Thursday, 30 April 2015

ဗယာကြော် ကြွတ်ကြွတ်မွမွလေး


ဒီနေ့တော့ ဆောင်းအ၀င်မှာ မိုးရောလေပါ ရောသမမွှေနေတာမို့ အလွန်ချမ်းတဲ့ ရာသီဥတုလေး ဖြစ်လို့နေပါတယ် အေးအေးချမ်းချမ်းလေး ကွေးနေချင်ပေမဲ့ ၈ါ့ဝမ်းပူဆာ မနေသာဆိုတဲ့အတိုင်း ၀မ်းတထွာလေးကိုဖြည့်ဖို့ ချက်ရပါအုံးမယ်။

အလုပ်များပေမဲ့ အရမ်းကြိုက်တဲ့ ဗယာကြော်လေး ကြော်စားဖြစ်ပါတယ် ပြင်ရဆင်ရတာ မဆိုသလောက်လေး အလုပ်ပိုပေမဲ့ ကြော်ပြီးတဲ့အခါ စားလို့ကောင်းတော့ အမောလေးတော့ ပြေတာပေါ့နော်
ပဲ 500g ဆို မိသားစု ၈ယောက်လောက် စားနိုင်ပါတယ် ၄ယောက်စာဆို တ၀က်နူန်းနဲ့တွက်ပြီး ကြော်နိုင်ပါတယ်။

အခုနတော့ ခြံထဲခနဆင်း ပူစီနံ ပျဉ်းတော်သိမ်း ငရုတ်သီးစိမ်းလေး ခူးပြီးပြီမို့ ဗယာကြော်ကြော်ဖို့ ပြင်လိုက်ကြရအောင်နော်။

အစပ်မစားသူအတွက် လိုသလောက်ခွဲပြီး အရသာစပ်ကာ ငရုတ်သီးကို နောက်ဆုံးမှ ထည့်နယ်ပေးပါ မာမာတို့ အိမ်မှာတော့ အစပ်မစားသူအတွက် သပ်သပ်ကြော်ရတာမို့ အချိုကြော်ပြီးမှ အစပ်ကို ဆက်ကြော်ပါတယ်။
ပါဝင်ပစ္စည်း

  • ကုလားပဲခြမ်း - 500g
  • ခပ်သေးသေး အတုံးလေးများရအောင် လှီးထားသော ကြက်သွန်နီ - ထမင်းစားဇွန်းမောက်မောက် ၁၅ဇွန်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၈မွှာ
  • ခပ်ကြမ်းကြမ်း လှီးထားသော ပျဉ်းနော်သိမ်းရွက် - ထမင်းစားဇွန်းမောက်မောက် ၅ဇွန်း
  • ခပ်ကြမ်းကြမ်း လှီးထားသော ပူစီနံ - ထမင်းစားဇွန်းမောက်မောက် ၄ဇွန်း
  • ခပ်သေးသေး လှီးထားသော ငရုတ်သီးစိမ်း - ၁၀တောင့် (အစပ်ကြိုက်ပါက ပိုထည့်ပေးပါ)
  • ကုလားပဲအစိမ်းမှုန့် - ထမင်းစားဇွန်းမောက်မောက် ၄ဇွန်း
  • ဆန်အစိမ်းမှုန့် - ထမင်းစားဇွန်းမောက်မောက် ၄ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (ကြက်သားမှုန့် သုံးရင်လဲရ)
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်သီးအခြောက်တောင့် - အတောင့်၂၀ခန့်
  • ပျဉ်းတော်သိမ်းရွက် - အရွက်ခြွေပြီးသား နှစ်သက်သလောက် (အရွက်သတ်သတ်ကြော်ရန်)
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် ၃လုံး
ပြင်ဆင်ပုံ
  • ကုလားပဲခြမ်းကို ကျောက်ခဲ မပါအောင်ရွေးပြီး ရေ ၆နာရီလောက် စိမ်ပေးပါ (မာမာကတော့ မနက်ကြော်ဖို့အတွက် ည၉နာရီလောက်ထဲက ရေစိမ်ထားလိုက်ပါတယ်)
  • ဆန်မှုန့် ပဲမှုန့် အရသာမှုန့် ဆား ပျဉ်းတော်သိမ်းရွက် ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးစိမ်းနှင့် ပူစီနံတို့ကို အဆင်သင့်ပြင်ထားပေးပါ
  • ရေစိမ်ထားသော ပဲများကို ရေ၃ခါလောက်ဆေးပြီး ရေများမကျန်အောင် စစ်ထားပေးပါ
  • ရေစစ်တော့မှ ကြိတ်စက်ထဲထည့်ပြီး မိနစ်ဝက်တခါကြိတ် တခါနားပြီး ဘေးမှာကပ်နေသော ပဲများကို အောက်ကို တွန်းချပေးပါ
  • ပထမ မိနစ်ဝက် ၂ခါလောက်ကြိတ်ပြီးတော့မှ ကြက်သွန်အဖြူ ကြက်သွန်နီတို့ကို ထည့်ကြိတ်ပေးပါ
  • ထိုနည်းအတိုင်း မိနစ်ဝက်စီ စုစုပေါင်း ၅ခါလောက် ကြိတ်ပေးပြီးရင် ရပါပြီ
  • ပဲများ အရမ်းကြေစရာမလိုဘဲ ပဲခပ်ကြမ်းကြမ်းလေးရရင် ရပါပြီ
  • ကြိတ်ပြီးသား ပဲများကို ဇလုံကျယ်ကျယ် တလုံးထဲကို ပြောင်းထည့်ပြီး ဆီမှလွဲပြီး အရွက်များ အားလုံးထည့်ပြီး ရောနယ်ပေးပါ
  • ပဲနယ်ပြီးသားကို ဗယာကြော် တခုစာအနေလောက် မှန်းယူပြီး လက်နှင့်ခပ်ဖွဖွ ဆုပ်ပေးပြီးမှ ဖွဖွလေး ပြားပြီး ဆီအိုးထဲ အသာထည့်ပေးပါ
  • ဆီကိုအပူပေးလိုက်ပါ ဆီပူလာပါက မီးကို အလယ်အလတ်လောက် လျော့ပြီးမှ ပဲဆုပ်လုံးလေးများကို တခုခြင်းထည့်ပေးပါ။
  • မီးအရမ်းမပြင်းအောင် သတိထားပြီးကြော်ပေးပါ
  • တဖက် ရွှေဝါရောင်သန်းလာပါ နောက်တဖက်ကို လှန်ပေးပြီး နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်ပြီဆိုရင် စားသုံးနိုင်ပါပြီ
  • ခပ်သေးသေး ဗယာကြော်လေးတွေ ကြော်ချင်ရင်တော့ ပဲနယ်ပြီးသားကို လက်ညှိုး လက်ခလယ် လက်မ လက်သုံးချောင်းနဲ့ ပါသလောက်ကိုယူလိုက်ပြီး အနည်းငယ် ဆုပ်လုံးပေးကာ ဆီအိုးထဲ ထည့်ကြော်ပေးပြီး ရွှေဝါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ပေးပါ။
ပျဉ်းတော်သိမ်းရွက်နှင့် ငရုတ်သီးတောင့်ကြော်ရန်
  • ပျဉ်းတော်သိမ်းရွက်ကို ရေစင်အောင်ဆေးပြီး အရွက်ခြွေပြီး ရေစစ်ထားပါ
  • ငရုတ်သီးတောင့်ကို လိုသလောက် ပြင်ထားပါ
  • ဗယာကြော် ကြော်ပြီး ပိုနေသောဆီထဲကို ပျဉ်းတော်သိမ်းရွက်များ ထည့်ပြီးမွှေပေးပါ
  • တမိနစ်လောက်ကြော်ပြီး ဆယ်ကာ ဆီစစ်ထားပါ
  • ကြော်လက်စဆီများ များနေပါက အိုးထဲမှာ ထမင်းစားဇွန်း တဇွန်းလောက်ဘဲ ချန်ပြီး ငရုတ်သီးတောင့်ကို ထည့်ကြော်ပါ
  • ငရုတ်သီးတောင့် နီညိုရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ဗယာကြော် မွှေးမွှေးစပ်စပ်လေးကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။










Wednesday, 29 April 2015

ပင်လယ်စာ အုန်းနို့ချက်



ပင်လယ်အစုံလေး ဒီနေ့ချက်ဖြစ်ပါတယ် အုန်းနို့နံ့မွှေးမွှေးလေးနဲ့မို့ ပင်လယ်စာအနံ့ပျောက်ပြီး စားလို့အရမ်းကို ကောင်းပါတယ် အုန်းနို့ဟင်းချက်အနှစ် ရယ်ဒီမိတ်အထုတ်မှာ အရသာတွေ ပါပြီးသားပေမဲ့ အရသာပိုကောင်းပြီး ပင်လယ်စာအနံ့ သက်သာစေဖို့ ကြက်သွန်နီ ကြက်သွန်ဖြူ စပါးလင်တို့ကို မာမာထပ်ထည့်ထားပါတယ်။

ပါဝင်ပစ္စည်း

  • ပင်လယ်စာအစုံ - 350g
  • ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ခပ်ပါးပါးလှီးထားသော စပါးလင် - တလက်မခွဲသာသာ
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • အုန်းနို့ဟင်းချက်အနှစ် - ထမင်းစားဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • နနွှင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • သံပုရာသီး - တခြမ်း
ပြင်ဆင်ပုံ
  • ပင်လယ်စာအစုံကို သန့်စင်ပြီး ရေဆေးထားပါ
  • ဆီကို အပူပေးပြီး နနွင်းမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီး စပါးလင်တို့ကို ထည့်ပြီးဆီသတ်ပေးပါ
  • အားလုံးနွမ်းသွားပါက ပင်လယ်စာနှင့် ဆားကိုထည့်မွှေပါ
  • ပင်လယ်စာများ အရောင်ပြောင်းသွားပါက သံပုရာရည် ညှစ်ထည့်ကာ အုန်းနို့အနှစ်ကို ထဲ့မွှေပေးပြီး ရေထပ်မထည့်ဘဲ ပင်လယ်စာမှ ထွက်လာသောအရည် ဟင်းရည်ခမ်းအောင်တည်ပေးပါ
  • ရေခမ်းပြီး ဆီပြန်လာပါက အရသာမြည်းပြီး မီပိတ်ပေးပါ။





Tuesday, 28 April 2015

ချဉ်ငံစပ် သခွားသီးသုပ်


သခွားသီးသုပ် သုပ်စားချင်ပေမဲ့ သခွားခြစ်မရှိလို့ မစားရဘူးလို့ ဆိုသူတွေအတွက် သခွားသီး အလွယ်ခြစ်နည်းလေးနဲ့အတူ သုပ်နည်းလေးပါ ဒီနေ့တင်ပေးလိုက်ပါတယ် သခွားခြစ်အစား သစ်သီး အခွံခွာတဲ့ ဓါးလေးနဲ့ ခြစ်လိုက်ရင် အရမ်းကို အဆင်ပြေပါတယ် ပါးပါးလှပ်လှပ်လေးရတာမို့ စားလို့လဲ အဆင်ပြေပါတယ်။

ပါဝင်ပစ္စည်းများပြောပါမယ်

  • သခွားသီး - တလုံး
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ငရုတ်သီးစိမ်း - ၅တောင့် အစပ်ကြိုက်ပါက ပိုထည့်ပါ
  • ပင်စိမ်း - အနည်းငယ်
  • ပုဇွန်လှော် - ၃ကောင်
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • သံပုရာသီး - တစိတ်
  • ငါးငပိရည်ကျိုပြီးသား - ထမင်းစားဇွန် တဇွန်းခွဲ
  • ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း တဇွန်း
ပြင်ဆင်ပုံ
  • သခွားသီးကို အလုံးလိုက်ရေဆေးပြီး အခွံခွာဓါးဖြင့်ခြစ်ချပေးပါ
  • ပုဇွန်ကို ရေအနည်းငယ် ဆားအနည်းငယ်ထည့်ပြီး ရေခမ်းအောင်လှော်ပါ
  • ရေခမ်းသွားပါက အခွံခွာပြီး ငရုတ်ဆုံထဲမှာ ညက်နေအောင် ထောင်းပေးပါ
  • ငါးငပိရည်ကို ကျိုထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါးလှီးထားပေးပါ
  • ငရုတ်သီးစိမ်းကို ညက်နေအောင် ထောင်းထားပေးပါ
  • ပင်စိမ်းရွက်ကို ရေစင်အောင် ဆေးထားပါ
  • ကြက်သွန်ဖြူကို ဆီချက် ချက်ထားပေးပါ
  • အားလုံးပြင်ဆင်ပြီးပါက ဇလုံတလုံးထဲမှာ လိုအပ်သော ပစ္စည်းများထည့်ပြီး သံပုရာညှစ်ကာ နယ်ပေးပါ
  • အရသာ နယ်ပြီးပါက အရသာမြည်းပြီး သုံးဆောင်နိုင်ပါပြီ

သခွားသီးကိုရေစင်အောင်ဆေပြီး အခွံခွာသည့်ဓါးဖြင့် ခပ်ပါးပါးလှီးချပေးပါ

အခွံခွာဓါးနှင့် ခြစ်ထားသော သခွားသီး

လိုအပ်သော ပစ္စည်းများ ပြင်ထားပေးပါ

အားလုံးကို အရသာဝင်အောင်နယ်ပေးပြီး သုံးဆောင်နိုင်ပါပြီ

ငရုတ်ရွက်သုပ် မွှေးမွှေးလေး


ဒီနေ့တော့ မာမာတို့တွေ အိမ်ကငရုတ်ပင်က အရွက်တွေခူးပြီး သုပ်စားဖြစ်ပါတယ် ကြံကြံဖန်ဖန် စားတယ်လို့တော့ မထင်လိုက်ပါနဲ့တော် ငရုတ်ရွက်က ငရုတ်သီးလို ပူခြင်းစပ်ခြင်း လုံးဝမရှိဘဲ လက်ဖက်အသားတောင် ထိုင်ငိုသွားနိုင်တဲ့ အရွက်တမျိုးပါ။

နူးညံ့ပြီး စားလို့လဲ အရမ်းကောင်းပါတယ် မာမာကတော့ ထမင်းနဲ့မစားဘဲ ရေနွေးကြမ်းလေးနဲ့ အမြည်းလုပ်လိုက်ပါတယ် အိမ်မှာငရုတ်ပင်လေးလဲရှိနေမယ် အရွက်တွေလဲ လှိုင်နေမယ်ဆိုရင်တော့ အရွက်အနုရော ခပ်ထွေထွေ အရွက်လေးတွေပါခူးပြီး ၂ရည်လောက်ပြုပ်ပြီး သုပ်စားကြည့်စေချင်ပါတယ်။

အရွက်ခူးလေ အသီးထွက်အားက ကောင်းလေမို့ မာမာ မကြာမကြာခူး မကြာမကြာ သုပ်စားဖြစ်တဲ့ အရွက်လေးပါ။

မာမာကတော့ ရေနွေးဆူဆူထဲ အရွက်တွေထည့် မိုက်ခရိုဝေ့ထဲထည့်ပြီး ၂မိနစ်အရင်ပြုပ်လိုက်ပြီး ပထမတရည်ကိုသွန်ကာ နောက်ထပ်ရေနွေးထပ်ထည့် ၂မိနစ်ထပ်ပြုပ်ပြီး ဒုတိယတရည် ထပ်သွန်ပြီး ရေအေးအေးနဲ့ဆေး ရေညှစ်ပြီး သုပ်ဖို့ပြင်ပါတယ်။

မိုက်ခရိုဝေ့ အဆင်မပြေသူတွေ အတွက်တော့ ရိုးရိုးမီးဖိုမှာပြုပ်ပြီး အပေါ်မှာပြောသလိုလုပ်ကာ သုပ်စားနိုင်ပါနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အရွက်များ ခြွေထားသော ငရုတ်ရွက် - အနေတော် ဇကာတလုံး
  • မညက်တညက် ထောင်းထားသော မြေပဲလှော် - ထမင်းစားဇွန်း တဇွန်းမောက်မောက်
  • ပဲအကျက်မှုန့် - ထမင်းစားဇွန်း တဇွန်းမောက်မောက်
  • ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တဇွန်းမောက်မောက်
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း ၂ဇွန်း
  • ခပ်ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • သံပုရာရည် - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  • ငရုတ်ရွက်ကို ရေစင်အောင်ဆေးပြီး ၂မိနစ်ပြုပ်ကာရေသွန်ပြီး နောက်ထပ်၂မိနစ်ထပ်ပြုပ်ပေးပါ
  • ပြုပ်ပြီးပါက ရေအေးနဲ့ဆေးပြီး ရေများကို လက်နှင့်ဆုတ်ပြီး ညှစ်ပေးပါ
  • ဇလုံကျယ်ကျယ်ထဲမှာ ငရုတ်ရွက်ပြုပ် ကြက်သွန်နီ မြေပဲ ပုဇွန်ခြောက် ပဲမှုန့် အရသာမှုန့် ကြက်သွန်ဖြူဆီချက် ငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • နယ်ဖတ်ပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ပေးကာ သံပုရာသီးနံ့မွှေးမွှေးနဲ့ ငရုတ်ရွက်သုပ်လေးကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။





Monday, 27 April 2015

ငါးအသားလွှာ ငါးငပိချက်စပ်စပ်လေး


ဒီဟင်းလေးချက်ပြီးစားတိုင်း မာမာ့အမေကို မာမာအရမ်း သတိရမိပါတယ် အမေသိပ်ကြိုက်ပြီး သက်ရှိထင်ရှားရှိနေတုန်းက မကြာမကြာ ချက်စားတတ်တဲ့ ဟင်းလေးပါ မာမာ့အမေကတော့ ငါးရံ့ ငါးခူ ငါးကြင်း ငါးမြစ်ချင်းတို့နဲ့ ချက်စားတတ်ပါတယ် မာမာကတော့ အရိုးများလွန်းတဲ့ ငါးသလောက်ကို ရသလောက် အသားလွှာပြီး ချက်ထားပါတယ်။
ပါဝင်ပစ္စည်းများ

  • လက်နှစ်လုံးလောက်အရွယ်တုံးထားသော ငါးအသားလွှာ - ၁၅တုံး
  • ငါးငပိရည်ကျို လက်ဖက်ရည် အကြမ်းပန်းကန် - တလုံး
  • ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်ုး
  • ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဆီ - ထမင်းစားဇွန်း လေးဇွန်း
  • ပါးပါးလှီးထားသော ခရမ်းချဉ်သီး - ခပ်ကြီးကြီး နှစ်လုံး
  • လေးစိတ် စိတ်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • နုတ်နုတ်စဉ်းထားငော ကြက်သွန်ဖြူ - ၃မွှာ
  • ခပ်ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တလုံး
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
ပြင်ဆင်ပုံ
  • ဆီကိုပူအောင်တည်ပြီး နနွင်းမှုန့်ထည့်ကာနုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူ ပါးပါးလှီးထားသော ကြက်သွန်နီကို ထည့်ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းတာနဲ့ငရုတ်သီးမှုန့်ကို မွှေးလာအောင် ကြော်လိုက်ပါ
  • ငရုတ်သီးမွှေးလာတာနဲ့ခရမ်းချဉ်သီးကို ကျေသွားအောင် ထည့်ချက်ပေးပါ
  • ခရမ်းချဉ်သီးကျေသွားနဲ့ငါးကိုထည့်မွှေကာ ငါးအသားမာလာအောင် အိုးကိုမကြာ မကြာလှုပ်ပေးပြီး ၃မိနစ်လောက် ချက်ပေးပါ
  • ငါးအသားမာလာမှ ငံပြာရည် ငါးငပိရည် အရသာမှုန့် နှင့်ရေ လက်ဖက်ရည်အကြမ်းပန်းကန်လုံး ၂လုံးလောက်ထည့်ပြီး အိုးအဖုံးအုပ်ကာတည်ပေးပါ
  • ရေဆူလာပြီး ရေကျန်ဆီပြန်လေးဖြစ်လာချိန်မှာ ငရုတ်သီးတောင့်နှင့်ကြက်သွန်ဖြူကိုထည့်မွှေပြီး ၂မိနစ်လောက် ပွက်ပွက်အောင်ဆူထားပြီး အရသာမြည်းက စားသုံးနိုင်ပါပြီ။




Sunday, 26 April 2015

အသားမပါတဲ့ ငပိရည်ဖျော်မွှေးမွှေးလေး


အသားမပါဘဲ ဖျော်နိုင်တဲ့ ငပိရည်ဖျော်နည်းလေးပါ ငပိရည်ဖျော်နည်းတွေ အများကြီးထဲက ဒီတခုကတော့ ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းလေးတို့နဲ့ဘဲ ထောင်းပြီးဖျော်ပေမဲ့ အသားပါတာတွေလိုဘဲ အရမ်းကိုချိုပါတယ်။

ပါဝင်ပစ္စည်း

  • ကျိုပြီးသား ငါးငပိရည် - တရုတ်ဟင်းပြင်ပန်းကန် တလုံး
  • ကြက်သွန်နီ - အနေတော် ၂လုံး
  • ကြက်သွန်ဖြူ - ကြီးကြီး ၅မွှာ
  • ငရုတ်သီးစိမ်း - ၇တောင့် အစပ်ကြိုက်ပါက ပိုထည့်ပါ
  • ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  • ကျိုပြီးသား ငါးငပိရည်ကို ပန်းကန်ထဲ ထည့်ထားပေးပါ
  • ကြက်သွန်နီကို မီးသွေးမီးနဲ့ အခွံများကျွမ်းအောင် ဖုတ်ပေးပါ
  • မီးသွေးမီးဖိုမရှိက မိုက်ခရိုဝေ့မီးဖိုထဲ ၃မိနစ်လောက်ထည့်ပြီး ဖုတ်ပေးပါ
  • မီးဖုတ်ပြီးသား ကြက်သွန်နီကို အခွံခွာထားပါ
  • ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းကို မီးအနေတော်နှင့် လှော်ထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ငရုတ်ဆုံမှာ ငရုတ်သီးကိုအရင်ဆုံး ညက်အောင်ထောင်းပါ
  • ပြီးမှ ကြက်သွန်အဖြူနဲ့ အနီကိုရောထောင်းပါ
  • အားလုံးထောင်းပြီးပါက ငပိရည်ထဲ ခပ်ထည့်ပေးပါ
  • ငပိရည်ထဲ ငရုတ်သီးအလှော်မှုန့်အရသာမှုန့်တို့ပါရောပြီးမွှေပေးပြီးပါက ငပိရည်ဖျော် မွှေးမွှေးလေးရပါပြီ





ကျောက်စိမ်းဟင်းခါး ( ဒန့်ဒလွန်ရွက်ဟင်းခါး )


ခြံထွက် ဒန့်ဒလွန်ရွက်ဟင်းခါးလေး ချက်ဖြစ်ပါတယ် ပန်းအိုးထဲမှာ စိုက်ထားတဲ့ အပင်လေး တတောင်သာသာ လောက်ကနေ မုန်တိုင်းဝင်အပြီး ၂လကျော်၃လအတွင်းမှာ ၁၆ပေကျော်အထိ တက်လာခဲ့ပြီး အရွက်တွေ ဝေဆာနေတာနဲ့ အကိုင်းခြွေခူးပြီး မာမာတယောက် ဟင်းခါးလေး ချက်လိုက်ပါတယ်။

ဒန့်ဒလွန်ရွက်ဟင်းခါးက ချက်တတ်ရင်တော့ အရွက်စိမ်းစိမ်းလေးနဲ့ အရမ်းသောက်လို့ ကောင်းပါတယ် မချက်တတ်ရင်တော့ အရွက်တွေဝါသွားပြီး အနံ့ထွက်လာတတ်တာမို့ မာမာချက်တဲ့ နည်းလေးကို မျှဝေပေးချင်ပါတယ် စိမ်းစိမ်းလေးမို့ ကျောက်စိမ်းဟင်းခါးလို့ နံမည်လေး ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

  • လတ်ဆတ်နေသော ဒန့်ဒလွန်ရွက် - အခက်ကြီးကြီး ၁၂ခက်ခန့်
  • ပုဇွန်ခြောက် - ၁၅ကောင်ခန့်
  • ရေ - တရုတ်ဟင်းရေသောက် ပန်းကန်လုံး တလုံးခွဲသာသာ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • မညက်တညက် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ညက်နေအောင် ထောင်းထားသော ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ပြင်ဆင်ပုံ
  • ပုဇွန်ခြောက်ကို ရေ ၁၀မိနစ်ခန့်စိမ်ပြီး မညက်တညက် ထေားင်းထားပါ
  • အရွက်များကို အရွက်မှာ ကပ်နေသော ဖုန်များ ပိုးကောင်လေးများ ထွက်သွားစေရန် မချက်ခင် ရေ၁၅မိနစ်လောက် ကြိုပြီးစိမ်ထားပါ
  • ပြီးမှ ဇလုံကျယ်ကျယ်ထဲမှာ လှုပ်ခါဆေးပေးပြီး အရိုးတံများဖယ်ကာ အရွက်များ ချွေပေးပါ
  • ထောင်းထားသော ပုဇွန်ခြောက်မှုန့်ထည့်ပြီး  ရေကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူပြီးချိန် ၃မိနစ်လောက်ကြာပါက ဆားနှင့်အရသာမှုန့်ထည့်ပြီး ဒန့်ဒလွန်ရွက်ကို ထည့်ပေးပါ
  • အရွက်ထည့်ပြီးတာနဲ့ ကြက်သွန်ဖြူ ငရုတ်ကောင်းမှုန့်တို့ ဆက်တိုက်ထည့်ပြီး ၃မိနစ်လောက် ပွက်ပွက်ဆူအောင်ထားလိုက်ပါ
  • ပြီးတာနဲ့မီးပိတ်ပြီး အရသာမြည်းကာ အိုးကို မီးဖိုပေါ်မှာ မထားဘဲ နေရာရွှေ့ပေးပါ
  • အရွက်အရောင် မပြောင်းစေရန် ဟင်းရည်အနံ့မပြောင်းစေရန် ဟင်းရည်အိုးကို အပေါက်များများပါသော ဇကာ ခပ်စိတ်စိတ်နဲ့ အုပ်ထားပေးပါ
  • အိုးအဖုံး အလုံဖုံးလိုက်ပါက အရောင်နဲ့အနံ့ပြောင်းသွားနိုင်ပါတယ်။
ခြံထွက် လတ်လတ်ဆတ်ဆတ် ကျောက်စိမ်းဟင်းခါးချက်ကာ ပို့ခဲ့ပြီနော် အိုင်အိုရာ 





Thursday, 23 April 2015

ပြောင်းဖူးကြော် ကြွတ်ကြွတ်လေး



သမီးငယ်အတွက် ဒီနေ့ကြော်ပေးဖြစ်တဲ့ ပြောင်းဖူးကြော်လေးပါ အသားမစားတော့ ဟင်းစဉ်းစားရတာ နည်းနည်းတော့ ခက်သလိုပါဘဲ ဒါပေမဲ့ သူ့အတွက် သတ်သတ်လွတ်ဟင်းလေး တမယ်ရအောင်ရအောင် ဖန်တီးပေးရတော့ ပီတိတော့ဖြစ်မိပါတယ် ကြော်ရတာလွယ်တဲ့ ပြောင်းဖူးကြော်လေးပါ ။
ပါဝင်ပစ္စည်းများ

  • အစေ့ခြွေထားသော ပြောင်းဖူးစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် နှစ်ဗူး
  • တန်ပူရာမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး တဗူး
  • ရိုးရိုးရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူးခွဲသာသာ
  • ဆီ  - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
ကြော်ရန်ပြင်ဆင်ပုံ
  • တန်ပူရာမှုန့်ကို ရေနဲ့ခပ်ကျဲကျဲရအောင်ဖျော်ပေးပါ
  • ဖျော်ပြီးပါက ပြောင်းဖူးစေ့ကို ရောမွှေပေးပါ
  • ဆီကိုအပူပေးကာ ဆီပူလာပါက မီးကိုအလယ်အလတ်လောက် လျှော့ပေးပါ
  • စပ်ထားသော ပြောင်ဖူးတန်ပူရာမှုန့်ကို အနေတော် ယောက်ချိုဇွန်းမှုတ်နှင့်ခပ်ပြီး ဆီပူအိုးထဲလောင်းချပေးပြီး ကြော်ပေးပါ
  • တဖက်ရွှေဝါရောင်သန်းလာပါက နောက်တဖက်ကိုလှန်ပေးပြီး ကြော်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါသန်းလာရင် ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်ပါက နှစ်သက်ရာ အချဉ်နှင့်စားသုံးနိုင်ပါပြီ
တန်ပူရာမှုန့်ကို မွှေးအကြော်မှုန့် ရွှေလိပ်ပြာအကြော်မှုန့်တို့နဲ့လဲ ကြော်နိုင်ပါတယ်
မာမာ အကြော်ကြော်ရာမှာ အိမ်ရှင်မတွေ အလွယ်တကူရနိုင်တဲ့ ထမင်းပေါင်းအိုး ဆန်ချင်ဗူးလေးနဲ့ဘဲ ချင်တွယ်ထားပါတယ်။




မုန့်ဟင်းခါးချက်ရန် ငါးဆီသတ်နည်း



စပါးလင်လေးတွေ အပင်မှာများနေတာနဲ့ အိုးကြပ်ရင်အပင်လေးတွေ ထပ်ပွားဖို့ အရမ်းခက်တတ်ပါတယ်လေဆိုပြီး ခူးသင့်သလောက်တွေခူးပြီး ကြိတ်စက်နဲ့ကြိတ်ပြီး လိုချင်ရင် အလွယ်တကူရအောင် ခဲပြီးသိမ်းသင့်တာသိမ်း မုန့်ဟင်းခါးချက်ဖို့ ပြင်သင့်တာပြင်သင့်ပေါ့နော်။

ဆီသတ်နယ်းလေး ရေးမယ်ဆိုပြီး အလုပ်မအားတာနဲ့ ကြာသွားခဲ့ရပါတယ် ဒီနေ့တော့ ရေးလိုက်ပါပြီ။
ငါးပြုပ်ရန် ပါဝင်ပစ္စည်းများ

  • ဘာဆာငါး - တကီလို
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၈ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်သီးအခြောက်တောင့် - ၇တောင့်
  • ထုပြီးလိမ်ထားသော စပါးလင် - ၃ပင်
  • ငါးကိုရေမြုပ်အောင်ထည့်ပြုပ်ပြီး ငါးနူးလျှင် အအေးခံပြီး ငါးကိုချေထားပါ
  • ဘာဆာငါးအစား ငါးခူ ငါးကျဉ်း ငါးရံ့ ငါးမြစ်ချင်း ငါးချင်း တို့လဲ သုံးနိုင်ပါတယ်
  • အရိုးပါတဲ့ငါးဆိုရင်နော့ အရိုးအသားသတ်သတ်စီ ထွင်ထားပေးပါ
ငါးဆီသတ်ရန် လိုအပ်သောပစ္စည်း
ငါးပြုပ်အရည်ငင်ရန်
  • ငါးပြုပ်ထဲမှ စပါးလင်နှင့်ငရုတ်သီးတောင့်ကို ရောထောင်းပါ အရိုးပါသောငါးဖြစ်ပါက ထွင်ထားသောအရိုးပါ ထည့်ထောင်းပေးပါ
  • အားလုံးထောင်းပြီးပါက ငါးပြုပ်ရည်လက်ကျန်နှင့်ရေ အနည်းငယ်ရောကာ ထောင်းတာတာတွေထည့်ပြီး အရည်ငင်ထားပေးပါ
  • အရည်စစ်ပြီးသော စပါးလင်ဖတ်များကို လွှင့်ပြစ်ပါ
ဆီသတ်ဖို့ပြင်ဆင်ရန်
  • စပါးလင် ၁၅ပင်ခန့်ကို ပါးပါးလှီးထားပါ
  • ချင်း၅ကျပ်သားကို အခွံခွာပြီး ပါးပါးလှီးထားပါ
  • ကြက်သွန်ဖြူအမွှာကြီးကြီး ၃၀လောက်ကို အခွံခွာထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပြီဆို ဘလင်ဒါထဲအားလုံးထည့်ပြီး တမိနစ်ကြိတ် တခါနားကာ ၁၀မိနစ်ကြိတ်ပါ
  • ဘလင်ဒါမရှိက ငရုတ်ဆုံနှင့် ညက်နေအောင်ထောင်းပါ
  • ကြက်သွန်နီ ကြီးကြီး၃လုံးကို ပါးပါးလှီးထားပါ
ဆီသတ်နည်း၅
  • ဆီ၁၅ကျပ်သားကို အပူပေးပြီး နနွင်းမှုန့်လက်ဖက်ရည်ဇွန်း တ၀က်ကိုထည့်ပြီးပါးပါးလှီးထားသော ကြက်သွန်နီကို မွှေးလာအောင်ကြော်ပြီး ငရုန်သီးအရောင်တင်မှုန့်  ထမင်းစားဇွန်း၂ဇွန်း ထည့်မွှေပေးပါ
  • ငရုတ်သီးနံ့မွှေးလာပါက ကြိတ်ထားသော စပါးလင်များကိုထည့်ဆီသတ်ပေးပါ 
  • ၅မိနစ်လောက် မွှေပြီးတာနဲ့ငါးပြုပ်အသားထွင်ထားတာများကို ၅မိနစ်လောက် ထည့်မွှေပါ
  • ပြီးတာနဲ့ငါးပြုပ် အရည်ငင်ထားတာကိုထည့်ပြီး အရသာမှုန့် လက်ဖက်ရည်ဇွန်းမောက်မောက် တဇွန်း ထည့်ကာ ဆီသတ်ထားသောငါးများ ခြောက်လာတဲ့ထိ မွှေပေးပါ
  • ငါးဆီသတ်ခြောက်လာပါက အအေးခံပြီး ရေခဲသေတ္တာအပေါ်ထပ်မှာ ခဲထားကာ မုန့်ဟင်းခါးချက်ခါနီးမှ လိုသလောက်ထုတ်သုံးနိုင်ပါပြီ။










မြင်းခွာရွက် ခရမ်းချဉ်သီးသုပ် မွှေးမွှေးလေး


မနေ့က သုပ်စားဖြစ်တဲ့ မြင်းခွာရွက်သုပ်လေးပါ မာမာ့အိမ်မှာ စိုက်ထားတာမို့ လတ်လတ်ဆတ်ဆတ်လေး ခူးပြီးသုပ်စားဖြစ်လိုက်ပေမဲ့ မြင်းခွာရွက်ဆို အစိမ်းတို့စားရတာ ကြိုက်သလို ဟင်းခါးချက်သောက်လဲ ကြိုက်ပါတယ် တန်ပူရာမှုန့်ကြော်ရင်လဲ အရမ်းကြိုက်ပါတယ် အခုလိုသုပ်စားရင်တော့ ပြောဖွယ်ရာမရှိပေါ့နော်။

ပါဝင်ပစ္စည်းများ

  • ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားသော မြင်းခွာရွက် - တရုတ်ဟင်းပြင်ပန်းကန်အနေတော် တလုံးစာ
  • ခပ်ပါးပါးလှီးထားသော ခရမ်းချဉ်သီး - တလုံး
  • ပဲအကျက်မှုန့် - ထမင်းစားဇွန်း တဇွန်းမောက်မောက်
  • မညက်တညက်ထောင်းထားသော  မြေပဲလှော် - ထမင်းစားဇွန်း တဇွန်းသာသာ
  • ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တဇွန်းသာသာ
  • ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တ၀က်သာသာ
  • ပါးပါးလှီးထားသော ကြက်သွန်နီ - လက်ဖက်ရည်အကြမ်း ပန်းကန်လုံး တလုံး
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • သံပုရာသီး - တခြမ်း
  • ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း၂ဇွန်း 
ပြင်ဆင်ပုံ
  • ဇလုံ ဇောက်နက်နက် တလုံးထဲကို သံပုရာသီးမှ လွဲပြီး လိုအပ်သောပစ္စည်း အားလုံးထည့်ပါ
  • သံပုရာရည်ကို အသုပ်သုပ်မည့် ပစ္စည်းများထဲသို့ ညှစ်ပေးပြီး ခပ်ဖွဖွနယ်ပေးပါ
  • အားလုံးသမအောင် နယ်ပြီးတာနဲ့အရသာမြည်းပြီး နှစ်သက်သလို စားသုံးနိုင်ပါပြီ