အခုရက်ထဲ သတ်သတ်လွတ် အသုပ်လေးတွေ ပြင်ဆင်ဖြစ်ပါတယ် ဒီနေ့တော့ ပြင်ဆင်ရတာ လွယ်သလို စားလို့လဲ အရမ်းကောင်းတဲ့ သတ်သတ်လွတ် ပဲသီးသုပ် ဟင်းရံလေးတွေ ပြင်ဆင်ဖြစ်လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ပြင်ဆင်ပုံလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပဲတောင့်ရှည် - ဆယ့်ငါးတောင့်
- ကြက်သွန်နီ - အနေတော် တစ်လုံး
- နှမ်းလှော် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
- ဆားအနု - လက်ဖက်ရည်ဇွန်း တစ်ဝက် (အသုပ်ထဲထည့်ရန်)
- ဆားအကြမ်း - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ဂေါ်ဖီ - နှစ်ဖတ်ခန့်
- နံနံပင် - မိမိနှစ်သက်သလောက်
- ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
- ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
- ပဲတောင့်ရှည်ကို ရေစင်အောင်ဆေးပြီး ဇလုံတစ်လုံးထဲ ထည့်ပေးထားပါ
- ရေကို ပွက်ပွက်ဆူအောင် တည်ပေးပြီး ပဲသီးထည့်ထားသော ဇလုံထဲသို့ လောင်းထည့်ပေးပါ
- ရေနွေးပူထဲမှာ နှစ်မိနစ်လောက်ထားပြီး ရေအေးနှင့်ဆေးကာ မထူမပါးလေးတွေ လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီးကို အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- လှီးထားသော ကြက်သွန်နီကို ဆားအကြမ်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ခပ်နာနာလေး နယ်ပေးပါ
- ကြက်သွန်များ နွမ်းလာတာနဲ့ ရေနှစ်ထပ်လောက် ဆေးပေးထားပါ
- နှမ်းကို မီးအေးအေးနှင့် ရွှေဝါရောင် သန်းလာတဲ့အထိ လှော်ပေးထားပါ
- ဂေါ်ဖီကို ခပ်ပါးပါး လှီးပေးပြီး ရေစင်အောင် ဆေးပေးထားပါ
- နံနံပင်ကို အပင်လိုက် ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပေးပါ
- သံပုရာရည်ကို ပြင်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ဇလုံထဲထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
- အရသာ နယ်ပြီးတာနဲ့ အရသာမြည်းပြီး လိုအပ်သလို ပြင်ပေးကာ စားသုံးရန် ပန်းကန်တစ်ခုထဲ ပြောင်းထည့်၍ ပြင်ပေးကာ သတ်သတ်လွတ် ချဉ်ငံစပ် ပဲသီးသုပ် မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment