ဟင်းချက်ရမှာ စဉ်းစားလို့မရတဲ့နေ့ဆို မြန်မာပြည်က ပါလာတဲ့ ပုဇွန်ခြောက်ထုတ်ကို ထုတ်ပြီးသကာလ လက်နက်ကြီးကို ထုတ်ထုတ်သုံးတတ်တဲ့ မာမာ့ရဲ့ဖေးဖရိတ်ဟင်း တမယ်ပါ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းလို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပုဇွန်ခြောက် - အကောင်ကြီးကြီး လက်ဖက်ရည်အကြမ်း ပန်းကန်တလုံး
- ကြက်သွန်နီ - ခပ်ကြီးကြီး ၃လုံး
- ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံး
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
- ပုဇွန်ခြောက်ကို ကြိတ်စက်ထဲထည့်ပြီး ညက်နေအောင် ကြိတ်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ပါးပါးလှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး အကွင်းလိုက် ခပ်ပါးပါးလှီးထားပါ
- အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးကိုဆီထည့်ပြီး အပူပေးပါ
- ဆီအိုးပူလာပါက နနွင်းမှုန့်ထည့်ကာ ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပြီး ကြွတ်လာရင် ဆယ်ပြီး ဆီစစ်ထားပါ
- ထိုဆီပူထဲမှဘဲ ကြက်သွန်နီကို ထည့်ကြော်ပေးပါ
- ကြက်သွန်နီများ နွမ်းလာပြီး အနည်းငယ် ကြွတ်လာပြီဆိုတာနဲ့ မီးကို အလယ်လောက် အနေတော်သို့ လျှော့ပြီး ပုဇွန်ခြောက်မှုန့်ကို ထည့်ပြီး ၂မိနစ်လောက် ကြော်လိုက်ပါ
- ပုဇွန်ခြောက်နံ့မွှေးလာပါက ငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ
- မီးရှိန်ကို အကုန်လျှော့လိုက်ပြီး လက်ကျန်အပူရှိန်နှင့် မီးဖိုပေါ်မှာထားပြီး မကြာမကြာ မွှေပေးကာ ဆီခြောက်လာတဲ့အထိ ကြော်ပေး၍ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
- ကြွတ်ရွလာပါက ကြက်သွန်ဖြူ ဆီချက်ဖတ် ဖြူး၍ ထမင်း ပေါင်မုန့်တို့နှင့် နှစ်သက်သလို စားသုံးနိုင်ပါပြီ။
No comments:
Post a Comment