုံလာပင်ချဉ်ရည်ဟင်း
 ကြက်ဟင်းခါးသီး ကြက်ဟင်းခါးညွန့်ပြုပ်တို့နှင့်
ဇီးးဖြူသီးထောင်းကို ပြင်ပေးနိုင်ပါပြီ

ဇီးဖြူဖန်ခါးဆို ငုံထားချင်သတဲ့ သူ့ရဲ့ စကား ဆိုတဲ့အတိုင်း ဇီးဖြူသီးရဲ့  အရသာကို မာမာအရမ်းဘဲ နှစ်သက်ပါတယ် မစားရတာလဲ ကြာနေပြီမို့လို့ မနေ့က အမေများနေ့သွားရင်း ပန်းခြံထဲမှာ တွေ့တာနဲ့ ကောက်လာပြီး ဒီနေ့တော့ ထောင်းလိုက်ပါတယ် မြန်မာပါးစပ်နဲ့ မြန်မာခံတွင်း အကြိုက်လေးမို့လို့ အားလုံးလဲ နှစ်သက်ကြ မယ်ထင်ပါတယ်။

ဇီးဖြူသီးက မြန်မာနိုင်ငံမှာ ဆိုရင်တော့ အရမ်းပေါပါတယ် သူ့ရာသီချိန်ဆိုရင် မာမာတို့တွေက နေလှန်းပြီး တစ်နှစ်စာ လှောင်တတ်ပါတယ် အခြောက်လှမ်းပြီးသားကို ဝက်သား ကြက်သားတို့နဲ့ ချက်ရင်လဲ စားလို့ အရမ်းကောင်းပါတယ်။

ဇီးဖြူသီးရှိရင် မြွေမလာဘူး ဆိုတဲ့အတွက် အိမ်ခြံတွေထဲမှာ လိုက်ပက်ထားတတ်သလို စပါးရိတ်ချိန်တွေမှာ လယ်ထဲမှာ မြွေအန္တရာယ်ကင်းအောင် ဇီးဖြူများပက်ပြီးမှ စပါးရိတ်သိမ်းတဲ့ အလေ့ အထတွေလဲ ရှိခဲ့ဘူးပါတယ်။

ဒီမှာတော့ ရှားရှားပါးပါး တွေ့ရခဲတဲ့ အသီးမို့လို့ ရလာတဲ့ အသီးလေးတွေကိုပြုပ်ပြီး မာမာထောင်းထားပါတယ် ထောင်းရတာလဲ လွယ်ပါတယ် မာမာကတော့ ကြာကြာထားပြီး စားလို့ရအောင် ကြက်သွန်ဖြူ ထဲ့ပြီး မထောင်းထားပါဘူး ကြက်သွန်ဖြူ  မပါပေမဲ့လဲ အရသာက ပြီးပြည့်စုံလို့ နေပါတယ်။

ပင်ဆင်ပုံ
  1. ပြုပ်ထားသော ဇီးဖြူသီးကို ရေစစ်ပြီး ထက်ခြမ်းခွဲကာ အစေ့ထုတ်ပြီး ဖယ်ပေးပါ။
  2. ငရုတ်သီးစိမ်းကို ရေဆေးပြီး မီးအေးအေးနှင့် မွှေးလာအောင် လှော်ပေးပါ။
  3. ပုဇွန်ခြောက်ကို ရေဆေးပြီး ရေစစ်ထားပါ
  4. ငရုတ်ဆုံထဲမှာ ငရုတ်သီးလှော် ပုဇွန်ခြောက်နှင့်ဇီးဖြူသီးကို ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်ထဲ့ပြီး မညက်တစ်ညက် ထောင်းပေးပြီးရင် ရပါပြီ။