Sunday, 27 September 2015

အိမ်လုပ် ဆူရှီ


တခါတလေ စားနေကျ အစာလေးတွေ ရိုးလာပြီလို့ ထင်ရတဲ့အခါတွေမှာ ခံတွင်းတွေ့စေမဲ့ အစာတခုခုကို ပြောင်းပြီး စားကြည့်စေချင်ပါတယ် မာမာတို့တော့ ဒီနေ့ စားနေကျအစာတွေထဲက ဖောက်ထွက်ပြီး ဆူရှီထမင်းလိတ်လေးတွေ လုပ်စားကြပါတယ်။

မာမာလိတ်တဲ့ ဆူရှီလိတ်နည်းလေး ပြောပြပါမယ်
အလိတ်ကြီး ၆လိတ်စာအတွက် ပါဝင်ပစ္စည်းများ

  • ဆူရှီဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  • ရေညှိရွက်  (nori ) - ၆ရွက်
  • သခွားသီး  - တလုံး
  • မုံလာဥနီ - အနေတော် တဥ
  • ပုဇွန် - ၆ကောင်
  • ဂဏန်းသား  - ၆ခု
  • ကျူနာဗူးအသေး 95g - တဗူး ဆူရှီ တလိတ်စာ
  • ဆား - လက်ဖက်ရည်ဇွန်ုး သုံးပုံတပုံ
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • Scshi Seasoning - ထမင်းစားဇွန်း တဇွန်းခွဲ
  • Soy Sauce - နှစ်သက်သလောက်
  • ချင်းချဉ် - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  • ဆူရှီဆန် ၂ဗူးကို ရေ၃ဗူးထည့်ကာ ထမင်းပေါင်းအိုးဖြင့် ချက်ပေးပါ
  • မုံလာဥနီကို အခွံခွာပြီး လက်တလုံးလောက်အရွယ်ကို အရှည်လိုက်လှီးထားပါ
  • သခွားသီးကို အခွံခွာကာ အလယ်အူတိုင်ထုတ်ပြီး လက်တလုံးလောက် အနေလှီးထားပါ
  • ပုဇွန်ကို ရေမြုပ်အောင်ထည့်ပြီး လှော်ကာ ခေါင်းဖြုတ် အခွံခွာပြီး ဗိုက်နေရာမှ အကြောကို ၃နေရာလောက် အသာဖြတ်ပေးပြီး ကြောဘက် အလယ်မှ ဗိုက်သားထိ မပြတ်အောင် အသာလေး အရှည်လိုက်ခွဲချကာ ဖြန့်ပေးထားပါ
  • ဂဏန်းချောင်းကို ဆီပူမှာကြော်ကာ ဆီစစ်ထားပေးပါ
  • အားလုံး အဆင်သင့်ဖြစ်တာနဲ့ ချက်ထားသောထမင်းပူပူထဲကို သကြား ဆားနှင့် sopတို့ထည့်ကာ သစ်သားယောင်းမဖြင့် ခပ်ဖွဖွ မွှေထားပေးပါ
  • ပြီးတာနဲ့ ရေညှိရွက်ကို ယင်းလိပ်ပေါ်မှာ ခင်း၍ လက်နှစ်ဖက်လုံး ရေစိုရုံစွတ်ကာ ထမင်းကိုအနေတော်ယူပြီး ရေညှိပေါ်မှာ ခပ်ပါးပါး ဖြန့်တင်ပေးပါ
  • ထမင်းပေါ်ကမှ နှစ်သက်ရာ အသားတခုခုနှင့် မုံလာဥနီ သခွားသီးတို့ကို တင်ပေးပြီး လိပ်ပေးပါ
  • ကျန်သောအသားများကိုလဲ အထက်ပါနည်းအတိုင်း လိတ်ပေးပါ
  • အားလုံးပြီးမှ အနေတော်လေးတွေ ဖြတ်ပြီး  ချင်းချဉ် Soy sauceတို့ နှင့် နှစ်သက်သလို စားနိုင်ပါပြီ







Thursday, 24 September 2015

ဆယ်လ်မွန် ဟင်းပေါင်း


ဟင်းပေါင်းထုတ်လေး စားချင်နေတာ ငှက်ပျောဖက်မရှိတော့ မစားရဘူးဖြစ်နေတာ ကြာခဲ့ပါပြီ ဒီနေ့တော့ ကိုယ့်စိတ်ကူးနဲ့ကို စားချင်လာရင် ရအောင်လုပ်တတ်တဲ့ စိတ်တခုနဲ့ ကြံကြံဖန်ဖန်လေး လုပ်လိုက်တာ တကဲ့ဟင်းပေါင်းထုတ် အစစ်အတိုင်း အရသာရလို့ မျှဝေပေးလိုက်ပါတယ်။

ဟင်းပေါင်းထုတ်ထဲ ထည့်ချင်တဲ့ ပစ္စည်းလေးတွေ အရသာလေးတွေထည့်ပြီး ရေနွှေးဆူဆူမှာ မိနစ်၂၀လောက် ပေါင်းပေးရင် ရနိုင်တာမို့ ငှက်ပျောရွက် မလိုတဲ့ ဟင်းပေါင်းထုတ် လုပ်နည်းလေးပါ။

ဟင်းပေါင်းထုတ် ၈ခုစာပါဝင်ပစ္စည်းများ

  • လက်၂လုံးအရွယ်လှီးထားသော ဆယ်လ်မွန်ငါး - ၈ခု
  • ကြက်သွန်မိတ် -  အပင် ၁၅ပင်
  • Shiitake Mushrooms - ၈ပွင့်
  • Black Fungus - ၁၅ပွင့်
  • Dired Bean Curd Stick - ၁၂လက်မအရွယ် တချောင်း
  • Cherry Tomato  - ၈လုံး
  • ဆန်အစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တခွက်ခွဲ
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တခွက်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း တဇွန်းသာသာ
ပြင်ဆင်ပုံ
  • ဆယ်လ်မွန်ငါးကို ရေဆေးပြီး အတုံးလေးများ တုံးထားပါ
  • ကြက်သွန်မိတ်ပင်များကို ရေဆေးပြီး လက်တဆစ်အနေ လှီးထားပါ
  • Shiitake Mushrooms ကို ရေတနာရီလောက်စိမ်ထားပြီး ခပ်ပါးပါး လှီးထားပါ
  • Black Fungus ကို ရေတနာရီလောက်စိမ်ထားပြီး ခပ်ပါးပါး လှီးထားပါ
  • Dired Bean Curd Stick ကို ရေတနာရီလောက် စိမ်ထားပြီး ပါးပါး လှီးထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဇလုံကျယ်ကျယ်ထဲထည့်ပေးပါ
  • ဆန်မှုန့် ဆား အရသာမှုန့် ဆီတို့ထည့်ကာ အားလုံးသမအောင်မွှေပေးပါ
  • ပေါင်းမည့်ပန်းကန်များကို ဆီသုပ်ပေးကာ ပန်းကန်အောက်ခြေမှာ ဆယ်လ်မွန်ငါးနှင့် ချယ်ရီတိုမားတိုးကို ထည့်ပါ
  • ငါးအပေါ်မှ အရသာစပ်ထားသော အစာများကို ဖိသိပ်ထည့်ပေးပါ
  • အဆင်သင့်ဖြစ်ပါက ပေါင်းအိုးဇကာထဲ စီပြီးထည့်ပေးကာ အောက်ခံရေအိုး ပွက်ပွက်ဆူမှ ပေါင်းဇကာကိုတင်ပြီး မိနစ်၂၀ခန့် ပေါင်းပေးပါ
  • ကျက်တာနဲ့ ပန်းပန်တခုထဲ မှောက်ချကာ ငရုတ်သီးကြက်သွန်ဖြူဆီချက်ဆမ်းပြီး နံနံပင်နှင့်တွဲဖက်ကာ အရသာရှိသော ဆယ်လ်မွန်ဟင်းထုတ်ကို စားနိုင်ပါပြီ။
ကြက်သွန်ဖြူ ငရုတ်သီး ဆီချက်ချက်ရန်
  • ကြက်သွန်ဖြူ အမွှာကြီးကြီး ၁၀မွှာကို အခွံခွာပြီး ရေဆေးကာ မညက်တညက်ထောင်းထားပါ
  • ဆီ လက်ဖက်ရည် ပန်းကန်လုံး တလုံးခန့်ကို အပူပေးပြီး နနွင်းမှုန့် အနည်းငယ်ထည့်ကာ ကြက်သွန်ဖြူကို ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ ကြွတ်လာတာနဲ့ မီးပိတ်ပြီး မီးဖိုပေါ်မှချကာ ငရုတ်သီး အရောင်တင်မှုန့်ကို ထည့်မွှေပြီး ကြက်သွန်ဖတ်များကို ဆယ်ပြီး အအေးခံထားပါ

Wednesday, 23 September 2015

LEMON ALMOND COOKIES



မိသားစု လက်ဖက်ရည်ဝိုင်းလေးအတွက် ဖုတ်ဖြစ်သွားတဲ့ ကွတ်ကီးလေးပါ အစားအသောက်တွေကို အပြင်မှာ ၀ယ်စားရတာထက် အိမ်မှာ ကိုယ်တိုင်လုပ်ပြီး စားရတာကို ပိုပြီးနှစ်သက်တဲ့အတွက် လုပ်တတ်သလောက်လေးတွေကိုတော့ အိမ်မှာဘဲ လုပ်စားပါတယ်။

အခုလဲ လီမွန်ကွတ်ကီးလေးလုပ် အိမ်ဖျော်ကော်ဖီလေးဖျော်ပြီး မနက်စာ အစာပြေလေး ပြင်ထားပါတယ် လုပ်နည်းလေးလဲ လွယ်တာမို့ အားလပ်ရက်လေးမှာ မိသားစု လက်ဖက်ရည်ဝိုင်းလေးအတွက် ဖန်တီးကြည့်စေချင်ပါတယ်ရှင်။

မာမာလုပ်တဲ့နည်းလေး ပြောပါမယ်
ပါဝင်ပစ္စည်းများ

  • 1/2cup (125g) butter softened
  • 3/4uup (150g) sugar
  • 1 1/2cup 225g all purpose (plain) flour
  • 2/3cup (100g )finely ground almonds
  • 1/8 teaspoon salt
  • Freshly squeezed juce of 1lemon
ပြုလုပ်ပြင်ဆင်ပုံ
  • ပထမဆုံး ဇလုံတခုကြီးကြီးထဲမှာ သကြားနှင့်ထောပတ်ကို မုန့်မွှေသောစက်ဖြင့် creamအနေအထားရအောင် သမအောင်မွှေထားပါ
  • ပြီးတာနဲ့ flour, almonds,salt& lemon juce တို့ကို ရောထည့်ပြီးလက်နှင့် ရောနယ်ကာ dought ရအောင် နယ်ပေးပါ
  • ရလာတဲ့ dought ကို warp in plastic warpနှင့် လေလုံအောင်ထုတ်ပြီး အေးသောနေရာမှာ မိနစ်၃၀ထားပေးပါ
  • Oven ကို နာရီဝက်ကြိုပြီး 375°F (190°C/gas )နှင့် ဖွင့်ပေးထားပါ
  • Dought သား နှပ်ထားတဲ့အချိန်ပြည့်တာနဲ့ မုန့်ဖုတ်မဲ့ ဗန်းကို baking paper ခင်းပေးပါ
  • မျက်နှာပြင်ညီသော စားပွဲပေါ်မှာ ဂျုံမှုန့်အနည်းငယ်ကို ဖြန့်ခင်းပြီး dought ကို 1/4inch (5mm) အထူရအောင် လှိမ့်ပေးပြီး နှစ်သက်ရာ ကွတ်ကီးဖြတ်စက်ဖြင့် ဖြတ်ပေးပါ
  • အားလုံးပြီးတာနဲ့ မုန့်ဖုတ်မည့် ဗန်းပေါ်က baking paper ပေါ်မှာ တခုနှင့်တခု 2inches (5cm) ခွာပြီး ထည့်ပေးပါ
  • အားလုံး ထည့်ပြီးတာနဲ့ နာရီဝက် ကြိုဖွင့်ထားသော oven ထဲမှာ ၁၂မိနစ်မှ ၁၅မိနစ်အတွင်း ဖုတ်ပေးပါ
  • မုန့်သားအားလုံး ရွှေဝါရောင် သန်းလာပြီဆိုရင် အပြင်ကိုထုတ်ပြီး အအေးခံပါ
  • အေးလာတော့မှ ကော်ဖီ လက်ဖက်ရည်တို့နှင့် ချဉ်ဖြုံ့ဖြုံ့အရသာ ကွတ်ကီးလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ
  • မုန့်အပေါ်က စီရီရယ် အဖတ်လေးများကို နှစ်သက်ရင် ထည့်ပေးနိုင်ပါတယ်။






Tuesday, 22 September 2015

ပြောင်းဖူး လက်ဖက်သုပ်


နေ့လည်နေ့ခင်း ဘာလေးစားရင်ကောင်းမလဲ စဉ်းစားလိုက်တိုင်း စိတ်ထဲမှာ အများဆုံးပေါ်လာတာက လက်ဖက်သုပ်လေးပါဘဲ ဒီနေ့တော့ လက်ဖက်ကို ပြောင်းဖူးစေ့လေးတွေရောပြီး သုပ်ထားပါတယ် အရသာ တမျိုးပြောင်းပြီး သုပ်စားတာပေါ့နော်။
လက်ဖက်အသား ချဉ်ငံစပ်လေးနှပ်ထားနဲ့ အင်မတန်မှ လိုက်ဖက်ပါတယ် ချဉ်ငံစပ်လေးကို ပြောင်းဖူး အချိုလေးရောပြီး သုပ်ထားတာမို့ ချိုချဉ်ငံစပ် အရသာ တမျိုးလေးမို့ သုပ်စားကြည့်စေချင်ပါတယ်။

မာမာသုပ်တဲ့ လက်ဖက်သုပ်နည်းလေး ပြောပါမယ်
ပါဝင်ပစ္စည်းများ

  • ချဉ်ငံစပ်နှပ်ထားသော လက်ဖက်အသား - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်
  • လက်ဖက်အကြော်စုံ - လက်ဖက်ရည်အကြမ်းပန်းကန် တလုံး
  • ခရမ်းချဉ်သီး - အနေတော် တလုံး
  • ဂေါ်ဖီ - အနေတော် ၂ရွက်
  • ပြောင်းဖူးပြုပ် - အစေ့ခြွေပြီးသား လက်ဖက်ရည်အကြမ်းပန်းကန် တလုံး
  • ပုဇွန်ခြောက် - အကောင်ကြီးကြီး ၂၀ခန့်
  • ကြက်သွန်ဖြူ - နှစ်သက်သလောက်
  • ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  • ပဲဆီစိမ်း - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • သင်္ဘောရွက်အနု - နှစ်သက်သလောက်
 ပြင်ဆင်ပုံ
  • ဂေါ်ဖီကို ခပ်ပါးပါးလှီးပြီး ရေဆေးထားပါ
  • ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါးလှီးထားပါ
  • ပြောင်းဖူးကို ပြုပ်ပြီး အစေ့ခြွေထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • သင်္ဘောရွက်နှင့် ငရုတ်သီးစိမ်းကို ရေဆေးထားပါ 
  • ဇလုံကျယ်ကျယ် တလုံးထဲမှာ လက်ဖက်အသားနှင့်အတူ လက်ဖက်အကြော်စုံ ပြောင်းဖူး ဂေါ်ဖီခရမ်းချဉ်သီး ဆား နှင့်ဆီတို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • နယ်ပြီးတာနဲ့ပြင်မည့် ပန်းကန်ထဲ သင်္ဘောရွက်ခင်းကာ လက်ဖက်သုပ်ပြီးသားကို ခပ်ဖွဖွ ထည့်ပေးပါ
  • လက်ဖက်သုပ်ပေါ်မှ ပုဇွန်ခြောက်ကို ဖြူးပေးကာ ငရုတ်သီးစိမ်း ကြက်သွန်ဖြူတို့ကို ပန်းကန်ထဲထည့်ပေးပါ
  • ခင်းထားသော သင်္ဘောရွက်ကို တလုပ်စာလေးတွေဖဲ့ပြီး ပြောင်းဖူးလက်ဖက်သုပ် ထည့်ကာ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတို့နှင့် တွဲဖက်ကာ စားသုံးနိုင်ပါပြီ။


အီကြာကွေး


ဒီမနက်တော့ မြန်မာပြည် အလွမ်းပြေ လက်ဖက်ရည်လေးဖျော်ပြီး အီကြာကွေးလေး လုပ်စားဖြစ်သွားတယ်  အစားအသောက် မီးလိုတောက်မိတော့ ညောင်းလိုက်တာဆိုတာများ ပြောမနေပါနဲ့တော့ အရင်ဆုံး ယူကျူ့ကနေ လုပ်နည်းလေးရှာ လုပ်နည်းလေးရတော့ လိုတာတွေပြင်ပြီး အီကြာကွေး တချောင်းရဖို့ လက်တော့ တော်တော်လေး ညောင်းသားနော်။

မာမာ ယူကျူ့ကနေကြည့်ပြီး လုပ်ထားတဲ့ လုပ်နည်းလေးပြောပါမယ်
အီကြာကွေး ၁၀ချောင်းစာအတွက်

  • 750ml plain flour 
  • 1/4tsp baking powder  
  • 1tsp sugar
  • 1/2tsp dry yeast
  • 5tbsp vegetable oil
  • 1/2tsp salt
  • 250ml water
  • ကြော်ရန်ဆီ တလီတာခွဲ
ပြုလုပ်ပြင်ဆင်ပုံ
  • Baking power, dry yeast, sugar, salt&plain flour တို့ကို ဇလုံကျယ်ကျယ် တလုံးမှာ အရင်ဆုံး ရောမွှေထားပါ
  • အားလုံးသမသွားတာနဲ့ဂျုံမှုန့်ကိုထည့်ကာ ဇွန်းနဲ့ သမအောင်မွှေလိုက်ပါ
  • ပြီးတာနဲ့ ဆီနှင့်ရေကိုထည့်ပြီး လက်နှင့်နယ်ပါ 
  • ဒိုးသား အရမ်းပျော့မသွားစေရန် ရေကိုနည်းနည်းခြင်း ထည့်နယ်ပေးပါ
  • လက်ကို မကပ်တော့ဘဲ ဒိုးသားပျော့လာပါက မျက်နှာပြင်ညီသော စားပွဲပေါ်မှာဒိုးသားကိုတင်ပြီး ၁၅မိနစ်ခန့် လက်ဖနောင့်နှင့်ဖိ လက်သီးဆုတ်နှင့်ထိုး လုပ်ပေးပါ
  • ဒိုးသားပြောင်ပြီး ချောလာပါက cling wrapနှင့် လေလုံအောင်ထုတ်ပြီး အခန်းတွင်း အအေးဆုံးနေရာမှာ တနာရီခန့် ထားပေးပါ
  • တနာရီပြည့်ပါက ဒိုးသားကိုထုတ်ကာ လက်ဖနောင့်နှင့် ၅မိနစ်ခန့် လုံးလိုက်ဖြန့်လိုက်လုပ်ကာ ဖိပြီး နယ်ပေးပါ
  • ပြီးတာနဲ့ မျက်နှာပြင်ညီသော စားပွဲပေါ်မှာ ဂျုံမှုန့် ထမင်းစားဇွန်း တဇွန်းခန့်ဖြူးကာ ဒိုးသားကို 0.5cmအနေရအောင် လှိမ့်ကာ ဓါးနှင့်၂ပိုင်း ပိုင်းပေးပါ
  • မုန့်သားဖြတ်နေတုံး အ၀ကျယ်သော အိုးထဲမှာ ဆီ တလီတာခွဲခန့်ကို ထည့်ပြီး အပူပေးထားပါ
  • ပိုင်းထားသော ဒိုးသား၂ခုကို တခုခြင်းဆီ လက်ဖနောင့်နှင့် ဖိကာ  ၁၀ခုစာရအောင် ဖြန့်ပေးပါ
  • ဒိုးသား ပြန့်သွားတာနဲ့ ဓါးပြတ်ပြတ်နှင့် 3cm×10cmအရွယ် ၁၀ခုစာ မှန်းပြီး ဖြတ်ပေးပါ
  • မုန့်သား၂ခုအတွက် အခု နှစ်ဆယ်ရပါမယ်
  • မုန့်သား ၂ခုစီကို ထပ်ပေးပြီး အရှည်လိုက် မုန့်သားအလယ်ကနေ တူနှင့်ဖိချပေးပါ
  • ဖိချထားသော မုန့်သားကို အသာယူကာ ရှည်သွားအောင် ဆွဲဆန့်ပြီး ဆီအိုးထဲ ထည့်ကြော်ပေးပါ
  • တဖက်ကျက်လျှင် တဖက်ကို လှန်ပေးပြီး နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာလျှင် ဆယ်ပြီး ဆီစစ်ပေးကာ သုံးဆောင်နိုင်ပါပြီ
  • နောက်ထပ်ကျန်သော မုန့်သားများကြော်ချိန်တွင် ဆီအရမ်းပူနေပါက မီးကို အနည်းငယ် လျှော့ပြီးမှ ဆက်ကြော်ပေးပါ။



Monday, 21 September 2015

မယ်ဇလီရွက် ဟင်းချို



မနေ့က လမ်းလျှောက်အပြန် မယ်ဇလီပင်တန်းမှာ အရွက်တွေ နုနေတာတွေ့တော့ စားချင်စိတ်က ထိမ်းမရတာနဲ့ လက်လှမ်းမှီသလောက် လက်တဆုတ်စာခူးပြီး ပြန်လာလိုက်တယ် အိမ်ရောက်တော့ မနက်ချက်ရင် အဆင်သင့်ဖြစ်အောင် ပြုပ်ထားလိုက်တယ်။

မနက်ကျတော့ ပူပူလေးစားရအောင် ချက်လိုက်တယ်ပေါ့နော် မယ်ဇလီဟင်းချိုက ချက်တတ်ရင် သောက်လေ သောက်လေ မ၀နိုင်လေပါ မချက်တတ်ရင်တော့ အခါးဖက်လို့ သောက်လို့မကောင်းလှဘူး အခုဟင်းရည်လေးကို မာမာ့အမေ ချက်တဲ့နည်းအတိုင်း ချက်ချင်ပေမဲ့ ထမင်းရည်မရှိလို့ ဆန်မှုန့်ကို အရည်ဖျော်ပြီး ချက်ထားပါတယ် အမေ့လက်ရာနီးနီးတော့ ကောင်းပါတယ်လို့တော့ ပြောပါရစေ။

မာမာချက်တဲ့နည်းလေး ပြောပါမယ်
၃ယောက် ညမနက်စာအတွက် ပါဝင်ပစ္စည်းများ

  • မယ်ဇလီကိုင်းအရွက် - လက်တဆုတ်စာ
  • ငါးကျည်းကြပ်တိုက်ခြောက် - ၃ကောင် (မရှိလျှင် ငါးတမျိုးမျိုး ပြုပ်ပြီးထည့်ပါ)
  • ခရမ်းသီး - အရှည်သီး ၃တောင့်
  • ခရမ်းချဉ်သီး - အနေတော် ၂လုံး
  • ကြက်သွန်နီ - အနေတော် ၃ဥ
  • ကြက်သွန်နီ - တခြမ်း (ဟင်းဆီသတ်ရန်)
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်ဥ
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၄ပုံတစ်ပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆန်စိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
ပြင်ဆင်ပုံ
  • မယ်ဇလီရွက်ကို ရေမြုပ်အောင်ထည့်ပြီး ပထမတရည် မိနစ်၂၀လောက် ပြုပ်ပြီး သွန်ပြစ်ပါ
  • နောက်တရည်လဲပြီး ၅မိနစ်လောက်ပြုပ်ကာ ရေသွန်ပြီး ရေအေးစိမ်ကာ အရွက်များ ခြွေထားပါ
  • ငါးကြည်းကြပ်တိုက်ကို ရေနာရီဝက်လောက်စိမ်ပြီး အရိုးများထွင်ထားပါ
  • ခရမ်းသီးကို အနေတော်ပိုင်းဖြတ်ပြီး ရေစိမ်ထားပါ
  • ခရမ်းချဉ်သီးကို အလုံးလိုက်ရေဆေးပြီး ၄စိတ်စိတ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးထားပါ
  • ကြက်သွန်နီတခြမ်းကို ပါးပါးလေးတွေလှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ဆန်စိမ်းမှုန့်ကို ရေနည်းနည်းနဲ့ဖျော်ထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက အိုးတလုံးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့်ထည့်ပါ
  • ဆီပူလာပါက ကြက်သွန်အဖြူ အနီကိုထည့်ပြီး ကြော်ပါ
  • ကြက်သွန်များ နူးလာပါက ငါးကြည်းခြောက်နှင့် ခရမ်းသီးကို ထည့်ဆီသတ်ပါ
  • ၂မိနစ်လောက် မွှေပြီးတာနဲ့ကြက်သွန်နီနှင့် ရေကို တရုတ်ဟင်းပြင်ပန်းကန် ၂လုံးစာထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာတာနဲ့ အရည်ဖျော်ထားသော ဆန်မှုန့်ရည်ကို ထည့်ပြီးမွှေပေးပါ
  • ကြက်သွန်နဲ့ ခရမ်းသီးနူးလာတာနှင့် ခရမ်းချဉ်သီး ဆားနှင့် အရသာမှုန့်တို့ထည့်မွှေပေးပါ
  • အရသာမြည်းပြီး လိုသလိုပြင်ကာ မယ်ဇလီရွက်ကိုထည့်မွှေပြီး တမိနစ်လောက် ပေးဆူကာ မီးပိတ်ပေးပါ
  • မီးပိတ်ပြီးတာနဲ့. အခါးဓါတ်မပါသလောက် ဖြစ်နေတဲ့ ဟင်းရည်ပူပူလေး သောက်နိုင်ပါပြီ
  • မယ်ဇလီဟင်းချိုရဲ့ လှို့ဝှက်ချက်လေးက ထမင်းရည်ထည့်ရခြင်းပါ အခါးကို သက်သာစေပြီး ဟင်းရည်ကို ခပ်ပြစ်ပြစ်လေး ရစေပါတယ် မာမာကတော့ ထမင်းရည်မရှိတဲ့အတွက် ဆန်အစိမ်းမှုန့်ကို အရည်ဖျော်ပြီး ထည့်ထားပါတယ် ထမင်းရည်ထည့်တဲ့ အရသာအတိုင်း ရစေပါတယ်။




Sunday, 20 September 2015

သီးစုံ ငှက်ပျောသီး လက်ပံခေါင်း ပဲချဉ်ရည်ဟင်း


သီးစုံပဲချဉ်ရည်ဟင်းလေးပါ ဒီဟင်းလေးက မာမာ့အမေ ချက်တဲ့နည်းအတိုင်း ချက်ထားတာပါ အလှူထမင်းတွေကို ကိုယ်တိုင်ချက်တတ်တဲ့ မာမာ့အမေက ဟင်းကို မျိုးစုံအောင် ချက်တတ်သလို မုန့်ကိုလဲ မျိုးစုံအောင် လုပ်တတ်ပါတယ်။

အခုလဲ အလှူအတန်းတွေမှာ ခြံထဲက ငှက်ပျောခိုင် အစိမ်းကိုခုတ်ပြီး အမေချက်လေ့ရှိတဲ့ ပဲချဉ်ရည်ဟင်းနည်းလေး အတိုင်း မာမာချက်ထားတာလေး မျှဝေပေးပါမယ် ငှက်ပျောသီးအစိမ်းက ချက်ပြီးတဲ့အခါမှာ စေးထန်းထန်းလေးနဲ့မို့ စားလို့အရမ်းကောင်းသလို လက်ပံခေါင်းပါတဲ့အတွက် ငါးခြောက်ထည့်စရာ မလိုအောင်ကို စားကောင်းတဲ့ ဟင်းတမယ်ပါ အသီးအရွက်တွေကိုတော့ ကိုယ်ကြိုက်တာ ထည့်ပြီး ချက်လို့ရပါတယ် မာမာကတော့ မာမာ့ခြံထွက် ခရမ်းသီး ငရုတ်သီးစိမ်း ပျဉ်းတော်သိမ်းရွက်တို့ ခူးပြီး ချက်ထားပါတယ်။

ပါဝင်ပစ္စည်းများ (၃ယောက် ညမနက်စာ)

  • ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တခွက်
  • ငှက်ပျောသီးအစိမ်း - ၂လုံး
  • ခရမ်းသီး အရှည် -၂လုံး
  • လက်ပံခေါင်း - ၁၀ခု
  • အာလူး - ခပ်ကြီးကြီး တလုံး
  • မုံလာဥနီ - အနေတော် တဥ
  • ငရုတ်သီးစိမ်း - အတောင့်ကြီးကြီး ၂တောင့်
  • မကျီးသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  • ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၂ခက်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ (ပဲပြုပ်ထဲနှင့်ဆီသတ်ရာတွင် သုံးရန်)
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ချင်း - လက်တဆစ်ရဲ့တ၀က်
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
ပြင်ဆင်ပုံ
  • ကုလားပဲဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ပဲအရမ်းနူးမသွားအောင် ပြုပ်ထားပါ
  • ငှက်ပျောသီးကို အခွံမခွာဘဲ လက်၂လုံးလောက် အနေတော်လှီးပြီး ရေနာရီဝက်လောက် စိမ်ထားပါ
  • အာလူးကို အခွံခွာပြီး အနေတော်တုံးကာ ရေနာရီဝက်လောက် စိမ်ထားပါ
  • လက်ပံခေါင်းကို ရေနာရီဝက်လောက် စိမ်ထားပါ
  • မကျီးသီးမှည့်ကို ရေတထပ်ဆေးပြီး ရေစိမ်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ လက်တတစ်အရွယ်တုံးထားပါ
  • ခရမ်းသီးကို တ၀က်ဖြတ်ပြီး ရေစိမ်ထားပါ
  • ကြက်သွဖြူ နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကို ထည့်ပြီးမွှေးလာအောင်ဆီသတ်ပေးပါ 
  • ဆီသတ်နံ့မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များကို ထည့်ပြီးဆီသတ်ပါ
  • ပြီးတာနဲ့ ဟင်းချက်ရန်ပြင်ထားသော အသီးများကို ရေစစ်ပြီးထည့်ဆီသတ်ပါ 
  • အသီးအရွက်များ ထည့်ပြီးတာနဲ့ ငံပြာရည်ကို တခါထဲထည့်မွှေပေးပါ
  • အသီးများနည်းနည်း နွမ်းလာတာနဲ့ ဇောက်နက်သော အိုးတလုံးထဲပြောင်းထည့်ပြီး ရေကို တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထည့်ပြီး အသီးများနူးအောင် တည်ပေးပါ
  • အသီးများ နူးများလာတာနဲ့ ပြုပ်ထားသော ပဲကိုထည့်ပြီး ငရုတ်သီးစိမ်းအတောင့်လိုက်နှင့် ရေစိမ်ထားသော မကျီးမှည့်ကို လက်နဲ့ဖျော်ပြီး မကျီးရည်ထည့်ပေးပါ
  • ဟင်းရည်ပွက်ပွက်ဆူပါက ဆားနှင့် အရသာမှုန့်ထည့်ပြီး အရသာကို လိုသလိုပြင်ကာ သုံးဆောင်နိုင်ပါပြီ။

ကြာဇံကြော် ပူပူလေး


ဒီနေ့တော့ အိမ်မှာ ထမင်းမချက်တော့ဘဲ ဆန်ကြာဇံကို ထမင်းလွတ် ကြော်စားကြပါတယ် တရက်တလေတော့ အင်မတန်ကောင်းတဲ့ အစီအစဉ်လေးပေါ့နော်  ဟင်းရံကို တနေ့တမျိုး မထပ်အောင် ချက်ရတဲ့ အိမ်ရှင်မအတွက်  တော်တော်လေး သက်သာတဲ့နေ့ဆိုရင်တော့ အရမ်းကို မှန်မှာပါ။

ဆန်ကြာဇံကို ကြော်တော့မယ်ဆိုရင် မနက်ကြော်ဖို့အတွက် ညထဲက ရေစိမ်ထားတာက ကြော်လို့အကောင်းဆုံးပါ ကြော်ချိန် ၅မိနစ်တောင် မကြာဘဲ အရမ်းကို မြန်ပါတယ်။

မာမာကြော်တဲ့နည်းလေး မျှဝေချင်ပါတယ်
ပါဝင်ပစ္စည်းများ (၃ပွဲစာ)

  • ဆန်ကြာဇံ - 200g
  • ဂေါ်ဖီ - အပြင်မှ အစိမ်းရောင် ဖျော့ဖျော့ပါသောအရွက်ကြီးကြီး ၂ရွက်
  • မုံလာဥနီ - အနေတော် တဥ
  • ဘရိုကိုလီ - အနေတော် ၂ခက်
  • တရုတ်နံနံ - အနေတော် ၂ခက်
  • ၀က်အူချောင်း - ၃ချောင်း
  • ကြက်ရင်ပုံသား - 100g
  • ကြက်ဥ -၂လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ပဲငံပြာရည် - အကြည် ထမင်းစားဇွန်း ၂ဇွန်း
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တဇွန်းခွဲ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ၇ဇွန်းစွန်း
ပြင်ဆင်ပုံ
  • ဆန်ကြာဇံကို မနက်ကြော်မယ်ဆိုရင် ညထဲက ရေမြုပ်အောင် စိမ်ထားပြီး ဇကာ ခပိစိတ်စိတ်လေး အုပ်ထားပါ
  • ဂေါ်ဖီကို ခပ်ကြမ်းကြမ်းလှီးကာ ရေဆေးပြီး စစ်ထားပါ
  • မုံလာဥနီကို အခွံခွာရေဆေးကာ အချောင်းလေးတွေ ရအောင်လှီးထားပါ
  • ဘရိုကိုလီကို ရေဆေးပြီး အနေတော် အခက်လေးများရအောင် လှီးထားပါ
  • တရုတ်နံနံကို အခက်လိုက်ရေဆေးပြီး တလက်မလောက်အနေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သားကို အတုံးလိုက်ရေဆေးပြီး ပြားပြားရှည်ရှည်လေးတွေ ရအောင်လှီးထားပါ
  • ၀က်အူချောင်းကို ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ ပြုပ်ပေးကာ ခပ်ပါးပါး စောင်းစောင်းလေးတွေ လှီးထားပါ
  • ရေစိမ်ထားသော ကြာဇံများကို ရေစစ်ကာ ဇလုံကျယ်ကျယ်ထဲထည့်ကာ ငံပြာရည် ၂မျိုးနှင့် သမအောင် နယ်ထားပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးကျယ်ကျယ်ထဲမှာ ဆီထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရည်ပျော်ပြီး ညိုလာတဲ့အထိ အရင်ဆုံးကြော်လိုက်ပါ
  • သကြား ညိုလာတာနဲ့ ကြက်သားကို မာလာတဲ့ထိ ထည့်ကြော်ပါ
  • ကြက်သားမာလာတာနဲ့ ကြက်သွန်ဖြူကို နွမ်းလာထိကြော်ပေးပါ
  • ကြက်သွန်ဖြူ နွမ်းတာနဲ့ တရုတ်နံနံမှလွဲပြီး အသီးအရွက်နှင့် ဆားထည့်ပြီး တမိနစ်သာသာလောက် မွှေပေးပါ
  • ပြီးတာနဲ့ ကြာဇံကို ထည့်မွှေပါ
  • ကြာဇံနှင့်အသီးအရွက်များ လုံးမိသွားတာနဲ့ ၀က်အူချောင်းထည့်မွှေပါ
  • ပြီးတာနဲ့ ကြာဇံကြော်ကို ဘေးခနတွန်းထားပြီး ကြက်ဥကို အလုံးလိုက်ဖောက်ထည့်ကာ အလယ်မှ အနှစ်ကို ဖောက်ပြီးဖြန့်ပေးပါ
  • ကြက်ဥကြော် ကျက်တာနဲ့ ကြာဇံကြော်ထဲ ရောမွှေကာ တရုတ်နံနံထည့်မွှေပြီး အရသာမြည်းပြီး လိုသလိုပြင်ကာ စားသုံးနိုင်ပါပြီ။

Saturday, 19 September 2015

Vanilla Shortbread



အားလပ်ရက် မိသားစု စုံချိန်လေးမှာ အပြင်ထွက်ပြီး အစားအသောက်စားတဲ့ အလေ့အထက မာမာတို့မိသားစုလေးမှာ မရှိလေတော့ အိုးသူကြီး မာမာတယောက် ဒီနေ့တော့ မုန့်ဖုတ်လေသတည်းပေါ့နော်

Vanilla Shortbread လေးက နို့ပူပူလေးနဲ့ စိမ်စားမလား ကော်ဖီပူပူလေးနဲ့သောက်မလား လက်ဖက်ရည်လေးနဲ့တွဲလိုက်မလား အရမ်းကို ကောင်းလွန်းပါတယ်။

မာမာလုပ်တဲ့နည်းလေး ပြောပါမယ်
ပါဝင်ပစ္စည်းများ

  • 250g (Plain) flour
  • 250g cornflour 
  • 1 teasppon baking powder
  • 125g butter,cut up
  • 1/4 teasppon salt
  • 150g sugar
  • 2larg eggs
  • 1 teaspoon vanilla extract (essence )
ပြုလုပ်ပုံ
  • ဇလုံကျယ်ကျယ် တလုံးထဲမှာ ဆား ဂျုံမှုန့် ဘိတ်ကင်းပေါင်ဒါ ပြောင်းကော်မှုန့်တို့ကို သမအောင် မွှေပေးပါ
  • ထောပတ်ကို ဘလင်ဒါထဲထည့်ပြီး ကျေအောင်ကြိတ်ပေးပါ
  • သမပြီးမွှေထားသော ဂျုံမှုန့်များကို ဗလင်ဒါထဲထည့်ပြီး သကြား ကြက်ဥ vanilla တို့နှင့်အတူထည့်ပြီး ကြိတ်ပေးပါ
  • အားလုံး သမသွားတာနဲ့ အပြင်ထုတ်ပြီး ချောမွတ်သော ဒိုးသားရအောင် လက်နဲ့ဖိနယ်ပေးပြီး ဒိုးသားကို ပလပ်စတစ်နှင့်ပါတ်ကာ ရေခဲသေတ္တာထဲမှာ နာရီဝက်လောက် ထည့်ထားပါ
  • နာရီဝက်ပြည့်တာနဲ့ ဒိုးသားကို အပြင်ထုတ်ပေးပါ
  • ဒိုးသားထုတ်ပြီးတာနဲ့ oven ကို 190°c/gas နဲ့ မီးကိုဖွင့်ပေးထားပါ
  • မျက်နှာပြင်ညီသော နေရာမှာ ဂျုံမှုန့်အနည်းငယ် ဖြူးပေးပါ
  • ဖြူးထားသော ဂျုံမှုန့်ပေါ်မှာ ဒိုးသားကို တင်ပြီး ဒလိမ့်တုန်းနဲ့ လှိမ့်ပေးပါ
  • 1/4 inche အထူအနေအထားရတာနဲ့ ကွတ်ကီးဖြတ်သော ကွင်းလေးများနှင့်ဖြတ်ပေးပါ
  • မုန့်ဖုတ်မည့် ဗန်းထဲမှာ တခုနှင့်တခု လက်တလုံးသာသာစီခြားပြီး ထည့်ပေးပါ
  • ပြီးတာနဲ့ oven ထဲထည့်ပြီး ၁၀မိနစ်မှ ၁၅မိနစ်အတွင်း ဖုတ်ပေးပါ
  • ဘေးအနားများ အရောင်ပြောင်းပြီး မုန့်သားကျက်တာနဲ့ မီးဖိုထဲက ထုတ်ပြီး အအေးခံကာ စားသုံးနိုင်ပါပြီ
ဗလင်ဒါ မရှိပါက ထောပတ်ကို အပူပေးပြီးဖျော်ကာ ဇလုံထဲထည့်ပြီး ဒိုးသားရအောင် နယ်ပေးရင်လဲရပါတယ်


သင်္ဘောရွက်ထုတ် လက်ဖက်အစုံသုပ်


လက်ဖက်လို့ဆိုလိုက်တာနဲ့ မစားဖူးသူတွေလဲ တခါလောက်စားမိရင် နောက်ထပ်စားချင်စိတ်ပေါ်စေတဲ့ အစာလေးပါ မာမာ့သားနဲ့သမီးလေးဆို လက်ဖက်သုပ်သာပါရင် ဟင်းမလိုလောက်အောင်ကို ကြိုက်ကြပါတယ်။

လက်ဖက်သုပ်လို့ဆိုလိုက်ရင် မာမာတို့မြန်မာလူမျိုးတွေ ကျွမ်းကျွမ်းကျင်ကျင်ကို သုပ်တတ်ကြပါတယ် အချိုသုပ် အချဉ်သုပ် အစိမ့်သုပ် ချဉ်ငံစပ်သုပ် မျိုးစုံသုပ်တတ်ကြသလို ကိုယ့်ပါးစပ်ကို ခံတွင်းတွေ့စေမဲ့  အသီးအနှံလေးတွေနဲ့ တွဲဖက်ပြီး သုပ်တတ်ကြပါတယ်။

ဒီနေ့တော့ လက်ဖက်သုပ်ကို နှစ်သက်သလို သုပ်စားကြတဲ့အထဲက ခရမ်းချဉ်သီး ဂေါ်ဖီလေးနဲ့သုပ်ပြီး သုပ်ပြီးသား လက်ဖက်လေးကို သင်္ဘောရွက်လေးနဲ့ ထုတ်ပြီးစားရတဲ့ အရသာရှိတဲ့ လက်ဖက်သုပ်နည်းလေးကို ပြောပြပါမယ်။

ပါဝင်ပစ္စည်းများ
လက်ဖက်သုပ်တပွဲစာ

  • အချိုနှပ်ထားသော လက်ဖက်အသား - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  • လက်ဖက်အကြော်စုံ - လက်ဖက်ရည်အကြမ်းပန်းကန် တလုံးသာသာ
  • ခရမ်းချဉ်သီး - အနေတော် ၂လုံး
  • ဂေါ်ဖီရွက် - အရွက်ကြီးကြီး တရွက် 
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ပဲဆီစိမ်း - ထမင်းစားဇွန်း ၃ဇွန်း
  • ကြက်သွန်ဖြူ - နှစ်သက်သလောက်
  • ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  • ပုဇွန်ခြောက် - နှစ်သက်သလောက်
  • သင်္ဘောရွက် - အရွက်ကြီးကြီး ၂ရွက်
ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ် တခုထဲမှာ လက်ဖက်အသားကို အရင်ဆုံးထည့်ထားပါ
  • ဂေါ်ဖီကို ပါးပါးလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ခရမ်းချဉ်သီးကို အလုံးလိုက်ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • သင်္ဘောရွက်ကို အရွက်လိုက် ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးထားပါ
  • လက်ဖက်ဇလုံထဲမှာ လက်ဖက်အကြော်စုံကိုထည့်ပါ
  • ဂေါ်ဖီ ခရမ်းချဉ်သီး ဆီ ဆား အရသာမှုန့်တို့ကို ထည့်ပြီး ခပ်ဖွဖွရောနယ်ပေးပါ
  • နယ်ဖတ်ပြီးတာနဲ့ စားပွဲပြင်ပြီး ပုဇွန်ခြောက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ သင်္ဘောရွက်တို့ကိုပါ တပါတည်း ပြင်ထားပေးပါ
  • သင်္ဘောရွက်ကို တခါစားစာ အနေတော်ယူပြီး သင်္ဘောရွက်ထဲ လက်ဖက်သုပ် တလုပ်စာထည့်ကာ ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ပုဇွန်ခြောက်တို့နဲ့ ရေနွေးကြမ်းလေး သောက်ကာ နှစ်သက်သလို စားသုံးနိုင်ပါပြီ။


Thursday, 17 September 2015

သံဓါတ်အားဖြည့် KALE ဖျော်ရည်


ဒီဖျော်ရည်လေးကတော့ သံဓါတ်ပြန်လည် အားဖြည့်ပေးတဲ့ Kale ဖျော်ရည်လေးပါ ကျမတို့ အေးရှန်းတွေ အများစုက သံဓါတ်အားနည်းတတ်ကြပါတယ် ကိုယ့်ဘာသာကိုယ်ဆိုရင် မသိနိုင်ပေမဲ့ သွေးဖောက်ပြီး စစ်လိုက်တိုင်း ၁၀ယောက်မှာ ၇ယောက်လောက်က သံဓါတ်အားနည်းတာကို တွေ့ရတတ်ပါတယ်။

အဲဒီလိုအခါမျိုးမှာ ပဠိဇီဝဆေးတွေ မှီဝဲသင့်တာလဲ မှီဝဲရပါတယ် ဆေးဆိုတာမျိုးက ကောင်းတန်ဆိုးတန် ၂တန်ရောနေတတ်တာမို့ မဖြစ်မနေကျမှ မှီဝဲတာ အကောင်းဆုံးပါ အခုလို အသီးအရွက် လတ်လတ်ဆတ်ဆတ်လေးတွေကို စားသုံးခြင့်ဖြင့်လဲ ပြန်လည်ပြီး ဖြည့်စွမ်းပေးနိုင်တာမို့ အဆင်ပြေမယ်ဆိုရင်တော့ သောက်သုံးစေချင်ပါတယ်။

မာမာ့အိမ်မှာ စိုက်ထားတဲ့ kale စိုက်ခင်းလေးပါ

Kale ဖျော်ရည်အတွက် လိုအပ်တာလေးတွေ

တယောက်စာအတွက် ပြင်ထားပြီး ဖျော်ပါမယ်

kale အရွက်များကို ကြိတ်လို့လွယ်အောင် လက်တလုံးလောက်လေးတွေ ဖြတ်ထားပေးပါ

အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဗလင်ဒါထဲ ထည့်ကြိတ်ပေးပါ

ပါဝင်ပစ္စည်းများ

  • အရွက်ထိပ်ဖျားပိုင်းကို ဖြတ်ထားသော Kale  - 1cup
  • အနေတော်လှီးထားသော နာနတ်သီး - 1cup
  • အနေတော်လှီးထားသော ပန်းသီး - 1cup
  • သံပုရာရည် - 1tbsp
  • ရေ. - 5tbps
  • ရေခဲတုံး - ခပ်သေးသေး ၇တုံး
ပြင်ဆင်ပုံ
  • အဆင်သင့်ပြင်ထားသော ပစ္စည်းအားလုံးကို ဘလင်ဒါထဲမှာ တမိနစ်ကြိတ် တခါနားပြီး ၇ခါလောက် ညက်နေအောင် ကြိတ်ပေးပြီး သောက်သုံးနိုင်ပါပြီ
  • ရေခဲကြိုက်လျှင် ရေအစား ရေခဲထည့်ကြိတ်ပေးပါ
  • ပန်းသီး နာနတ်သီးတို့နဲ့အတူ အခြားနှစ်သက်ရာ အသီးများကိုလဲ ထည့်ပြီးဖျော်နိုင်ပါတယ်။

ဂေါ်ရခါးသီး ကြက်ရိုးဟင်း


အခုရက်ထဲ ချက်ဖြစ်တဲ့ ဂေါ်ရခါးသီးကြက်ရိုးဟင်း သောက်ဆမ်းချက်လေးပါ  ထမင်းမိန်စေတဲ့ ဟင်းလေးမို့စားပြီးရင်း ထပ်စားစေချင်တဲ့ အရည်သောက်တမ်း ဟင်းလေးပါ ဗူးသီးမရှိလို့ ဂေါ်ရခါးသီးနဲ့ ချက်လိုက်ပေမဲ့ ဗူးသီးလိုဘဲ စားလို့ ကောင်းတဲ့ ဟင်းလေးမို့ စားချင်စိတ်ပေါ်တဲ့အခါ ချက်စားကြည့်စေချင်ပါတယ်။

မာမာချက်တဲ့နည်းလေး ပြောပြပါမယ်
ပါဝင်ပစ္စည်းများ

  • ကြက်ရိုး - 150g
  • ဂေါ်ရခါးသီး - ခပ်ကြီးကြီး တလုံး
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်းခွဲ (တ၀က်ကို အသားအရသာနယ်ရန်)
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း (တ၀က်ကို အသားအရသာနယ်ရန်)
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (တ၀က်ကို အသားအရသာနယ်ရန်)
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ချင်း - လက်တဆစ်ရဲ့တ၀က်
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - ထမင်းစားဇွန်း ၂ဇွန်း
ပြင်ဆင်ပုံ
  • ကြက်ရိုးများကို အနေတော်တုံးကာ အရင်ဆုံး ရေဆေးပြီး ဆား ငံပြာရည် နနွင်းမှုန့် အရသာမှုန့်တို့နဲ့ နယ်ထားပေးပါ
  • ဂေါ်ရခါးသီးကို အခွံခွာပြီး အရှည်လိုက် ၆စိတ်စိတ်ကာ အနေတော် အတုံးလေးတွေလှီးပြီး ရေဆေးထားပါ
  • ကြက်သွန်အဖြူ အနီ ချင်းတို့ကို ငရုတ်သီးမှုန့်နှင့် ရောထောင်းပေးပါ
  • အားလုံး အဆင်သင့်ဖြစ်တာနဲ့ ဇောက်နက်သော အိုးတလုံးကို အပူပေးပါ
  • အိုးပူလာတာနဲ့ ဆီထည့်ပြီး ငရုတ်သီးထောင်းကို မွှေးလာတဲ့ထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ ကြက်ရိုးကို ထည့်ဆီသတ်ပါ
  • ကြက်ရိုး အရောင်ပြောင်းလာပြီး မာလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းကာနီးထိ တည်ပေးပါ
  • ရေခမ်းကာနီးတာနဲ့ ဂေါ်ရခါးသီးကိုထည့်ပြီး ရေ တရုတ်ဟင်းရည်သောက် ပန်းကန်တလုံးစာလောက်ထည့်ပြီး ဆူအောင်တည်ပါ
  • ဂေါ်ရခါးသီး နူးလာတာနဲ့ အရည်အရသာအတွက် ဆား ငံပြာရည် အရသာမှုန့်တို့ထည့်ကာ လိုသလိုပြင်ပေးပါ
  • ဂေါ်ရခါးသီးလဲနူး ဟင်းရည်အရသာ အနေတော်ဖြစ်ပြီဆို သုံးဆောင်ရန် အသင့်ရပါပြီ 

Tuesday, 15 September 2015

ကီဝီသီး ရေခဲချောင်း


ရာသီဥတုက ပူလာပြီဆိုတော့ ရင်ထဲမှာ တခန အေးသွားစေမဲ့ အစာလေးတွေ လုပ်စားဖြစ်ပါတယ် အခုတလော ကီဝီသီးတွေကလဲ လှိုင်လှိုင်ပေါ်နေတော့ ကီဝီသီးဖျော်ရေလေး လုပ်သောက်လိုက် ရေခဲချောင်းလေး လုပ်စားလိုက်နဲ့ပေါ့ ရှင်။
ဒီနေ့တော့ ကီဝီသီး ရေခဲချောင်းလုပ်နည်းလေး ရေးပေးပါမယ်
ပါဝင်ပစ္စည်းများ

  • ကီဝီသီး - ၁၀လုံး
  • သကြား - ထမင်းစားဇွန်း ၂ဇွန်းခွဲ
  • ရေ - 250ml
  • ရေခဲချောင်းခွက် - ၆ခွက်
ပြုလုပ်ပုံ
  • ကီဝီသီးကို အခွံခွာပြီး ရေဆေးထားပါ
  • ကီဝီသီးနဲ့ သကြားတို့ကိုထည့်ပြီး ဗလင်ဒါထဲမှာ ကြေအောင် ထည့်ကြိတ်ပေးပါ
  • ကီဝီသီးကြေတာနဲ့ ရေရောပေးပါ
  • ရေနဲ့သမအောင်မွှေပေးပြီး ရေခဲချောင်းခွက်ထဲထည့်ပြီး ရေခဲသေတ္တာအပေါ်ထပ်ထဲမှာ ထည့်ပြီးလေးနာရီလောက် အကြာမှာ ရေခဲလာတာနဲ့ ချိုချိုမွှေးမွှေး ရေခဲချောင်းလေး စားလို့ရပါပြီ


ကီဝီသီး ဖျော်ရည်


ကီဝီသီးလေးတွေတွေ့တော့ ဒီအတိုင်းစားလိုက် သုပ်စားလိုက်နဲ့ ရိုးသလိုလို ဖြစ်လာတော့ ဖျော်ရည်လေး ဖျော်သောက်ရင် ကောင်းမလားဆိုပြီး ဖျော်သောက်ဖြစ်သွားပါတယ် သောက်မိလိုက်တော့ ရွှေရင်အေးပြီး ခံတွင်းက ရှင်းသွားတော့ အတိုင်းထက် အလွန်ပေါ့နော်။

ပါဝင်ပစ္စည်းများ

  • ကီဝီသီး - ၄လုံး
  • သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  • ရေခဲ - လက်နှစ်လုံးအရွယ် ၆ခဲ
  • ရေ - လိုသလောက်
ဖျော်နည်းလေးပြောပါမယ်
  • ကီဝီသီးကို အခွံခွာပြီး ရေဆေးထားပါ
  • ကီဝီသီး သကြား ရေခဲတို့ကို ရောပြီး ဘလန်ဒါထဲမှာ ထည့်ကြိတ်ပေးပါ
  • ကီဝီသီးနှင့် သကြား ရေခဲများကျေသွားတာနဲ့ အအေးရေလိုသလောက် ဖန်ခွက်တခွက်စာ ရောပြီး သောက်နိုင်ပါပြီ

ပင်လယ်စာ ဆီပြန်မွှေးမွှေးလေး


ပင်လယ်စာဆီပြန်ဟင်းလေး ချက်ဖြစ်လို့ပါ မာမာဟင်းချက်ရင် ဟင်းချက်အမွှေးအကြိုင် သိပ်ထူးထူးဆန်းဆန်းတွေ မထည့်ဖြစ်ပေမဲ့ မြန်မာ့ဟင်းခတ် အမွှေးအကြိုင်လေးတော့ ထည့်ချက်ဖြစ်ပါတယ် ဒီနေ့လည်း ပင်လယ်စာ အစုံကို မြန်မာ့ဟင်းပွဲတွေမှာ ထည့်လေ့ထည့်ထရှိတဲ့ မကျီးသီးမှည့် နံနံပင် စပါးလင် ငရုတ်သီးမှုန့် ချင်း ကြက်သွန်အဖြူ အနီတို့နဲ့ ချက်ထားတဲ့ ဆီပြန်ဟင်းလေးပါ။
မာမာချက်တဲ့နည်းလေး ပြောပါမယ်

  • ပင်လယ်စာအစုံ - 300g
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ချင်း - လက်တစ်ဆစ်ရဲ့ တ၀က်
  • နံနံပင် - ခပ်ကြီးကြီး ၃ပင်
  • မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံ တပုံ
  • ဆီ - ထမင်းစားဇွန်း ငါးဇွန်း
ချက်ပြုပ်ပုံ
  • ပင်လယ်စာအစုံထဲမှ ဂုန်းသားလေးတွေကို အစာအိတ်များဖယ်ပေးပါ
  • ပုဇွန် ငါး ကင်းမွန် ဂုန်းအသားများကို သန့်စင်ပြီး ဆား အရသာမှုန့် နနွင်းမှုန့် ငံပြာရည်တို့ထည့်ပြီး နယ်ထားပေးပါ
  • ချင်း ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးမှုန့်တို့ကို ရောပြီးထောင်းထားပေးပါ
  • နံနံပင်ကို အရင်ဆုံး ရေစင်အောင်ဆေးပြီး လက်တဆစ်ခန့်အနေလောက် ဖြတ်ထားပေးပါ
  • မကျည်းသီးမှည့်ကို ရေတထပ်ဆေးပေးပြီး ရေစိမ်ထားပေးပါ
  • အားလုံး အဆင်သင့်ဖြစ်တာနဲ့ ဆီကိုအပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်အနှစ်များကို ငရုတ်သီးမှုန့်ထည့်ပြီး မွှေးလာအောင် ဆီသတ်ပါ
  • ငရုတ်သီးနံ့သင်းလာတာနဲ့ အရသာနယ်ထားသော ပင်လယ်စာကိုထည့်ပြီး မာလာတဲ့ထိ ဆီသတ်ပေးပါ
  • ပင်လယ်စာများ အရောင်ပြောင်းပြီး မာလာတာနဲ့မကျည်းသီးမှည့်ကို နယ်ပြီး အရည်ကို ပင်လာစာများ မြုပ်အောင်ထည့်ပေးပါ
  • ရေခမ်းပြီး ဆီပြန်ကာနီးတာနဲ့ အရသာမြည်းပြီး လိုအပ်သလိုပြင်ကာ နံနံပင်အုပ်ပြီး အရသာရှိလွန်းတဲ့ ပင်လယ်စာဆီပြန် မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။

Sunday, 13 September 2015

ပွဲပြင်လက်ဖက်နှပ် ချဉ်ငံစပ်


လက်ဖက်နှပ်နည်းလေးတွေ အဆင့်ဆင့်ရေးပြီးပြီမို့ အခုတော့ ပွဲပြင်လက်ဖက်နှပ်နည်းလေး ရေးပေးချင်ပါတယ် လက်ဖက်ကို နှစ်သက်သလို သုပ်စား ချက်စားကြတာမို့ အခုကတော့ ပွဲပြင်လက်ဖက်နှပ်နည်းလေးကလည်း ဧည့်သည်လာတဲ့အခါ အသုံးပိုပြီး ၀င်သလို အရသာ ပိုပြီးကောင်းတဲ့ လက်ဖက်သုပ်ပြင်ဖို့အတွက် ဧည့်သည် လျှာလည်စေမဲ့ နနည်းလေးပါ။

နှပ်ပုံနှပ်နည်းလေးကတော့ အတူတူပါဘဲ အများနှစ်သက်တဲ့ ရွှေပုဇွန်ခြောက် အကောင်လိုက်ထည့်ပြီး နှပ်လိုက်တဲ့အတွက် မျက်နှာပန်းပိုပြီးလှစေသလို အရသာလဲ ပိုစေတဲ့ ချဉ်ငံစပ် လက်ဖက်နှပ်နည်းလေးပါ။

ပွဲပြင်လက်ဖက်နှပ်ရန် ပါဝင်ပစ္စည်းများ

  • လက်ဖက်အသား (လက်ဖက်အညွန့် )  - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးခွဲစာ
  • ပုဇွန်ခြောက်မှုန့် - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးစာ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၀မွှာ
  • ငရုတ်သီးစိမ်း - ၁၅တောင့် အစပ်ကြိုက်လျှင် ပိုထည့်ပါ
  • ပုဇွန်ခြောက် - အကောင်လှလှ အကောင် ၂၀ခန့်( ပိုထည့်လဲရ )
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (မစားလျှင်မထည့်လဲရ)
  • မြေပဲဆီစစ်စစ် - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးသာသာ
  • လက်ဖက်အရွက်ကြမ်းဖြစ်ပါက လက်ဖက်အသားကို ရေ၂ထပ်လောက်ဆေးပြီး ရေစင်အောင်ညှစ်ပေးပြီးမှ ငရုတ်ဆုံထဲ ညက်နေအောင် ထည့်ထောင်းပေးပါ
ပြုလုပ်ပုံ
  • လက်ဖက်အညွန့်ကို ရေနှင့် ခပ်ဖွာဖွာလှုပ်ပြီး ဆေးကာ လက်နှစ်ဖက်နှင့် ရေစင်အောင် ညှစ်ပေးပါ
  • ရေစစ်သွားပါက ဇလုံကျယ်ကျယ်တလုံးထဲ ထည့်ပြီး ဖွထားပါ
  • ကြက်သွန်ဖြူ၇မွှာကို မညက်တညက်ထောင်းပေးပြီး ကျန်သုံးမွှာကို အကွင်းလိုက်လှီးထားပါ
  • ငရုတ်သီးစိမ်း ၁၃တောင့်ကို ညက်နေအောင် ထောင်းထားပြီး ကျန်၂တောင့်ကို အကွင်းလိုက်လှီးထားပါ
  • ဆား ပုဇွန်ခြောက်မှုန့် ငရုတ်သီးစိမ်းထောင်း အချိုမှုန့် ကြက်သွန်ဖြူထောင်းတို့ ထည့်ပေးပြီး ခပ်ဖွဖွ အားလုံးသမအောင်နယ်ပေးပါ
  • အရသာမြည်းကြည့်ပြီး လိုသလိုပြင်ပေးကာ ပုဇွန်ခြောက် အကောင်လိုက် အကွင်းလိုက်လှီးထားသော ငရုတ်သီးစိမ်း အကွင်းလိုက်လှီးထားသော ကြက်သွန်ဖြူနှင့် ဆီထည့်ပြီး သမအောင်နယ်ပေးပါ
  • အားလုံးသမသွားပါက လေလုံသော ဖန်ပုလင်းထဲတွင် ဆီမြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထားစားပါက နှစ်ပေါက်အောင် စားသုံးနိုင်တဲ့ ပွဲပြင်လက်ဖက် ချဉ်ငံစပ်နှပ်လေးရပါပြီ။



လက်ဖက် အစပ်နှပ်


လက်ဖက်အသားကို အမျိုးမျိုးနှပ်စားကြသလို ၀က်သားနဲ့လည်းချက်တတ်ကြပါတယ် လက်ဖက်ထမင်းသုပ်လေးလုပ်စားနိုင်သလို လက်ဖက်ထမင်းလေးလဲ ကြော်စားနိုင်ပါသေးတယ် ဒီနေ့တော့ အလုပ်နည်းနည်းအားတာနဲ့ လက်ဖက်မျိုးစုံနှပ်နည်းလေး ရေးပေးချင်ပါတယ်။

ဓါတ်ပုံကိုတော့ အဆင်ပြေသလို ရိုက်ထားပါတယ် တယောက်ထဲ ပြင်ရဆင်ရတာဆိုတော့ လက်ဆေးလိုက် ကင်မရာကိုင်လိုက်နဲ့ ပါတ်ချာလည်နေတာမို့ အဆင်ပြေသလိုလေး တင်ပေးထားပါတယ် အချိုကြိုက်သူတို့ အချိုနှပ်နိုင်သလို အအစပ်ကြိုက်သူအစပ် ချဉ်စပ်ကြိုက်သူ ချဉ်စပ်လေး နှပ်ပြီး စားနိုင်အောင်လို့ပါ။

လက်ဖက်အစပ်နှပ်ရန် ပါဝင်ပစ္စည်းများ

  • လက်ဖက်အသား (လက်ဖက်အညွန့် )  - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးခွဲစာ
  • ပုဇွန်ခြောက်မှုန့် - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးစာ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၀မွှာ
  • ငရုတ်သီးစိမ်း - ၁၅တောင့် အစပ်ကြိုက်လျှင် ပိုထည့်ပါ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (မစားလျှင်မထည့်လဲရ)
  • မြေပဲဆီစစ်စစ် - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးသာသာ
  • လက်ဖက်အရွက်ကြမ်းဖြစ်ပါက လက်ဖက်အသားကို ရေ၂ထပ်လောက်ဆေးပြီး ရေစင်အောင်ညှစ်ပေးပြီးမှ ငရုတ်ဆုံထဲ ညက်နေအောင် ထည့်ထောင်းပေးပါ
ပြုလုပ်ပုံ
  • လက်ဖက်အညွန့်ကို ရေနှင့် ခပ်ဖွာဖွာလှုပ်ပြီး ဆေးကာ လက်နှစ်ဖက်နှင့် ရေစင်အောင် ညှစ်ပေးပါ
  • ရေစစ်သွားပါက ဇလုံကျယ်ကျယ်တလုံးထဲ ထည့်ပြီး ဖွထားပါ
  • ကြက်သွန်ဖြူ၇မွှာကို မညက်တညက်ထောင်းပေးပြီး ကျန်သုံးမွှာကို အကွင်းလိုက်လှီးထားပါ
  • ငရုတ်သီးစိမ်း ၁၃တောင့်ကို ညက်နေအောင် ထောင်းထားပြီး ကျန်၂တောင့်ကို အကွင်းလိုက်လှီးထားပါ
  • ဆား ပုဇွန်ခြောက်မှုန့် ငရုတ်သီးစိမ်းထောင်း အချိုမှုန့် ကြက်သွန်ဖြူထောင်းတို့ ထည့်ပေးပြီး ခပ်ဖွဖွ အားလုံးသမအောင်နယ်ပေးပါ
  • အရသာမြည်းကြည့်ပြီး လိုသလိုပြင်ပေးကာ အကွင်းလိုက်လှီးထားသော ငရုတ်သီးစိမ်း အကွင်းလိုက်လှီးထားသော ကြက်သွန်ဖြူနှင့် ဆီထည့်ပြီး သမအောင်နယ်ပေးပါ
  • အားလုံးသမသွားပါက လေလုံသော ဖန်ပုလင်းထဲတွင် ဆီမြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထားစားပါက နှစ်ပေါက်အောင် စားသုံးနိုင်တဲ့ လက်ဖက်အစပ်နှပ်လေးရပါပြီ။

လက်ဖက်အသားနှပ် ချဉ်ငံစပ်


လက်ဖက် အချိုနှပ်လေး ရေးပေးပြီးပြီဆိုတော့ ပိုပြီးပြည့်စုံသွားရလေအောင် ချဉ်ငံစပ်လက်ဖက်နှပ်လေး မျှဝေချင်ပါတယ် မာမာကတော့ စောင်းလျားသီး အစိမ်းမရှိလို့ သံပုရာသီးနဲ့ဘဲ အချဉ်အရသာကိုယူပြီး နှပ်ထားပါတယ် မာမာ့အမေဆိုရင်တော့ စောင်းလျားသီးအစိမ်းကို မညက်တညက်ထောင်းပြီး နှပ်လေ့ရှိပါတယ် အခုတော့ အဆင်ပြေသလိုလေး အမေ့နည်းကို အခြေပြီး နှပ်ထားတဲ့ ချဉ်ငံစပ်လက်ဖက်လေး မျှဝေလိုက်ပါတယ်။

လက်ဖက်အသား ချဉ်ငံစပ်နှပ်ရန် ပါဝင်ပစ္စည်းများ

  • လက်ဖက်အသား (လက်ဖက်အညွန့် )  - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးခွဲစာ
  • ပုဇွန်ခြောက်မှုန့် - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးစာ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၅မွှာ
  • ငရုတ်သီးစိမ်း - အတောင့်းသး ၁၅တောင့် (အစပ်ကြိုက်ပါက ပိုထည့်ပါ)
  • သံပုရာသီး - အနေတော် တခြမ်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (မစားလျှင်မထည့်လဲရ)
  • မြေပဲဆီစစ်စစ် - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးသာသာ
  • လက်ဖက်အရွက်ကြမ်းဖြစ်ပါက ရေ၂ထပ်လောက်ဆေးပြီး ရေစင်အောင်ညှစ်ကာ ညက်နေအောင် ငရုတ်ဆုံထဲ ထည့်ထောင်းပြီးမှ နှပ်ပါ
ပြုလုပ်ပုံ
  • လက်ဖက်အညွန့်ကို ရေနှင့် ခပ်ဖွာဖွာလှုပ်ပြီး ဆေးကာ လက်နှစ်ဖက်နှင့် ရေစင်အောင် ညှစ်ပေးပါ
  • ရေစစ်သွားပါက ဇလုံကျယ်ကျယ်တလုံးထဲ ထည့်ပြီး ဖွထားပါ
  • ကြက်သွန်ဖြူ ၁၀မွှာကို မညက်တညက်ထောင်းထားပါ
  • ကျန်သောကြက်သွန်ဖြူ ၅မွှာကို အကွင်းလိုက်လှီးထားပါ
  • ငရုတ်သီးစိမ်း ၁၃တောင့်ကို ညက်နေအောင်ထောင်ပြီး ကျန်၂တောင့်ကို အကွင်းလိုက်လှီးထားပါ
  • ဆား ပုဇွန်ခြောက်မှုန့် ငရုတ်သီးစိမ်းထောင်း အချိုမှုန့် ကြက်သွန်ဖြူထောင်းနှင့် သံပုရာညှစ်ပေးပြီး ခပ်ဖွဖွ အားလုံးသမအောင်နယ်ပေးပါ
  • အရသာမြည်းကြည့်ပြီး လိုသလိုပြင်ပေးကာ ငရုတ်သီးအကွင်း ကြက်သွန်ဖြူအကွင်း ဆီထည့်ပြီး သမအောင်နယ်ပေးပါ
  • အားလုံးသမသွားပါက လေလုံသော ဖန်ပုလင်းထဲတွင် ဆီမြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထားစားပါက နှစ်ပေါက်အောင် စားသုံးနိုင်တဲ့ လက်ဖက်ချဉ်ငံစပ်လေးရပါပြီ။

လက်ဖက်အသား အချိုနှပ်



ဒီနေ့တော့ ပိတ်ရက်လေးဖြစ်ပြန် မိသားစုစုံတဲ့ ရက်လေးလဲ ဖြစ်ပြန်တော့ လက်ဖက်အသားလေး နှပ်တန်တာနှပ် သုပ်တန်တာသုပ် အစားအသောက် ပြင်ဆင်နေရရင် မပျင်းတတ်လေတော့ မာမာတယောက် မီးဖိုဆောင်ထဲမှာ အလုပ်ရှုပ်ရပြန်ပြီပေါ့နော်။
အခုတော့ လက်ဖက်အချိုနှပ်နည်းလေး ပြောပြချင်ပါတယ် တယောက်နဲ့တယောက် နှပ်ပုံနှပ်နည်းလေး ကွာချင်ကွာပါလိမ့်မယ် မာမာကတော့ မာမာ့အမေ အလှူအတမ်းတွေမှာ နှပ်တဲ့နည်းလေးအတိုင်း နှပ်ထားတာပါ စားတဲ့အခါ အရသာကတော့ နတ်သုဒ္ဒါပေါ့နော်။

လက်ဖက်အချိုနှပ်ရန် ပါဝင်ပစ္စည်းများ

  • လက်ဖက်အသား (လက်ဖက်အညွန့် )  - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးခွဲစာ
  • ပုဇွန်ခြောက်မှုန့် - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးစာ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၅မွှာ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (မစားလျှင်မထည့်လဲရ)
  • မြေပဲဆီစစ်စစ် - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးသာသာ
  • လက်ဖက်အညွန့်မဟုတ်ဘဲ လက်ဖက်အကြမ်းဖြစ်နေပါက လက်ဖက်အသားကို ရေ ၂ထပ်လောက်ဆေးပြီး ရေစင်အောင်ညှစ်ကာ ငရုတ်ဆုံမှာ ညက်နေအောင်ထောင်းပေးပြီးမှ လက်ဖက်ကိုနှပ်ပေးပါ
ပြုလုပ်ပုံ
  • လက်ဖက်အညွန့်ကို ရေနှင့် ခပ်ဖွာဖွာလှုပ်ပြီး ဆေးကာ လက်နှစ်ဖက်နှင့် ရေစင်အောင် ညှစ်ပေးပါ
  • ရေစစ်သွားပါက ဇလုံကျယ်ကျယ်တလုံးထဲ ထည့်ပြီး ဖွထားပါ
  • ကြက်သွန်ဖြူ ၁၀မွှာကို မညက်တညက်ထောင်းထားပါ
  • ကျန်တဲ့ငါးမွှာကို  မထူမပါး အကွင်းလိုက်လှီးထားပါ
  • ဆား ပုဇွန်ခြောက်မှုန့် အချိုမှုန့် ကြက်သွန်ဖြူထောင်းတို့ ထည့်ပေးပြီး ခပ်ဖွဖွ အားလုံးသမအောင်နယ်ပေးပါ
  • အရသာမြည်းကြည့်ပြီး လိုသလိုပြင်ပေးကာ အကွင်းလိုက်လှီးထားသော ကြက်သွန်ဖြူနှင့် ဆီထည့်ပြီး သမအောင်နယ်ပေးပါ
  • အားလုံးသမသွားပါက လေလုံသော ဖန်ပုလင်းထဲတွင် ဆီမြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထားစားပါက နှစ်ပေါက်အောင် စားသုံးနိုင်တဲ့ လက်ဖက်အချိုနှပ်လေးရပါပြီ။

Thursday, 10 September 2015

လက်ပံခေါင်း ဆီပြန်ဟင်း


ဒီအချိန်ဆို လက်ပံတွေပွင့်ပြီမို့ လက်ပံပွင့်ကောက်ရင်း သီချင်းလေး တကြော်ကြော် အော်ဆိုခြ့တဲ့ ငယ်ငယ်က ဘ၀လေးကိုလဲ လွမ်းမိပါတယ် လက်ပံပွင့်ချိန် ခွေးရူးချိန်ဆိုလို့ အိမ်အပြင်ထွက်တိုင်း ခွေးလေးတွေကို လိုက်ကြည့်ရတာလဲ အအေမောပါဘဲ။

သူငယ်ချင်းတသိုက် လမ်းထိပ်လက်ပံပင်မှာ သူရူးကိုယ်ရူး သီချင်းလေးတွေ အော်အော်မြူးခဲ့ရတာ အတိတ်မှာ ကျန်ခဲ့ပေမဲ့ အခုလို လက်ပံပေါ်ချိန်တိုင်း ငယ်ငယ်က သူငယ်ချင်းလေးတွေကိုတော့ လွမ်းမိသားနော်။

ဒီနေ့တော့ လက်ပံခေါင်းကို အချဉ်ဆီပြန်လေးချက်ပါမယ် အသားမစားတဲ့ သတ်သတ်လွတ် စားသူတွေ အတွက်တော့ သူတမျိုးထဲနဲ့ ပြီးပြည့်စုံတဲ့ ဟင်းလေးပါ။

ပါဝင်ပစ္စည်းများ

  • အခြောက်လှမ်းထားသော လက်ပံခေါင်း - ၂၀ခု
  • ခရမ်းချဉ်သီး ကြီးကြီး - ၂လုံး
  • ကြက်သွန်ဖြူ အမွှာကြီးကြီး - ၂မွှာ
  • ကြက်သွန်နီ - တခြမ်း
  • ချင်း - အနည်းငယ်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး တ၀က်သာသာ
ပြင်ဆင်ပုံ
  • လက်ပံခေါင်းကို မချက်မှီ တနာရီလောက်ထဲက ကြိုပြီးရေစိမ်ထားပါ
  • ကြက်သွန်အဖြူ အနီ ချင်းတို့ကို ငရုတ်သီးမှုန့် ရောပြီးထောင်းထားပါ
  • ရေစိမ်ထားသော လက်ပံခေါင်းများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ  
  • ဆီကိုအပူပေးပြီး ငရုတ်သီးထောင်များ ထည့်ပြီးဆီသတ်ပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ ခရမ်းချဉ်သီးထည့်မွှေပေးပါ
  • ခရမ်းချဉ်သီး အိပြီးပျော့လာတာနဲ့ လက်ပံခေါင်း ဆား အရသာမှုန့်တို့ထည့်မွှေပေးပါ
  • ဆီနှင့်အရသာ သမသွားတာနဲ့ရေမြုပ်အောင်ထည့်ပြီး လက်ပံခေါင်း နူးတဲ့အထိ တည်ပေးပါ
  •  လက်ပံခေါင်းနူးပြီး ဆီပြန်လာပါက အရသာမြည်းပြီး လိုသလို သုံးဆောင်နိုင်ပါပြီ                                     


ရှမ်းခေါက်ဆွဲနှင့်တွဲဖက်ပြီး စားရန်ပြင်ထားသော လက်ပံခေါင်းဟင်း

Tuesday, 8 September 2015

SUSHI SANDWICHES


ဒီနေ့တော့ ပိတ်ရက်လေးမှာ စူရှီလေးလုပ်စားဖြစ်ကြတယ် အပျင်းလဲပြေ ငွေကုန်လဲသက်သာပေါ့နော် အပြင်မှာထွက်စားရင် ၃ယောက်စာဆို အနည်းဆုံး $ 50 နဲ့တောင် ၀မယ်မထင်ပါဘူး အိမ်မှာလုပ်စားတော့ အလွန်ဆုံးကုန်မှ $8 လောက်ဘဲ ကုန်မှာပါ။

အားလပ်ရက်လေး အိမ်မှာ မိသားစုပျော်ပျော်ပါးပါးလေး စားရအောင် လုပ်စားကြည့်စေချင်ပါတယ်

ပါဝင်ပစ္စည်းများ

  • ဆူရှီဆန်ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူးကို ချက်ထားသောထမင်း
  • စူရှီလုပ်ရာတွင်သုံးသော မရောနိ  - ထမင်းစားဇွန်း တဇွန်းခွဲ
  • စူရှီလုပ်ရာတွင် သုံးသော Sushi Seasoning. - ထမင်းစားဇွန်း တဇွန်းသာသာ
  • ပါးလှပ်နေအောင် လှီးထားသော မုံလာဥနီ - အချပ် ၂၀
  • ပါးလှပ်နေအောင် လှီးထားသော သခွားသီး - အချပ် ၂၀
  • ကျူနာငါးဗူး - 95g 
  • စူရှီလုပ်ရန် ရေညှိရွက် - ၄ရွက်
  • ပါးလှပ်နေအောင်လှီးပြီး အချဉ်တည်ထားသော ချင်းချဉ် - ၁၀ချပ် (စူရှီစားပြီး ခံတွင်းရှင်းရန်စားသော ချင်းချဉ်ကို သုံးထားပါတယ် )
  • Soy Sauge ထမင်းစားဇွန်း -  ၃ဇွန်းခန့်
ပြုလုပ်ပုံ
  • ထမင်းကိုကျက်ကျက်ချင်း အရင်ဆုံး ဗီနီကာ မရိုးနိတို့နှင့် ခပ်ဖွဖွနယ်ထားပါ
  • အရင်ဆုံး စူရှီလိတ်သော ယင်းလိတ်ပေါ်မှာ ရေညှိဖတ်ကိုခင်းပါ
  • ယင်းလိပ်မရှိပါက အောက်ခြေအမာ ပြင်ညီတခုခုပေါ်မှာ ခင်းပေးပါ
  • ရေညှိဖတ်ပေါ်မှာ လက်ကိုရေစွတ်ပြီး ထမင်းကို ခပ်ပြန့်ပြန့်ခင်းပေးပါ
  • ထမင်းပေါ်မှာ ကျူနာငါးကို အရည်စစ်ပြီး ဖြန့်ခင်းပေးပါ
  • ကျူနာငါးအပေါ်မှာ မုံလာဥနီကို ခင်းပေးပါ
  • မုံလာဥနီပေါ်မှာ သခွားသီးဖတ်လေးများ ခင်းပေးပါ
  • သခွားသီးဖတ်ပေါ်မှာ ထမင်းတထပ်ကို ဖြန့်ပြီး ခင်းပေးပါ
  • ထမင်းပေါ်မှာမှ ရေညှိတရွက် ထပ်ခင်းပေးပါ
  • အားလုံးပြီးပါက ခပ်ထက်ထက်ဓါးကို ရေစွတ်ပြီး ဆင်းဒ၀ှစ် ပုံစံလှီးပေးပါ
  • စုစုပေါင်း စူရှီဆင်းဒ၀ှစ် ၁၆ချပ် ရပါမယ်
  • အဆင်သင့် ဖြစ်သောအခါ Sushi Soy Sauge & Ginger တို့နှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

Saturday, 5 September 2015

မြင်းခွာရွက်သုပ် ချဉ်ငံစပ်


အိမ်မှာစိုက်ထားတဲ့ မြင်းခွာရွက် လတ်လတ်ဆတ်ဆတ်လေးတွေ သုပ်စားဖြစ်ပါတယ် မြင်းခွာရွက်ကို တန်ပူရာမှုန့်နဲ့ဘဲ ကြော်ကြော် ဟင်းခါးလေးဘဲချက်ချက် အတို့အမြုပ်လေးဘဲလုပ်လုပ် ချဉ်ငံစပ်လေးဘဲသုပ်သုပ် အရမ်းကို ကြိုက်တာပါ ဒါကြောင့်မို့လဲ အိမ်မှာ အလွယ်တကူရအောင် ပန်းအိုးလေးတွေနဲ့ စိုက်ထားတာမို့ စားချင်ရင် အဆင်သင့်ရခဲ့ပါတယ်။

ဒီနေ့တော့ မြင်းခွာရွက်ကို ချဉ်ငံစပ်လေး သုပ်ပါတယ်အဆင်ပြေရင် သုပ်စားကြည့်စေချင်ပါတယ်

ပါဝင်ပစ္စည်းများ

  • ရေစက်အောင်ဆေးပြီး ခပ်ကြမ်းကြမ်းလှီးထားသော မြင်းခွာရွက် - လက်နှစ်ဆုတ်စာ
  • မညက်တညက်ထောင်းထားသော မြေပဲလှော် - ထမင်းစားဇွန်း ၂ဇွန်း
  • ညက်နေအောင်ထောင်းထားသော ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တဇွန်းခွဲ
  • ပဲအကျက်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း တ၀က်သာသာ
  • သံပုရာရည် သို့မဟုတ် အကျီးမှည့်ရည် - ထမင်းစားဇွန်း တ၀က်သာသာ
  • ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း တဇွန်း
  • ခပ်ပါးပါးလှီးထားသော ကြက်သွန်နီ - တခြမ်း
  • ငရုတ်သီးအလှော်မှုန့် - လက်ဖက်ရည်ဇွန်းတဇွန်း
ပန်းကန်ကျယ်ကျယ်တခုထဲ အားလုံးရောထည့်ပြီး ခပ်ဖွဖွနယ်ပေးကာ အရသာမြည်း၍ လိုသလို ပြင်ကာ သုံးဆောင်နိုင်ပါပြီ