Saturday, 30 April 2016

ခရမ်းကစော့သီး ငါးပိရည်​ဖျော်


ခရမ်းကစော့သီးတွေ အရမ်းသီးတော့ ဘာလုပ်စားရမလဲ စဉ်းစားရင်း ဒီနေ့တော့ မီးလေးအုံးပြီး ငါးပိရည်ဖျော်ဖြစ်တာနဲ့ ငါးပိရည်ဖျော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
မြန်မာမိသားစု အများစုရဲ့ အိမ်တအိမ်ရဲ့ ထမင်းဝိုင်းလေးမှာ ဟင်းတွေ ဘယ်လောက်ကောင်းကောင်း  ငါးပိရည်လေး တမယ်တော့ ပါတတ်ကြပါတယ် အဲဒီလိုပါဘဲ ငါးပိရည်ကို ဖျော်နည်းမျိုးစုံနဲ့ ဖျော်တတ်ကြပြီး နှစ်သက်သလို ပြင်ဆင်တတ်တာကလဲ မြန်မာလူမျိုးတို့ရဲ့ ချစ်စရာဓလေ့လေးပါ။

မာမာဆို နိုင်ငံရပ်ခြားမှာ ရောက်နေပေမဲ့ အိမ်ကထမင်းဝိုင်းလေးမှာ ငါးပိရည်ဖျော်လေး တမယ်တော့ ပါအောင်အမြဲတမ်း ဖျော်ဖြစ်ခဲ့ပါတယ် ဒီနေ့လည်း အိမ်က ခရမ်းကစော့ပင်ရဲ့အသီး ငရုတ်သီး တွေဆင်းခူးပြီး ထုထောင်းကာ ငါးပိရည်ဖျော်တမယ် ပြင်ဆင်လိုက်မိပါတယ်။

အရသာကတော့ လက်တွေ့ လုပ်စားသူများ ပိုပြီးသိမှာမို့ မာမာဖျော်နည်းလေး တင်ပေးလိုက်ပါမယ်။

ပါဝင်ပစ္စည်းများ

  • ငါးငပိရည်ကျို - ၅ကျပ်သား
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ရေ - လက်ဖက်ရည် အကြမ်းပန်းကန် ၂လုံးသာသာ
  • ငရုတ်သီးအစိမ်းတောင့် - ၁၅တောင့်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  • ပုဇွန်ခြောက်အကောင်ကြီးကြီး - ၁၅ကောင်ခန့်
  • ခရမ်းကစော့သီး - အလုံး ၃၀ခန့်
ပြင်ဆင်ပုံ
  • ငါးငပိကို ဆား နနွင်း ရေတို့ထည့်ပြီး ဆူအောင်တည်ပေးပါ
  • ၃မိနစ်လောက် ဆူပြီးပါက အရိုးစစ်ပြီး အိုးတလုံးထဲ ပြန်ထည့်ပေးထားပါ
  • ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို ဒယ်အိုးတလုံးထဲ ထည့်ပြီး မွှေးလာအောင် လှော်ကာ မညက်တညက် ထောင်းပေးပါ
  • ပုဇွန်ခြောက်ကို  ညက်နေအောင် ထောင်းပေးပါ
  • ခရမ်းကစော့သီးကို မီးအနည်းငယ်အုံးကာ ရေစင်အောင်ဆေးပြီး ငရုတ်ဆုံထဲ ထည့်ကာ မညက်တညက် ထောင်းပေးပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ကျိုထားသော ငါးပိရည်အိုးထဲသို့ ထောင်းထားသော ပစ္စည်းများအားလုံးကို ထည့်ပြီး ၃မိလောက်ပြန်ကျိုပေးပါ
  • အရသာရှိသော ခရမ်းကစော့သီး ငါးပိရည်အဖျော်လေးကို သုံးဆောင်ရန် အဆင်သင့်ဖြစ်ပါပြီ။

ငါးကြော် ငါးပိရည်ဖျော်စပ်စပ်လေး



ငါးကြော်နဲ့ဖျော်တဲ့ ငါးပိရည်ဖျော်လေးက ထမင်းစားလို့ မိန်စေတဲ့အတွက် မည်သည့်ငါးကြော်နှင့်မဆို ဖျော်နိုင်တဲ့ ငါးပိရည် ဖျော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းပြင်ပန်းကန်အသေး တလုံး
  • ရွှေလံဘိုငရုတ်သီး - ၅တောင့်
  • သရက်သီးစိမ်း - ခပ်သေးသေး တလုံး
  • ငါးကြော်  - ခပ်ကြီးကြီးတတုံး
  • ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  1. ငါးကြော်ကို အရိုးထွင်ထားပြီး အနေတော် ဖဲ့ထားပါ
  2. ငရုတ်သီးစိမ်းကို လှော်ထားပါ
  3. လှော်ထားသော ငရုတ်သီးစိမ်းကို မညက်တညက် ထောင်းထားပါ
  4. ငါးပိရည်ကို ကျိုပြီး အရိုးငင်ထားပါ
  5. ထောင်းပြီးသား ငရုတ်သီးစိမ်းနှင့်အတူ ငါးကြော် ငရုတ်သီးအလှော်မှုန့် အချိုမှုန့်တို့ရောပြီး အိုးတလုံးထဲထည့်ကာ ငပိရည်နှင့် ရေရောပြီး မြုပ်အောင်ထည့်ကာ ကျိုပေးပါ
  6. နှစ်သက်ရာတို့စရာများနှင့် ထမင်းမိန်မိန် သုံးဆောင်နိုင်မဲ့ ငါးပိရည်ဖျော်လေးရပါပြီ။

ကြက်သွန်နီမီးဖုတ်ထောင်း ငါးပိရည်ဖျော်


ကြက်သွန်နီ မီးဖုတ် ငါးပိရည်ဖျော်နည်းက မာမာ့အမေ အရမ်းကြိုက်တဲ့ ဖျော်နည်းပါ မွှေးပြီးချိုနေတာမို့ ဖျော်စားကြည့်ရအောင် ကြက်သွန်နီ မီးဖုတ် ငါးပိရည်ဖျော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းပြင်ပန်းကန်အသေး တလုံး
  • ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း ၂ဇွန်း
  • ကြက်သွန်နီ  - ခပ်သေးသေး ၃လုံး
  • ပုဇွန်လှော် - ၃ကောင်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  1. ကြက်သွန်နီကို အခွံမခွာဘဲ အလုံးလိုက် အခွံများကျွမ်းတဲ့ထိ မီးဖုတ်ထားပါ
  2. မီးဖုတ်ထားသော ကြက်သွန်နီကို ရေထဲခနအေးအောင်စိမ်ပြီး အခွံကို ခွာထားပါ
  3. ပုဇွန်ကို ရေအနည်းငယ်ထည့်ပြီး ရေခမ်းအောင် လှော်ကာ အခွံခွာထားပါ
  4. ငါးပိရည်ကို ကျိုထားပြီး အရိုးငင်ကာ ပန်းကန်တခုထဲ ပြောင်းထည့်ထားပါ
  5. အခွံခွာထားသော ပုဇွန်ကိုအရင်ထောင်းပြီး ကြက်သွန်နီကို မညက်တညက် ထည့်ထောင်းပါ
  6. ထောင်းပြီးသားများနှင့်အတူ ငရုတ်သီးအလှော်မှုန့် အချိုမှုန့်တို့ရောပြီး ငါးပိရည်ပန်းကန်ထဲထည့်ကာ ဖျော်ပေးပါ
  7. နှစ်သက်ရာတို့စရာများနှင့် ထမင်းမိန်မိန် သုံးဆောင်နိုင်မဲ့ ကြက်သွန်နီမီးဖုတ် ငါးပိရည်ဖျော်လေးရပါပြီ။

ငါးပြုပ် ငါးပိရည်ဖျော်စပ်စပ်လေး


ဒီတခါတော့ မည်သည့်ငါးနဲ့မဆို ဖျော်စရာကောင်းကောင်း လုပ်နိုင်မည့် ငါးပိရည်ဖျော်နည်းလေး မျှဝေလိုက်ပါတယ် ဒီနေ့တော့ ဘာဆာငါးကို ပြုပ်ပြီး ငါးပိရည်ဖျော် ပြင်ဆင်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းပြင်ပန်းကန်အသေး တလုံး
  • ငရုတ်သီးအလှော်မှုန့်  - ထမင်းစားဇွန်း တဇွန်းမောက်မောက်
  • ဘာဆာငါး - ခပ်သေးသေး တပြား
  • ဆား လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်

ပြင်ဆင်ပုံ
  1. ငါးကို ရေဆေးပြီး နနွင်းမှုန့်နှင့် ဆားထည့်၍ရေမြုပ်အောင်ထည့်ကာ ရေခမ်းအောင် တည်ထားပါ
  2. ငါးပိကို အရည်ကျိုပြီး အရိုးငင်ကာ ပန်းကန်တခုထဲ ထည့်ထားပါ
  3. ပြုပ်ထားသောငါးကို အသားများ ကျေအောင် ချေပြီး ငါးပိရည်ပန်းကန်ထဲ ထည့်ပေးပါ
  4. ငါးနှင့်အတူ ငရုတ်သီးအလှော်မှုန့် အချိုမှုန့်တို့ရောပြီး ငါးပိရည်ပန်းကန်ထဲထည့်ကာ ဖျော်ပေးပါ
  5. နှစ်သက်ရာတို့စရာများနှင့် ထမင်းမိန်မိန် သုံးဆောင်နိုင်မဲ့ ငါးပြုပ် ငါးပိရည်ဖျော်လေးရပါပြီ။

မကျည်းသီးစိမ်းထောင်း ငါးပိရည်ဖျော်


ဒီတခါတော့ မန်ကျည်းသီးလေးတွေရတာနဲ့ ပုဇွန်ထုတ်ကိုလှော်ပြီး မန်ကျည်းသီးစိမ်းနဲ့ ငါးပိရည်ဖျော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းပြင်ပန်းကန်အသေး တလုံး
  • ငရုတ်သီးစိမ်း အမှည့်  - စားနိုင်သလောက်
  • မန်ျည်းသီးစိမ်း - အတောင့်ကြီးကြီး ၂တောင့်
  • ပုဇွန်လှော် - ၃ကောင်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  1. မန်ကျည်းသီးစိမ်းကို အခွံခွာပြီး အစေ့များထုတ်၍ ရေဆေးထားပါ
  2. ပုဇွန်ကို ရေအနည်းငယ်ထည့်ပြီး ပြုပ်လှော်လှော်ကာ ရေခမ်းပါက အခွံခွာပြီး မလိုတာတွေ ဖယ်ထားပါ
  3. ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာများ ဖြုတ်၍ ကျက်သွားအောင် လှော်ထားပါ
  4. ကျိုထားသော ငပိရည်ကို အရိုးငင်ကာ ပန်းကန်တခုထဲ ထည့်ထားပါ
  5. အခွံခွာထားသော မန်ကျည်းသီးစိမ်းကို အစေ့များထုတ်ပြီး အသားများကို ညက်နေအောင် ထောင်းပါ
  6. ပြီးတာနဲ့ ငရုတ်သီးစိမ်း အလှော်တောင့်များကို ထည့်ထောင်းပါ
  7. အားလဲုး ညက်သွားပြီဆိုတာနဲ့ ပုဇွန်လှော်ကို ညက်အောင်ထည့်ထောင်းပါ
  8. ထောင်းပြီးသားများနှင့်အတူ အချိုမှုန့်တို့ရောပြီး ငပိရည်ပန်းကန်ထဲထည့်ကာ ဖျော်ပေးပါ
  9. နှစ်သက်ရာတို့စရာများနှင့် ထမင်းမိန်မိန် သုံးဆောင်နိုင်မဲ့ ချဉ်ငံစပ် မန်ကျည်းသီးစိမ်း ငါးပိရည်ဖျော်လေးရပါပြီ။

ကြက်သွန်ဖြူ မီးဖုတ် ပုဇွန်ခြောက်ထောင်း ငါးပိရည်ဖျော်


ငါးပိရည်ဖျော်နည်းလေးတွေ page မှာ ခနခနတင်ဖြစ်ပေမဲ့ blog မှာ မတင်ဖြစ်သေးတဲ့အတွက် စုစုစည်းစည်းလေးဖြစ်အောင် ငါးပိရည် ဖျော်နည်းလေးတွေ တင်ပေးလိုက်ပါတယ်။

ဒီတခါတော့ ကြက်သွန်ဖြူ မီးဖုတ်ထောင်းနဲ့ ပုဇွန်ခြောက်ထောင်း ငါးပိရည်ဖျော် မွှေးမွှေးလေးဖျော်မိလို့ ဖျော်နည်းလေး မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ
  • ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းပြင်ပန်းကန်အသေး တလုံး
  • ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၇မွှာ
  • ပုဇွန်ခြောက် - ၁၃ကောင်
  • ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  1. ကြက်သွန်ဖြူကို အခွံမခွာဘဲ တမွှာခြင်းဖြစ်အောင် ခွာထားပြီး အိုးတလုံးထဲမှာ အခွံများကြွမ်းတဲ့ထိ ဖုတ်ပေးပါ
  2. အခွံများ မည်းလာပါက အအေးခံပြီး အခွံများ ဖယ်လိုက်ပါ
  3. ငါးပိရည်ကို ကျိုပြီး အရိုးငင်ကာ ပန်းကန်တလုံးထဲ ထည့်ပေးပါ
  4. ပုဇွန်ခြောက်ကို အရင်ဆုံး ညက်နေအောင် ထောင်းထားပါ
  5. ပုဇွန်ခြောက်ထောင်းပြီးပါက ကြက်သွန်ဖြူကို မညက်တညက် အနေအထားရအောင် ထောင်းလိုက်ပါ
  6. ထောင်းပြီးသားများနှင့်အတူ ငရုတ်သီးအလှော်မှုန့် အချိုမှုန့်တို့ရောပြီး ငါးပိရည်ပန်းကန်ထဲထည့်ကာ ဖျော်ပေးပါ
  7. နှစ်သက်ရာတို့စရာများနှင့် ထမင်းမိန်မိန် သုံးဆောင်နိုင်မဲ့ ငါးပိရည်ဖျော်လေးရပါပြီ။

ပုဇွန်ခြောက်ထောင်း ငါးပိရည်ဖျော်


ငါးပိရည်လို့ ဆိုလိုက်ရင် တချို့က နှာခေါင်းရှုံ့ကြပြီး တချို့ကတော့ ကြိုက်ကြပါတယ် မာမာကတော့ ငါးပိရည်သာပါရင် အသားဟင်း မလိုအောင်ကို ကြိုက်သူတယောက်ပါ ဒီနေ့တော့ ဘယ်သူမဆို  အားလုံးကျိုတတ်တဲ့ ငါးပိရည်ကျိုပြီး ဖျော်စရာ ပြင်ဆင်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းရည်သောက် ပန်းကန်အသေး တလုံး
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • ပုဇွန်ခြောက် - အကောင် ၂၀ခန့်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  1. ငရုတ်သီးစိမ်းကို အတောင့်လိုက် ရေဆေးကာ အညှာများဖြုတ်ပြီး လှော်ထားပါ
  2. ပုဇွန်ခြောက်ကို ညက်နေအောင် ထောင်းထားပါ
  3. ပုဇွန်ခြောက်များ ညက်ပါက ငရုတ်သီးအလှော်တောင့်များကို ထည့်ထောင်းပါ
  4. ထောင်းပြီးသားများနှင့်အတူ အချိုမှုန့်တို့ရောပြီး ငါးပိရည်ပန်းကန်ထဲ ထည့်ကာ ဖျော်ပေးပါ
  5. နှစ်သက်ရာတို့စရာများနှင့် ထမင်းမိန်မိန် သုံးဆောင်နိုင်မဲ့ ငါးပိရည်ဖျော်လေးရပါပြီ။

ဂဏန်းသား ထမင်းကြော် မွှေးမွှေးလေး



ဒီတပါတ်တော့ ထမင်းကြော်နဲ့ ထမင်းအရသာနယ် ထမင်းသုပ်နည်းလေးတွေ မျှဝေလိုက်ပါတယ် ဆီပြန်ဟင်းတွေ အသားဟင်းတွေ မစားချင်တဲ့အခါ အခုလို ထမင်းကို အရသာစုံလေးတွေ လုပ်စားတဲ့အခါမှာတော့  အပြောင်းအလဲ အနေနှင့် စားချင်စဖွယ် ဖြစ်စေမှာပါ။

ပါဝင်ပစ္စည်းများ

  • ချက်ပြီးသားထမင်း - တရုတ်ဟင်းရည်သောက် အလတ်တလုံး
  • ဂဏန်းအသား - ထမင်းစားဇွန်း ၅ဇွန်း ( ready made ဗူးကို သုံးထားပါတယ်)
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • မုံလာဥနီ - အနည်းငယ်
  • ပဲစိမ်းသီး - အနည်းငယ်
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး တမွှာ
  • ဆီ - စားပွဲတင်ဇွန်း ဇွန်းတ၀က်
  • ငရုတ်ကောင်းမှုန့် - အနည်းငယ်
  • သခွားသီး - အနည်းငယ်
ပြင်ဆင်ပုံ
  1. ချက်ထားသော ဘစမာတီ ထမင်းကို အအေးခံထားပါ
  2. ကြက်သွန်နီကို ရေဆေးပြီး လှီးထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် လှီးထားပါ
  4. မုံလာဥနီကို ခပ်သေးသေး လှီးထားပါ
  5. ပဲစိမ်းသီးကို ပြင်ထားပါ
  6. ဂဏန်းသားကို ပြင်ထားပါ
  7. ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ
  8. ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်ဖြူ နီကို ထည့်ကြော်ပါ
  9. ကြက်သွန်များ နွမ်းလာတာနဲ့ မုံလာဥနီနှင့် ပဲစိမ်းသီး ဆား အချိုမှုန့်တို့ ထည့်ကြော်ပါ
  10. ၂မိနစ်လောက်ဘဲကြော်ပေးပြီး ဂဏန်းသားကို တမိနစ်လောက် ထည့်မွှေပါ
  11. ပြီးတာနဲ့ အအေးခံထားသော ထမင်းကို တမိနစ်သာသာလောက် ထည့်ကြော်ပြီး ငရုတ်ကောင်းမှုန့်ဖြူး၍ အရသာမြည်းကာ ထမင်းကြော် ပူပူလေးကိုနှစ်သက်ရာ ငရုတ်သီးကြော် ဂေါ်ဖီချဉ် သခွားသီးတို့နှင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

Friday, 29 April 2016

ပဲနီလေးသီးစုံ ပဲကုလားဟင်း





သီးစုံပဲချဉ်ရည်ဟင်းလေးပါ ချက်ရတာ လွယ်ကူမြန်ဆန်တဲ့ ပဲနီလေးနဲ့ချက်ထားတာမို့ အချိန်ရှားပါးတဲ့ အိမ်ရှင်မတွေအတွက် အဆင်ပြေစေမဲ့ ပဲကုလားဟင်းဆိုလဲ မမှားပါဘူး  လွယ်ကူမြန်ဆန်တဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ (၃ယောက် ညမနက်စာ)

  • ပဲနီလေးပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တခွက်
  • ခရမ်းသီး အရှည် -၂လုံး
  • အာလူး - ခပ်ကြီးကြီး ၂လုံး
  • ရုံးပတေသီး - နှစ်သက်သလောက်
  • မကျီးသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  • ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၂ခက်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ (ပဲပြုပ်ထဲနှင့်ဆီသတ်ရာတွင် သုံးရန်)
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ချင်း - လက်တဆစ်ရဲ့တ၀က်
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
ပြင်ဆင်ပုံ
  • ပဲနီလေး ပဲဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ပဲနူးသွားအောင် ပြုပ်ထားပါ
  • ရုံးပတေသီးကို အတောင့်လိုက်ရေဆေးထားပြီး အတောင့်ရှည်လျှင် ပိုင်းထားပါ
  • အာလူးကို အခွံခွာပြီး အနေတော်တုံးကာ ရေနာရီဝက်လောက် စိမ်ထားပါ
  • မကျီးသီးမှည့်ကို ရေတထပ်ဆေးပြီး ရေစိမ်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ လက်တတစ်အရွယ်တုံးထားပါ
  • ခရမ်းသီးကို လေးစိတ်စိတ်ပြီး ရေစိမ်ထားပါ
  • ကြက်သွဖြူ နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကို ထည့်ပြီးမွှေးလာအောင်ဆီသတ်ပေးပါ 
  • ဆီသတ်နံ့မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များကို ထည့်ပြီးဆီသတ်ပါ
  • ပြီးတာနဲ့ ဟင်းချက်ရန်ပြင်ထားသော အာလူးနှင့် ခရမ်းသီးများကို ရေစစ်ပြီးထည့်ဆီသတ်ပါ 
  • အသီးအရွက်များ ထည့်ပြီးတာနဲ့ ငံပြာရည်ကို တခါထဲထည့်မွှေပေးပါ
  • အသီးများနည်းနည်း နွမ်းလာတာနဲ့ ပဲပြုပ်ထားသော ဇောက်နက်သည့် အိုးတလုံးထဲပြောင်းထည့်ပြီး ရေကို တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထည့်ပြီး အသီးများနူးအောင် တည်ပေးပါ
  • အသီးများ နူးများလာတာနဲ့ ရေစိမ်ထားသော မကျီးမှည့်ကို လက်နဲ့ဖျော်ပြီး မကျီးရည်ထည့်ပေးပါ
  • ဟင်းရည်ပွက်ပွက်ဆူပါက ရုံးပတေသီး ဆားနှင့် အရသာမှုန့်ထည့်ပြီး အရသာကို လိုသလိုပြင်ကာ သုံးဆောင်နိုင်ပါပြီ။

ပရှူး ထမင်းကြော်


ဒီနေ့တော့ မိသားစု အရမ်းကြိုက်တဲ့ ပရှူးထမင်းကြော် ကြော်ဖြစ်လို့ အရမ်းစားလို့ကောင်းတဲ့အတွက် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ပါးပါးလှီးထားသောကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး တမွှာ
  • ခပ်ပါးပါး လှီးထားသော ကြယ်သီးမှို  - အနေတော် ၅ပွင့်
  • ဘေဘီပြောင်းဖူး - ၃ဗူး
  • ထမင်း - တရုတ်ဟင်းရည်သောက်ပန်းကန် အလတ်တလုံးစာ
  • အနေတော်လှီး ထားသော ဘရိုကိုလီ - ၁၀ခက်ခန့်
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • ဗီနီကာ ထမင်းစားဇွန်း တ၀က်သာသာ
  • ဆီ - စားပွဲတင်ဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ပုဇွန်ထုတ် - ၇ကောင်
  • သခွားသီး - ခပ်သေးသေး တလုံး
ပြင်ဆင်ပုံ

  1. ချက်ထားသော ထမင်းကို အအေးခံထားပါ
  2. ပုဇွန်ကို အမြှီး ခေါင်း အခွံများဖယ်ကာ ကြောမှခွဲ၍ အမည်းကြောင်း ထုတ်၍ သန့်စင်ထားပါ
  3. ကြက်သွန်ဖြူကို ခပ်နုတ်နုတ်စဉ်းထားပါ
  4. ကြက်သွန်နီကို ပါးပါးလှီးထားပါ
  5. မှိုကို ခပ်ပါးပါးလှီးထားပါ
  6. ဘရိုကိုလီကို အနေတော် လှီးထားပါ
  7. ဘေဘီပြောင်းဖူးကို လှီးထားပါ
  8. ဗီနီကာကို ပြင်ထားပါ
  9. သခွားသီးကို အနေတော် လှီးထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  • ဆီကိုအပူပေးပြီး ဆီပူလာပါ ကြက်သွန်နီ ကြက်သွန်ဖြူကို နွမ်းသွားတဲ့ထိကြော်ပေးပါ
  • မှို ဘရိုကိုလီ ပြောင်းဖူးတို့ကို ထည့်ပြီး မိနစ်ဝက်လောက် ကြော်ပါ
  • ပုဇွန်ကို သုံးမိနစ်လောက်ထည့် ကြော်ပေးပါ
  • ပုဇွန်ကျက်သွားပါက ဗီနီကာထည့်ပြီး မိနစ်ဝက်လောက်ကြော်ပေးပါ
  • ပုဇွန် အသီးအရွက်ကြော်များထဲသို့ ထမင်း  ဆား အရသာမှုန့်နှင့် တို့ကို ထဲ့ပြီးမွှေပေးပါ
  • အားလုံး သမသွားပါက ငရုတ်ကောင်းမှုန့်ထဲ့ပြီး မွှေပေးကာ တမိနစ်လောက် ကြော်ပေးပြီး အရသာမြည်းကာ သခွားသီးနှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

Thursday, 28 April 2016

သံပုယိုသီး သနပ်







အသီးအရွက် သနပ်လုပ်နည်းတွေ များစွာရှိပါတယ် ကိုယ်နှစ်သက်သလို လုပ်ကြတာမို့ နည်းတွေကတော့ တယောက်နဲ့တယောက် မတူကြပါဘူး ဒီနေ့တော့ သံပုယိုသီးသနပ် လုပ်ဖြစ်လို့ အမွှေးနံ့သာ တမျိုးပြောင်းပြီး လုပ်ထားတဲ့ နည်းလေး မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ

  • သံပုယိုသီး - ၁၀လုံး
  • ဆား - ထမင်းစားဇွန်းမောက်မောက် ၄ဇွန်းခန့်
  • ဆီ - 450ml
  • Cumin Seeds  - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  • Mustard  seeds အစို - ထမင်းစားဇွန်း ၃ဇွန်း
  • Coriander seeds - ထမင်းစားဇွန်း တဇွန်း
  • Mastard seeds - အခြောက် ထမင်းစားဇွန်း တဇွန်း
  • ကြက်သွန်ဖြူ - ၁၀မွှာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်းမောက်မောက် နှစ်ဇွန်းခွဲ
သံပုယိုသီး ဆားရည်စိမ်ရန်
  • သံပုယိုသီးကို အလုံးလိုက် ရေဆေးပြီး ရေစင်အောင်သုပ်ကာ အောက်ခြေပြတ်တဲ့ထိ ၄စိတ်လှီးပေးပါ
  • စိတ်ထားသော အစိတ်များကို ဇလုံကျယ်ကျယ်ထဲထည့်ပြီး ဆားထည့်ကာ သမအောင် ခပ်ဖွဖွမွှေပးပါ 
  • အားလုံးပြီးလျှင် လေလုံပြီး သန့်နေသော ပုလင်းထဲ သံပုယိုသီး အစိတ်များကို ထည့်ပေးပါ
  • အဖုံးလေလုံအောင်ပိတ်ပြီး အခန်းအပူချိန်နှင့် အနည်းဆုံး ၅ရက်၆ရက်လောက် ထားပေးပါ
  • မြန်မြန်စားချင်ရင်တော့ ပုလင်းကို နေပူထဲမှာ ထားပေးပါ
  • ရေထည့်စရာမလိုဘဲ ဆားရည်များပျော်ပြီး အရည်များထွက်လာပြီး သံပုယိုသီးများ အိလာရင် ရပါပြီ
ပြင်ဆင်ပုံ
  • ဆားရည်ပျော်ကာ အိလာသော သံပုယိုသီးကို အရည်စစ်ကာ ဆယ်ထားပြီး ဇလုံအနေတော်မှာ ထည့်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာထားပြီး အနေတော် စိတ်ထားပါ
  • Mustard seed ,Cumin seed , Coriander seeds တို့ကိုမီးအနေတော်နှင့် အစေ့များ အိုးထဲမှာ ဖောက်ဖောက် ပေါက်လာတဲ့ထိ ခနလေး လှော်ထားပြီး ညက်အောင်ထောင်းထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက သံပုယိုဇလုံထဲကို ကြက်သွန်ဖြူ လှော်ပြီးထောင်းထားသော အစေ့များ  Mustard seeds အစိုတို့ကို ထည့်ပြီး ပြင်ထားပါ
  • ဆီကို မီးအနေတော်နှင့် အပူပေးပါ ဆီပူလာပါက နနွင့်မှုန့်ကိုဆက်ထည့်ပြီး မီးဖိုပေါ်မှ ဆီအိုးကို ချပေးပါ
  • တမိနစ်လောက် ဆီကို အအေးခံပြီး ငရုတ်သီးမှုန့်ထဲ့ကာ မွှေပေးပါ ဆီအရမ်းပူနေပါက ငရုတ်သီးမှုန့်များ မည်းသွားတတ်ပါတယ်
  • ဆီအရမ်း မအေးခင် သံပုယိုသီးဇလုံထဲ လောင်းချပေးပါ
  • အားလုံးပြီးပါက လေလုံပြီးသန့်သော ပုလင်းထဲထည့်ပြီးထားကာ စားသုံးနိုင်ပါပြီ
  • ဆီမြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါက နှစ်ပေါက်အောင် ထားပြီးစားလို့ရပါတယ်
ကုလားလေး သနပ်မဆလာရှိပါက အပေါ်မှာ ပြထားသော အမွှေးနံ့သာအစေ့များ ထည့်စရာမလိုဘဲ မဆလာတမျိုးထဲ သုံးနိုင်ပါတယ်
သံပယိုသီးဆားရည်စိမ်စဉ် ထွက်လာသောအရည်များက ခါးပြီး ငံနေတတ်တဲ့အတွက် အငံနှင့် အခါးမနှစ်သက်သောသူများ ပြန်သုံးရန်မလိုပါ
မာမာလဲ ပြန်မသုံးပါ အငံအရသာက ဆားရည်စိမ်ထဲက ပါပြီးသားမို့လို့ အငံထပ်ထည့်စရာ မလိုပါ။

Wednesday, 27 April 2016

ဆီချက်ခေါက်ဆွဲ




ကြက်သားပြုပ်ကြီးဘဲ မစားချင်တာမို့ ဒီတခါတော့ ဆီချက်ခေါက်ဆွဲ လုပ်စားဖြစ်သွားပါတယ် အိမ်မှာ အလွယ်လုပ်စားလို့ရတဲ့ ဆီချက်ခေါက်ဆွဲလေးမို့ ကိုယ့်လျှာအရသာ ခံတွင်းတွေ့မယ်ထင်သလို လုပ်စားနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ကြက်ရင်ပုံသား - 150g
  • ခေါက်ဆွဲခြောက် - 200g
  • ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးသာသာ
  • နှမ်းဖြူ - ထမင်းစားဇွန် သုံးဇွန်း
  • ကြက်သွန်ဖြူကြော် - ထမင်းစားဇွန်း ၃ဇွန်း
  • ကင်းမွန်ငံပြာရည် - လဖက်ရည် အကြမ်းပန်းကန် တလုံး
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း ၂ဇွန်း
  • အရသာမှုန့် - အနည်းငယ်
  • မြေပဲ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တဗူး
  • ကြက်သွန်မိတ် - အနည်းငယ်
  • နာနတ်ပွင့် - တပွင့်
  • ဆား - လက်ဖက်ရယ်ဇွန်း တ၀က်
ပြင်ဆင်ပုံလေးပြောပါမယ်
  • ကြက်သားကို ရေဆေးပြီး ဆားနှင့်နယ်ကာ ရေမြုပ်အောင်ထည့်ပြီး နာနတ်ပွင့် ထည့်ကာ ရေခမ်းအောင် ပြုပ်ပေးပါ
  • ကြက်သားကျက်သွားပါက ပုံပါအတိုင်း လှီးထားပါ
  • ခေါက်ဆွဲကို ရေနွေးဆူဆူမှာ အနေတော် ပျော့အောင်ပြုပ်ပေးပြီး ခေါက်ဆွဲနှင့် ရေနွေးကို ဇကာထဲသွန်ချပြီး ရေလေးထပ်လောက်ဆေးပြီး ရေစစ်ထားပါ
  • ရေစစ်သွားသော ခေါက်ဆွဲကို ပဲငံပြာရည် အနောက်ဖြင့် နယ်ထားပေးပါ
  • မြေပဲကိုလှော်ပြီး အခွံချွတ်ကာ မညက်တညက် ထောင်းထားပါ
  • ကြက်သွန်ဖြူ ကြော်ပြီးသားကို မညက်တညက် ချေထားပါ (လဖက်ထဲထည့်တဲ့ ကြက်သွန်ဖြူဆိုရင် ပိုကောင်းပါတယ် )
  • ဆီကို အပူပေးပြီး ဆီပူလာပါက မီးကိုလျှော့လိုက်ပြီး နှမ်းကိုထည့်ကြော်လိုက်ပါ ထည့်ကြော်ပြီးတာနဲ့ မီးဖိုပေါ်က ချပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်သေးသေးလှီးထားပါ
  • ငံပြာရည်နှင့် အရသာမှုန့်ကို အဆင်သင့်ပြင်ထားပါ
တပွဲစာပြင်ပါမယ်
  • ပဲငံပြာရည် နယ်ထားသော ခေါက်ဆွဲကို တပွဲစာယူပြီး ပန်းကန်ထဲထည့်ပေးပါ
  • ကြက်သားထမင်းစားဇွန်း တဇွန်း အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က် မြေပဲမှုန့် ထမင်းစားဇွန်း တဇွန်း ဆီချက် ထမ်းစားဇွန်း တဇွန်းခွဲ ငံပြာရည် လက်ဖက်ရယ်ဇွန် တ၀က်သာသာ ကြက်သွန်ဖြူဆီချက် လက်ဖက်ရည်ဇွန်း တဇွန်းနှင့် ကြက်သွန်မိတ်တို့ထည့်ကာ ကြက်ရိုးဟင်းခါး သခွားသီးအချဉ်လေးတို့ နှင့်တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ

Monday, 25 April 2016

အာလူးကြော် မွမွလေး





မွမွရွရွလေးနဲ့ စားလို့ကောင်းစေတဲ့ အာလူးကြော်နည်းလေး မျှဝေလိုက်ပါတယ် အသီးအရွက် အရမ်းစားတဲ့ သမီးလေးအတွက် စပါယ်ရှယ် ပြင်ပေးရတဲ့ အာလူးကြော်လေးပါ ကလေးလူကြီး နှစ်သက်ကြမှာမို့ ကြော်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး - ခပ်ကြီးကြီး ၂လုံး
  • ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက် 
  • ဂျုံမှုန့် - ထမင်းစားဇွန်း တဇွန်းမောက်မောက်
  • ဆန်စိမ်းမှုန့် - ထမင်းစားဇွန်း တဇွန်းမောက်မောက်
  • baking sodar - လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နံနံပင် အခြောက် - ထမင်းစားဇွန်း တဇွန်း (လတ်လတ်ဆတ်ဆတ် နံနံပင်ထည်ာရင် ပိုကောင်းပါတယ်)
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် ၂လုံး
ပြင်ဆင်ပုံ
  1. အာလူးကို အခွံခွာပြီး ပုံပါအတိုင်းလှီးကာ ရေ၂ခါလောက်ဆေးပြီး ရေစစ်ထားပါ
  2. ပဲမှုန့် ဂျုံမှုန့် ဆန်မှုန့် ဆား အရသာမှုန့် baking sodaတို့ကို ရေနှင့်နည်းနည်းခြင်း ဖျော်ပေးပါ
  3. မုန့်နှစ်အနေအထား ခပ်ပျစ်ပျစ်ရလာတာနဲ့ နံနံပင် အာလူးနှင့်ရောနယ်ပေးပါ
  4. ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ အာလူးမုန့်နှစ်လူးကို ထမင်းစားဇွန်း တဇွန်းစာထည့်ပြီး ကြော်ပေးပါ
  5. တဖက်ရွှေအိုရောင်သန်းလာတာနဲ့ နောက်တဖက်ကို လှန်ပြီးဆက်ကြော်ပေးပါ
  6. နှစ်ဖက်လုံး ရွှေအိုရောင်သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  7. ဆီစစ်တာနဲ့ နှစ်သက်ရာအချဉ်နဲ့ တွဲဖက်ပြီး စားနိုင်ပါပြီ။

Sunday, 24 April 2016

အုန်းဆီဆမ်း သာဂူပြင်မွှေးမွှေးလေး




သာဂူကျိုချိန် အချိန်မကြာပေမဲ့ အိုးတွေခွက်တွေ ဆေးရတာတော့ အလုပ်ရှုပ်လွန်းတဲ့ မုန့်တမျိုးပါ သာဂူကျိုနည်းကတော့ တင်ပြီးသားမို့ ထပ်မရေးတော့ပါဘူးရှင် အုန်းဆီချက်နည်းလေးဘဲ မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သာဂူပြင် - မုန့်ပွဲပြင်ရန် တပွဲစာ
  • အုန်းနို့ - 50ml
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
အုန်းဆီချက်ရန်
  1. အုန်းနို့နှင့် ဆီ ဆားတို့ကို အိုးတလုံးထဲထည့်ပြီး မီးအနေတော်နှင့် ချက်ပေးပါ
  2. ချက်နေစဉ် အုန်းဆီများ လျှံကျတတ်သောကြောင့် မကြာမကြာမွှေပေးပါ
  3. အုန်းနို့များ ခမ်းလာပြီး ဆီထဲတွင် အုန်းနို့များ ဥလာပြီဆိုရင် မီးဖိုပေါ်က ချပေးပါ
ပြင်ဆင်ပုံ
  1. သာဂူပြင်ကို အနေတော် အတုံးလေးတွေ တုံးထားပါ
  2. လှီးထားသောဂူပြင်ကို ပန်းကန်ပြားတချပ်မှာ ပြင်ပေးထားပါ
  3. အဆင်သင့် ပြင်ထားသော သာဂူပြင်ပေါ်သို့  ချက်ထားသော အုန်းဆီကို ဆမ်းပေးကာ စိမ့်စိမ့်လေးနဲ့ စားလို့ကောင်းတဲ့ သာဂူပြင်အုန်းဆီဆမ်းလေး ရပါပြီ။

Saturday, 23 April 2016

ငရုတ်သီးစိမ်း ရှမ်းနံနံအုပ်တဲ့ ငါးချဉ်စပ်ဟင်း









ဒီနေ့တော့ အေးချမ်းနေတဲ့ ရာသီဥတုလေးမှာ လိုက်ဖက်မဲ့ ငရုတ်သီးစိမ်း ရှမ်းနံနံအုပ်ထားတဲ့ ငါးဟင်းချဉ်စပ်လေး ချက်ထားပါတယ် မွှေးပြီးစားကောင်းလွန်းတဲ့အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • Basa ငါး - 500g
  • ရှမ်းနံနံ - နှစ်သက်သလောက်
  • ငရုတ်သီးစိမ်း  - စားနိုင်သလောက်
  • ငရုပ်သီးမှုန့် လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာမွှာကြီးကြီး ၃မွှာ
  • ချင်း - လက်တဆစ်ခန့်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
  • ဆီ - ထမင်းစားဇွန်း ၈ဇွန်း
ပြင်ဆင်ပုံ
  1. ငါးကို ရေဆေးပြီး လက်၃လုံးလောက်လေးတွေ တုံးထားပါ
  2. တုံးထားသောငါးကို ဆား လက်ဖက်ရည်ဇွန်း တ၀က် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က်တို့နှင့် နယ်ထားပါ
  3. ကြက်သွန်နီ  ကြက်သွန်ဖြူ ချင်းတို့ကို ပုံမှာပါတဲ့အတိုင်း လှီးထားပါ
  4. ပန်းကန်တခုထဲမှာ ဆား လက်ဖက်ရည်ဇွန်း တ၀က် ငရုတ်သီးမှုန့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က် နနွင်းမှုန့် တို့ထည့်ပြီး သမအောင် နယ်ပေးပါ
  5. မကျည်းသီးမှည့်ကို ရေအနည်းငယ်ထည့်ကာ စိမ်ထားပေးပါ
  6. ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ငရုတ်သီးမှုန့်တို့ကို ထည့်ပြီးဆီသတ်ပေးပါ
  7. ဆီသတ်နံ့ သက်းလာတာနဲ့ ငါးအသားမာလာတဲ့အထိ ဆီသတ်ပေးပါ
  8. ငါးအသားများမာလာတာနဲ့  ငါးဟင်းထဲကို မကျည်းသီးအဖတ်များဖယ်ကာ မကျည်းသီးမှည့်ရည် ထည့်မွှေပါ
  9. ငါးဟင်းအိုးထဲကို ရေကို မြုပ်လောက်ရုံလောက်ထည့်ပြီး ငရုတ်သီးစိမ်းထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  10. ရေပွက်ပွက်ဆူပြီး ၅မိနစ်လောက်နေရင် အရသာမြည်း၍ လိုသလိုပြင်ကာ ဆီပြန်ကာနီးတာနဲ့ ရှမ်းနံနံရွက်အုပ်ပြီး ချဉ်ငံစပ်ငါးဟင်း မွှေးမွှေးလေး ရပါပြီ

Friday, 22 April 2016

သဖန်းသီး ဆားရည်စိမ်








အသီးအရွက်တွေ အချဉ်တည်လေတိုင်း ငယ်ငယ်က မိသားစုဘ၀လေးကို အရမ်းတမ်းတမိသလို အခုထိ လက်ရှိ ရှိနေသေးတဲ့ ၆ဧကကျော် ကျယ်တဲ့ခြံကြီးကိုလဲ လွမ်းနေမိခဲ့လွမ်းနေမိခဲ့တယ်။

သက်ကြီးပင်တွေ အများကြီးရှိတဲ့ ခြံကျယ်ကြီးထဲက ထွက်သမျှ အသီးအနှံကို လတ်လတ်ဆတ်ဆတ်ရောင်း အချဉ်တည် အခြောက်လှန်း အကုန်လုံးလိုလို ကိုယ့်မိသားစု တပိုင်တနိုင်လုပ်ကြပြီး အသီးအရွက် ရောင်းရတာမှန်သမျှ သန့်ရှင်းတယ်ဆိုပြီး လှူခဲ့တာတွေကလဲ ဘ၀မှာ အမှတ်တရ တခုပါဘဲ။

ဒီနေ့တော့ ဘ၀ရဲ့ အမှတ်တရတွေထဲက တခုဖြစ်ခဲ့တဲ့ သဖန်းသီး ဆားစိမ်မိတာကြောင့် အစိမ်း တို့စားလို့လဲကောင်းပြီး ဆားရည်စိမ်ပြီး တို့စားရင်လဲ ကြွတ်ကြွတ်လေးနဲ့ တို့စားလို့ကောင်းလွန်းတဲ့  သဖန်းသီး ချဉ်ဖတ်လေးထည့်ပြီး ငါးငပိချက်လေး ချက်မိတာမို့ သဖန်းသီး ချဉ်ဖတ်ထည့်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သဖန်းသီး - ဖန်ပုလင်း တလုံးစာ
  • ရေ - ဖန်ပုလင်း တ၀က်
  • ဆားကြမ်း - ထမင်းစားဇွန်း တဇွန်း(ဆားကို ဖန်ပုလင်းထဲ ထည့်ထားသည့်ရေ ငံနေသည် ထိမွှေပေးပါ )
ပြင်ဆင်ပုံ
  1. သဖန်းသီးကို အညှာဖြတ်ပြီး ထက်ခြမ်းခြမ်းကာ ရေ၃နာရီလောက် စိမ်ပေးပါ
  2. ပုလင်းသန့်သန့် တလုံးထဲမှာ ရေနှင့်ဆားကို ငံနေသည်ထိ ရောပြီးဖျော်ထားပေးပါ
  3. ရေစိမ်ထားသော သဖန်းသီးကို ရေ၅ထပ်လောက် လှုပ်လှုပ်ပြီးဆေးပါ
  4. ရေဆေးထားသော သဖန်းသီးကို ဆားရည်ပုလင်းထဲထည့်ကာ အဖုံးလုံအောင် ပိတ်ထားပါ
  5. ၃ရက်လောက်နေရင် သဖန်းသီးချဉ်ဖတ် ရပါပြီ။
သဖန်းသီး သဘာဝ အလုံးကို ခွဲလိုက်ရင် ဘယ်ကနေ ၀င်နေမှန်းမသိတဲ့ ပုရွက်ဆိတ်လေးတွေ ပါတတ်ပါတယ် အဲဒီအကောင်လေးတွေ စင်သွားအောင် ရေနိုင်နိုင်နဲ့ လှုပ်ပြီးဆေးပေးပါ။

Thursday, 21 April 2016

လှော်​စာ ချိုမြမြလေး











လှော်စာဆိုတာ အရမ်းကြိုက်တဲ့ အစာတခုဆိုလဲ မမှားပါဘူး နာဂတောင်တန်းမှာ နေတုန်းက ဒေသအစာဖြစ်ပေမဲ့ ရာသီဥတု အေးတဲ့အတွက် ခက်ခက်ခဲခဲလေး လုပ်ကြရပြီး ရာသီဥတုပူတဲ့ မြေပြန့်မှာဆိုရင်တော့ လုပ်ရတာ ပိုပြီးလွယ်ပါတယ်။

ယူကျူ့မှာ ကြည့်တဲ့နည်းကတော့ dried yeast ball ကို သုံးပါတယ် မာမာကတော့ dried yeast cake ကို သုံးထားပါတယ် ဆိုင်မှာမေးတော့ အတူတူဘဲလို့ ပြောပါတယ် အေးရှန်းဆိုင်မှာ ၀ယ်လို့ရပါတယ် မြန်မာပြည်မှာဆိုရင်တော့ လှော်စာ ဆေးလုံးဆိုပြီး ပရဆေးဆိုင်တွေမှာ မေးပြီးဝယ်လို့ရပါတယ်။

လှော်စာလုပ်တဲ့နေရာမှာ သုံးတဲ့အိုးခွက်တွေ အရမ်းသန့်ရပါတယ် ရှေးလူကြီးတွေအဆိုအရ လှော်စာလုပ်ချိန်မှာ အမျိုးသမီးဆိုရင် သန့်ရှင်းနေချိန်ကျမှ လုပ်ရပါတယ် လှော်စာက နတ်ကြီးတယ်လို့လဲ ပြောကြပါတယ် ဒီနေ့တော့ နတ်ကြီးတဲ့ လှော်စာလုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းဆန် - 500ml
  • ရေ - 500ml
  • ရေသန့် - 250ml
  • ဆား - ထမင်းစားဇွန်း တဇွန်း
  • dried yeast ball - 22g
  • သကြား - 240ml
ပြင်ဆင်ပုံ
  1. ကောက်ညှင်းဆန်ကို ရေဆေးပြီး ရေခနစစ်ထားပါ
  2. ရေစစ်ထားသော ကောက်ညှင်းဆန်500mlကို ရေ 500mlနှင့်  ထမင်းပေါင်းအိုးထဲ ထည့်ကာ ချက်ပေးပါ
  3. ကောက်ညှင်းအပေါ်မူတည်ပြီး ရေကို အတိုးအလျှော့လုပ်ပေးပါ
  4. ချက်ပြီးသော ကောက်ညှင်းသည် မပျော့လွန်း မမာလွန်း အနေအထားရနေရပါမယ်
  5. ချက်ထားသော ကောက်ညှင်းကျက်ပါက မီးပိတ်ပြီး ၁၀မိနစ်ခန့် နှပ်ထားပါ
  6. ပြီးမှ ပန်းကန်ပြား တချပ်ထဲဖြန့်ထည့်ကာ အအေးခံထားပါ
  7. ဆား ကို ရေသန့်နှင့်ရောကာ ပျော်အောင်ဖျော်ထားပါ
  8. Dried yeast ball ကို ကျေသွားအောင် ထုချေပြီး ဇကာစိတ်စိတ်နှင့် စစ်ထားပါ
လှော်စာပြုလုပ်ပုံ
  • အအေးခံထားသော ကောက်ညှင်းပန်းကန်ထဲ တဆေးမှုန့်များ ဖြန့်ထည့်ပါ
  • ပြီးရင် ဆားရည် ထမင်းစားဇွန်း ၈ဇွန်းကို ဖြန့်ပြီးထည့်ပေးပါ
  • ပထမတကြိမ် ဇွန်းနဲ့ ခပ်ဖွဖွနယ်ပေးပါ
  • နောက်တကြိမ် ဆားရည်ကို လက်မှာစွတ်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • အားလုံးပြီးသွားတာနဲ့ ဆားရည်ကို လက်မှာထပ်စွတ်ပြီး ကောက်ညှင်းကို ထမင်းစားဇွန်း တဇွန်းခန့်ယူကာလအလုံးလေး လုပ်ပေးပါ
  • ကောက်ညှင်းလုံးလေးတွေ ရပြီဆိုတာနဲ့ အဆင်သင့်ပြင်ထားသော ဗူး သို့ ဇလုံထဲမှာ စီထည့်ပါ
  • အလုံးလေးတွေအပေါ်ကို ဆားရည် ထမင်းစားဇွန်း၂ဇွန်းကို ဖြူးပေးပါ
  • ပြီးတာနဲ့ လေလုံစေရန် glad wrap ဖြင့် တထပ်အုပ်ပေးပါ
  • အပေါ်မှ ဗူးအဖုံးကိုအုပ်ကာ လက်သုပ်ပုဝါဖြင့်ထုတ်ကာ အခန်းအပူချိန် အများဆုံး ရှိသောနေရာမှာ ထားပေးပါ
  • ရာသီဥတုအပေါ်မူတည်ပြီး ရက်အတိုးအလျှော့ ရှိနိုင်ပေမဲ့ ပုံမှန်အပူချိန်ဆိုရင် ၃ရက်လောက်နေရင် ကစော်ဖောက်လာပါပြီ
  • ထည့်ထားသော ဗူးကို ဖွင့်လိုက်တာနဲ့ လှော်စာနံ့သင်းသင်းလေး ရပြီဆိုရင် စားဖို့ပြင်နိုင်ပါပြီ
  • အပေါ်ယံမှာ အသုံးပြုသော dried yeast ကြောင့် မှိုအနည်းငယ် တက်တတ်ပါတယ်
  • ထိုမှိုများကို ဖယ်ပြီးစားနိုင်ပါတယ်
သကြားရည်ကျိုရန်
  1. သကြား - 120ml
  2. ရေ သန့် - 500ml
အိုးသန့်သန့်တလုံးမှာ သကြားနှင့်ရေကိုရောကာ ပျော်တယ်ဆိုရုံလေး ကျိုပေးပြီး အအေးခံထားပါ
သကြားရည်အေးတာနဲ့ လှော်စာထည့်ထားသော ဗူးထဲကို ဘေးဘက်မှနေ၍ အသာလေး လောင်းထည့်ကာ glad wrapဖြင့်အုပ်ကာ တနာရီလောက်ထားပြီးရင် စားသုံးရန်အသင့်ဖြစ်သော လှော်စာကို ရပါပြီ
ပိုနေသော လှော်စာကို ရေခဲသေတ္တာထဲမှာ ၅ရက်လောက်အထိ ထားပြီး စားနိုင်ပါတယ်။

လှော်စာလုပ်ရာမှာ အသုံးပြုသောပစ္စည်းများ လက်နှင့် လှော်စာထည့်မည့် ဗူးတို့မှာ သန့်ပြန့်သော ပ္စည်းများ ဖြစ်ရပါမယ်
ပထမဦးဆုံးအကြိမ်း စမ်းလုပ်တာဆိုရင် အခုပေးထားသော အချိုးးအစား တ၀က်လောက်ကိုဘဲ စမ်းလုပ်စေချင်ပါတယ်။

မုန့်ဟင်းခါးဖတ် ပြည်ကြီးငါးကြော် အစာသွတ် ကော်ပြန့်စိမ်း









ဗီယက်နမ်ကော်ပြန့်စိမ်း လိပ်နည်းကို အခြေခံပြီး လိပ်ထားတဲ့ ကော်ပြန့်စိမ်းလိပ်နည်းလေးပါ မုန့်ဟင်းခါးဖတ်ထည့်ပြီး လိပ်ထားတဲ့အတွက် တွဲဖက်ပြီးစားရတဲ့ ငရုတ်သီးကြော်က အဓိက ပိုပြီးကျပါတယ် ။
ပြည်ကြီးငါးကြော်နည်းကတော့ တခါတင်ပြီးသားမို့ ထပ်မရေးတော့ဘဲ ငရုတ်သီးကြော်နည်းနဲ့ ကော်ပြန့်လိပ် အစာထည့်နည်းဘဲ မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ကြော်ပြီးအဆင်သင့်ပြင်ထားသော - ပြည်ကြီးငါးကြော်
  • အခွံခွာပြီး ရေဆေးကာ ပုံပါအတိုင်း ခြစ်ထားသော မုံလာဥနီ  - တဥ
  • အခွံခွာပြီး ရေဆေးကာ ပုံပါအတိုင်း ခြစ်ထားသော သခွားသီး - တလုံး
  • ရေဆေးထားသောနံနံပင် - အနည်းငယ်
  • အသင့်သုံးနိုင်သော မုန့်ဟင်းခါးဖတ် - တရုတ်ဟင်းပြင်ပန်းကန် တလုံးစာ
  • Rice paper - ၁၂ရွက်
ပြင်ဆင်ပုံ
  • ကြော်ထားသော ပြည်ကြီးငါးကြော် အေးတာနဲ့ ဆန်ပြားရွက်ကို ရိုးရိုးရေအေးနှင့် ပန်းကန်ပြားတချပ်ထဲ ထဲ့ပြီး စက္ကန့်၂၀လောက်ဘဲ ပျော့လာတဲ့ထိ စိမ်လိုက်ပါ
  • စိမ်ပြီးတာနဲ့ ပန်းကန်ပြားအခြောက် တချပ်ပေါ်ဖြန့်တင်ပြီး ခင်းပေးပါ
  • ဆန်ပြားရွက်ပေါ်မှာ နံနံပင်အနည်းငယ်ကို ခင်းပြီး အပေါ်မှ မုံလာဥနီတထပ် သခွားသီးတထပ် ပြည်ကြီးငါးကြော်နှင့် မုန့်ဟင်းခါးဖတ်ကို အနေတော် ထည့်ပေးပါ
  • ပုံထားသော အစာများဧ။် အောက်ဖက်မှ အစာကိုအုပ်ပြီး စလိပ်ပေးပါ
  • ဘေးနှစ်ဖက်ကို အစာအပေါ်ကို တစဆီ ခေါက်ပေးပါ
  • နောက်ထပ်အောက်ဖက်မှ အလိပ်ပုံစံရတဲ့အထိ ဆက်တိုက်လိပ်ပေးသွားပြီးရင် ရပါပြီ
  • ကော်ပြန့်စိမ်းအပြင်သား ထူထူလေးရအောင် လိပ်ပြီးသား အလိပ်များကို နောက်ထပ်ဆန်ပြားဖတ် တရွက်ဆီကို ရေစိမ်ပြီး ထပ်လိပ်ပေးပါက လှီးတဲ့အခါလှီးလို့ကောင်းသလို စားလို့လဲ ပိုပြီးကောင်းပါတယ်။
ငရုတ်သီးကြော်အတွက် 
  • ငရုပ်သီးလုံးခြမ်းကွဲ - ထမင်းစားဇွန်း ၂ဇွန်း
  • မကျည်းသီးမှည့်အနှစ် - ထမင်းစားဇွန်း ၁ဇွန်း 
  • ငါးငံပြာရည် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ပြင်ဆင်ပုံ
  1. ဆီကိုအရင်ဆုံး အပူပေးပါ
  2. ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို မွှေးသွားအောင် ကြော်လိုက်ပါ
  3. ကြက်သွန်ဖြူ မွှေးလာတာနဲ့ ငရုတ်သီးကို ထည့်မွှေပါ
  4. ငရုတ်သီးနံ့ သင်းလာတာနဲ့ မကျည်းသီးအနှစ်နှင့် ငံပြာရည်ကို ထည့်မွှေကာ ပွက်ပွက်ဆူလာလျှင် မီးပိတ်ပေးပါ
  5. ငရုတ်သီးကြော် ကျက်တာနဲ့ မုန့်ဟင်းခါးဖတ် ပြည်ကြီးငါးကော်ပြန့်စိမ်း စားပွဲပြင်ကာ တို့ပြီးစားနိုင်ပါပြီ။