Monday, 5 June 2017

ချဉ်ပေါင်ကြော်


အိမ်ပြောင်းတော့မယ်ဆိုတော့ ရှိတာတွေ အကုန်ရှင်းကာ လက်ကျန်ချဉ်ပေါင်ရွက်နဲ့ ခဲထားတာလေးကို ဒီနေ့တော့ ကြော်ပလိုက်ပါပြီ စားမြိန်ဟင်းလေး တစ်မယ်အတွက် ချဉ်ပေါင်ကြော်ကို မကြာမကြာ ကြော်ဖြစ်တဲ့အတွက် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အရိုးသင်ပြီး ရေစင်အောင်ဆေးပြီး ရေစစ်ထားသော ချဉ်ပေါင်အနီ - ဇကာအလတ် တစ်ဝက်သာသာ
  2. ပြုပ်ပြီး ခပ်ပါးပါး လှီးထားသော မျှစ် - တရုတ်ဟင်းပြင်ပန်းကန် အလတ် တစ်လုံးစာ
  3. ပုဇွန်ထုတ် - ၁၀ကောင် အခွံခြွတ် ခေါင်းဖြုတ်ထားပါ
  4. ပုဇွန်ငပိ အကောင်းစား - ထမင်းစားဇွန်း တစ်ဇွန်း
  5. ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  6. အနေတော် စိတ်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  7. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
  8. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  10. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  11. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  12. ငရုတ်သီးစိမ်း - နှစ်သက်သလောက်

ပြင်ဆင်ချက်ပြုပ်ပုံ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • အောက်ခြေမကပ်သော အိုးကို အပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်ကိုထည့်ပြီး  မွှေးလာအောင်ကြော်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့ ပုဇွန်ငပိကိုထည့်ပြီး တစ်မိနစ်လောက် ကြော်ပေးပါ
  • ပြီးတာနဲ့. ပုဇွန်ထုတ်ကို ထည့်ကြော်ပေးပါ
  • ပုဇွန်ထုတ် ကျက်တာနဲ့ ချဉ်ပေါင်ရွက်ကို ထည့်ပြီးမွှေပါ
  • ချဉ်ပေါင်ရွက် ကျေလာတာနဲ့မျှစ်ကို ထည့်ကြော်ပေးပါ 
  • မျှစ်ထည့်ပြီးတာနဲ့ ငံပြာရည်နှင့် အရသာမှုန့် ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတို့ထည့်ပြီး သမအောင်မွှေပေးပါ
  • အားလုံးသမသွားပြီ ဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ချဉ်ပေါင်ကြော် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

Sunday, 4 June 2017

ဆိတ်သားပြုပ်ကြော်


ဒီတစ်ခါတော့ ဆိတ်သားတွေ ၀ယ်ထားတာနဲ့ ဆိတ်သားပြုပ်ကြော်ကို ထမင်းပူပူလေးနဲ့ စားရအောင် ချက်ထားပါတယ် ချက်နည်း အလွယ်လေးတွေမဲ့ စားကောင်းဖို့က အဓိက ကျတာမို့လို့ သုံးနေကျ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ဘဲ ပြုပ်ကြော်မွှေးမွှေး ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ 


ပါဝင်ပစ္စည်းများ

  1. ဆိတ်သား - 500 g
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  4. ချင်း - ခပ်ပါးပါး ငါးပြား
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ


ပြင်ဆင်ပုံ
  • ဆိတ်သားကို အတုံးလိုက် ရေဆေးပြီး အရှည်လိုက် ပုံပါအတိုင်း လက်တစ်လုံးခန့် အထူလှီးထားပါ
  • ချင်းကို အခွံခွာပြီး အမြှောင်းလိုက် ခပ်ရှည်ရှည် လှီးထားပါ
  • ကြက်သွန်နီကို အလုံးလိုက် အခွံခွာပြီး ရေဆေးကာ အကွင်းလိုက် ခပ်ထူထူ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ နှစ်မွှာကို ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ကျန်သုံးမွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ထောင်းထားသော ကြက်သွန်ဖြူထဲ ပဲငံပြာရည်အပျစ် ဆား အရသာမှုန့် တို့နှင့်ရောမွှေကာ ဆိတ်သားကိုပါ ရောနယ်ပေးပါ
  • အရသာ နယ်ထားသော ဆိတ်သားကို အရင်ဆုံး ရေမြုပ်ရုံလေးထည့်ပြီး ရေခမ်းအောင် တည်ပေးပါ
  • ပထမ လုံးရည်ခမ်းတာနဲ့ နောက်ထပ် ရေကို ဆိတ်သားမြုပ်အောင် ထပ်ထည့်ပြီး အသားနူးတဲ့အထိ ပြုပ်ပေးပါ
  • ပြုပ်ထားသော အရည်များ ခမ်းတာနဲ့ မီးပိတ်ပေးပါ
  • ဆီကို အပူပေးပြီး နနွင်းမှုန့်ထည့်ကာ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို နွမ်းတယ်ဆိုရုံလေး ကြောပေးပါ 
  • ပြီးတာနဲ့ ရေခမ်းပြီး နူးအောင်ပြုပ်ထားသော ဆိတ်သားကို ထည့်ကြော်ပါ
  • ဆိတ်သားက ပြုပ်နေစဉ် နူးပြီးသားဖြစ်တဲ့အတွက် ကြက်သွန်များ နွမ်းတာနဲ့ မီးပိတ်ပေးပြီး ဆိတ်သားပြုပ်ကြော်ကို  စားသုံးရန် အသင့်ဖြစ်ပါပြီ။

Saturday, 3 June 2017

ဲမဆလာအုပ် ကြက်​ရင်ပုံသားဆီပြန်


ကြက်သားကို ပြုပ်တော့လဲ မစားချင် ကြော်တော့လဲမစားချင်နဲ့ ဒီတခါတော့ ထမင်းစားလို့မိန်ရလေအောင်  မဆလာနံ့သင်းသင်းလေးနဲ့ ဆီပြန်ချက်ထားပါတယ်။

ကြက်သားအရသာနယ်ရန်

  • ကြက်သား - 500g (အနေတော်တုံးထားပါ)
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ဆား - လက်ဖက်ရည်ဇွန်း တဝက် အားလုံးတို့ကို ကြက်သားထဲထည့်ပြီး အရသာဝင်အောင် နယ်ထားပါ

ဟင်းချက်ရန် လိုသောပစ္စည်းများ

  1. ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  2. ကြက်သွန်ဖြူထောင်းရန် - ငါးမွှာ
  3. ကြက်သွန်နီ မညက်တညက်ထောင်းရန် - ခပ်ကြီးကြီး တဥ
  4. ချင်းထောင်းရန် - လက်တဆစ်ခန့်
  5. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တဇွန်း
  6. ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တဇွန်း
  7. မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
ပြင်ဆင်ပုံ
  • ကြက်သားနှင့်ချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ နီ မဆလာ ချင်း စပါးလင်ထောင်းနှင့် ငရုတ်သီးမှုန့်တို့ကို မွှေးလာာတဲ့ထိ ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ကြက်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
  • ကြက်သားအသားများ မာကျစ်လာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
  • အသားများမာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ 
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ရခမ်းပြီး ဆီပြန်လာပါက မဆလာနံ့ မွှေးလွန်းတဲ့ ကြက်သားဆီပြန်ကို စားသုံးနိုင်ပါပြီ။

Thursday, 1 June 2017

ငါးနုသန်းဟင်း



ယက်ဆိုင်သွားတော့ ငါးနုသန်းလေးတွေ ရလာခဲ့တယ် ဘယ်လိုချက်ရင်ကောင်းမလဲ စဉ်းစားမိရင်းက ချဉ်ငံစပ် လေး ချက်ဖြစ်လို့ ထမင်းပူပူနဲ့ စားချင်စိတ်ပေါ်တဲ့အခါ ချက်စားနိူင်အောင် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ

ငါးနုသန်း - 500 g
ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
ထောင်းထားသော ကြက်သွန်နီ - အနေတော် တခြမ်း
ထောင်းထားသော ချင်း - လက်တဆစ်ခန့်
ငရုတ်သီး အရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်း တဇွန်း
မကျီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တဇွန်း
နံနံပင် - နှစ်သက်သလောက်
ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
ဆီ - ထမင်းစားဇွန်း လေးဇွန်း
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ငါးအရသာနယ်ရန်
သန့်စင်ပြီး ရေစင်အောင်ဆေးထားသော ငါးနုသန်းကို ဇလုံကျယ်ကျယ်ထဲထဲ့ပါ
ဆားလက်ဖက်ရည်ဇွန်း တစ်၀က်သာသာနှင့် ငံပြာရည် ထမင်းစားဇွန်း တဇွန်းတို့ထဲ့ပါ
နနွင်းမှုန့်လက်ဖက်ရည်ဇွန်း လေးပုံတပုံနှင့် အရသာမှုန့် တို့ထဲ့ပါ
အားလုံးထဲ့ပြီးပါက အရသာ၀င်စေရန် ငါးကိုဆုတ်ပြီးနယ်ပေးပါ
ဟင်းချက်ရန်
အရင်ဆုံးဆီကို ပူအောင်တည်ပေးပါ
ဆီပူလာပါက နနွင်းမှုန့်လက်ဖက်ရည်ဇွန်း လေးပုံတပုံတို့ကိုအရင်ထဲ့ပြီး ထောင်းထားသော ချင်း ကြက်သွန်ဖြူ နီနှင့် ငရုတ်သီးမှုန့်တို့ကို တမိနစ်လောက် မွှေးလာတဲ့ထိထဲ့မွှေပါ
ဆီသတ်နံ့မွှေးလာတာနဲ့ အရသာနယ်ထားတဲ့ ငါးကိုထဲ့ပြီး ငါးအသား မာလာတဲ့ထိ အိုးကိုလှုပ်ပေးပါ
ငါးအသားမာတာနဲ့ရေမြုပ်အောင်ထဲ့ ငံပြာရည် ထမင်းစားဇွန်း တဇွန်းထဲ့ပြီး အိုးအဖုံးအုပ်ပြီးတည်ပေးပါ
ရေဆူလာတာနဲ့မကျီးမှည့်အနှစ်ကိုထဲ့ပြီး ဆီပြန်တဲ့အထိ တည်ပေးပါ
ငါးအသားက နုလွန်းတဲ့အတွက် မွှေစရာမလိုဘဲ အိုးမကပ်အောင် အိုးကိုအသာလေး လှုပ်ပေးပါ
ဆီကျန်ရေကျန် အနေတော်လေးဖြစ်လာပါက အရသာမြည်းပြီး နံနံပင်အုပ်ကာ အိုးအဖုံးအုပ်၍ မီးပိတ်ပေးပါ 
နံနံပင်နံ့သင်းသင်းလေးနဲ့ ချဉ်ငံစပ်အရသာကောင်းတဲ့ ငါးနုသန်းအချဉ်ချက် ဟင်းလေးရပါပြီ။

Wednesday, 31 May 2017

မှို ပဲကြာဇံကြော်


အသားမစားချင်တဲ့နေ့တွေမှာ အခုလို ပဲကြာဇံနဲ့မှိုအညိုလေးရောကာ ကြော်စားရတာလဲ အရသာ တစ်မျိုးလေးပါဘဲ ထမင်းပူပူလေးနဲ့ စားရတာ ပိုပြီးအဆင်ပြေတဲ့အတွက်မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ပဲကြာဇံ - 100 g
  2. မှိုအညို - နှစ်သက်သလောက်
  3. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း  တစ်ဇွန်း
  4. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  6. အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ဆီ - ထမင်းစားဇွန်း ၄ဇွန်း
ပြင်ဆင်ပုံ
  • ဇလုံထဲမှာ ပဲကြာဇံကိုကို ရေမြုပ်အောင်ထည့်ပြီး တစ်နာရီလောက် ရေစိမ်ထားပါ 
  • မှိုအညိုကို ရေစင်အောင်ဆေးပြီး မထူမပါးလေးတွေ လှီးပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓားပြားရိုက်ပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ရေစိမ်ထားသော ပဲကြာဇံကို ရေစစ်ပြီး ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက်တို့နဲ့ရောပြီး နယ်ထားပေးပါ
  • ဆီကိုအပူပေးပြီး ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ 
  • ကြက်သွန်ဖြူ နံ့ မွှေးလာပါက  လှီးထားသောမှို နှင့် အရသာမှုန့်ထည့်ပြီး အနည်းငယ် နွမ်းအောင်မွှေပေးပါ
  • ပြီးတာနဲ့ ပဲကြာဇံထည့်ပြီး ရောကြော်ပေးပါ
  • ပဲကြာဇံ ပျော့လာပြီ ဆိုတာနဲ့ အားလုံးကို သမအောင် နေမွှပေးပြီး အရသာမြည်းပေးပါ 
  • မိမိစိတ်ကြိုက် အရသာ အနေတော် ရပြီဆိုရင် ထမင်းပူပူလေးနဲ့ လိုက်ဖက်တဲ့ မှိုပဲကြာဇံကြော်လေး ရပါပြီ။

Monday, 29 May 2017

ခရမ်းသီး မီးဖုတ်သုပ်



ဒီနေ့တော့ ခရမ်းသီးကို မီးဖုတ်ကာ သတ်သတ်လွတ်လေး သုပ်ပါတယ် သတ်သတ်လွတ် စားသူတွေအတွက် အရမ်းကို လွယ်ကူမြန်ဆန်ကာ စားလို့ကောင်းလွန်းပြီး ထမင်းကို မြိန်စေတဲ့အတွက် ခရမ်းသီး မီးဖုတ်သုပ်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခရမ်းသီး - အလုံးကြီးကြီး တစ်လုံး
  2. ကြက်သွန်ဖြူ - သုံးမွှာ
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  5. နံနံပင် - နှစ်သက်သလောက်
  6. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငရုတ်ကောင်းမှုန့် - စားနိုင်သလောက်
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ပဲဆီစိမ်း - ထမင်းစားဇွန်း တစ်ဇွန်းခွဲ

ပြင်ဆင်ပုံ
  • ခရမ်းသီးကို မိုက်ခရိုဝေ့သုံး ဇလုံထဲမှာထည့်ပြီး အဖုံးခပ်ဟဟအုပ်၍ မိုက်ခရိုဝေ့ မီးဖိုထဲ ထည့်ပေးကာ ၄မိနစ်ခန့် ဖုတ်ပေးပါ
  • မီးသွေးမီးဖို သုံးပါက မီးသွေးမီးပေါ်တင်ပြီး အပြင်ခွံ ကျွမ်းတဲ့အထိ ကျက်အောင် ဖုတ်ပေးပါ
  • မီးဖုတ်ထားသော ခရမ်းသီးကို ဇလုံတစ်ခုထဲမှာ ရေထည့်ပြီး အခွံခွာထားကာ ခရမ်းသီးမှ ထွက်သော အစေးများ ထွက်အောင်ဆေး၍ ရေစစ်ထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပါ 
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ  ပါဝင်ပစ္စည်း အားလုံးကို ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ မျှတအောင် ခပ်ဖွဖွ နယ်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • ပဲဆီနှင့် ငရုတ်ကောင်းနံ့ သင်းပျံ့နေသော ခရမ်းသီး မီးဖုတ်သုပ် မွှေးမွှေးလေးကို သတ်သတ်လွတ် ဟင်းတစ်မယ် ပြင်ပေးနိုင်သလို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

Sunday, 28 May 2017

အမဲနှစ်လုံးသုပ်


ဒီနေ့တော့ မနေ့က ဝယ်လာပြီး ပြုပ်ထားတဲ့ အမဲနှစ်လုံး ပြုပ်ပြီးသားကို ဘယ်လိုလုပ်စားရင် ကောင်းမလဲလို့ တွေးနေရင်းက နောက်ဆုံးတော့ ချဉ်ငံစပ်လေး သုပ်စားဖို့ ပြင်ဆင်မိတာကြောင့် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အမဲနှစ်လုံး - 350 g
  2. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  3. ချင်း - လက်တစ်ဆစ်ခန့်(အမဲနှစ်လုံးပြုပ်ရန်)
  4. ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်(အမဲနှစ်လုံးပြုပ်ရန်)
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အမဲနှစ်လုံးပြုပ်ရန်)
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အမဲနှစ်လုံးပြုပ်ရန်)
  7. ကြက်သွန်နီ - အနေတော် တစ်လုံး
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  9. ဂေါ်ဖီ - တစ်စိတ်
  10. မုံလာဥနီ - အနေတော် တစ်ဥ
  11. နံနံပင် - နှစ်သက်သလောက်
  12. ချယ်ရီခရမ်းချဉ်သီး - ၇လုံးခန့်
  13. သံပုရာသီး - တစ်စိတ်
  14. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  15. ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  16. သခွားသီး - အနေတော် တစ်လုံး
  17. ငရုတ်ဆီအချဉ် - ထမင်းစားဇွန်း တစ်ဇွန်း
  18. သံပုရာသီး - တစ်ခြမ်း
  19. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း


အမဲနှစ်လုံးပြုပ်ရန်

  • အမဲနှစ်လုံးကို ရေစင်အောင်ဆေးပြီး နနွင်းမှုန့် ဆား ခနောကြက်သားမှုန့်နှင့်နယ်၍ ချင်းကို ခပ်ပါးပါးလှီးပြီးထည့်ကာ အရသာဝင်အောင်နယ်၍ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ။
  • ရေခမ်းပါက အအေးခံထားပြီး ခပ်ပါးပါး လှီးထားပါ။

ပြင်ဆင်ပုံ

  • ကြက်သွန်နီကို အခံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါးလှီးပြီး ရေဆေးထားပါ။
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ။
  • သခွားသီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ။
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ။
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ။
  • မုံလာဥနီကို အခွံခွာပြီး ခပ်သေးသေးလေးတွေ ခြစ်ထားပါ။
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းထားပါ။
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ။
  • အမဲနှစ်လုံးကို ခပ်ပါးပါး လှီးထားပါ။
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ။
  • ဇလုံတစ်လုံးထဲမှာ အမဲနှစ်လုံးများ ကြက်သွန်နီ ကြက်သွန်ဖြူ  နံနံပင် ငရုတ်သီးစိမ်း ဂေါ်ဖီ ငရုတ်သီး အလှော်မှုန့် သခွားသီး အချိုမှုန့် ခရမ်းချဉ်သီး ငရုတ်ဆီအချဉ် ငံပြာရည်တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး ခပ်ဖွဖွ နယ်ပေးပါ။
  • အရသာ နယ်ပေးပြီးပါက အရသာမြည်းပြီး လိုအပ်သလို ပြင်ပေးကာ အမဲနှစ်လုံး ချဉ်ငံစပ်အသုပ်ကို  စားပွဲပြင်ပေးနိုင်ပါပြီ။