Tuesday, 21 July 2015

ကြက်အသည်း ဆီပြန်မွှေးမွှေးလေး



ကြက်အသည်း ဆီပြန်ဟင်းမွှေးမွှေးလေးပါ အသည်းဟင်းချက်ရင် မချက်တတ်တဲ့အခါ အရမ်းညှီပါတယ် နကိုထဲက သံဓါတ်များတဲ့ အစာမို့ ချက်တဲ့အခါမှာ အနံ့မပြင်းစေဖို့ ဟင်းခတ် အမွှေးအကြိုင်လေးတွေ သတိထားပြီး ထည့်ပေးဖို့တော့ လိုပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်အသည်း - 500g
  • ကြက်သွန်နီ - အနေတော် တလုံး 
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • လေးညှင်း - တပွင့်
  • ဖာလာစေ့ - တခု
  • စမုံစပါး - ၁၀စေ့ခန့်
  • ကရဝေးရွက် - တရွက်
  • ချင်း - လက်တဆစ်ခန့်
  • စပါးလင် - တလက်မခန့်
  • မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် (ဆီသတ် ကြက်အသည်း အရသာနယ်ရာတွင် တ၀က်စီ ခွဲသုံးပါ)
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်

ပြင်ဆင်ပုံ
  • ကြက်အသည်းကို ရေဆေးပြီး ဆား နနွင်း အရသာမှုန့်တို့နဲ့ နယ်ပြီး နှပ်ထားပေးပါ
  • ကြက်သွန်အဖြူ အနီ စမုံစပါး ချင်း စပါးလင် ငရုတ်သီးမှုန့် စပါးလင်တို့ကို ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ဇောက်နက်သော အိုးတလုံးမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ကိုထည့်ပြီး ငရုတ်သီးထောင်းထားသော အနှစ်များနှင့်အတူ ကရဝေးရွက် လေးညှင်းပွင့်နှင့် ဖာလာစေ့ကို အနည်းငယ်ထုပြီးထည့်ကာ ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်အသည်းကို ထည့်မွှေပေးပါ
  • ထွက်လာသော အရည်များ ခမ်းကာနီးအထိ မကြာ မကြာမွှေပေးပါ
  • အရည်များ ခမ်းပြီး ကြက်အသည်းများ အရောင်ပြောင်းလာမှ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ဆီပြန်ကာနီး ရေနည်းနည်းကျန်ချိန်မှာ မဆလာအုပ်ပြီး အရသာမြည်းပါ
  • လိုအပ်သလို ပြင်ပေးပြီး ဆီပြန်လာပါက ကြက်အသည်း ဆီပြန်ဟင်းမွှေးမွှေးလေး ရပါပြီ
ကြက်အသည်းဟင်းကို ငံပြာရည် မသုံးထားပါ ငံပြာရည်သုံးပါက သံဓါတ်အနံ့ကို ပိုပြီးပြင်းစေပါတယ်။

Tom Yum Soup


ဒီနေ့တော့ Tom Yum ဟင်းရည်လေး လုပ်သောက်ဖြစ်သွားပါတယ် ဆိုင်မှာသွားဝယ်ရင် တပွဲ $13 ပေးရတာမို့ မတန်ဘူး ထင်တာနဲ့ တုန်ယမ်းအနှစ်ပုလင်းရယ် လိုတာလေးတွေရယ်ဝယ်ပြီး ပြင်ဆင်ချက်ပြုပ်လိုက်တော့လဲ ပြင်ဆင်ချိန်ရော ချက်ပြုပ်ချိန်ပါ ၁၅မိနစ်တောင် မကြာတာမို့$13 မကုန်ဘဲ ၀ ၀လင်လင် စားရသလို ဆိုင်ကအရသာထက် ပိုပြီးကောင်းလို့တောင် နေပါသေးတယ်။

မိသားစုအတွက် ကိုယ်တိုင်ချက်ပြုပ် ပြင်ဆင်ပေးရတဲ့ ပီတိဟာ ဘာနဲ့မှ မတူပါဘူး မေတ္တာ စေတနာ အရင်းခံတဲ့ ဟင်းတမယ်မို့ များစွာသော ပီတိများကို ရစေတာ အမှန်ပါဘဲ။

လိုအပ်တာလေးတွေပြောပါမယ်

  • Tom Yum ဟင်းချက်အနှစ် - ထမင်းစားဇွန်း ၄ဇွန်း
  • ရေ - တရုတ်ဟင်းရည်သောက် ပန်းကန် နှစ်လုံး
  • ပုဇွန်ထုတ် - ၇ကောင် ( အမြှီး ခေါင်း အခွံခွာ ကြောမှ အမဲကြောင်း ထုတ်ထားပါ )
  • ကင်းမွန်လှီးပြီးသား - ၈ခု( ကင်းမွန်ကို ရေစင်အောင်တေးပြီး ပြောင်းပြန်လှန်ကာ ကန့်လန့် အစောင်း အရာပေးပြီး အနေတော် လှီးထားပါ )
  • ဂဏန်းသား - ၈ခု (အနေတော် လှီးထားပါ )
  • ပဲပြား  - ၂တုံး ( ကြော်ပြီးသား ပဲပြားကို အနေတော် လှီးထားပါ)
  • Fish cake. - ၅ခု (fish cake ကို အနေတော် လှီးထားပေးပါ )
  • မုံညှင်းစိမ်း - အနည်းငယ် (ရေဆေးပြီး လက်တဆစ်လောက် အနေတော်ရအောင် လှီးထားပါ )
  • မုံညှင်းဖြူ - အနည်းငယ် (ရေဆေးပြီး လက်တလုံးလောက် အနေရအောင် လှီးထားပါ )
  • ရွှေပဲ - ၅တောင့် (ရေဆေးပြီး အကြောသင်ပေးထားပါ )
  • မုံလာဥနီ  - အနည်းငယ် ( ရေဆေးပြီး ပန်းပွင့်ပုံ လှီးထားပေးပါ)
  • ပဲပင်ပေါက် - အနည်းငယ်  (ရေဆေးပြီး စစ်ထားပါ)
  • ကြာစွယ် - ၃ခု
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရသာမှုန့်-  လက်ဖက်ရည်ဇွန်း တ၀က်
  • ဆန်ကြာဇံ အကြည် - 50g ကို ရေစိမ်ထားပါ
  • နှစ်သက်ရာ အသီးအရွက်များ ထပ်မံပြီး ထည့်နိုင်ပါသေးတယ်
  • အခုပြင်ဆင်ထားသလောက်ဆိုရင် ပွဲကြီး ၂ပွဲစာ မိသားစု ၆ယောက်လောက် ကောင်းကောင်းစားနိုင်ပါတယ်
  • မိသားစုနည်းရင် လိုအပ်သော အစာများကို လျော့ပြီးပြင်ပေးပါ
ချက်ပြုပ်ပုံ
  • အရင်ဆုံး ဇောက်နက်နက် အိုးထဲ ရေထည့်ပြီး ရေဆူအောင် တည်ပေးပါ
  • ရေဆူလာပါက ပုဇွန် ဂဏန်းချောင်း fish cake ဆားတို့ထည့်ပြီး ၂မိနစ်လောက် တည်ပေးပါ
  • ပြီးတာနဲ့ တုန်ယမ်းအနှစ်နှင့် မုံလာဥနီကို ထည့်ပြီ မိနစ်ဝက်လောက် ရေဆူပါစေ
  • ပြီးတာနဲ့ မုန့်ညှင်းဖြူ မုန့်ညှင်းစိမ်း အရသာမှုန့် ကြာဇံ ပဲပြား ကြာစွယ်တို့ထည့်ပြီး တမိနစ်လောက် ရေဆူပါစေ
  • အားလုံးပြီးတာနဲ့ကြာဇံ ရွှေပဲသီး ပဲပင်ပေါက်နှင့် အရသာမှုန့်ထည့်ကာ မိနစ်ဝက်လောက် ရေဆူပြီးတာနဲ့ ချဉ်ငံစပ် Tom Yum ဟင်းရည်ချဉ်စပ်လေးကို စားသုံးနိုင်ပါပြီ    
  • အချဉ်ပိုကြိုက်လျှင် သံပုရာရည် အနည်းငယ် ထည့်သောက်နိုင်ပါတယ်။ 




Monday, 20 July 2015

ချဉ်ငံစပ် ကြမ်မဆိုင်ကြော်


ဒီနေ့တော့ ထမင်းမိန်စေမဲ့ ကြမ်မဆိုင် ချဉ်ငံစပ်ဟင်းလေးနဲ့ မိတ်ဆက်ပေးပါမယ် ရာသီဥတုအပေါ် အကုန်ပုံချပြီး နကိုထဲက အစပ်ကြိုက်တဲ့ မာမာတယောက် ရာသီဥတု အေးလို့ အစပ်လေးတွေဘဲ ချက်ဖြစ်ခဲ့ပါတယ်။

ဒီနေ့တော့ ကြမ်မဆိုင်ကို ခပ်ကြမ်းကြမ်းလှီးပြီး ပန်းဂေါ်ဖီ မုံလာဥနီ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီး အကြမ်းဖတ်လေးတွေ အခြေခံပြီး စပ်စပ်လေး ကြော်ထားပါတယ် ထမင်းမိန်ဆေးလေးဆိုလဲ မမှးဘူးပေါ့ရှင်။

ပါဝင်ပစ္စည်းများ

  • ကြမ်မဆိုင် - တရုတ်ဟင်းပြင်ပန်းကန် တလုံးစာ
  • ပန်းဂေါ်ဖီ - တရုတ်ဟင်းပြင် ပန်းကန် တ၀က်သာသာ
  • မုံလာဥနီ - တရုတ်ဟင်းပြင် ပန်းကန် တ၀က်သာသာ
  • ငရုတ်သီး လုံးခြမ်းခွဲ - ထမင်းစားဇွန်း တဇွန်းခွဲ
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  • ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွှန်း လေးဇွန်း
  • ဗီနီကာ - ထမင်းစားဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  • ကြမ်မဆိုင်ကို ခပ်ကြမ်းကြမ်းလှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ၈စိပ်စိပ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အနေတော် စိပ်ထားပါ
  • မုံလာဥနီကို ရေဆေးပြီး ပန်းပွင့်ပုံဖော်ပြီး လှီးထားပါ
  • ပန်းဂေါ်ဖီကို ရေဆေးပြီး အနေတော် အခက်လေးများရအောင် လှီးထားပါ
  • ဆီ ပဲငံပြာရည်အကြည် ဗီနီကာ အရသာမှုန့် ငရုတ်သီးမှုန့်တို့ကို ပြင်ထားပါ


ချက်ပြုပ်ပုံ
  • ဇောက်နက်ပြီး အောက်ခြေမကပ်သော အိုးတလုံးကို အပူပေးပါ
  • အိုးပူလာတာနဲ့ ဆီထည့်ပြီး ကြက်သွန်နီကို မိနစ်ဝက်လောက် ကြော်လိုက်ပါ
  • ပြီးတာနဲ့ ငရုတ်သီးမှုန့်ထည့်ပြီး မွှေးလာအောင် ကြော်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ မုံလာဥနီနှင့် ပန်းဂေါ်ဖီကို ထည့်ကာ ပဲငံပြာရည်အကြည် အရသာမှုန့်တို့ထည့်ပြီး မိနစ်ဝက်ခန့် ကြော်ပေးပါ
  • ပြီးတာနဲ့ ကြမ်မဆိုင်ကိုထည့်ပြီး ဗီနီကာထည့်ကာ တမိနစ်လောက် မွှေပေးပါ
  • အားလုံးပြီးတာနဲ့ အရသာမြည်းပြီး လိုအပ်သလိုပြင်ပေးပါ
  • တခါတရံ ကြမ်မဆိုင်ရွက်များက ချဉ်ပြီး အငံပိုတတ်တဲ့အတွက် လိုအပ်သလို ချင့်ချိန်ပြီး ထည့်ပေးပါ
  • အရသာ မြည်းပြီးပါက ကြက်သွန်ဖြူ ထည့်မွှေကာချဉ်ငံစပ် ကြမ်မဆိုင်ဟင်းကို စားသုံးရန် ပြင်နိုင်ပါပြီ။

Tuesday, 14 July 2015

ဆောင်းရာသီ စားပင်လေးများ

မုန့်ညှင်းပင်

Kale

Kale

ရွှေပဲ




ခရမ်းသီးပင်




မုန့်ဦးနှောက် စိမ့်စိမ့်မွှေးမွှေးလေး


ဒီနေ့တော့ မုန့်ဦးနှောက်လေး လုပ်စားဖြစ်ပါတယ် ချိုစိမ့်မွှေးလေးမို့ စားလို့အရမ်းကို ကောင်းပါတယ် ဒါကြောင့်မို့ မုန့်လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆန်မှုန့်  - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  • အုန်းနို့ - 600 mlခန့်
  • သကြား - ထမင်းစားဇွန်း ၃ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း ၅ပုံတပုံ
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • သာဂူ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တ၀က်
ပြင်ဆင်ပုံ
  • ဆန်မှုန့် ထမင်းပေါင်းအိုး ဆန်ချင်ခွက် ၂ဗူး
  • အုန်းနို့ 300 ml
  • ဆား လက်ဖက်ရည်ဇွန်း ၅ပုံတပုံ
  • သကြား ထမင်းစားဇွန်း မောက်မောက် ၂ဇွန်း အချိုကြိုက်ရင် ပိုထည့်ပါပြီး ရောနယ်ပေးပါ
  • သာဂူ ထမင်းပေါင်းအိုး ဆန်ချင်ဗူး တ၀က်ကို ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးခွဲနဲ့ သာဂူစေ့ မျက်စေ့မပျောက်တပျောက် ကျိုလိုက်ပြီး အရသာနယ်ထားသော ဆန်မှုန့်ထဲထည့်ကာ ရောနယ်ပေးပါ
  • အားလုံးပြီးသွားပါက ငှက်ပျောဖက်အဆင်ပြေရင် ငှက်ပျောဖက်ကို ပျော့သွားအောင် မီးအနည်းကင်ပြီး သို့မဟုတ် နေပူပူမှာ လှမ်းပြီး ဆီသုပ်ကာ ငှက်ပျောဖက်ထဲ ထည့်ထုတ်ပြီး ၁၅မိနစ်လောက် ပေါင်းပေးပါ ငှက်ပျောဖက်မရှိက ပန်းကန်လုံးကို ဆီသုပ်ပြီး ပန်းကန်လုံးထဲ ထည့်က နာရီဝက်လောက် ပေါင်းပေးပါ

အုန်းနို့လုပ်ရန်

  • အုန်းနို့ 300ml ခန့်ကို ဆီ ထမင်းစားဇွန်း ၃ဇွန်းလောက် ထည့်ပြီး အုန်းနို့ပျစ်လာအောင် ကျိုပေးပါ
  • အုန်းနို့ပြစ်လာလျှင် မုန့်ပေါ်ဆမ်းပြီး စားနိုင်ပါပြီ။







Sunday, 12 July 2015

ငါးပေါင်းချဉ်စပ် မွှေးမွှေးလေး


ဒီနေ့တော့ တနင်္ဂနွေမှာ သားအမိသားအဖ ၃ယောက် အိမ်မှာ ရှားရှားပါးပါး အားလပ်ရက်လေး ဆုံကြတယ် ဒါကြောင့်မို့ မနေ့က ၀ယ်လာတဲ့ ငါးလေးကို ပေါင်းလိုက်ပါတယ် မာမာက ငါးပေါင်းတဲ့အခါ ပေါင်းအိုးသုံးရင် မြန်မှန်းသိပေမဲ့ စပါးလင်ခင်းပြီး ရိုးရိုးအိုးလေးနဲ့ ပြုပ်ပြီး ချက်ရတာကို ပိုပြီးသဘောကျလို့ ရိုးရိုးအိုးလေးနဲ့ဘဲ ချက်လိုက်ပါတယ် မီးရှိန်ပြင်းပြင်းနဲ့ ရေခမ်းတိုင်း ရေထပ်ထပ်ထည့်ပြီး ၄နာရီလောက် တည်ထေားကာ အရိုးနူးအိနေတဲ့ ငါးပေါင်းဟင်းကို ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးတကောင် 500g (ပင်လယ်ငါးကို သုံးထားပါတယ် )
  • သံမယိုသီး - တလုံးနှင့်တခြမ်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ကြက်သွန်နီ - ဉအသေး ၅လုံး
  • ကြက်သွန်နီ - အနေတော် တလုံး
  • ငရုတ်သီး အရောင်တင်မှုန့် -  လက်ဖက်ရည်ဇွန်း တဇွန်း
  • ချင်း - လက်တဆစ်ခန့်
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  • စပါးလင်အရွက် - လက်တဆုတ်စာသာသာ
ပြင်ဆင်ပုံ
  • ငါးကို အကြေးခွံခွာပြီး အူကလီစာများ ထုတ်ကာ ခပ်ထူထူပိုင်းပြီး ရေစင်အောင်ဆေးပါ
  • ငါးကို ဆား ငံပြာရည် အရသာမှုန့် နနွင်းမှုန့်နှင် သံပုရာညှစ်ကာ ဖိဖိပြီး ဆုတ်ဆုတ်နယ်ပေးပါ
  • ငါးပြုပ်မည့်အိုး အတွင်းအောက်ခြေမှာ စပါးလင်ကိုခင်းပြီး စပါးလင်အပေါ်မှာ ငါးများစီပြီး တင်ပေးပါ
  • ရေကို ငါးအပေါ်မြုပ်အောင်ထည့်ပြီး မီးပြင်းပြင်းနဲ့ ပြုပ်ပေးပါ
  • ငါးပြုပ်ရည် ခမ်းပါက ရေထပ်ထပ်ထည့်ပြီး ၄နာရီလောက် ပြုပ်းပေးပါ
  • ငါးအရိုးနူးလာပါက စပါးလင်ဖတ်များ ဖယ်ကာ ရေမြုပ်အောင် ထပ်ထည့်ပြီး မီးအရှိန်နည်းနည်းလျော့ထားပါ
  •  ကြက်သွန်နီကို အလုံးလိုက် အခွံခွာပြီး ရေဆေးကာ ငါးပြုပ်အိုးထဲထည့်ပေးပါ
ငရုတ်သီးဆီသတ်ရန်
  • ကြက်သွန်နီတလုံး ချင်း ကြက်သွန်ဖြူတို့ကို ညက်အောင်ထောင်းပြီး ဆီကို အပူပေးကာ ဆီပူလာပါက ထည့်ပြီး ဆီသတ်ပေးပါ
  • ကြက်သွန်များ နွမ်းလာပါက ငရုတ်သီးမှုန့်ထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ
  • ပြီးတာနဲ့ ငါးပြုပ်အိုးထဲ လောင်းထည့်ပေးပါ
  • ငါးပြုပ်အိုးကို ဆက်တည်ပေးပါ 
  • ရေပွက်ပွက်ဆူလာပြီး ကြက်သွန်နီအလုံးများ နူးလာတာနဲ့ ခရမ်းချဉ်သီးကို လေးစိတ်စိတ်ပြီး အိုးထဲထည့်ပေးပြီး ဆက်တည်ပါ
  • ရေအနေတော်ထားပြီး ခရမ်းချဉ်သီး နွမ်းလာတာနဲ့ အရသာမြည်းပြီး စားသုံးရန် ပြင်နိုင်ပါပြီ။

Saturday, 11 July 2015

ကြက်ကလီစာ အစာသွတ် အာလူးကပ်တလိတ်



ဒီနေ့တော့ ကြက်ကလီစာ အစာသွတ် အာလူးကပ်တလိတ်လေး လုပ်စားဖြစ်ပါတယ် အရသာ လျှာကသိဆိုသလိုဘဲ အသားလေးပါတော့ အရသာက တမျိုးကောင်းတယ်ပေါ့နော် စားကောင်းလွန်းလို့ မာမာလုပ်ထားတဲ့ နည်းလေး ပြောပြချင်ပါတယ်။

ပါဝင်ပစ္စည်းများ
  • မြေနီအာလူး - 500g
  • ပြောင်းကော်မှုန့် - ထမင်းစားဇွန်း လေဇွန်း မောက်မောက် 
  • ကြက်အသည်း - ၃ခု
  • ကြက်အမြစ် - ၃ခု
  • ကြက်နှစ်လုံး - ၁၀ခု 
  • ကြက်သား ခပ်သေးသေး - တတုံး
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ 
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း ( ကြက်သားများပြုပ်ရာတွင် တ၀က်ထည့်ပါ)
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (ကြက်သားဆီသတ် ကြက်သားပြုပ်နှင့် အာလူးနယ်ရာတွင်ထဲ့ရန် )
  • ချင်း - လက်တဆစ်ခန့်
  • နာနတ်ပွင့် - တခြမ်း
  • နံနံပင် - အနည်းငယ် 
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၂လုံးသာသာ  

အာလူးပြင်ဆင်ပုံ

  • မြေနီအာလူး အစေးသီးကို ရေစင်အောင်ဆေးပြီး နူးအောင်ပြုပ်ကာ အခွံခွာထားပါ
  • အခွံခွာထားသော အာလူးကို ပြောင်းကော်မှုန့် ဆား လက်ဖက်ရည်ဇွန်း လေးပုံတပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က်မရှိ တရှိ နနွင်းမှုန့်အနည်းငယ်တို့ထည့်ကာ အားလုံးကို သမအောင်ချေပြီးမှ အားလုံးကို စေးပိုင်လာအောင် ထောင်းပေးပါ
အစာသွပ်လုပ်ရန် ပြင်ဆင်ပုံ
  • ကြက်နှစ်လုံး ကြက်အမြစ် ကြက်သားတို့ကို သန့်စင်အောင်ဆေးကြောကာ ဆား လက်ဖက်ရည်ဇွန်း ၃ပုံတပုံ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံတို့နှင့်နယ်ကာ နာနတ်ပွင့်နှင့် ချင်းထည့် ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့ထိ တည်ပေးပါ
  • ရေခမ်းပါက အအေးခံပြီး ခပ်နုတ်နုတ်လေးတွေ လှီးပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို အခွံခွာပြီး ခပ်နုတ်နုတ်လှီးထားပါ
  • နံနံပင်ကို ခပ်နုတ်နုတ် လှီးထားပေးပါ
  • ဆီ ထမင်းစားဇွန်း ၂ဇွန်းကို နနွင်းမှုန့် အနည်းငယ်ထဲ့ပြီး အပူပေးကာ ကြက်သွန်အဖြူ အနီကို နွမ်းရုံ ကြော်လိုက်ပါ
  • ကြက်သွန်များ နွမ်းတာနဲ့ လှီးထားသော အသည်းအမြစ်များကိုထည့်ပြီး ဆီသတ်ပေးပါ
  • ၅မိနစ်လောက် မွှေကြော်ကြော်ပေပြီး အအေးခံထားပါ
အစာသွပ်ပုံ
  • ထောင်းထားသော အာလူးကို ထမင်းစားဇွန်း ၃ဇွှန်းစာလောက်ယူပြီး လက်ဝါးနှစ်ဖက်ကြားထည့်ကာ  လုံးလာအောင် လှိမ့်ပေးပါ
  • အာလူးလုံးရပါက လက်ဝါးနှစ်ဖက်ကြားညှပ်ကာ ပြားပြီး ခွက်ပုံစံလေး ရအောင်လုပ်ပေးပါ
  • ထို ခွက်လေးထဲကို ကြက်သားအစာ ထမင်းစားဇွန်း တဇွန်းထည့်ပြီး အပေါ်က နံနံပင် အနည်းငယ်ပုံကာ ဘေးသားများနှင့် အစာကိုအုပ်ပြီး လုံးပေးပါ
  • အာလူးကုန်တဲ့ထိ အစာထည့်ပြီး လုံးပေးပါ
  • အာလူးကတ်နလိတ် ၅လုံးစာ ရပါမယ်
  • ပိုနေတဲ့အစာကို ထမင်းနဲ့စားနိုင်ပါတယ်
  • အားလုံးပြီးတာနဲ့ ဆီကိုအပူပေးကာ ဆီပူလာပါက မီးကို အလယ်လောက်ထိလျော့ပြီးမှ အာလူးအစာသွပ်ကို ထည့်ကြော်ပါ
  • အာလူး တလုံးလုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက အရသာရှိသော ကြက်ကလီစာ အာလူးကတ်တလိတ်လေး ရပါပြီ။






Thursday, 9 July 2015

သတ်သတ်လွတ် အာလူးကတ်တလိတ်



ဒီနေ့မနက်တော့ သတ်သတ်လွတ် အာလူးကတ်တလိတ် မွှေးမွှေးလေး ကြော်စားဖြစ်ပါတယ် နံနံပင်နံ့မွှေးမွှေးလေးနဲ့မို့ အင်မတန်မှ စားလို့ကောင်းလွန်းလို့ မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အားလူး - 500g 
  • ပြောင်းကော်မှုန့် - ထမင်းစားဇွန်း ၄ဇွန်း မောက်မောက်
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် 
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • နံနံပင် - ၅ပင် 
  • ဆီ - လိုသလောက်
ပြင်ဆင်ပုံ
  • မြေနီအာလူး အာလူးအစေးသီးကို ရေစင်အောင်ဆေးပြီး အခွံမခွာဘဲ နူးနေအောင် ပြုပ်ပေးပါ
  • မိုက်ခဝေ့ မီးဖိုနှင့်ပြုပ်ပါက ရေ အနည်းငယ်ထည့်ပြီး ၁၂မိနစ်နစ်ခန့် ပြုပ်ပေးပါ
  • နံနံပင်ကို အနေတော်အရွယ် လှီးထားပေးပါ
  • အာလူးနူးပါက အအေးခံပြီး အခွံခွာပါ
  • အခွံခွာပြီးသား အာလူးကို စတီးဇလုံ တလုံးထဲထည့်ပြီး ဆား အရသာမှုန့် ပြောင်းကော်မှုန့် နနွင်းမှုန့်တို့ထည့်ပြီး အာလူးကျေအောင်ချေကာ နယ်ပေးပါ
  • အာလူးကျေသွားပါက ငရုတ်ကျီပွေ့နှင့် ငရုတ်ဆုံ မရှိက ဇလုံထဲမှာဘဲ စေးပိုင်လာတဲ့ထိ ထောင်းပေးပါ
  • အာလူးများ စေးပိုင်လာပါက နံနံပင်ထည့်နယ်ပြီး ထမင်းစားဇွန်း တဇွန်းစာယူပြီး လက်နှင့်ဆုတ်ပေးပါ
  • အားလုံးဆုတ်ပေးပြီးပါက လက်ဝါးနှစ်ဖက်ကြားထည့်ပြီး ၀ိုင်းသွားအောင် လုံးပေးပါ
  • အာလူးများ အဆင်သင့်ဖြစ်ပါက ဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက အာလူးမထည့်ခင် မီးကို အလယ်လောက်ထိ လျော့ပေးပါ
  • မီးလျော့ပြီးမှ အာလူးလုံးများကို တလုံးခြင်းထည့်ပြီ ကြော်ပေးပါ
  • တဖက်ရွှေဝါရောင် သန်းလာပါက နောက်တဖက်ကို လှန်ပေးပါ
  • တလုံးလုံ ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက နံနံပင်နံ့မွှေးမွှေးလေးနဲ့ သတ်သတ်လွတ်အာလူး ကတ်တလိတ်လေးကို စားသုံးနိုင်ပါပြီ





Wednesday, 8 July 2015

ဘိန်းမုန့် မွှေးမွှေး စိမ့်စိမ့်လေး

 

ဒီနေ့တော့ မာမာ အိုးလေး ဘိန်းမုန့်လုပ်ပါတယ် ရာသီဥတု အေးချိန်လေးမှာ ချက်ခြင်းလုပ်တဲ့ ပူပူနွေးနွေး မုန့်လေးတွေဘဲ စားချင်နေတာမို့ တနေ့တမျိုး မရိုးရအောင်ကို လုပ်စားနေမိတယ်ပေါ့နော် မြန်မာပြည်ကိုလဲ အလွမ်းပြေပေါ့။

ပါဝင်ပစ္စည်းများ

  • ဆန်မှုန့် - 1cup
  • နွားနို့ - 3/4 cup
  • အုန်းနို့ - 3/4 cup
  • ဆား - လက်ဖက်ရည်ဇွန်း ၃ပုံတပုံ
  • ဆိုဒါ - လက်ဖက်ရည်ဇွန်း တ၀က်
  • နှမ်း - အနည်းငယ်
  • ထက်ခြမ်းခြမ်းထားသော မြေပဲအစိမ်း - အနည်းငယ်
  • အုန်းသီးစိတ် - အနည်းငယ်
  • ဘိန်းစေ့ - အနည်းငယ်
  • ထောပတ် - ထမင်းစားဇွန်း ၅ဇွန်းခန့်
  • ကြက်ဥ - တလုံး
  • သကြား - ထမင်းစားဇွန်း ၂ဇွန်း အချိုကြိုက်လျှင် ၃ဇွန်းထည့်ပါ
  • နန်းစတစ်ပန် ဒယ်အိုးအသေး




ပြင်ဆင်ပုံ
  • ဆန်မှုန့် နွားနို့ အုန်းနို့ ဆိုဒါ ဆားတို့ကို ရောမွှေပြီး တနာရီလောက် ဖောက်ထားပေးပါ
  • မုန့်ဖောက်ပြီးတာနဲ့ ကြက်ဥနှင့်သကြားကို ရောမွှေပြီး မုန့်နှစ်ထဲ ရောခလောက်ပေးပါ
  • နှမ်း မြေပဲ အုန်းသီး ဘိန်းစေ့ ထောပတ်တို့ကို အဆင်သင့်ပြင်ပေးပါ
  • ဒယ်အိုးကို အပူပေးပါ အိုးပူလာတာနဲ့ မီးကို နံပါတ်၂လောက်သို့ လျှော့လိုက်ပြီး ထောပတ်ကို ထည့်ပါ
  • ထောပါတ်ပူလာတာနဲ့ မုန့်နှစ်ရည်ကို ယောက်ချိုဇွန်း တဇွန်းခပ်ထည့်ကာ အထုံးအုပ်ပေးပါ
  • မုန့်သားပွတက်လာတာနဲ့ နှမ်း မြေပဲ အုန်းသီးစိတ် ဘိန့်စေ့ဖြူးပြီး အဖုံးပြန်အုပ်ပေးပါ
  • မုန့်သားအရောင် ကြည်လာတာနဲ့ မုန့်အပေါ်ကို ထောပတ်အနည်းငယ် သုပ်ပြီး တဖက်ကို လှန်ကာ အဖုံးပြန် အုပ်ပေးထားပါ
  • မိနစ်ဝက်လောက် ပြည့်တာနဲ့ ဘိန်းမုန့် မွှေးမွှေးစိမ့်စိမ့်လေးရပါပြီ
  • ကျန်မုန့်နှစ်ကို အပေါ်က နည်းအတိုင်း ဆက်လုပ်ပေးပါ
  • မုန့်လေးခုစာ ရပါလိမ့်မယ်

Saturday, 4 July 2015

ကြက်သားပေါင်း မွှေးမွှေးလေး



ဒီနေ့တော့ ကြက်သားပေါင်းလေး ပေါင်းဖြစ်ပါတယ် အသားအတိုင်း ချက်ရတာ ညီးငွေ့လာတော့ တမျိုးပြောင်းပြီး ပေါင်းတယ်ပေါ့နော် တရုတ်ဆိုင်က ၀က်သားပေါင်း အရသာအတိုင်း ရတာမို့ စားရတာ အင်မတန် ကောင်းလှပါတယ် ဒါကြောင့်မို့ စားလို့ကောင်းလွန်းလို့ ပေါင်းပြီးစားစေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် - ၃ချောင်း 700g
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • တန်ပူရာမှုန့် - ထမင်းစားဇွန်း ၄ဇွန်း
  • ကြက်သွန်နီ - အနေတော် ၂လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၆မွှာ
  • ချင်း - လက်တဆစ်ခန့်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ကြက်ဥ - ၂လုံး
ပြင်ဆင်ပုံ
  • ကြက်ပေါင်ကို ရေစင်အောင်ဆေးပြီး ရေစစ်ကာ အရိုးများဖယ်၍ နုတ်နုတ်စဉ်းပေးထားပါ
  • ကြက်ဥကို ပန်းကန်တလုံးမှာထည့်ပြီး ခလောက်ပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေစင်အောင်ဆေးကာ ခပ်နုတ်နုတ် လှီးပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ်လှီးပေးထားပါ
  • ငရုတ်ကောင်းကို မှုန့်နေအောင် ထောင်းပေးထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းပေးထားပါ
  • ဇလုံတလုံးထဲကို ကြက်သား ချင်း ဆား အရသာမှုန့် တန်ပူရာမှုန့် ငရုတ်ကောင်းမှုန့် တို့ထည့်ပြီး အရသာဝင်အောင် ရောပြီးနယ်ပေးပါ
  • အားလုံးနယ်ပြီးပါက ကြက်သွန်နီ ကြက်သွန်ဖြူ နှင့် ခလောက်ထားသော ကြက်ဥများ ထည့်ပြီး မွှေပေးပါ
  • အားလုံးပြီးတာနဲ့ ပန်းကန်လုံးတခုထဲ ပြောင်းပြီးထည့်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၂နာရာရီခန့် ထည့်ထားပေးပါ
ပေါင်းနည်း
  • နှပ်ထားသော ကြက်သား အရာသာနယ်များကို ပေါင်းမည့် ပန်းကန်ထဲသို့ ပြောင်းထည့်ပေးပါ
  • ပေါင်းအိုးအောက်ခံအိုးကို ရေ တ၀က်သာသား ထည့်ပြီး ဆူအောင်တည်ပေးပါ
  • ရေဆူလာပါက ပေါင်းဇကာထဲကို ကြက်သားပန်းကန်လေးများ ထည့်ပြီး ပေါင်းခံရေနွေးအိုးပေါ်တင်ပေးပါ
  • ပေါင်းဇကာကို အဖုံးအုပ်ပြီး ၄၅မိန်စ်ခန့် ပေါင်းပေးပါ
  • ၄၅မိန်စ်ပြည့်ပါက ကြက်သားပေါင်း မွှေးမွှေးလေး ရပါပြီ။