Monday, 29 February 2016

သင်္ဘောသီး ချဉ်ရည်ဟင်း






အိမ်က သင်္ဘောပင်လေး သီးနေတာ အသီးတွေ ပြွတ်နေတော့ အလုံးသေးတွေခူးပြီး သုပ်စားလိုက် ချဉ်ရည်ဟင်းချက်လိုက် ထောင်းစားလိုက်နဲ့ ဇိမ်ကျလိုက်တဲ့ ဖြစ်ခြင်းပေါ့ရှင် စိုက်လိုက် ခူးလိုက် အိမ်နောက်ဖေးက မာမာ့ဈေးဆိုင်လေးက လိုတရလေးပါ။
ဒီနေ့တော့ခြံထဲက ရုန်းပတေသီး သင်္ဘောသီးလေးတွေနဲ့ချက်ပြီး အင်မတန်စားလို့ကောင်းပြီး ထမင်းစားလို့ မိန်စေမဲ့ သင်္ဘောသီးစိမ်း ချဉ်ရည်ဟင်းလေး ချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သင်္ဘောသီးစိမ်း - အနေတော် တလုံး
  • ရုန်းပတေသီး - ၈တောင့်
  • ပုဇွန်ထုတ် - ၅ကောင်
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ကြက်သွန်ဖြူ -၂မွှာ
  • ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • မကျည်းသီးမှည့် - ကွမ်းသီဆံလုံးလောက်
  • ဆီ - ထမင်းစားဇွန်း ၂ဇွန်း
ပြင်ဆင်ပုံ
  1. သင်္ဘောသီးကို အညှာဖက်မှ လှီးချပြီး ထွက်လာသော အစေးများ စင်သွားအောင် ရေနိုင်နိုင်ဆေးချပါ
  2. ရေဆေးပြီး အစေးကုန်ချိန်ကျမှ အခွံခွာကာ နောက်တခါ ရေဆေးပြီးမှ ပုံပါအတိုင်း လှီးပေးပါ
  3. ရုံးပတေသီးကို ရေဆေးပြီးမှ အညှာဖြတ်ကာ အနေတော် လှီးပေးထားပါ
  4. ကြက်သွန်ဖြူ ကြက်သွန်နီကို ငရုတ်သီးမှုန့်နှင့် ရောပြီးထောင်းပေးပါ
  5. မန်ကျည်းသီးမှည့်ကို ရေအနည်းငယ်နှင့် ခါဆေးပြီး ရေ လက်ဖက်ရည်ပန်းကန်လုံး တလုံးသာသာနှင့် စိမ်ထားပါ
  6. ပုဇွန်ကို ရေဆေးပြီး ကြောဖက်မှ အမည်းကြောင်း ထုတ်ကာ ခေါင်းအခွံ ခွာပေးထားပါ
  7. ဇောက်နက်သော အိုးတလုံးထဲမှာ သင်္ဘောသီးကို ဆား ငံပြာရည် ငရုတ်သီးထောင်း ဆီ အချိုမှုန့်တို့ကို ရောပြီး နယ်ပေးပါ
  8. အရသာ နယ်ထားသော အိုးထဲသို့ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ
  9. ရေဆူလာပြီး အသီးများ အိလာပါက ပုဇွန်ထုတ်ကို ထည့်မွှေကာ မိနစ်ဝက်လောက်ထားပါ
  10. ပြီးမှ ရေတရုတ်ဟင်းရည်သောက် ပန်းကန်လုံး တလုံးခွဲစာထည့်ပြီး ဆူအောင်တည်ပါ
  11. ရေဆူလာတာနဲ့ အဖတ်များဖယ်ကာ မကျည်းမှည့်ရည် ထည့်ပြီး နှစ်မိနစ်လောက် ရေဆူစေ၍ အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  12.  ရုန်းပတေသီးထည့်ပြီး တမိနစ်လောက်ဆူပြီးတာနဲ့ သင်္ဘောသီးစိမ်း ချဉ်ရည်ဟင်းကို စားရန်ပြင်နိုင်ပါပြီ။

ကြက်သွန်ဖြူ ချင်းနှပ် ကြက်သားကြော် မွှေးမွှေးလေး





ဒီတခါတော့ သင်္ဘောသီး ချဉ်ရည်ဟင်းနဲ့ လိုက်ဖက်မဲ့ ကြက်သားကြော်လေး ပို့ခဲ့ပါပြီ ဒီကြော်နည်းလေးအတိုင်း  ကြော်မိတိုင်း ပုရစ်ကြော် အရသာကို တမ်းတမိတာတော့ အမှန်ပါ ပုရစ်ကြော်နဲ့ အရသာဆင်တဲ့ ချင်း ကြက်သွန်ဖြူနံ့ သင်းသင်းလေးနဲ့ ကြက်သားကြော်နည်းလေး မျှဝေလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ 

  • အရည်ခွံပါသော ကြက်ပေါင်ရင်းသား - ၂စုံ
  • ချင်း - ခပ်ပါးပါး ၂ပြား ထောင်းထားပါ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ကြက်သွန်ဖြူ  - ၅မွှာ ထောင်းထားပါ
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် နှစ်လုံး
ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်သားကို ရေဆေးပြီး ရေခြောက်အောင်သုပ်ကာ ကြက်သားမှုန့် နနွင်းမှုန့် နှင့်ချင်းထောင်း တို့နှင့် နယ်ပြီး ဆယ့်ငါးမိနစ်လောက် နှပ်ထားပါ                  
  • ဆီကိုအပူပေးပါ ဆီပူလာက မီးကို အနည်းငယ်လျော့ပြီး မှ ကြက်သားကို ထည့်ကြော်ပေးပါ
  • အပေါ်ယံ အသားနည်းနည်းမာလာမှ တဖက်ကို လှန်ပြီးကြော်ပေးပါ
  • ကြော်နေစဉ် ကြက်သွန်နှင့် ချင်းဖတ်များ ဘေးကိုထွက်လာလျှင် အပေါက်ပါသော ဇွန်းဖြင့် ဆယ်ပြီး ဆယ်ထားပါ
  • တဖက်က ရွှေဝါရောင်သန်းလာပါက နောက်တဖက်ကို လှန်ပြီးကြော်ပေးပါ
  • ကျန်တဲ့တဖက်လဲ ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ 
  • အားလုံးကျက်သွားပါက ဆယ်ပြီးဆီစစ်ထားသော ချင်းနှင့် ကြက်သွန်ကြော်လေးများ ဖြူးပြီး စားသုံးရန်ပြင်ပေးပါ
  • အရည်ခွံ ကြွတ်ကြွတ်လေးနဲ့ ကြက်ကြော်လေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

Sunday, 28 February 2016

ရှမ်းနံနံအုပ် ပုဇွန်လုံး ချဉ်ရည်ဟင်း









ပုဇွန်ထုတ်ကို စဉ်းကောလုပ်ပြီး အမွှေးနံ့သာတွေနဲ့ရောကာ ချဉ်ရည်ဟင်း တမယ်ချက်ထားပါတယ်
ချက်နည်းကတော့ ချဉ်ရည်ဟင်း ချက်နည်းအတိုင်း ရိုးရိုးလေးပါဘဲ ဒါပေမဲ့ ချင်းနဲ့ပုဇွန် ရောပြီးထောင်းထားတဲ့ ပုဇွန်လုံးဟင်း အရသာကက အရသာရှိလွန်းလို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ
  • ပုဇွန်ထုတ် ကြီးကြီး - ၈ကောင်ခန့်
  • ကြက်သွန်နီ - ဥကြီးကြီး တဥနှင့်တ၀က် (တဥကို ပုဇွန်စဉ်းတဲ့အထဲထည့်ရန်)
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ (၃မွှာကို ပုဇွန်စဉ်းတဲ့အထဲထည့်ရန် )
  • ချင်း - လက်တဆစ်
  • ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ပြောင်းကော်မှုန့် - ထမင်းစားဇွန်း တဇွန်းခွဲ
  • ဆီ - ထမင်းစားဇွန်း ၇နှစ်ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း (တ၀က်ကို ပုဇွန်စဥးတဲ့အထဲထည့်ရန်)
  • ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (တ၀က်ကို ပုဇွန်စဉ်းတဲ့အထဲထည့်ရန် )
  • ရှမ်းနံနံ - နှစ်သက်သလောက်
ပြင်ဆင်ပုံ
  1. ပုဇွန်ထုတ်ကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ် ကြောဖက်မှ အမည်းကြောင်းထုတ်ကာ ရေတထပ် ထပ်ဆေးထားပါ
  2. ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ခပ်နုတ်နုတ် လှီးထားပါ
  3. ပုဇွန်ကို ပုံပါအတိုင်း ခပ်နုတ်နုတ်စဉ်းထားပါ
  4. ပုဇွန်စဉ်းပြီးတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ဆား နနွင်းမှုန့် အရသာမှုန့်တို့ထည့်ကာ အချက် ၁၀၀လောက် ဓါးနဲ့ထပ်စဉ်းပေးပါ
  5. ဓါးနဲ့စဉ်းပြီးတာနဲ့ ပြောင်းကော်မှုန့်ကာ ငရုတ်ဆုံထဲထည့်ပြီး အချက်၅၀လောက် ထောင်းပေးပါ
  6. ပုဇွန်ထောင်းပြီးတာနဲ့ အနေတော် အလုံးလေးများ လုံးပေးပါ
  7. ကြက်သွန်ဖြူ  ကြက်သွန်နီတို့ကို ငရုတ်သီးမှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ သို့မဟုတ် ပုံပါအတိုင်း လှီးထားပါ
  8. ခရမ်းချဉ်သီးကို ခပ်ပါးပါး လှီးထားပါ
  9. နံနံပင်ကို ရေဆေးထားပါ
  10. ဇောက်နက်သောအိုးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့်ထည့်ပါ 
  11. ဆီပူထဲမှာ ပုဇွန်လုံးများကို ထည့်ကြော်ပေးပြီး ရွှေဝါရောင်သန်းလာရင် ဆယ်ထားပါ
  12. ကြော်ပြီးသော ဆီများထဲမှ ဆီ ထမင်းစားဇွန်း ၃ဇွန်းစာလောက် ဖယ်ထားပြီး ခပ်နုတ်နုတ်လှီထားသော ကြက်သွန်များနှင့် ငရုတ်သီးကိုထည့်ပြီး ဆီသတ်ပေးပါ
  13. ဆီသတ်နံ့ မွှေးလာတာနဲ့ ခရမ်းချဉ်သီးကို ကျေသွားအောင် ထည့်မွှေပါ
  14. ခရမ်းချဉ်သီးကျေတာနဲ့ ပုဇွန်လုံး ငံပြာရည် ဆား အရသာမှုန့်ထည့်ကာမွှေပါ
  15. အရသာများ ထည့်ပြီးပါက ပုဇွန်လုံးကို ရေမြုပ်အောင်ထည့်ပြီး အရင်ဆုံး ရေဆူအောင်တည်လိုက်ပါ
  16. ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပြီး ဆီကျန်ရေကျန် အချိန်မှာ အရသာမြည်း၍ လိုသလိုပြင်ကာ ရှမ်းနံနံအုပ်ပြီး စားသုံးရန် ပြင်ပေးပါ



Saturday, 27 February 2016

ဆိတ်သား အစပ်ကြော်




အသားဟင်းအတွက် ဘာချက်ရင်ကောင်းမလဲ စဉ်းစားစဉ်းစားပြီး ဒီတခါတော့ ဆိတ်သားကို ချင်းအစပ်ကြော်ချက်လေး ချက်လိုက်တာမို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်

တကယ်တော့ အခုလိုချက်တာ အမဲသားနဲ့ချက်တဲ့ တရုတ်ဟင်းလျာ တမျိုးပါ မာမာက အမဲသားအစား ဆိတ်သားနဲ့ ချက်ထားတာပါ
ပါဝင်ပစ္စည်းများ

  • ဆိတ်သား - 500g
  • ကြက်သွန်နီ - အနေတော် တဥ
  • ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၃မွှာ
  • ငရုတ်သီး အခြောက်တောင့် - ၆တောင့်
  • ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း ၃ဇွန်း
  • ချင်း - လက်မ၀က်ခန့်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ပြင်ဆင်ပုံ

  1. ဆိတ်သားကို လက်၂လုံးလောက်အနေအထား ရအောင်လှီးထားပါ
  2. လှီးထားသော ဆိတ်သားကို သံပုရာရည်ညှစ်ပြီး နယ်ထား၍ ၁၅မိနစ်လောက် နှပ်ထားကာ ပြီးတာနဲ့ ရေ ၂ထပ် ဆေးထားပါ
  3. ရေဆေးထားသော ဆိတ်သားကို ဆား နနွင်း အရသာမှုန့်တို့နဲ့ နယ်ထားပါ
  4. ကြက်သွန်နီကို ခပ်ကြမ်းကြမ်း အဖတ်လေးများ ရအောင် လှီးထားပါ
  5. ကြက်သွန်ဖြူကို အခွံခွာကာ ဓါးပြားရိုက်ပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  6. ချင်းကို အခွံခွာပြီး အရှည်အမြှောင်း ရအောင်လှီးထားပါ
  7. ငရုတ်သီးအခြောက်တောင့်နှင့် ငရုတ်သီးအကြမ်းမှုန့်တို့ကို ပြင်ထားပါ
  8. ဇောက်နက်သော အိုးတလုံကို အပူပေးပြီး ဆီထည့်ပါ
  9. ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်ဖြူ  ကြက်သွန်နီ ငရုတ်သီးတောင့်တို့ကို မွှေးလာအောင် ကြော်ပေးပါ
  10. ကြက်သွန်များ မွှေးလာတာနဲ့ အရသာနယ်ထားသော ဆိတ်သားကို ထည့်ကြော်လိုက်ပါ
  11. ကြော်ထားသော ဆိတ်သား မွှေးလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ထားပါ
  12. ရေမခမ်းခင် လှီးထားသော ချင်းကို ထည့်မွှေပြီး အဖုံးပြန်အုပ်ထားပါ
  13. ဆီသံကြားတာနဲ့ ငရုတ်သီး အကြမ်းမှုန့်ထည့်ပြီး အဆက်မပြတ် မွှေပေးပါ
  14. ငရုတ်သီးနံ့ မွှေးလာပြီး ဆိတ်သားနံ့မွှေးလာကာ ဆီကျွတ်ကျွတ်မြည်တာနဲ့ ဆိတ်သားချင်း အစပ်ကြော် မွှေးမွှေးစပ်စပ်လေးကို စားသုံးရန် ပြင်ဆင်နိုင်ပါပြီ။
ဆိတ်သားအစား ၀က်သားအသားကောင်းကောင်း အမဲသား အသေားကောင်းကောင်း သိုးသားတို့ကိုလဲ ဤကဲ့သို့ ချက်နိုင်ပါတယ်။

သတ်သတ်လွတ် ထမင်းနယ်





တခါတရံ နေ့လည်နေ့ခင်း အစာပြေ ဘာလေးစားရင်ကောင်းမလဲ စဉ်းစားလိုက်တိုင်း ခပ်စိမ့်စိမ့် အစာလေးတွေ စားချင်ခဲ့မိတယ်
ဒါကြောင့်မို့ ဒီတခါတော့ အာလူးနဲ့ ခရမ်းချဉ်သီးကို ပြုပ်ပြီး အာလူးထမင်းနယ်လေး လုပ်စားဖြစ်သွားခဲ့ပါတယ် ထမင်းနယ်လေး လုပ်စားလိုက်တာ အင်မတန်မှ ခံတွင်းလိုက်တဲ့ ထမင်းနယ်တပွဲ ဖြစ်ခဲ့တာမို့ အာလူးထမင်းနယ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေစင်အောင်ဆေးပြီး နူးနေအောင်ပြုပ်ထားသော အာလူး - အလုံးကြီးကြီး ၂လုံး
  • နူးနေမောင်ပြုပ်ထားသော ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
  • ဆန်  - ပေါင်းအိုး ဆန်ချင်ဗူး ၂ဗူးကို ချက်ထားသော ထမင်း
  • ငရုတ်သီး အခြောက် - ၁၀တောင့်ခန့်
  • အခွံခွာထားသော ကြက်သွန်ဖြူ - ၅မွှာ
  • မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ၁၀ဇွန်း
  • နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ကြက်သွန်မိတ် သို့မဟုတ် ဂျူးမြှစ် - နှစ်သက်သလောက်
  • မြေပဲကြော် - နှစ်သက်သလောက်
  • ခေါပုတ် - နှစ်သက်သလောက်
ပြင်ဆင်ချက်ပြုပ်ပုံ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • အာလူးကို အခွံခွာပြီး ကျေနေအောင် ချေထားပါ
  • ခရမ်းချဉ်သီးကို အခွံခွာပြီး အစေ့ထုတ်ထားပါ
  • ခေါပုတ်ကို မွှေးသွားအောင် မီးကင်ပေးပါ
  • မြေပဲကို ကြွတ်နေအောင်ကြော်ပြီး ဆီစစ်ထားပါ
  • ကြက်သွန်မိတ်များကို ရေဆေးပြီး ရေစစ်ထားပါ
  • ငရုတ်သီးတောင့်များကိုကြော်ပြီး ဆီစစ်ထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပြီး ဆီပူလာပါက ထောင်းထားသော ကြက်သွန်ဖြူကို ကြော်ပေးပါ
  • ကြက်သွန်ဖြူများ ရွှေဝါရောင်သန်းလာရင် ဆယ်ပြီး အအေးခံထားပါ

အာလူးထမင်းနယ်ရန် ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ် တလုံးထဲမှာ ထမင်း အာလူး ခရမ်းချဉ်သီး ဆား အချိုမှုန့်တို့ကို စေးပိုင်လာအောင် နယ်ပေးပါ
  • အားလုံးကိုရောပြီးပါက ကိုယ်နှစ်သက်သလို ထမင်းကို ပုံဖေါ်ကာ ထမင်းအပေါ်မှ ကြက်သွန်ဖြူကြော် ဖြူးပါ
  • မြေပဲကြော် ခေါပုတ် ကြက်သွန်ဖြူ ကြက်သွန်မိတ် ငရုတ်သီးတောင့်ကြော်တို့နှင့်တွဲကာ အဆင်ပြေသလို စားသုံးနိုင်ပါပြီ။

Friday, 26 February 2016

ပဲပြုပ် ချိုချိုအိအိလေး ( ဒုတိယနည်း )





ပဲပြုပ်ကအပင်ဖောက်ပြီးပြုပ်မှ ချိုတာမို့ မာမာတော့ အပင်ဖောက်ရက် ၃ရက်လောက်နေမှ ပဲကိုပြုပ်လေ့ ရှိပါတယ် ဒီတခါတော့ ပဲကိုအပင် မဖောက်တော့ဘဲ တညသိပ် ရေစိမ်ပြီး ထန်းလျှက်အပြင် ဆီ ပဲငံပြာရည်တို့ထည့်ပြီး ပြုပ်နည်းလေး ထပ်ပြောင်းထားပါတယ် ပြုပ်ရတာ အရင်ပဲပြုပ်သလိုလွယ်ပြီး  ပဲသားအိအိလေးလဲရပါတယ် ပဲပြုပ်တဲ့အခါ အိုးကိုခနခန ဖွင့်မကြည့်ရသလို မွှေပေးစရာလဲ မလိုပါဘူး ခနခန အိုးအဖုန်းဖွင့်ပြီး ကြည့်တဲ့အခါ မွှေပေးအခါတွေမှာ ပဲကအခွံတွေကျွတ်ထွက်ကုန်ပြီး မလှတော့ဘဲ ဖြစ်သွားတတ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲ - 375g
  • ထန်းလျှက် ကွမ်းသီးဆံသာသာ - ၂ခဲနှင့်တ၀က်
  • ဆီ - ထမင်းစားဇွန်း တဇွန်းခွဲ
  • ပဲငံပြာရည်အပြစ် - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်

ပြင်ဆင်ပုံ

  • ပဲများကို ၁၀နာရီလောက် ရေမြုပ်အောင်ထဲ့ပြီး ရေ၀အောင်စိမ်ထားပေးပါ 
  • ရေ၀ပြီး ပဲများပွလာပြီဆိုတာနဲ့ ပြုပ်ဖို့ပြင်ပါမယ်
  • အောက်ခြေထူသော အိုးထဲသို့ပဲကိုပြောင်းပြီး ထဲ့ပေးပါ
  • ရေကိုပဲအထက် လက်တစ်ဆစ်မြုပ်အောင် ထဲ့ပေးပါ
  • ထန်းလျှက်ခဲ ကွမ်းသီးဆံ အလုံးသာသာလောက် ၂ခဲနှင့်တ၀က်ထဲ့ပြီး အိုးအဖုံးအုပ်ကာ ပြုပ်ပေးပါ
  • ရေပွက်ပွက်ဆူလာပြီဆိုတာနဲ့ ပဲငံပြာရည်အပြစ် ဆား နှင့်ဆီကိုထည့်ပြီး ဆက်ပြုပ်ပါ
  • ရေခမ်းကာနီးပါက မီးကို နံပါတ်တစ်လောက်ထိ လျှော့ချပြီး ပဲကို မီးအေးအေးနဲ့နှပ်ပေးပါ
  • ရေခမ်းပြီး ပဲများနပ်လောက်ချိန်မှာ အထက်အောက် အိုးကိုခလောက်ပြီး ပဲကိုလှန်ပေးကာ မီးပိတ်ပြီး မီးဖိုပေါ်မှာ လက်ကျန်အပူရှိန်နဲ့နှပ်ထားပေးပါ။
  • ပဲနပ်သွားပြီဆိုပါက ချိုပြီးအိသော ပဲပြုပ်အိအိမွှေးမွှေးလေးကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။

ဆိတ်သားမဆလာ အစပ်ကြော်



ဒီဟင်းချက်နည်းက အမဲသားနဲ့ချက်တဲ့ တရုတ်ဟင်းလျာချက်နည်း တမျိုးပါဘဲ မာမာက ဆိတ်သားနဲ့ချက်ထားပြီး စားကောင်းလွန်းတဲ့  မဆလာ အစပ်ကြော်နည်းလေး မျှဝေလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

  • ဆိတ်သား - 500g
  • သံပုရာသီး - အနေတော် တခြမ်း
  • ငရုတ်သီး - လုံးခြမ်းကွဲ ထမင်းစားဇွန်း တဇွန်းမောက်မောက်
  • ချင်း - လက်မ၀က်ခန့်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - ဟင်းခပ်ဇွန်းကြီး ၅ဇွန်း
ပြင်ဆင်ပုံ

  1. ဆိတ်သားကို လက်၃လုံးလောက် အထူ အနေအထား ရအောင်လှီးထားပါ
  2. လှီးထားသော ဆိတ်သားကို သံပုရာရည်ညှစ်ပြီး နယ်ထား၍ ၁၅မိနစ်လောက် နှပ်ထားကာ ပြီးတာနဲ့ ရေ ၂ထပ် ဆေးထားပါ
  3. ရေဆေးထားသော ဆိတ်သားကို ငရုတ်သီးမှုန့် ဆား နနွင်း အရသာမှုန့်တို့နဲ့ နယ်ထားပါ
  4. ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းကာ အရည်ညှစ်ပြီး အသားထဲ ထည့်နယ်ထားကာ ရေခဲသေတ္တာထဲမှာ ၃နာရီလောက် နှပ်ထားပါ
  5. ဇောက်နက်သော အိုးတလုံကို အပူပေးပြီး ဆီထည့်ပါ
  6. ဆီအငွေ့တက်လာတာနဲ့အရသာနယ်ထားသော ဆိတ်သားကို ထည့်ကြော်လိုက်ပါ
  7. ကြော်ထားသော ဆိတ်သား မွှေးလာတာနဲ့ မီးအနည်းငယ်လျှော့ကာ ဆိတ်သားမာပြီး အရောင်ပြောင်းလာတဲ့ထိ၇ ကြော်ပေးပါ
  8. ငရုတ်သီးနံ့ မွှေးလာပြီး ဆိတ်သားနံ့မွှေးလာကာ ဆိတ်သားကျက်တာနဲ့ ဆိတ်သားမဆလာကြော် မွှေးမွှေးစပ်စပ်လေးကို စားသုံးရန် ပြင်ဆင်နိုင်ပါပြီ။
ဆိတ်သားအစား ၀က်သား အသားကောင်းကောင်း အမဲသား အသားကောင်းကောင်း သိုးသားတို့ကိုလဲ ဤကဲ့သို့ ချက်နိုင်ပါတယ်။

Thursday, 25 February 2016

ပူစီနံ ပုဇွန်လုံးကြော် မွှေးမွှေးလေး



အိမ်ရှင်မရဲ့ တနေ့တာ အိပ်ရာက နိုးတာနဲ့ ဘာချက်ရင် ကောင်းမလဲ ဘယ်လိုလေး စီစဉ်ရရင် ကောင်းမလဲ စဉ်းစားလိုက်တိုင်း မိသားစု အကြိုက်လေး ဦးစားပေး ချက်ရတာကလဲ သဘာဝ တခုလို ဖြစ်နေပါပြီ။

ပူစီနံနဲ့ပုဇွန်လုံး မွှေးမွှေးလေး ကြော်ဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ် ပူစီနံအနံ့မွှေးမွှေးလေးရယ် ပုဇွန်အရသာ ချိုလဲချိုလေးရယ် ပေါင်းစပ်ပြီး ကြော်ထားတဲ့ အရသာ ထူးလွန်းလို့ ကြော်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုဇွန်ထုတ် - 370g
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ချင်း - လက်တဆစ်ရဲ့တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • တန်ပူရာမှုန့် - ထမင်းစားဇွန်း တဇွန်း မောက်မောက်
  • ဆား  - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ပူစီနံ - ၇ညွန့်ခန့်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  • ဆလတ်ရွက် - လိုသလောက်
ပြင်ဆင်ချက်ပြုပ်ပုံ
  • ပုဇွန်ကို အခွံခွာ အမြှီးဖြုတ် ခေါင်းဖြုတ်ပြီး ကြောဖက်မှ အရှည်လိုက်ခွဲပြီး အမဲကြောင်းကို ဖယ်ပေးပါ
  • အားလုံးပြီးလျှင် ရေတထပ်ဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • ပုဇွန်ရေစစ်ပါက စဥ့်နီတုန်းပေါ်မှာချင်း ပုဇွန် အရသာမှုန့် ဆား နနွင်မှုန့် ကြက်သွန်ဖြူ ကြက်သွန်နီ ပူစီနံရွက်နှင့် ပြောင်းကော်မှုန့်တို့ထည့်ပြီး တောက်တောက်စဉ်းပေးပါ
  • အားလုံး နုတ်နုတ်စဉ်းလို့ပြီးပါက ထမင်းစားဇွန်း တဇွန်းစာယူပြီး ဆုတ်ကာလုံးပေးပါ
  • ဆီကိုအပူပေးပြီး ဆီပူလာပါက လုံးထားသော ပုဇွန်ကို မထည့်ခင် မီးကို အနေတော် ပြန်လျှော့ပေးပြီးမှ ပုဇွန်လုံးကို ထည့်ကြော်ပါ
  • တဖက်ကျက်တာနဲ့နောက်တဖက်လှန်ပြီး ဆက်ကြော်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါ  ဆလတ်ရွက် နှစ်သက်ရာ အချဉ်နဲ့ စားသုံးနိုင်ပါပြီ။




တို့ဟူး တုံတုံလေး ကျိုရအောင်



တိုင်းတပါး ရောက်နေချိန်မှာ မြန်မာအစားအသောက်လေးတွေ တမ်းတမက်မောမိလေတိုင်း ကိုယ်တိုင်ပြင်ဆင်ရတာ သဘောကြသလို သမီးငယ်လေးကိုလဲ တတ်သည့်ပညာ မနေသာ သင်ပေးတတ်လေတော့ ဒီတခါလဲ တို့ဟူးသုပ် ချဉ်ငံစပ်လေး စားချင်စိတ်ပေါ်လာတာမို့ သားအမိ၂ယောက် တို့ဟူးကျိုကြပါတယ်။

ပဲမှုန့်ရေစိမ်ချိန် လျှော့ထားသလို ပဲကျိုချိန်မှာ ဆီကိုလဲ ပိုပြီးထည့်ပြီး ကျိုထားတဲ့အတွက် တို့ဟူးသား တုန်တုန်အိအိလေး ရတဲ့အတွက် ကျိုတဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲအစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် ၃ခွက်
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် ၄ခွက်ခွဲ
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ပဲမှုန့်နှင့်ရေကိုရောကာ ပဲအနှစ်တွေ ကျေအောင်ချေပြီး ၂နာရီလောက် နှပ်ထားပေးပါ
  • ပဲမှုန့်ချင်တွယ်ရာမှာ မည်သည့်ခွက်နှင့်ဘဲချင်ချင်  ပဲမှုန့်တစ်ခွက်ကို ပဲမှုန့်ချင်သည့်ခွက် ရေတစ်ခွက်ခွဲနှင့် ရောပေးရင်ရပါတယ်။

တို့ဟူးကျိုဖို့ပြင်ပါမယ်
  • တို့ဟူးကျိုပြီးထဲ့ရန် ဇလုံပန်းကန်လုံးကို ဆီနှင့်နေရာနှံ့အောင် သုပ်ထားပေးပါ
  • တို့ဟူးကျိုရန် ဇောက်နက်သော အိုးကိုအပူပေပါ
  • အိုးပူလာပြီဆိုတာနဲ့ ရေစိမ်ထားသော ပဲရည်ကြည်ကို အရင်ဆုံး ဇလုံတခုအတွင်း သွန်ချလိုက်ပါ
  • သွန်ပြစ်သော ပဲရည်ကြည်ကို ပြန်မသုံးတော့ဘဲ သွန်ပြစ်လိုက်ပါ
  • သွန်ပြစ်သော ပဲရည်ကြည် အချိုးအစားအတိုင်း ရေသန့်သန့်ကို ထည့်ပေးပါ
  • အိုးထဲသို့ ပဲရည်ကြည်အစား ထည့်သောရေနှင့် ပဲအနှစ်တို့ ထဲ့ပြီးတာနဲ့ ဆားလက်ဖက်ရည်ဇွန်း တ၀က် နနွင်းမှုန့်လက်ဖက်ရည်ဇွန်း သုံးပုံတပုံ ဆီထမင်းစားဇွန်း သုံးဇွန်းတို့ထဲ့ကာ ပြစ်လာအောင် ကျိုလိုက်ပါ
  • ပဲအရည် ကျိုနေစဉ် ပဲအိုးကို သစ်သားယောင်းမနှင့် အဆက်မပြတ် မွှေပေးပါ
  • ကျိုနေရင်း ပဲရည်ပြစ်လာပြီးတာနဲ့ မီးကိုနဲနဲထပ်လျှော့ပေးပြီး အဆက်မပြတ်မွှေပေးပါ
  • ၁၀မိနစ်ကျော်ကျော်လောက် မွှေပြီးပါက ပဲအနှစ်များပြစ်ပြီး ခဲလာပါပြီ
  • ဆီသုပ်ထားသော ဇလုံပန်းကန်ထဲသို့ ကျိုထားသောပဲအနှစ်များ လောင်းချပေးပြီး မျက်နှာပြင်ညီအောင်ညှိပေးပါ
  • နာရီဝက်လောက်နေရင် အေးပြီးခဲနေသာ တို့ဟူးတုန်တုန် အိအိလေးရပါပြီ
  • ချဉ်ငံစပ်လေး သုပ်စားမလား တို့ဟူးကြော်လေး ကြော်စားမလား အရမ်းကို အဆင်ပြေစေတဲ့ တို့ဟူးလေးပါ

ဆိတ်သား ကီးမားမွှေးမွှေးလေး





ပလာတာ ချာပါတီ နံပြား  ပေါင်မုန့် ထမင်းပူပူတို့နဲ့ အရမ်းကို လိုက်ဖက်တဲ့ ဆိတ်သားကီးမား ချက်နည်းလေး မျှဝေလိုက်ပါတယ်
ပါဝင်ပစ္စည်းများ

  • ဆိတ်သား - 250g
  • ကြက်သွန်နီ - အနေတော် ၅လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  • ခရမ်းချဉ်သီး - အနေတော် ၄လုံး
  • ငရုတ်သီးစိမ်း - အတောင့်ကြီးကြီး ၄တောင့်
  • ချင်း - လက်တဆစ်ခန့်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • မဆလာ - လက်ဖက်ရည်ဇွန်း ၂ဇွန်းမောက်မောက်
  • ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တဇွန်းခွဲ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - ဟင်းခပ်ဇွန်းကြီး ၃ဇွန်း

ပြင်ဆင်ပုံ

  1. ဆိတ်သားကို အတုံးလိုက် ရေဆေးပြီး ကြိတ်စက်ထဲထည့်ပြီး တမိနစ်စီ ၂ခါလောက် ကြိတ်ပေးပါ
  2. ကြိတ်ထားသော ဆိတ်သားကို မဆလာတ၀က် ဆား နနွင်း အရသာမှုန့်တို့နဲ့ နယ်ထားပြီး အနည်းဆုံး နာရီဝက်လောက် နှပ်ထားပါ
  3. ကြက်သွန်နီများကို အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ
  4. ကြက်သွန်ဖြူများကို အခွံခွာပြီး ရေဆေးက ခပ်နုတ်နုတ်စဉ်းထားပါ
  5. ကြက်သွန်နီ နှစ်လုံးကို ခပ်နုတ်နုတ်လှီးထားပါ
  6. ကျန်သော ကြက်သွန်နီ ၃လုံးကို လက်တလုံးခန့်အထူ အကွင်းလိုက် လှီးထားပါ
  7. ငရုတ်သီးစိမ်းကို အနေတော် လှီးထားပါ
  8. ခရမ်းချဉ်သီးကို ပုံပါအတိုင်း လေးစိတ် စိတ်ထားပါ
  9. ငရုတ်သီး အရောင်တင်မှုန့်ကို အဆင်သင့် ပြင်ထားပါ

ဟင်းချက်ရန်

  1. ဇောက်နက်သော အိုးကို အပူပေးပါ
  2. အိုးပူလာပါက ဆီကိုအငွေ့တက်လာအောင် တည်ပါ
  3. ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းနှင့် ငရုတ်သီးမှုန့်တို့ကို မွှေးလာတဲ့ထိ ဆီသတ်ပါ
  4. ငရုတ်သီးနံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ဆိတ်သားကို ထည့်ပြီး ဆီသတ်ပါ
  5. ဆီသတ်စဉ် အသားများကို မကြာမကြာ မွှေပေးပါ
  6. ၅မိနစ်လောက်ကြာအောင် ဆီသတ်ပြီးမှ အသားနူးစေရန် ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  7. ရေမခမ်းခင် အကွင်းလိုက် လှီးထားသော ကြက်သွန်နီ ငရုတ်သီးစိမ်း ခရမ်းချဉ်သီးနှင့် ကျန်သော မဆလာတ၀က်တို့ကို ထည့်မွှေ၍ ရေခမ်းပြီး ဆီပြန်အောင် တည်ပေးပါ
  8. ဆီပြန်လာပါက အရသာမြည်းကာ လိုသလိုပြင်ပြီး ပေါင်မုန့် နံပြား ပလာတာ  ချာပါတီ ထမင်းပူပူတို့နှင့် နှစ်သက်သလိုတွဲဖက်ပြီး သုံးဆောင် နိုင်ပါပြီ။
ဆိတ်သားအစား အမဲသား သိုးသားတို့နှင့်လည်း ဤနည်းအတိုင်း ချက်နိုင်ပါတယ်။

Wednesday, 24 February 2016

ပြည်တော်သာ မုန့်ပြားသလက် (မုန့်ရေပါး မွှေးမွှေးလေး)







နေ့လည်နေ့ခင်း အပျင်းလဲပြေ စားလို့လဲကောင်းတဲ့ မုန့်လေးပါ ဒီမုန့်ကို အခေါ်အဝေါ်တွေက များလွန်းလို့ ခေါင်းစဉ်ကို ပြည်တော်သာ မုန့်ပြားသလက်လို့ဘဲ ရေးလိုက်ပါတယ်။

တချို့ကတော့ ပြည်တော်သာ မုန့်ပြားသလက် မုန့်ရေပါး ခြွေတာရေးမုန့် လမ်းသရဲခေါက်မုန့် ရေမုန့်ဆိုပြီး အမျိုးမျိုးခေါ်ကြပါတယ် စားလို့ကောင်းလွန်းတဲ့ မုန့်လုပ်နည်းလေး မျှဝေလိုက်ပါတယ်။


မုန့်၅ခုစာအတွက်
ပါဝင်ပစ္စည်းများ

  • ဆန်မှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး တဗူး
  • ရေ. - ထမင်းပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူး
  • ချင်း - တလက်မလောက်ကို ထောင်းပြီး အရည်ညှစ်ယူပါ
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆိုဒါ - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အနေတော်လှီးထားသော ခရမ်းချဉ်သီး - တရုတ်ဟင်းပြင်ပန်းကန် တလုံးစာ
  • ပဲပင်ပေါက် - တရုတ်ဟင်းပြင်ပန်းကန် တလုံးမောက်မောက်
  • အနေတော်လှီးထားသော ကြက်သွန်မိတ် - တရုတ်ဟင်းပြင်ပန်းကန် တလုံးစာ
  • ပါးပါးလှီးထားသော ငရုတ်သီးစိမ်း - ၇တောင့်
  • ပဲပြုပ် - တရုတ်ဟင်းပြင်ပန်းကန်အသေး တလုံးစာ
  • ဆီ - လက်ဖက်ရည်ကြမ်းပန်းကန် တလုံး
မုန့်နှစ်ရည်စပ်ရန်အတွက်
  • ဆန်မှုန့် ရေ ချင်းရည် အရသာမှုန့် ဆိုဒါ ဆားတို့ကိုရောပြီး မုန့်ရည်စပ်ထားပေးပါ
  • အနေတော်လှီးထားသော ကြက်သွန်မိတ်နှင့် ပဲပြုပ်တို့ကို မုန့်နှစ်ရည်ထဲမှာ ရောပြီးမွှေထားပါ
မုန့်လုပ်ရန်
  1. မုန့်လုပ်သော ဒယ်အိုးအပြားကို မီးအနေတော်နှင့် အပူပေးပါ
  2. အိုးပူလာပါက အိုးကိုဆီသုတ်ပေးပြီး မုန့်နှစ်ရည်ကို ယောက်ချိုဇွန်းဖြင့် မွှေခတ်ကာ အိုးထဲမှာ ဖြန့်ထည့်ပေးပါ
  3. ပြီးတာနဲ့ ပဲပင်ပေါက် ခရမ်းချဉ်သီး ငရုတ်သီးစိမ်းတို့ကို ပုံပါအတိုင်း ထည့်ပေးပါ
  4. မုန့်သားအပေါ်ကို ဆီသုတ်တံဖြင့် ဆီလိုက်သုပ်ပေးပါ
  5. ဆီသုပ်ပြီးတာနဲ့ အိုးအဖုံးကို  ခနလေးအုပ်ပေးပြီး ဘေးသားများ ကြွတ်လာတာနဲ့ မုန့်ဘေးသားများကို အစာပေါ်သို့ ပုံပါအတိုင်း ခေါက်တင်ပေးပါ
  6. အိုးအပူပေါ်မှာ မုန့်သားများ ပိုပြီးကြွတ်လာစေရန် ခနထားပြီးမှ ပန်းကန်တချပ်ပေါ် ပြောင်းတင်ပြီး ချဉ်ချဉ်စပ်စပ်မွှေးမွှေး မုန့် ပူပူလေးကို စားသုံးနိုင်ပါပြီ။

Tuesday, 23 February 2016

မုန့်ကြပ်တိုက် ချိုချို စိမ့်စိမ့်လေး






ဒီနေ့တော့ မြန်မာမုန့်အချိုစိမ့်စိမ့်လေး စားရအောင် မာမာ မုန့်ကြပ်တိုက်လေး လုပ်ပါတယ် မာမာတို့ငယ်ငယ်က အိမ်မှာ ခနခနလုပ်စားဖြစ်တဲ့ မုန့်တမျိုးပါ ကောက်ညှင်းမုန့် ကြိုက်သူတွေအတွက် နှစ်သက်မဲ့ မုန့်တမျိုးပါ။

မုန့်ကြပ်တိုက်က ကောက်ညှင်းမှုန့်နဲ့ရေရောပြီး မုန့်စပ်ရုံပါဘဲ မုန့်သားမပေါက်အောင်တော့ မုန့်နှစ်ကို အသားသေအောင် ထားရပါတယ် မုန့်ကြပ်တိုက်ဆိုပေမဲ့ ဆီနည်းနည်းနဲ့ အိုးပူတိုက်တာဘဲ ဖြစ်ပါတယ် နည်းလေးသိရင် စားလို့အရမ်းကောင်းသလို မုန့်လုပ်ရတာလို့လဲ လွယ်ပါတယ် မုန့်စပ်နည်းနဲ့ အိုးပူတိုက်နည်း ကျွမ်းကျင်ရင်တော့ ခနခနလုပ်စားဖြစ်မဲ့ မုန့်လေးတမျိုး ဖြစ်ပါတယ်။

မုန့်မလုပ်ခင် မုန့်သားနယ်ပြီး အနည်းဆုံ ၂နာရီ၃နာရီလောက် မုန့်သား အသားသေအောင် ထားပေးရပါတယ် မုန့်သားမသေရင် ကြော်တဲ့အခါမှာ မုန့်သားက ထပေါက်ပြီး  မုန့်သားပူပူတွေ  ခပ်ဝေးဝေးထိ လွင့်စင်ပြီး ပေါက်တတ်ပါတယ်။

ဒါကြောင့်မို့ ဆီပူမထိရလေအောင် မုန့်သား အသားသေအောင်ထားပြီးမှ အိုးပူတိုက်တာအကောင်းဆုံးပါ မုန့်သား အသားသေသွားရင်တော့ ကြော်နေစဉ် ဆီပူပေါက်ပြီးမှန်မှာ မကြောက်ရတော့ပါဘူး။

မုန့်ကြပ်တိုက် ၁၅ခုစာအတွက် မာမာတို့ ပြင်ကြရအောင်ပါ။

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းမှုန့်. - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  • ရေစိမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးသာသာ
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • ထန်းလျှက်ခဲ - 200g

ပြင်ဆင်ပုံ

  • ကောက်ညှင်းမှုန့်ကို ရေထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးသာသာတို့ကို နည်းနည်းချင်းထဲ့ကာ နယ်ပေးပါ
  • ကောက်ညှင်းမှုန့်အပေါ်မူတည်ပြီး ရေကို နည်းနည်းချင်းထဲ့ပြီး နယ်ပေးပါ
  • မုန့်သားပျော့ပြီး စေးလာပြီဆိုရင် မုန့်သားအရမ်းမပျော့စေရန် ရေအကုန်မထဲ့ဘဲ ရေကိုချန်ထားလိုက်ပါ
  • မုန့်သားပျော့လာပါက အ၀တ်စသန့်သန့်ကို ရေစွတ်ပြီး ရေညှစ်ကာ မုန့်သားအပေါ် အုပ်ထားပေးပါ
  • မုန့်သား အသားသေပြီး ကြော်လို့ကောင်းစေရန် မုန့်သားကို အနည်းဆုံး ၂နာရီကျော် ၃နာရီလောက် နှပ်ထားပေးပါ။
  • မုန့်သားနှပ်ပြီးတာနဲ့ လက်တဖျစ်စာသာသာ  အနေတော်မုန့်သားကိုယူကာ လက်ဖ၀ါး နှစ်ဖက်နဲ့ ပွတ်ပြီး မုန့်သားရှည်ရှည်လေးရအောင်လုပ်ကာ ပုံပါပြထားတဲ့အတိုင်းရအောင်  ဖိပြီးပြားလိုက်ပါ
  • အောက်ခြေမကပ်သော ဒယ်အိုးပြားကို ဆီပါတယ်ဆိုရုံလေးထည့်ပြီး ဆီကို မီးအပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်သို့ လျှော့လိုက်ပါ
  • မီးပြင်းလွန်းရင် အတွင်းသားတွေ မကျက်ဘဲ အပြင်သားလဲ ကျွမ်းလွယ်ပါတယ်
  • မီးအနေတော်နဲ့ အိုးပူတိုက်နေစဉ်  တဖက်ကျက်ရင် တဖက်ကို လှန်ပေးပါ
  • ၂ဖက်လုံး မုန့်သားအရောင် ပြောင်းသွားပြီး အပြင်ခွံ ကျွတ်လာပါက ဆယ်ပြီး ဆီစစ်သော စက္ကူပေါ်တင်ပြီး ဆီစစ်ပေးပါ
ထန်းလျှက်ရည်ကျိုပါမယ်
  • ထန်းလျှက်ခဲ - 200g
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  • မီးအနေတော်နဲ့ ရေနှင့် ထန်းလျှက်ခဲကို ကျေအောင်ကျိုပေးပါ
  • ထန်းလျှက်ခဲများ ကျေသွားပါက အရည်ကို ဆက်တိုက်မွှေပေးပါ
  • မွှေနေစဉ် ထန်းလျှက်ရည် ပေါက်စေးကျအောင် ကျိုပေးပါ
  • ပေါက်စေးကျမကျ  အနေအထား ရမရသိစေရန် ထန်းလျှက်ရည်ကို သစ်သားယောင်းမနှင့် ဆယ်ပြီး အိုးထဲမှာဘဲ ပြန်လောင်းချကြည့်ပါ
  • သစ်သားယောင်းမမှာ ခပ်ပြစ်ပြစ်အနေအထား ကပ်နေပြီဆိုရင် ရပါပြီ
  • ထန်းလျှက်ရည် ပေါက်စေးကျ အနေအထားလောက်ရရင် အအေးခံပြီး မုန့်ကြပ်တိုက်နှင့် တို့ပြီး စားလို့ရပါပြီ။

ဆိတ်သား ခဘတ်

 




ပလာတာ နံပြား ပေါင်မုန့် ချာပါတီ ထမင်းပူပူလေးနဲ့ လိုက်ဖက်တဲ့ ဆိတ်သားခဘတ် ချက်နည်းလေး မျှဝေလိုက်ပါတယ်


ပါဝင်ပစ္စည်းများ

  • ဆိတ်သား - 250g
  • ကြက်သွန်နီ - အနေတော် ၅လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ခရမ်းချဉ်သီး - အနေတော် ၄လုံး
  • ငရုတ်သီးစိမ်း - အတောင့်ကြီးကြီး ၇တောင့်
  • သံပုရာသီး - တခြမ်း
  • ချင်း - လက်တဆစ်ခန့်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • မဆလာ - လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • နွားနို့ - ထမင်းစားဇွန်း ၃ဇွန်း
  • ဆီ - ဟင်းခပ်ဇွန်းကြီး ၂ဇွန်း
ပြင်ဆင်
  1. ဆိတ်သားကို အတုံးလိုက် ရေဆေးပြီး ခပ်ပါးပါးလှီးထားပါ
  2. လှီးထားသော ဆိတ်သားကို ဆား နနွင်း အရသာမှုန့်နှင့် သံပုရာရည် နွားနို့နှင့်နယ်ကာ အနည်းဆုံး တနာရီလောက် နှပ်ထားပါ
  3. ကြက်သွန်နီများကို အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ
  4. ကြက်သွန်ဖြူများကို အခွံခွာပြီး ရေဆေးက ခပ်နုတ်နုတ်စဉ်းထားပါ
  5. ကြက်သွန်နီ နှစ်လုံးကို ခပ်နုတ်နုတ်လှီးထားပါ
  6. ကျန်သော ကြက်သွန်နီ ၃လုံးကို လက်တလုံးခန့် အဖတ်လေးများ လှီးထားပါ
  7. ငရုတ်သီးစိမ်းကို ညက်နေအောင် ထောင်းထားပါ
ဟင်းချက်ရန်

  • ဇောက်နက်သော အိုးကိုအပူပေးပါ
  • အိုးပူလာပါက ဆီထည့်ပြီး ဆီကိုအငွေ့တက်လာအောင် တည်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းနှင့် ငရုတ်သီးစိမ်းထောင်းပြီးသားတို့ကို မွှေးလာတဲ့ထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ဆိတ်သားကို ထည့်ပြီး ဆီသတ်ပါ
  • ဆီသတ်စဉ် အသားများကို မကြာမကြာ မွှေပေးပါ
  • ၈မိနစ်လောက်ကြာအောင် ဆီသတ်ပြီးမှ အသားနူးစေရန် ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ရေမခမ်းခင် အဖတ်လေးများ လှီးထားသော ကြက်သွန်နီ ခရမ်းချဉ်သီးနှင့် မဆလာတို့ကို ထည့်မွှေ၍ ရေခမ်းပြီး ဆီပြန်အောင် တည်ပေးပါ
  • ဆီပြန်လာပါက အရသာမြည်းကာ လိုသလိုပြင်ပြီး ပေါင်မုန့် ပလာတာ ချာပါတီ ထမင်းပူပူတို့နှင့် နှစ်သက်သလို တွဲဖက်ပြီး သုံးဆောင်နိုင်တဲ့ ဆိတ်သားခဘတ် ခပ်စပ်စပ်လေး ရပါပြီ။
ဆိတ်သားအစား အမဲသား သိုးသားတို့နှင့်လည်း ဤနည်းအတိုင်း ချက်နိုင်ပါတယ်

Monday, 22 February 2016

ထမနဲစိမ့်စိမ့် မွှေးမွှေးလေး







ထမနဲထိုးနည်းကို အစာလေးတွေ ထပ်ပြင်ထဲ့ပြီး ထိုးထားတဲ့နည်းလေး မျှဝေလိုက်ပါတယ် ပိုပြီးစားကောင်းတဲ့အတွက် ထမနဲထိုးပြီး စားမယ်ဆိုရင် ဒီနည်းအတိုင်းထိုးစားတာ အရသာပိုရှိပြီး အနံ့လဲ ပိုမွှေးတဲ့အတွက် နှစ်သက်ကြမယ်လို့ ထင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းဆန်  - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  • အုန်းသီး - အနေတော် တလုံး
  • ချင်း - ၂လက်မ
  • နှမ်းမဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တ၀က်မရှိတရှိ
  • ဆား - လဖက်ရည်ဇွန်း တ၀က်သာသာ
  • မြေပဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူးတဗူး
  • ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးခွဲ
ထမနဲ ထိုးနည်းလေးပြောပါမယ်
  • ကောက်ညှင်းဆန်ကို ရေဆေးကာ နာရီဝက်လောက် ရေစိမ်ထားပါ
  • ချင်းကို အခွံခွာကာအချပ်လိုက် ပါးပါးလှီးပြီး အမြှောင်းလေးတွေရအောင် ထပ်လှီးပေးပါ
  • လှီးထားသော ချင်းကို ဆီပူပူမှာ ကြော်ပြီး ၀ါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ထားပါ
        •  
  • အုန်းသီးတခြမ်းကို ခပ်ပါးပါး အစိတ်လေးများရအောင် ထိုးထားပြီး တ၀က်ကို ဒီအတိုင်းထားပါ
  • ကျန်တ၀က်ကို အနေတော်စိတ်ကာ ဆီနှင့်ရွှေဝါရောင် ရအောင်ကြော်ပြီး ဆယ်ထားပါ
  • ကျန်သော အုန်းသီးတခြမ်းကို အုန်းခြစ်နှင့်ခြစ်ပြီး ဆီပူမှာ နီရောင်သန်းအောင်ကြော်ပြီး ဆီစစ်ထားပါ
  • နှမ်းမဲကို ကျက်အောင်လှော်ပြီး အဆင်သင့်ပြင်ထားပါ
  • မြေပဲကို ကျက်အောင်လှော်ပြီး အခွံချွတ်ထားပါ ( လှော်ပြီးသား သုံးလဲရ )
  • အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင် အုန်းသီးကြော် နှမ်းကြော် ချင်းကြော်ထားသောဆီကို မကပ်သောအိုး ဇောက်နက်နက်နဲ့ပူလာအောင် တည်ပေးပါ
  • ဆီပူလာတာနဲ့ကောက်ညှင်းဆန်ကို ရေစစ်ပြီးထဲ့ကြော်၍ ကြော်နေစဉ် မကပ်အောင် မွှေမွှေပေးပါ
  • ဆန်သားကွဲပြီး ဆန်သားကြည်လာတာနဲ့ ရေမြုပ်အောင်ထဲ့ပြီး မွှေပေးပါ
  • ပထမ တရည်ခမ်းအောင် မွှေပေးပြီး နောက်တရည် မြုပ်အောင်ထဲ့ပြီး ဆက်တိုက်မွှေပေးပါ
  • ရေခမ်းကာနီး ဆီသားတက်လာပြီဆိုတာနဲ့ အုန်းသီးစိမ်း အုန်းသီးကြော် မြေပဲ ချင်း ဆား နှမ်းမဲတို့ကို တမျိုးဆီထည့်ပြီး မွှေပါ
  • မွှေနေရင်းက ရေခမ်းလာပြီး ဆီသား ကြွတ်ကြွတ်မြည်ကာ ဆီအကုန်တက်လာပြီဆိုတာနဲ့ ထမနဲမွှေးမွှေးလေး ရပါပြီ
  • တာရှည်ခံရန် ထမနဲထိုးစဉ် ထွက်လာသော ဆီနှင့်ထမနဲကို မြုပ်အောင်ထဲ့ပြီး ရေခဲသေတ္တာထဲ ထည့်ထားပြီး စားနိုင်ပါတယ်
  • ထမနဲကိုအအေးခံပြီး ကြော်ထားသော အုန်းသီးမှုန့်ဖြူးကာ စွဲမက်စရာကောင်းလွန်းတဲ့ ထမနဲမွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။