Saturday, 18 April 2026

ချဉ်ငံစပ် ပိန္နဲသီးသုပ်

 


မာဒီနေ့တော့ ပိန္နဲသီးကို ချဉ်ငံစပ်လေး သုပ်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ ထမင်းပူပူလေးနဲ့ လိုက်ဖက်ပြီး စားလို့ကောင်းလွန်းတဲ့ ပိန္နဲသီးသုပ် နည်းလေးကို မျှ‌ဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. ပိန္နဲသီးပြုပ်ပြီးသား - အနေတော် လေးစိတ်
  2. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
  3. ဆား - အနည်းငယ်
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  7. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  8. နံနံပင် - အနေတော် တစ်ပင်
  9. သံပုရာသီး - တစ်ခြမ်း (သို့မဟုတ်)
  10. မန်ကျည်းသီးမှည့်အနှစ် ထမင်းစားဇွန်း တစ်ဇွန်း
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  12. ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း
  13. ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်းသာသာ
  14. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း


 ပိန္နဲသီးပြုပ်ရန် ပြင်ဆင်ပုံ

  • ပိန္နဲသီးမှ ရင့်နေသော အဖတ်များနှင့် မလိုတာ‌တွေကို ဖယ်ပေးပြီး ရေစင်အောင် ဆေးထားပါ
  • ပြီးတာနဲ့ ပိန္နဲသီးကွင်း ကို ဗနီကာ ခပ်များများနှင့် ရေမြုပ်အောင်ထည့်ကာ နာရီဝက်လောက် စိမ်ထားပါ
  • ရေစိမ်ပြီးတာနဲ့ ထိုအရည်များ သွန်ပေးကာ အနေတော် အိုးတစ်လုံးထဲမှာ ရေခပ်များများထည့်ပြီး မီးဖိုပေါ်တင်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပြီးတာနဲ့ ပိန္နဲသီးကွင်း များကို နူးတဲ့အထိ ပြုပ်ပေးပါ
  • နူးအိနေအောင် ပြုပ်ပြီးပါက ရေနွေးများသွန်ကာ ရေအေးနဲ့ဆေးပြီး ရေများကိုသွန်ကာ ရေစစ်ပေးပါ

သုပ်ရန် ပြင်ဆင်ပုံ

  • ပြုပ်ပြီးသား ပိန္နဲသီးများကို ခပ်ပါးပါးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထုထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံ ကျယ်ကျယ်ထဲမှာ ပါဝင်ပစ္စည်းအားလုံးကို ထည့်ပေးကာ အရသာ သမမျှတအာင် နယ်ပေးပါ
  • ပြီးတာနဲ့ ပိန္နဲသီးများ အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ ချဥ်ငံစပ် ပိန္နဲသီးသုပါ ချဉ်ငံစပ်လေးကို မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ။

Wednesday, 15 April 2026

သပွတ်သီး ပဲကြာဇံ ဟင်းချို

 


မာမာ ဒီနေ့တော့ သပွတ်သီးကို ပဲကြာဇံနဲ့ အရည်သောက်ဆမ်း ကြော်ချက်လေး ချက်ပါတယ်။ 

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. သပွတ်သီး - အနေတော် တစ်တောင့်
  2. ငါးပြုပ်ပြီးသား -အနေတော် တစ်တုံး
  3. ပဲကြာဇံ - အနည်းငယ်
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ


ပြင်ဆင်ပုံ

  • သပွတ်သီးရဲ့ အပေါ်ဖက်မှ အခွံများကို အခွံခွာဓါးဖြင့် ခွာပေးပါ
  • အခွံများ ခွာပြီးပါက ထိပ်နှစ်ဖက်ဖြတ်ကာ ရေဆေးပေးပါ
  • ရေဆေးပြီးမှ ထက်ဝက်ခြမ်းကာ ခပ်စောင်းစောင်း ထူထူလေးတွေ လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငါးပြုပ်ကို အရိုးထွင်ပြီး အပေါ်ယံ အရည်ခွံကိုဖယ်ထားပါ
  • ပဲကြာဇံကို ရေမြုပ်အောင်ထည့်ပြီး ရေစိမ်ထားပါ
  • ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာပု ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့် ထည့်ပေးကာ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကိုထည့်ပြီး ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းသွားတာနဲ့ ငါးပြုပ် သပွတ်သီး ဆားနှင့် အချိုမှုန့် တို့ကိုထည့်ပေးကာ ကြော်ပေးပါ
  • အရသာ သမသွားတာနဲ့ မိမိနှစ်သက်သလောက် ရေထည့်ပြီး တည်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ ပဲကြာဇံကို ထည့်ပေးပါ
  • ပဲကြာဇံက ခနလေးနဲ့ နူးလွယ်ပါတယ်
  • သပွတ်သီး အစိမ်းရောင် မပြောင်းအောင် အိုးအဖုံးကိုဖွင့်ကာ တည်ပေးပါ
  • သပွတ်သီး နူးလာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်ပေးပြီး အိုးကိုမီးဖိုပေါ်က ဖယ်ထားပြီး သုံးဆောင်နိူင်ပါပြီ။