Monday 10 June 2024

ကြက်အသည်းအမြစ် အာလူးဆီပြန်





ဒီနေ့တော့ ကြက်အသည်းအမြစ်ကို အာလူးကို အနှစ်များများနဲ့ ချက်ပါတယ် မဆလာလေးပါ အုပ်ထားတဲ့အတွက် ပိုပြီးတော့ စားလို့ကောင်းပါတယ်။

ဒါကြောင့်မို့လို့ မာမာ့ရဲ့ ဟင်းချက်နည်းလေးတွေကို လာရောက်ကြည့်ပေးကြတဲ့ မိတ်ဆွေတွေလဲ ချက်စားနိူင်အောင် မာမာ ပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်အသည်းအမြစ် - 300 g
  2. ဆား လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (အမြစ်ဆေးရန်)
  3. နနွင်းမှုန့်  - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အမြစ်ဆေးရန်)
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဟင်းချက်ရန်)
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဟင်းချက်ရန်)
  6. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ငရုတ်သီး အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  9. ကြက်သွန်နီ - အလုံးကြီးကြီး သုံးလုံး
  10. ချင်း - လက်တစ်ဆစ်ခန့်
  11. စပါးလင် - အရင်းပိုင်း တစ်လက်မခန့် 
  12. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သားအရသာနယ်ရန်)
  13. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းအိုးထဲထည့်ရန်)
  14. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းသာသာ
  15. အာလူး - အနေတော် ငါးလုံးခန့်
ပြင်ဆင်ပုံ
  • ကြက်အသည်းများကို သပ်သပ်ဖယ်ပြီး သည်းခြေအိတ်ကို ဖယ်ပေးကာ ရေဆေးပြီး ဇလုံတစ်လုံးထဲမှာ ထည့်ထားပါ
  • ကြက်အမြစ်များကို အထဲမှ မလိုတာတွေ ဖယ်ပေးပြီး ရေနှင့် အရင်ဆေးပေးပါ
  • ပြီးတာနဲ့ ကြက်အမြစ်များကို ဆားနှင့်နနွင်းမှုန့်ထည့်ကာ နယ်ပေးကာ ရေနှင့် ငါးထပ်လောက် ဆေးပေးပါ
  • ကြက်သားကို တုံးပြီးတာနဲ့ ဆား ငံပြာရည် မဆလာ အရသာမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးထားပါ
  • အာလူးကို အခွံခွာပြီး ရေဆေးကာ ထက်ဝက်ခြမ်းထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတိုကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထာပါ
  • ပြီးတာနဲ့ စပါးလင် ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းနှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောပြီးထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့  ထောင်းထားသော ငရုတ်သီးကို ထည့်ကြော်ပြီး ဆီသပ်ပေးပါ
  • ငရုတ်သီးနံ့လေး မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်အမြစ်များကို ထည့်မွှေပေပါ
  • အထက်အောက် သမအောင် မွှေပေးပြီးတာနဲ့ ကြက်အမြစ်များ မာလာအောင် ခနလောက် တည်ထားပေးပါ
  • ကြက်အမြစ်များ မာလာတာနဲ့ ရေအနည်းငယ်ထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် အိုးကိုမကြာ မကြာ လှုပ်လှုပ်ပေးပါ
  • အရင်ဆုံး ထည့်ထားတဲ့ ရေခမ်းလာပြီး ကြက်အမြစ်များ မာကျစ်လာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် သတိထားပြီး ကြည့်ကြည့်ပေးကာ ရေခမ်းကာနီးတာနဲ့ နောက်ထပ်တစ်ရည် ထပ်ထည့်ပြီး အာလူးပါ တစ်ခါထဲထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • အာလူးအရမ်း မနူးသေးခင် ကြက်အသည်းများကို ထည့်မွှေပေးပါ
  • ရေခမ်းကာနီးတာနဲ့ အာလူးနူးမနူး ကြည့်ပေးကာ အရသာ မြည်းပေးပါ
  • အရသာ မြည်းပေးပြီး လိုအပ်တဲ့ အရသာကို မိမိစိတ်ကြိုက် ရလာအောင် ပြင်ပေးပါ
  • အာလူးလဲနူးပြီး ဟင်းအိုးလဲ ဆီလည်ရေလည် အနေအထား ရလာကာ အရသာလဲ မိမိစိတ်ကြိုက် ရလာတာနဲ့ မဆလာထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့ မဆလာနံ့ သင်းပျံ့နေတဲ့ ကြက်အသည်းအမြစ် အာလူး ဆီလည်ရေလည်ဟင်းလေးကို စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။

No comments:

Post a Comment