Monday, 18 May 2026

ကြက်သွန်နီဆီချက်

 




မာမာဒီနေ့တော့ ကြက်သွန်နီ ဆီချက်ချက်တဲ့ နည်းလေးကို မျှဝေပေးချင်ပါတယ်ရှင်။

ကြက်သွန်နီ ဆီချက်က မချက်တတ်ရင် တူးပြီး ခါးတတ်သလို မီးအရမ်းများရင်လဲ တူးပြီးခါသွားတတ်ပါတယ်။

နောက်တခုက အသားထူတဲ့ အိုးကိုသုံးစေချင်တာက အိုးအသားပါးရင်လဲ ဆီအရမ်းပူလွန်းပြီး ကြက်သွန်ကြော်တွေက မကြွတ်ဘဲ ခနလေးနဲ့ ကျွမ်းသွားတတ်ပါတယ်။

ကြက်သွန်နီ ဆီချက်ချက်တဲ့အခါ အသုံးပြုသင့်တဲ့ ကြက်သွန်တော့ ကြက်သွန်နီ ရှားလော့ကို သုံးပေးရင် ပိုပြီးကောင်းပါတယ်။

ဒါကြောင့်မို့လို့ မာမာချက်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
****************
( ၁ ) ကြက်သွန်နီ - အနေတော် ဆယ်လုံးခန့်

( ၂ ) ဆီ - လီတာဝက်ခန့် 

( ၃ ) နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်ခန့်

( ၄ ) အသားထူသော အိုးကိုသုံးပါ

( ၅ ) ဆီစစ်ဇကာ တခု

ပြုလုပ်နည်း
************

(၁ ) ကြက်သွန်နီကို အခွံခွာပြီး ရေစင်အောင်ဆေးကာ ရေခြောက်သွားအောင် သုတ်ပေးပါ။

(၂ ) ရေခြောက်သွားပြီ ဆိုတော့မှ မထူမပါး အနေတော်လေးတွေ လှီးပေးကာ ခပ်ဖွဖွလေး မွှပေးထားပါ။


( ၃ ) အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ

( ၄ ) ဆီပူလာတာနဲ့ မီးကို အနေတော် လျှော့ပေးပြီးမှ လှီးထားတဲ့ ကြက်သွန်နီများကို နည်းနည်းချင်း ထည့်‌ေကြာ်ပေးပါ။

( ၅ ) ကြက်သွန်နီ ထည့်ပြီးတာနဲ့ အဆက်မပြတ် မွှေပေးပါ။

( ၅ ) ကြက်သွန်နီများ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးတော့ ဆီစစ်ဇကာထဲ ထည့်ပေးကာ ဆီစစ်ပေးပါ။

( ၆ ) အထက်ပါ နည်းအတိုင်း ကြက်သွန်များ ကုန်တဲ့အထိ ကြော်ပေးပါ။

( ၇ )ဆီကိုတော့ အအေးခံထားကာ ဆီများ အေးလာတော့မှ ကြက်သွန်နီ ဆီချက်ဖတ်များနဲ့ ပြန်ရောပေးပြီး ပုလင်း သို့မဟုတ် ဘူးထဲမှာ ထည့်ပေးထားပါ။

( ၈ ) အသုပ်သုပ်ရန် လိုအပ်မှ ပုလင်းအဖုံးကို ဖွင့်ပြီး ယူသုံးကာ ပုလင်းကို လေလုံအောင် ပြန်ပိတ်ထားပေးပါ။

မှတ်ချက် ။။ ကြက်သွန်အဖတ် များများကြိုက်ရင်တော့ ပိုထည့်ပြီး ကြော်ပေးလို့ရပါတယ်။

Thursday, 7 May 2026

ပဲပြားအပျော့ကြော်

 

မာမာ ဒီနေ့တော့ သတ်သတ်လွတ် စားချင်တဲ့ သူတွေအတွက် ပဲပြားအပျော့ကို မှိုဆီကြော်နဲ့ ပဲငပိ အနှစ်တို့ရယ်ထည့်ပြီး ကြော်တဲ့နည်းလေးကို မျှဝေပေးပါမယ်ရှင်။
ပါဝင်ပစ္စည်းများ
****************
(1) ပဲပြားအပျော့ - တဗူး

(2) မှိုဆီကြော် - ထမင်းစားဇွန်း နှစ်ဇွန်း

(3 ) ပဲငပိအနှစ် - ထမင်းစားဇွန်း နှစ်ဇွန်း

(4) ဆီ - ထမင်းစားဇွန်း ငါးဇွန်းသာသာ

(5)နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

(6) ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ

(7) ကြက်သွန်နီ - အနေတော် တလုံး

(8)အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်

(9)ဆား - အနည်းငယ်

ပြင်ဆင်ချက်ပြုပ်နည်း
**********************
  • ပဲပြားကို ဗူးထဲမှထုတ်ပြီး ရေတထပ်ဆေးကာ ခပ်သေးသေး အတုံးလေးတွေ တုံးထားပါ။
  • ကြက်သွန်ဖြူနှင့်ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ သေးသေးနုတ်နုတ်လေးတွေ လှီးထားပါ။
  • ပါဝင်ပစ္စည်းများကို အဆင်သင့်ပြင်ထားပါ။
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ။
  • ဆီပူလာတာနဲ့ လှီးထားသော ကြက်သွန်များကို ထည့်ကြော်ပေးပါ။
  • ကြက်သွန်များ ကြော်နေစဉ် တူးမသွားစေရန် မွှေမွှေပေးပါ။
  • ကြက်သွန်များ နွမ်းလာတာနဲ့ မှိုဆီကြော်နှင့် ပဲငပိအနှစ်ကို ထည့်မွှေပေးပါ။
  • တမိနစ်လောက် ရတာနဲ့ ပဲပြား ဆားနှင့် အရသာမှုန့်တို့ကို ထည့်မွှေပေးပါ။
  • မှိုဆီကြော်နဲ့ ပဲငပိ အနှစ်တို့မှာ အငံပါပြီးသား ဖြစ်တဲ့အတွက် ဆားကို ချင့်ချိန်ပြီး ထည့်ပေးပါ။
  • အကြာကြီး ကြော်စရာ မလိုဘဲ နှစ်မိနစ်လောက် ကြော်ပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီးပါ
  • အရသာ ပြင်ပြီးတာနဲ့ မီးပိတ်ပေးပြီး စားသုံးရန်အတွက် ပြင်ဆင်ပေးလို့ ရပါပြီ။

Wednesday, 6 May 2026

ကြက်သွန်ဖြူဆီချက်

 





မာမာဒီနေ့တော့ ကြက်သွန်ဖြူ ဆီချက်ချက်တဲ့ နည်းလေးကို မျှဝေပေးချင်ပါတယ်ရှင်။

ကြက်သွန်ဖြူ ဆီချက်က မချက်တတ်ရင် တူးပြီး ခါးတတ်သလို မီးအရမ်းများရင်လဲ တူးပြီးခါသွားတတ်ပါတယ်။

နောက်တခုက အသားထူတဲ့ အိုးကိုသုံးစေချင်တာက အိုးအသားပါးရင်လဲ ဆီအရမ်းပူလွန်းပြီး ကြက်သွန်ကြော်တွေက မကြွတ်ဘဲ ခနလေးနဲ့ ကျွမ်းသွားတတ်ပါတယ်။

ဒါကြောင့်မို့လို့ မာမာချက်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
****************
( ၁ ) ကြက်သွန်ဖြူ - အမွှာကြီးကြီး အခုသုံးဆယ်ခန့်

( ၂ ) ဆီ - လီတာဝက်ခန့် 

( ၃ ) နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်ခန့်

( ၄ ) အသားထူသော အိုးကိုသုံးပါ

( ၅ ) ဆီစစ်ဇကာ တခု

ပြုလုပ်နည်း
************

(၁ ) ကြက်သွန်ဖြူကို အခွံခွာပြီး ရေစင်အောင်ဆေးကာ ရေခြောက်သွားအောင် သုတ်ပေးပါ။

(၂ ) ရေခြောက်သွားပြီ ဆိုတော့မှ မထူမပါး အနေတော်လေးတွေ လှီးပေးထားပါ။

( ၃ ) အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ

( ၄ ) ဆီပူလာတာနဲ့ မီးကို အနေတော် လျှော့ပေးပြီးမှ လှီးထားတဲ့ ကြက်သွန်ဖြူများကို ထည့်ပေးပါ။

( ၅ ) ကြက်သွန်ဖြူ ထည့်ပြီးတာနဲ့ အဆက်မပြတ် မွှေပေးပါ။

( ၅ ) ကြက်သွန်ဖြူများ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးတော့ ဆီစစ်ဇကာထဲ ထည့်ပေးကာ ဆီစစ်ပေးပါ။

( ၆ )ဆီကိုတော့ အအေးခံထားကာ ဆီများ အေးလာတော့မှ ကြက်သွန်ဖြူ ဆီချက်ဖတ်များနဲ့ ပြန်ရောပေးပြီး ပုလင်း သို့မဟုတ် ဘူးထဲမှာ ထည့်ပေးထားပါ။

( ၇ ) အသုပ်သုပ်ရန် လိုအပ်မှ ပုလင်းအဖုံးကို ဖွင့်ပြီး ယူသုံးကာ ပုလင်းကို လေလုံအောင် ပြန်ပိတ်ထားပေးပါ။

မှတ်ချက် ။။ ကြက်သွန်အဖတ် များများကြိုက်ရင်တော့ ပိုထည့်ပြီး ကြော်ပေးလို့ရပါတယ်။

Tuesday, 5 May 2026

ဝက်သားပေါင်း

 


မာမာ ဒီနေ့တော့ အိမ်မှာ ပေါင်းစားဖြစ်တဲ့ ဝက်သားပေါင်း ပေါင်းနည်းကို မျှဝေပါမယ်ရှင်။


ပါဝင်ပစ္စည်းများ

  1. ဝက်သား - သုံးဆယ်သား
  2. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. ပြောင်းကော်မှုန့် - ထမင်းစားဇွန်း သုံးဇွန်းသာသာ
  4. ဆား - လက်ဖက်ရည်ဇွန်းတဝက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  7. ငရုတ် ကောင်းမှုန့် -  လက်ဖက်ရည်ဇွန်း ငါးပုံတပုံ
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  9. ကြက်သွန်နီ - အနေတော် တလုံး
  10. ချင်းတက် - ခပ်ပါးပါးသုံးပြား
  11. ကြက်သွန်မြိတ် - အပင်ကြီးကြီး နှစ်ပင်
  12. မုံလာဥနီ - အနေတော် တဥ
  13. ကြက်ဥ - တလုံး
  14. နှမ်းဆီ - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
  • ဝက်သားကို ရေဆေးပြီး ရေစစ်ကာ ခပ်နုတ်နုတ် စင်းထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းနှင့် မုံလာဥနီတို့ကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် ‌‌‌‌‌‌‌ လှီးထားပါ
  • ကြက်သွန်မြိတ်ကိုလဲ ရေဆေးကာ ခပ်ပါးပါး‌‌လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံထဲမှာ ဝက်သား ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း မုံလာဥနီ နှမ်းဆီ ငရုတ်ကောင်းမှုန့် ဆီ ဆား အရသာမှုန့် ပြောင်းကော်မှုန့်  ကြက်ဥ နနွင်းမှုန့်နှင့် ကြက်သွန်မြိတ် တဝက်တို့ကို ထည့်ပြီး နယ်ပေးပါ
  • အရသာ သမသွားတာနဲ့ ပေါင်းမဲ့ ပန်းကန်ထဲကို ထည့်ပေးပါ
  • မာမာက pressure cooker နဲ့ ပေါင်းမှာဖြစ်တဲ့အတွက် ပေါင်းအိုးထဲကို အောက်ခံခုံထိတဲ့အထိ ရေထည့်ပါတယ်
  • ပြီးတော့မှ ပေါင်းဇကာထဲကို ဝက်သားပန်းကန်ထည့်ပါတယ်
  • ပေါင်းအိုးထဲကို ဝက်သားပန်းကန် ထည့်ပြီးတာနဲ့ အဖုံးကို လေလုံအောင်ပိတ်ကာ မိနစ်၂၀ ခလုတ်ကို နှိပ်ပြီး ပေါင်းပါတယ်။
  • ပေါင်းထားတာ မိနစ်၂၀ပြည့်ပြီဆိုရင်တာ့ အိုးထဲမှ လေကုန်အောင်ထုတ်ပြီး အိုးအဖုံးကို ဖွင့်ပေးပါ
  • ပြီးတာနဲ့ ပေါင်းထားတဲ့ ဝက်သားပေါင်း ပန်းကန်ကို အပြင်ထုတ်ပြီး ချန်ထားတဲ့ ကြက်သွန်မြိတ်လေးဖြူးကာ စားသုံးနိုင်ပါပြီရှင်။