Sunday 6 October 2024

အာလူး အရည်သောက်

 


မာမာ ဒီနေ့တော့ အာလူးအရည်သောက်ဆမ်းလေး ချက်ပါတယ် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ထမင်းဝိုင်းမှာ အရည်သောက်လေးပါမှ ထမင်းစားလို့ကောင်းပါတယ် ဒါကြောင့်မို့ ဒီနေ့တော့ ငါးဆားနယ်ကြော်ကို ငရုတ်သီးစပ်စပ်နဲ့ကြော်ပြီး ငါးဆားနယ်ကြော်နဲ့ လိုက်ဖက်လွန်းတဲ့ အာလူးအရည်သောက် ကြော်ချက်လေး တစ်မယ်ချက်လိုက်ပါတယ်။

စားချင့်စဖွယ် စားမြိန်အရည်သောက် ဟင်းလေးမို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. အာလူး - အနေတော် လေးလုံး
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်ဥ - တစ်လုံး
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • အာလူးကို အခွံခွာပြီး ရေစင်အောင်ဆေးကာ ပုံပါအတိုင်း လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • အိုးတစ်လုံးထဲမှာ အာလူး နနွင်းမှုန့် ဆား ဆီ အရသာမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီ နှင့်ရေအနည်းငယ်တို့ကိုထည့်ကာ သမအောင် နယ်ပေးပါ
  • ပြီးတာနဲ့ မီးဖိုပေါ်တင်ပြီး ဟင်းလုံးမိအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပြီး သုံးမိနစ်လောက် နေတာနဲ့ အထက်အောက် သမအောင်မွှေကာ ရေအနည်းငယ် ထပ်ထည့်ပြီး ၃မိနစ်လောက် အဖုံးအုပ်ပြီး တည်ထားပါ
  • ပြီးတာနဲ့ ရေ တရုတ်ဟင်းရည်သောက် ပန်းကန်တစ်လုံးခွဲစာ ထည့်ပြီး ဆူအောင်တည်ပါ
  • ဟင်းရည်ဆူလာပြီး အာလူးများ နူးလာပါက အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူနေတုန်းမှာ ကြကဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥများ ကျက်တာနဲ့ အာလူးအရည်သောက် ဟင်းပွဲကို ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment