Sunday, 25 May 2025

ကြက်မွကြော်

 


မာမာ ဒီနေ့တော့ ကြက်သားအမွကြော် အချိုကြော်နည်းလေးကို မျှဝေပေးချင်ပါတယ်။

ကြက်သားအမွကြော်က ပြုပ်ချိန် ကြော်ချိန်ကို အချိန်အတိအကျ ပြောလို့မရပါဘူး။

ဘာဖြစ်လို့လဲ ဆိုရင်တော့ မိမိတို့ အသုံးပြုတဲ့ မီးဖိုရဲ့မီးအား အနည်းအများရယ် အသုံးပြုမဲ့ အိုးအထူ အပါးတို့ကြောင့် ပြုပ်ချိန်ကြော်ချိန်တွေ ကွာခြားတတ်ကြပါတယ်။

အခုလို ကြက်သားအမွ အကြွတ်ကြော်မယ်ဆိုရင်တော့ အိုးအသား ထူတာလေးနဲ့ ကြော်ပေးတာက ပိုကောင်းပါတယ်။

အိုးအသား ထူတဲ့အတွက် ကြက်သားတွေက အလွယ်တစ်ကူ မကျွမ်းနိူင်ပါဘူး။

နောက်တစ်ခုက အမွအကြွတ်လေး ရလာအောင် စိတ်ရှည်ရှည်နဲ့ ကြော်ပေးစေချင်ပါတယ် အစားကောင်းလေး စားချင်ရင်တော့ စိတ်ရှည်ပေးပါလို့ တိုက်တွန်းချင်ပါသေးတယ်။

ကြက်သားအမွ ကြော်ပြီး ဆီစစ်ပြီးတဲ့အခါမှာ ကြက်သား ကြော်ပြီးသားဆီ 1 cup စာလောက် ပြန်ထွက်လာပါတယ်။

ကြက်သားကြော်ဆီကို ထမင်းပူပူလေးနဲ့ နယ်ဖတ်ပြီး စားနိူင်ပါတယ်ရှင် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်သား - တစ်ကီလိုခွဲ
  2. အရသာမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆီ - 3 cups
  6. ရေ - 8 cups (ကြက်သားပြုပ်ရန်)
  7. ကြက်သွန်နီ - အနေတော် ငါးလုံး
  8. နနွင်းမှုန့် - လက်ဘက်ရည်ဇွန်း တစ်ဝက် (ကြက်သွန်ကြော်ရန်)
  9. ဆီ - 2 cups (ကြက်သွန်ကြော်ရန်)

ကြက်သွန်နီကြော်ရန် ပြင်ဆင်ပုံ
  • အရင်ဆုံး ကြက်သွန်များကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားကာ ခပ်ဖွဖွချေထားပါ
  • ဒယ်အိုးထဲမှာ ဆီထဲ့ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်များကို ရွှေဝါရောင် သန်းလာတဲ့အထိ ကြော်ပေးကာ ဆီစစ်ထားပါ။
ကြက်သားအမွကြော်ရန် ပြင်ဆင်ပုံ
  • ကြက်သားကို အတုံးလိုက် ရေဆေးထားပါ
  • ဇောက်နက်ပြီး မွှေရချေရလွယ်သော အိုးတစ်လုံးထဲမှာ ကြက်သားနှင့် ရေတို့ကို ထည့်ပေးပါ
  • ပြီးတာနဲ့ မီးဖိုပေါ်တင်ပြီး အိုးအဖုံးအုပ်ကာ မီးအားပြင်းပြင်းနှင့် ပြုပ်ပေးပါ
  • ကြက်သားအိုး ပြုပ်ထားစဉ် ကြက်သားများ အကျက်ညီစေရန် အထက်အောက် လှန်လှန်ပေးပါ
  • ပြုပ်နေစဉ် ကြက်သား ပြုပ်ရည်များ ဝေမကျစေရန် အဖုံးကို ခပ်ဟဟလေး အုပ်ထားပေးပါ
  • ကြက်သားပြုပ်ရည်များ မခမ်းခင် ဆား အရသာမှုန့် နနွင်းမှုန့်နှင့် ဆီတို့ကို ထည့်ပေးပါ
  • ပြီးတာနဲ့ ကြက်သားတုံးများကို သစ်သားယောင်းမနှင့် ဖိဖိပြီး ချေပေးပါ
  • ကြက်သားများ ကျေလာပြီး အသားမျှင်လေးတွေ မွလာတာနဲ့ အိုးမကပ်ဘဲ အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ
  • ကြက်သားဖတ်လေးများ အတော်လေး မွလာတာနဲ့ မီးကိုအနည်းငယ် လျှော့ပေးပါ
  • မီးလျှော့ပြီးတာနဲ့ ကြက်သားအမျှင်လေးများ မွပြီးကြွတ်လာအောင် စိတ်ရှည်လက်ရှည် ကြော်ပေးပါ
  • ကြက်သားကြော်လေးများ မွလာပြီး ဆီထဲမှ အမြှုပ်လေးများ ပြန်ထွက်လာတဲ့အထိ ကြော်ပေးပါ
  • ကြက်သားအမျှင်လေးများ မွပြီးကြွတ်လာတာနဲ့ ဆီစစ်ဇကာထဲ ခပ်ထည့်ပေးကာ ဆီစစ်ပေးပါ
  • ဆီစစ်သွားတာနဲ့ ဆီစစ်ထားသော ကြက်သွန်ကြော်နှင့် သမအောင် ရောမွှေပေးကာ ဖန်ပုလင်း သန့်သန့်လေးထဲမှာ ထည့်ပေးကာ အဖုံးကို လုံအောင် ပိတ်ပေးထားပါ
  • စားချင်တဲ့ အခါမှာ ဇွန်းသန့်သန့်လေးနဲ့ ခပ်ပေးပြီး အဖုံးကို လေလုံအောင် ပြန်ပိတ်ပေးထားပါ။

1 comment:

  1. အားပေးနေပါတယ်အမရေ

    ReplyDelete